👾Chapter 13:
မစ္စတာလင်း
လူတိုင်းသိထားကြသည့်အတိုင်း ဗိုလ်ချုပ်ကြီး၏ လက်ထောက်ဖြစ်သော ဒုဗိုလ်မှူးလုတွင် "ဇုစ်နတ်ဘုရား ဒိုင်းကာ" ဟု အမည်ရသည့် လွန်စွာ ခုခံရေးအားကောင်းသော မက်ခါတစ်စီးရှိသည်ပင်။
မက်ခါ၏ ခြေလက်များမှာ အနည်းငယ် ပုတိုနေသော်လည်း ကိုယ်ထည်ကမူ ပိုရှည်ကာ ပို၍လည်း လေးလံသည်။ ၎င်းမှာ တိုက်စစ်ဆင်ရာ၌ အခြားသော Sအဆင့် မက်ခါများလောက် အားမကောင်းသော်ငြား ကိုယ်ထည်ပိုင်းမှ ခုခံသည့်အနေဖြင့် အပြင်းထန်ဆုံးသော အလင်းအကာအကွယ်အတားအဆီးကို တည့်မတ်ပေးနိုင်သည်။ ယခုတွင်မူ ၎င်း၏ ပိုင်ရှင်မှာ သော့ကလေးကို ပိုက်ကာဖြင့် ဒုတိယအဆင့် မက်ခါ ကိုယ်ထည်ပေါင်းစပ်ဌာနတွင် တုန်ယင်လျက် ရှိနေသည်။
ဟယ့်ယွင်ထင်နောက်တွင် ရှုပ်ထွေးပြီး ဆန်းသစ်လှသည့် စီမံရေး စားပွဲတစ်ခု ရှိနေပြီး တစ်ဝက်တစ်ပျက် မျက်နှာပြင်ထက် တိုက်ပွဲပုံရိပ်များစွာကို ပြသနေခဲ့သည်။ သူ့လက်များကို စားပွဲပေါ်တင်ကာ ရှေ့သို့ ကိုင်းညွှတ်လိုက်ပြီး ဆုံလည်ကုလားထိုင်ထက်တွင် တစ်ကိုယ်လုံး တုန်ယင်လျက် ထိုင်နေသည့် လုအန်းဟယ်ကို အပေါ်စီးမှ ငုံ့ကြည့်လိုက်သည်။ အပြာရောင်မျက်လုံးများထဲတွင်မူ ငယ်ရွယ်ပြီး ဗိုလ်ကျတတ်သည့် ကြောက်စရာ မျက်နှာတစ်ခုကို အလင်းပြန်ဟပ်နေခဲ့သည်။
"ဘောစ့်... ကျွန်တော်က အင်ပါယာအတွက် ချွေးပြိုက်ပြိုက်ကျအောင် အလုပ်လုပ်ခဲ့တာ... ဇာဂ့်တွေကို တိုက်ခိုက်ရင်းနဲ့ သွေးတွေလည်း မြေခခဲ့ရသေးတယ်... ကျွန်တော့်နောက်ကွယ်မှာ ဒီလိုတွေ လာလုပ်လို့ မရဘူးနော်"
“ငါသိတယ်" ဗိုလ်မှူးဟယ့်က လက်ထောက်ဖြစ်သူ၏ စကားကို အတည်ပြုလိုက်သည်။ "နည်းနည်းလောက် ဖြုတ်တပ်ရုံလေးတင်လေ"
"ဒါက နှစ်စဥ် စစ်ဆေးမှုအတွက်ဆိုတာ ကျွန်တော် သိပါတယ်... ဒါပေမယ့် သူက တကယ် ပြင်စရာ မလိုပါဘူးဆို"
"ဘယ်လိုလုပ်ဆောင်မှုကိုမှ မထိခိုက်စေရဘူး ငါအာမခံတယ်" ဗိုလ်ချုပ်က နွေးထွေးစွာဖြင့် ထပ်ပေါင်းပြောလိုက်သည်။
"ဒါပေမယ့် ဒီတလောမှာ လေ့ကျင့်ရေး ရှိသေးတယ်လေ... ကျွန်တော် သုံးရဦးမှာဗျ" လုအန်းဟယ်မှာ ခေါင်းမာမာနှင့် ခုခံနေဆဲ။
