🐯Chapter 49
နှင်းကျားသစ်လေးက ကုယွီမြန်၏ပခုံးပေါ်ထိုင်ကာ အရသာခံချင်သည်ဟု ဆိုလိုသည့်ပုံနှင့် သူ့ပါးပြင်ကို ဖိရန် လက်သည်းလေးများကို ဆန့်ထုတ်လိုက်သည်။
"နေပါဦး နည်းနည်းပူနေသေးတယ်…"
ကုယွီမြန်က သားပေါက်လေးများ၏ တောင်းဆိုမှုကို တောင့်မခံနိုင်ဘဲ အပိုင်းသေးလေးကို ယူကာ နှင်းကျားသစ်လေးကို မကျွေးခင် အေးသွားအောင် မှုတ်ပေးလိုက်သည်။
"နည်းနည်းလောက် အရင်စားပြီး နောက်မှ ထပ်စားလို့ရတယ်…"
နှင်းကျားသစ်လေး၏ မျက်လုံးများက ကြက်သားတုံးလေးများကို စားသုံးပြီးနောက် အနည်းငယ် ကျဉ်းမြောင်းသွားပြီး သူ၏အမြီးရှည်က ကုယွီမြန်၏ လက်ကောက်ဝတ်တစ်ဝိုက်တွင် ညင်သာစွာ ရွေ့လျားသွားသည်။ ထိုအရာက အလွန်စိတ်ကျေနပ်စရာကောင်းကြောင်း ဖော်ပြသည့် ပုံစံဖြစ်သည်။
ကြက်သားကိုစားလိုက်ပြီးနောက် ပထမဆုံးခံစားရသည့် အရသာက အလွန်သင့်လျော်သည့် အစပ်အရသာဖြစ်သည်။ ကြက်သားတုံးများကို စေးကပ်ပြီး ရွှေဝါရောင်သန််းကာ အနည်းငယ် ပူလာသည်အထိ ကြော်ထား၍ အရသာက နှိုင်းယှဥ်၍မရနိုင်လောက်အောင် နူးညံ့သည်။ အသား၏ အရည်အသွေးက ပြောမပြနိုင်လောက်အောင် နူးညံ့လှသည်။ ပြင်းပြင်းထန်ထန် စပ်သည့် အရသာထဲတွင် ချိုချဉ်အရသာ အနည်းငယ် ပါဝင်နေသောကြောင့် အလွန်စပ်သည့် ခံစားမှုမျိုးလည်း မရှိပေ။ သာမန်အချိန်များ၌ အစပ်အရသာမကြိုက်သည့် သူများပင် ထိုဟင်းကို လက်ခံပြီး ကြိုက်ကြသည်။
အဆုံးသတ်အနေနှင့် ကြက်သားတုံးများနှင့် ရောစပ်နေသည့် မြေပဲကြော်၏ နူးညံ့ပြီး ကြွပ်တဲ့အရသာက တစ်ခုနှင့်တစ်ခု လိုက်ဖက်လွန်းလှသည်။
ကြည့်ရှူသူများ ရူးသွပ်သွားကြသည်။
[အလှကုန်တွေကို လွှင့်ပစ်မယ်: အားးး ဘာလိုများ ဒီလောက်မွှေးရတာလဲ… ဟင့်အင်း…]
[တရုတ်ပြည်တောင်ဘက်က ကျားက ဘယ်တော့မှ ချိန်းမတွေ့ဘူး: အရသာရှိပြီး စပ်ပေမယ့်လည်း အနံ့ကောင်းပြီး ကြည့်လို့လည်းကောင်းတယ်... ဆီ နဲ့ ငံပြာရည်တွေ အများကြီးပါပေမယ့် အီတယ်လို့ လုံးဝမခံစားရဘဲလန်းဆန်းပြီး အရသာရှိတယ်လို့ပဲ ထင်တယ်...]