ဟယ့်ယွင်ထင်က အညှာအတာကင်းစွာဖြင့် အလဲထိုးလိုက်ပြန်သည်။ "မင်း ဒါကို လေ့ကျင့်ရေးဆင်းတဲ့နေရာမှာ သုံးလို့မရဘူးလေ"
လုအန်းဟယ်မှာ လက်ထဲမှ သော့လေးကို ဝှက်ထားရင်း ငြင်းဆန်လိုက်သည်။
"မရဘူးဘောစ့်... ဇုစ်ဒိုင်းကာက ကျွန်တော့်ရဲ့ ကိုယ်တစ်ခြမ်းပဲ... ကျွန်တော့်ရဲ့ ကိုယ်တစ်ခြမ်း... သိရဲ့လားဗျ... ဒါကို ငှားမယ်ဆိုတာ ကျွန်တော့်ဇနီးကို ငှားလိုက်တာနဲ့ အတူတူပဲ"
ဟယ့်ယွင်ထင် မျက်လုံးပင့်လိုက်သည်။
လုအန်းဟယ် လည်ပင်းလိမ်ထားသည်။ "တကယ်ကြီးဗျ... ဘောစ့်နဲ့ လင်းဟန်လို..."
သူ့စကားကို ပြောရင်းတန်းလန်း ချက်ချင်းရပ်လိုက်မိသည်။
ဟယ့်ယွင်ထင်၏ တစ်ဝက်ပင့်ထားသော မျက်ခုံးများ တွန့်ချိုးသွားလေသည်။
လုအန်းဟယ်မှာ သူပြောမိသွားသည့်စကားကို နားလည်သွားသော်လည်း ပြောပြီးသားစကားကို ပြန်မရုပ်သိမ်းနိုင်တော့လေရာ သော့လေးကိုသာ တင်းတင်းပိုက်ပြီး ဘောစ့်ဖြစ်သူထံမှ သူ့အား ဆက်ပြောခွင့်ပေးမည်ကို စောင့်နေခဲ့သည်။
"ဒါဆိုလည်း" ဟယ့်ယွင်ထင်က တစ်ခဏမျှ ချင့်ချိန်စဥ်းစားနေပြီးနောက် အမိန့်ဆက်ပေးရန် ပြင်ဆင်လိုက်သည်။
ရလဒ်မှာ သူဆက်ပြောမည်အပြုတွင် လုအန်းဟယ် သက်ပြင်းချကာ ပြောလိုက်သည်။
"သွားမယ်... ကျွန်တော်သွားမယ်... ဘောစ့်အတွက် မစ္စတာလင်းဆီကနေ ချိန်းဆိုမှုရအောင် လုပ်ပေးမယ်... ဒါပေမယ့် ကျွန်တော့်ရဲ့ ဇုစ်ဒိုင်းကာလေးပေါ် လက်တစ်ချောင်းမှ မတင်ရဘူးနော်"
ဒုဗိုလ်မှူးလုလေးမှာ ဝမ်းပမ်းတနည်း ဖြစ်နေသည်။
ဟယ့်ယွင်ထင်က လင်းဟန်၏ ရုံးခန်းထဲသို့ ဝင်သွားပြီးနောက် ကြိုတင်ပြင်ဆင်ထားသော စကားများကို မေ့သွားပြီး 'လုအန်းဟယ်ရဲ့ မက်ခါ ပျက်သွားတယ်' ဟူသော စကားသာ လက်တန်းထွက်သွားလေရာ ရလဒ်အနေဖြင့် လင်းဟန်က သူ့ကို နေ့တစ်ဝက်လောက် အထူးတဆန်း ကြည့်လာပြီး "အိုး တကယ်လား"ဟု ပြောလာသည်ပင်။
ဟယ့်ယွင်ထင်မှာ သဘာဝကျကျပင် ဘဝင်ကျသွားခဲ့ပြီး "ကောင်းပြီ"ဟူသော စကားကို စောင့်မျှော်နေခဲ့သည်။ အဆုံးတွင် သူ့ဘေဘီလေးအား နတ်ဆိုးကြီး၏ အလစ်သုတ်မှုမှ လွတ်သွားခဲ့သဖြင့် ဝမ်းသာနေခဲ့ရသည့် လုအန်းဟယ်မှာ မျက်ရည်ဖြိုင်ဖြိုင် ကျသွားရှာလေသည်။ ဘောစ့်ဖြစ်သူ၏ စိတ်ကျေနပ်မှုမှာ သူ့အတွက် အကြီးကျယ်ဆုံးသော စိတ်ကျေနပ်မှု ဖြစ်သော်ငြား ဒုဗိုလ်မှူးလုမှာ သူ့မက်ခါကို ဇနီးတစ်ယောက်လို တန်ဖိုးထားပြီး သော့ကို ဖွက်ထားကာ လှည့်ပြောလိုက်သည်။
"ဘောစ့်... ကျွန်တော် အကြာကြီး သိချင်နေခဲ့တဲ့ မေးခွန်းတစ်ခု မေးချင်တယ်"
ဟယ့်ယွင်ထင်က သူ့ကို ဘေးတိုက်ကြည့်နေပြီး ဇဝေဇဝါပုံစံ ဖြစ်နေသည်။
"ဘာလို့ မစ္စတာလင်းကို ဖိတ်ချင်နေရတာလဲ"
ပြီးတော့ သူ့မက်ခါကို ပျက်အောင်လုပ်ပြီး ဆင်ခြေတစ်ခုလိုတောင် သုံးလိုက်သေးတယ်...
ဟယ့်ယွင်ထင်မှာ နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး စကားတစ်ခွန်းမှ မပြောပေ။
လုအန်းဟယ်၏ မျက်လုံးများမှာ အလေးအနက် ဖြစ်နေပုံပေါ်ပြီး အတင်းအဖျင်းများကို သိလိုစိတ်ကြောင့် သာမန်ကာလျှံကာ မေးနေပုံ မဟုတ်ပေ။
ဟယ့်ယွင်ထင်တစ်ယောက် "မြင်မြင်ချင်းအချစ်"ဟု ပြောလိုက်သည်နှင့် သူ့လက်ထောက်မှာ မတူကွဲပြားသွားတော့မည်ကို သိသည့်အလား စစ်တပ်အမိန့်များကို အပြီးသတ်ဆောင်ရွက်ရန် ထားရစ်လုနီးပါးပင်။
သို့သော်လည်း ဟယ့်ယွင်ထင်မှာ အတွေးများကို ရှင်းလင်းသွားရန်အတွက် အမှန်ပင် ကြိုးစားနေရဆဲဖြစ်သည်။
၎င်းတို့မှာ အမှန်ပင် မရှင်းမလင်း ဖြစ်နေခဲ့သည်။
ဤနယ်ပယ်တွင် သူ၏ သိမြင်နားလည်မှုက သုညသာ ရှိပြီး နယ်ပယ်တိုင်းက ရှာဖွေဖော်ထုတ်ရန် တစ်ဆင့်ခြင်း ကြိုးစားကြည့်ရမည် ဖြစ်သည်။ ၎င်းကို မြင်မြင်ချင်းအချစ်အဖြစ် အလောတကြီး ဆိုလိုက်ပါက ၎င်းမှာတာဝန်ယူစရာ အရာ မဟုတ်သကဲ့သို့ ပေါ့တန်သွားပေမည်။
လင်းဟန်ရော သူကိုယ်တိုင်အတွက်ပါပင်။
လုအန်းဟယ်မှာ သူ့အမူအယာကို မကြောက်မလန့် လေ့လာနေဆဲဖြစ်ပြီး ထိုအခိုက် ဟယ့်ယွင်ထင်ကလည်း သိပ်ပြီး အလေးအနက် မရှိသလို ဖြစ်နေသည်။
"ငါမသိဘူး" သူ ပြောလိုက်သည်။
အရင်တစ်ခေါက်က "မဟုတ်ဘူး" ဒီတစ်ခါကျတော့ "ငါမသိဘူး" ပေါ့လေ...