[တိမ်လေးတစ်ခုရှိတယ်: မွှေးပြီး စပ်တယ် အရသာပြင်းပေမဲ့ မအိီဘူး… အရောင်၊ အနံ့ နဲ့ အရသာအပြည့်ရှိသည်…မီးရှူးမီးပန်းငါးပွင့်နဲ့ တင်ဆက်သူကို အားဖြည့် ပေးမယ်…]
[25 ဘိတ်ကာလမ်း : ငါမနေနိုင်တော့ဘူး…ငါ ထမင်းဖြူ အရင်စားချင်တယ် မြန်မြန်ရေ မြန်မြန်လေးလုပ်ပါ…]
ဟင်းကိုယ်တိုင်က စပ်ပြီး ပူသောကြောင့် ဖြစ်နိုင်သလို ချက်ပြုတ်သည့် လုပ်ငန်းစဉ်ကသွက်လက်ပြီး မြန်ဆန်ပုံပေါ်သည်။ ယနေ့ တင်ဆက်မှုက အစမှ အဆုံး အထိ စိတ်လှုပ်ရှားစရာကောင်းခဲ့သည်။
ယမန်နေ့ကတစ်နေကုန် စုဆောင်းမှုများနှင့် ကောင်းမွန်သည့် အရည်အသွေးများကြောင့် ကုယွီမြန်၏ လူကြိုက်များမှုက ယနေ့တွင် အရှိန်အဟုန်နှင့် ကြီးထွားလာခဲ့သည်။ ယခုတိုက်ရိုက်ထုတ်လွှင့်မှုက နာရီဝက်သာကြာခဲ့ပြီး အကြံပြုထားသည့် နေရာများသို့လည်း မဝင်သွားခဲ့ပေ။ သို့သော်လည်း ကြည့်ရှူသူအရေအတွက်က တစ်သန်းကျော်သွားခဲ့ပြီး ဒုတိယနေရာမှ ငွေကြေးရှင်ထုတ်လွှင့်သူနှင့် ကွာဟချက်က ထပ်တိုးလာပြန်သည်။
"အင်း၊ ဟင်းတစ်ပွဲပဲကျန်တော့တယ်… ဒီနေ့ ထွမ်ထွမ်နဲ့ ယွမ်ယွမ် ဗိုက်ဆာနေလို့ ပုဇွန်ဖက်ထုပ်ကို မြန်မြန်လေးလုပ်ပါမယ်…နောက်တစ်ခေါက်မှပဲ ပိုပြောပြမယ်လေ…"
ကုယွီမြန်က မြန်မြန်လုပ်မည်ဟု ပြောခဲ့သော်လည်း အမှန်တွင်မြန်လိမ့်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ အပူခံထားသော ပုဇွန်များကို ရေဆေးပြီး အခွံခွာကာ အခြောက်ခံထားလိုက်သည်။ ခြောက်သွေ့သွားသည့် ပုစွန်များကို ဂျင်းမှုန့်၊ဝိုင်၊ ဆားအနည်းငယ်နှင့် ရောနယ်ထားလိုက်သည်။ ကျန်သည့် ပုဇွန်များ အားလုံးကိုလည်း အတုံးသေးသေးလေးဖြစ်အောင် လှီးထားလိုက်သည်။ မှိုနှင့် အဆီအသားများကိုလည်း ပါးပါးလှီးထာပြီးနောက် အားလုံးကို နှပ်ထားသော ပုဇွန်များထဲသို့ ထည့်လိုက်သည်။ မျှစ်ကို လှီးဖြတ်ပြီး ဟင်းခတ်အနှစ်အဖြစ် ရောမွှေလိုက်သည်။
"ဒါဆို ပြီးရင် ကြည်လင်တဲ့ ဂျုံမုန့်ညက်ရအောင် ပြင်ဆင်ရမယ်…"