အချိန်အကြာကြီး တိတ်ဆိတ်သွားပြီးမှ လုအန်းဟယ်တစ်ယောက် ထိုမေးခွန်း ပြီးဆုံးသွားလေပြီဟု တွေးနေစဥ်မှာပင် ဟယ့်ယွင်ထင်၏ အသံ ထွက်ပေါ်လာပြန်သည်။
"ဒါပေမယ့်... ငါ သူ့ကို တွေ့ချင်တယ်"
လုအန်းဟယ် အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
"ငါလည်း ပွဲတွေကို မကြိုက်ဘူး" ဟယ့်ယွင်ထင် ပြောလိုက်သည်။
ဒါပေမယ့် အဲ့ဒီလူသာ ရှိနေမယ်ဆိုရင် အဲ့ဒီနေရာမှာ အချိန်ဖြုန်းရတာ နည်းနည်း ပိုကောင်းလောက်တယ်... သူသည်လည်း နောက်ဆုံးစာကြောင်းကို ဆက်မပြောသကဲ့သို့ လုအန်းဟယ်သည်လည်း ဆက်မမေးတော့ပေ။
"ဟုတ်ပါပြီ... ဟုတ်ပါပြီ... ကျွန်တော် ဘောစ့်အတွက် ချိန်းပေးပါ့မယ်"
ရွေးချယ်စရာ မရှိတော့သည့် လုအန်းဟယ်မှာ သက်ပြင်းအသာချလိုက်သည်။ သူကလည်း မရှောင်လွဲနိုင်မှတော့ သူ့ဘောစ့်ကို ကူညီပေးရတော့မှာပေါ့...
"ဒါဆိုရင် မစ္စတာလင်းအတွင် တစ်ခုခု ပြင်ပေးစရာ လိုသေးလား"
ဟယ့်ယွင်ထင်မှာ လူကို ဖိတ်ဖို့ရန်သာ တွေးထားပြီး အခြားကိစ္စများကို စိတ်ထဲမရှိပေ။
"ဘာပြင်ဆင်ရမှာလဲ"
"အဝတ်အစားလေ" လုအန်းဟယ် ပြောလိုက်သည်။
"အရင်တစ်ခေါက် ပွဲတုန်းက မစ္စတာလင်းက အဖွဲ့အစည်း ယူနီဖောင်းကို ဝတ်လာတာ... ဒီတစ်ခေါက်က အနည်းဆုံးတော့ ဘောစ့်မွေးနေ့လေ"
"ကောင်းပြီလေ"
အဆုံးတွင် ဟယ့်ယွင်ထင်တစ်ယောက် လုအန်းဟယ်၏ အဆိုပြုချက်ကို လက်ခံလိုက်ပြီး စိတ်ထဲတွင်လည်း အနှီ စကားများလွန်းလှသည့် လက်ထောက်ကလေး၏ သူ့ယာဥ်ပျံထဲတွင် သရေစာများ ဖွက်ထားတတ်သော အလေ့အကျင့်ကိုပါ လက်ခံပေးလိုက်ပြီး လစာပါ တိုးပေးလိုက်မည်ဟုပင် ဆုံးဖြတ်လိုက်လေသည်။
"ဟုတ်ကဲ့ပါ... ဒါဆို ကျွန်တော် သွားပြီး ပြင်ဆင်လိုက်မယ်" လုအန်းဟယ်တစ်ယောက် ဘေးအန္တရာယ်ကြီးကို သယ်ပိုးကာ သော့ကလေးကို အိတ်ကပ်ထဲတွင် ထည့်လိုက်စဥ် ဟယ့်ယွင်ထင် ထပ်ခေါ်လာပြန်သည်။
"အဝတ်နည်းနည်းလောက်ပြင်ထား... ငါရွေးမယ်" ဟယ့်ယွင်ထင်၏ အသံအနေအထားမှာ အေးစက် တင်းမာနေဆဲ။
"...ဟုတ်" လုအန်းဟယ် ခေါင်းငြိမ့်ပြလိုက်သည်။
"ခဏလေး တစ်ခုရှိသေးတယ်" လုအန်းဟယ် နောက်ဆုံး မေးခွန်းကို မေးလိုက်သည်။ "ညစာစားပွဲမှာ ကပွဲလည်း ပါမယ်... ဒါနဲ့ ပတ်သက်ပြီး သိချင်တာ ရှိလား"
****
သုံးရက်အကြာ ဝမ်ထျန်းယောင်၏ ညစာစားပွဲတွင်...