ဂျုံမှုန့် နှင့် ကောက်ညှင်းမှုန့်တို့ကို ဆယ်ဆ တစ်ဆ ရောစပ်ပြီး ပွက်ပွက်ဆူနေသော ရေနှင့် ဂျုံမှုန့်တို့ကို ရောနယ်ကာ ခဏ အဖုံးအုပ်လိုက်သည်။ ကုယွီမြန်က ကောက်ညှင်း နှင့် သံလွင်ဆီတို့ကို အကြိမ်ပေါင်းများစွာ မြန်မြန်ဆန်ဆန် ရောစပ်ပြီး မုန့်ညက်ကို အပြားလိုက်ဖြစ်အောင် အတုံးသေးသေးလေးများခွဲပြီး ဖက်ထုပ်လုပ်ရန် ပြင်လိုက်သည်။
ကုယွီမြန်က လျင်မြန်တိကျသော လှုပ်ရှားမှုများဖြင့် လခြမ်းပုံသဏ္ဍာန် ဖက်ထုပ် ၁၂ ခုကို ပြုလုပ်ခဲ့သည်။ သူ့လက်တွင် ရှိနေသည့် သေးငယ်သော ဖက်ထုပ်များက လူများကို မူးနောက်လာစေသည်။ ထို့နောက် ရေနွေးအိုးထဲရှိရေများ ပွက်ပွက်ဆူလာစေရန် စောင့်ဆိုင်းကာ ပေါင်းသည့် အကန့်ကို ပိတ်စလေးအလွှာများဖြင့် ဖုံးအုပ်ကာ ဆီတစ်လွှာကို သုတ်လိမ်းပြီး ပုဇွန်ဖက်ထုပ်များကိုထည့်၍ မိနစ်အနည်းငယ်ခန့်အကြာတွင် အိုးထဲမှ ထုတ်ယူလိုက်သည်။
သူက သေသေချာချာ မရှင်းပြနေတော့ဘဲ အလွန်မြန်နေပြီး ထိုလုပ်ငန်းစဉ်တစ်ခုလုံးက အံ့ဩစရာကောင်းလှသည်။
[မိုင်းတွင်းထဲမှာ မိသားစုတစ်ခုရှိတယ်- ချက်ပြုတ်တာရယ် အသားနှပ်တာရယ် စုစုပေါင်း သူချက်တဲ့ အချိန်က ဆယ်မိနစ်ပဲကြာတယ် အရမ်းမိုက်တာပဲ... အထူးကျွမ်းကျင်သူကို ကြည့်နေရတယ်လို့ ငါဘာလို့ ခံစားနေရတာလဲ…]
ပုဇွန်ဖက်ထုပ်များက လခြမ်းပုံသဏ္ဍာန်ဖြစ်ပြီး ကြည်လင်သောဖက်ထုပ်သားက နှင်းကဲ့သို့ဖြူစင်ကာ စက္ကူကဲ့သို့ ပါးလွှာပြီး အတွင်းသားများကို ဖောက်ထွင်းမြင်ရလုမတတ်ပင်။ ပေါင်းထားသော ပုစွန်နီနီလေးများ နုတ်နုတ်စင်းထားသော အသားများနှင့် မျှစ်များကို ခွဲခြား၍ပင် ရနိုင်သည်။ တစ်ခုချင်းစီတိုင်းက ဝါးမီးဖိုထဲက အနုပညာလက်ရာတစ်ခုသဖွယ်ပင်။
ကုယွီမြန်က နှင်းကျားသစ်လေးကို ခါတိုင်းကဲ့သို့ အရသာပေးမြည်းလိုက်သည်။
ဖက်ထုပ်များက ကွန်ပေါင်ကြက်သားနှင့် မတူပေ။ ထိုဟင်းက ကုယွီမြန်၏ ခါတိုင်းဟင်းပွဲများကဲ့သို့ပင် လတ်ဆတ်ပြီး အရသာပေါ့အောင် ပြုလုပ်ထားသော်လည်း အရသာရှိနေဆဲပင်ဖြစ်သည်။ ပါးလွှာသော ဖက်ထုပ်ရွက်က ကွဲသွားသောအခါ ချက်ချင်းပင် လတ်ဆတ်သော အရသာ ထွက်ပေါ်လာသည်။ ဝိုင်ဖြူနှင့် ပုဇွန်တု၏ အရသာက ကြွပ်ရွပြီး နူးညံ့သည်။ ထိုအထဲသို့ နုတ်နုတ်စဉ်းထားသော အသားနှင့်မျှစ်တို့ကို ရောစပ်လိုက်သောအခါ အလွန်နူးညံ့ပြီး ပို၍ပငါ အရသာရှိလာသည်။
နှင်းကျားသစ်လေးက ခေါင်းညိတ်ပြလိုက်သည်။
[နှင်းထဲက အနီရောင်: အာာ… ဒီဟင်းပွဲက အရမ်းလှတာပဲ… ဖက်ထုပ်က ဖောက်ထွင်းမြင်ရလောက်အောင် ကြည်လင်နေပြီး အနံ့လဲ ကောင်းတယ်... ခုနက ကြက်သားနဲ့လည်း မတူဘူး…အရသာရှိလိုက်တာ…]
[ဂျူနီယာဘီ:ငါ့လျှာကို ပြန်မျိုချလုနီးပါးဖြစ်နေပြီ ဂါး…]
[ယုန်တွေက အရသာမရှိလောက်ဘူး : တကယ်စားလို့ကောင်းတယ်…]
ကြည်လင်သောပုဇွန်ဖက်ထုပ်များ အိုးထဲမှ ထွက်လာသောအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုမှာ တစ်နာရီပင် မပြည့်သေးပေ။ ထိုတိုက်ရိုက်ထုတ်လွှင့်မှုက တိုက်ရိုက်ထုတ်လွှင့်သည့် ဧရိယာ၏ အချိန်နှင့်တပြေးညီ လူကြိုက်များမှုတွင် ထိပ်ဆုံး သုံးဆင့်သို့ တက်သွားပြီးကြည့်ရှုသူဦးရေက မကြုံစဖူး နှစ်သန်းအထိ မြင့်တက်လာခဲ့သည်။
"ကောင်းပြီ…"
ကုယွီမြန်ကပြုံးပြီး နှင်းကျားသစ်ကို ပွေ့ချီကာ ပန်ဒါလေး၏ ပုခက်ကို လက်တစ်ဖက်ဖြင့်တွန်း၍ မီးဖိုချောင်တံခါးကို ဖွင့်လိုက်ပြီး အပြင်ဘက်ရှိ စားဖိုမှူးနှင့် စားပွဲထိုးအား ပြောလိုက်သည်။
"ကျွန်တော့်ကို ဟင်းပွဲတွေ ကူသယ်ပေးပါဦးနော်...”
တောက်ပနေသည့် မျက်လုံးပေါင်းတစ်ဒါဇင်လောက်ကို သူတွေ့လိုက်ရသည်။
ကုယွီမြန် “…”
"ဒါပေါ့ ဒါပေါ့ ရပါတယ်…"
"ငါသယ်လာခဲ့ပါ့မယ်…"
"မင်းအလှည့်မို့လို့လား... ငါက အသက်အကြီးဆုံး အလုပ်သင် စားဖိုမှူးပဲ…ငါလုပ်မယ်..."
သီးသန့်ခန်းသို့ ပန်းကန်များကို တိုက်ရိုက်ပို့ဆောင်ရန် စက်ပစ္စည်းတစ်ခုရှိသော်လည်း ၎င်းက စားဖိုမှူး၏ AI အသိအမှတ်ပြုလက်မှတ် လိုအပ်သည်။ စားဖိုမှူးမရှိသောကြောင့် သူကိုယ်တိုင် သယ်ရမည်ဖြစ်သည်။ အလုပ်သင်များနှင့် စားပွဲထိုးများက ကူညီရန် ငြင်းခုံနေကြပြီး ရန်ဖြစ်လုနီးပါး ဖြစ်နေသည်။
ထို့အပြင် အိမ်တွင် ချက်ပြုတ်ခြင်းနှင့် မတူဘဲ ကုယွီမြန်က မီးဖိုချောင်မှ သူ၏ သီးသန့်ခန်းအထိ မထင်မှတ်ဘဲ အာရုံစိုက်ခံခဲ့ရသည်။ အချို့သော သီးသန့်ခန်းများက လေထဲတွင် လွင့်မျောနေပြီး ဖောက်ထွင်းမြင်နိုင်သည်။ ထိုဖောက်ထွင်းမြင်နိုင်သော ကိုယ်ပိုင်အခန်းများတွင် ပြတင်းပေါက်ငယ်များပါရှိပြီး မွှေးကြိုင်သောအနံ့ကို ရနိုင်သည်။ မူလရည်ရွယ်ချက်မှာ ပတ်ဝန်းကျင်၏ အသွင်အပြင်ပြောင်းလဲမှုနှင့်အတူ သဘာဝ၏ခံစားချက်ကို ခံစားရန်ဖြစ်ပြီး ထိုအရာက လတ်ဆတ်သောရနံ့တစ်ခု နှာခေါင်းထဲသို့ စိမ့်ဝင်မသွားခင်အထိသာဖြစ်သည်။
စားဖိုမှူးများအားလုံးက ဆေးရုံတက်နေကြရသည်။ဖောက်သည်များ အားလုံးက အစားအစာကို စောင့်မျှော်နေကြပြီး သူတို့ အလွန်ဗိုက်ဆာနေပြီဖြစ်သည်။
သူတို့ ဘယ်လိုလုပ် နေနိုင်ပါ့မလဲ…
"စားသုံးသူ ဝန်ဆောင်မှု၊ သူတို့မှာ ဘာလို့စားစရာရှိရတာလဲ၊ ဒါက အရင်ဟာတွေထက် အနံ့ ပိုကောင်းတယ် …"
"သူတို့က ဘယ်လိုစားစရာတွေစားနေတာလဲ… စတိုင်အသစ်လား…ဘယ်လောက်ကျမလဲ ငါလည်း မှာချင်တယ်…"
“အဲ့ဒါက အရမ်းကောင်းတယ်… ငရုတ်ကောင်းနဲ့ အနီရောင်ဟင်းက အရမ်းအရသာရှိတယ်… မင်းတို့ စားဖိုမှူးကို တိတ်တိတ်လေး လဲလိုက်တာလား… ဘာလို့ သူ့ကို မီးဖိုကို ငှါးပေးတာလဲ…"
[ဗီဗီယန်- ဒါက အဲလ်ဘတ် စားသောက်ဆိုင်လား ဟား ဟား ဟား… တခြားဖောက်သည်တွေရဲ့ ခံစားချက်ကို ငါ အပြည့်အဝ နားလည်နိုင်ပါတယ်…]
[မိုင်းတွင်းထဲမှာ မိသားစုတစ်စုရှိတယ်- သူတို့က မြန်မြန်ရဲ့ ဆယ်ပုံတစ်ပုံလောက်တောင် မကောင်းပေမယ့် မြို့လယ်ဧရိယာတစ်ခုလုံးမှာ ချက်ပြုတ်တာ အကောင်းဆုံး စားသောက်ဆိုင်ပါပဲ… သနားစရာပဲ…]
မိနစ်နှစ်ဆယ်အကြာတွင်…
ပန်ဒါလေး နိုးလာသည်။ ကုယွီမြန်က သူ့မိသားစုကို အေးအေးဆေးဆေး စားသောက်စေချင်သောကြောင့် တစ်နာရီခန့် ချက်ပြုတ်ပြီးသည်နှင့် လက်ဝှေ့ယမ်းပြီး နှုတ်ဆက်လိုက်သည်။
"အင်း... တိုက်ရိုက်ထုတ်လွှင့်မှု ပြီးသွားပါပြီ… အားလုံးပဲ ပျော်ရွှင်စရာ ပိတ်ရက်လေး ဖြစ်ပါစေ... ညနေမှာ ပြန်တွေ့ကြမယ်နော်…"
[ငါ လုံလုံလောက်လောက် မစားရသေးဘူး…]
[ညမှတွေ့မယ်… မြန်မြန်ကို ပြန်တွေ့ဖို့ ငါးနာရီပဲ လိုတော့တာ ဝမ်းသာပါတယ်…]
[ဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးတင်ပါတယ် မြန်မြန်…]
အထူးလက်ဆောင်များ ပေးပို့မှုများနှင့် နှုတ်ဆက်စကားများနှင့်အတူ ကုယွီမြန်က တိုက်ရိုက်ထုတ်လွှင့်မှုကို အဆုံးသတ်ခဲ့သည်။
ပန်ဒါဝက်ဝံလေးက ကုယွီမြန်၏လက်မောင်းများကြားတွင် ယောင်ဝါးဝါးဖြင့် နို့ဘူးကို ကိုင်ထားသည်။ အလွန်သေးငယ်ပြီး အစာကြေရလွယ်ကူသော ပုံသဏ္ဍာန်ရှိကာ ထန်ယွမ် အတွက် အထူးပြုလုပ်ထားသည့် အရွယ်အစားရှိသော ပုစွန်ဖက်ထုပ်အသေးလေးကို ကုယွီမြန်က သူ့အား ကျွေးလိုက်သည်။ ပုဇွန်ဖက်ထုပ်ကို စားပြီးနောက် ထန်ယွမ်၏ မျက်လုံးများက အနည်းငယ်ပွင့်နေရာမှ ဝိုင်းစက်လာပြီး ဆူညံသံလေး နှစ်ခုကိုပင် လုပ်မိသွားရလောက်အောင် ပျော်ရွှင်နေခဲ့သည်။
နှင်းကျားသစ်လေး-“……..”
သူက ပန်ဒါလေး၏ ခေါင်းဝိုင်းလေးကို တွန်းထုတ်ပြန်သည်။ ကလေးများကြားတွင် ပဋိပက္ခသေးသေးလေးများ ရှိခဲ့သော်လည်း ပတ်ဝန်းကျင်တစ်ခုလုံးက အလွန်သဟဇာတဖြစ်နေပြီး ကုယွီမြန်သည်လည်း အလွန်ကျေနပ်နေခဲ့သည်။
-----
အခြားတစ်ဖက်တွင် ။
အဲလ်ဘတ်စားသောက်ဆိုင်၏ သူဌေးကြီးက ဖြစ်စဉ်တစ်ခုလုံးကို နားထောင်ပြီး အင်တာနက်ပေါ်တွင် ကုယွီမြန်၏ ယခင်ဗီဒီယိုများကို ရှာဖွေကြည့်ခဲ့သည်။ သူကြည့်လေ ပိုစိတ်လှုပ်ရှားလာလေလေပင်။
"မစ္စတာကုကို စားဖိုမှူးအဖြစ် ခန့်အပ်နိုင်လောက်လား… အဲဒါဆို အဆင်ပြေလောက်တယ်…"
အတွင်းရေးမှူး : "ပုံမှန်ဆိုရင်တော့ အဆင်ပြေပါတယ်…"
“ပုံမှန်အရလား မင်းဘာကိုဆိုလိုတာလဲ…"
အတွင်းရေးမှူးက ဖန်သားပြင်ပေါ်တွင် စာရွက်စာတမ်းတစ်ခုရိုက်ထည့်ပြီးပြောလိုက်သည်။
"ဒါပေမယ့် ကျွန်တော်တို့ရဲ့စားသောက်ဆိုင်ကို ဝယ်ယူတော့မယ်လို့ ထင်ရပြီး ပိုင်ဆိုင်မှုက တော်ဝင်မိသားစုနဲ့ သက်ဆိုင်နေပါတယ်… တော်ဝင်မိသားစုဆီကဝယ်သူက ပိုင်ဆိုင်မှုကို မစ္စတာကုဆီကို ချွင်းချက်မရှိ လွှဲပြောင်းဖို့ ဆုံးဖြတ်လိုက်ပုံရပါတယ်…"
"ဒါက ဘာကိုဆိုလိုတာလဲ…"
"ဒါက သူဌေးအခုလေးတင် ငှားဖို့စီစဉ်ထားတဲ့ မစ္စတာကုကို ဆိုလိုတာပါ…"
အတွင်းရေးမှူးက ဖန်သားပြင်ကို ထောက်ပြလိုက်သည်။
"သူက ကျွန်တော်တို့ရဲ့ သူဌေးဖြစ်လာနိုင်တယ်…"
သူဌေး " …….”
🐯🐯🐯