ကတိပေးထားသည့်အတိုင်း ဟယ့်ယွင်ထင် တက်ရောက်လာသည်။
တော်ဝင်မင်းသားက ညစာစားပွဲအစတွင် ယနေ့က ဗိုလ်ချုပ်၏ မွေးနေ့ဖြစ်သည်ဟု ကြေညာခဲ့သဖြင့် လူများစွာက ချက်ချင်းဆိုသလို ဂုဏ်ပြုစကားများ ပြောလာကြပြီး ဗိုလ်ချုပ်အတွက် လေးစားမှုများနှင့် ချစ်ခင်မှုများ ပြသလာကြသည်။
ဟယ့်ယွင်ထင်က ယခင်အတိုင်း အေးစက်တင်းမာနေဆဲ ဖြစ်ကာ ချီးကျူးမှုတိုင်းက ထိုသူ၏ အေးစက်စက်မျက်နှာကြီးထံမှ ပိတ်ကွယ်ခံထားနေရသလို ဖြစ်ပြီး ယနေ့က အနှီသူ၏ မွေးနေ့ မဟုတ်လေဘဲ အကြွေးတောင်းပွဲ ဖြစ်နေသည့်အလားပင်။
သူက မွေးနေ့ရှင်အတွက် စီစဥ်ထားသောထိုင်ခုံပေါ်တွင် ထိုင်ကာ တံခါးဘက်ကိုသာ တိတ်တဆိတ် ကြည့်နေခဲ့သည်။
ဝမ်ထျန်းယောင်သည်လည်း ရောက်လာပြီးနောက် လူတိုင်းရှေ့တွင် ပြုံးကာနှုတ်ဆက်လာသည်။ သူ့အတွက် လက်ဆောင်တစ်ခု ပြင်ထားသည်ဟု ပြောလာပြီး ပါတီပွဲ ပြီးသွားသည်နှင့် သဘာဝကျကျပင် သူ့အိမ်တော်သို့ ပို့ပေးမည်ဟု ဆိုသည်။
ဟယ့်ယွင်ထင်၏ အမူအယာက ပျော်ရွှင်နေပုံမရဘဲ "ကျေးဇူး"ဟု အလွန်ပေါ့ပေါ့တန်တန် ပြောလိုက်ပြီးနောက် ဆက်မပြောတော့ပေ။
ဝမ်ထျန်းယောင်ကမူ စိတ်ကွက်သွားပုံမရဘဲ စကားအနည်းငယ် ပြောပြီးနောက် အခြားသူများနှင့် ရယ်လိုက်မောလိုက် ဆက်ပြောနေလေတော့သည်။
လုအန်းဟယ်မှာ ဟယ့်ယွင်ထင် ထိုင်နေသည့် ဘေးတွင် အဖော်ပြုပေးနေပြီး ဘေးဘက်မှ လာနေသည့် ဖိအားခပ်နိမ့်နိမ့်ကိုလည်း ခံစားမိနေသည်။
"မင်းသားရဲ့ ပါတီပွဲတွေက သိပ်ပြီး ခွဲခြားမှု မရှိဘူးလို့ ဖတ်ခဲ့ရတယ်"
လုအန်းဟယ် အနားကပ်၍ ပြောလိုက်သည်၊
"အုပ်စု နှစ်စုလုံး ရှိပြီး သူက နှစ်ဖက်လုံးမှာ ကျော်ကြားတော့ ဘယ်ဘက်မှာ ရပ်နေလဲ ဆိုတာ သေချာ ပြောလို့ မရသေးဘူး...ပြီးတော့ ခြေတစ်လှမ်း ဆုတ်ဖို့ ဆိုရင်လည်း ကျွန်တော်တို့ တွေ့သွားရလောက်တဲ့အထိ မတုံးလောက်ဘူး" လုအန်းဟယ်က ဤနေရာမှာ ကိုယ်ရှိန်သပ်လိုက်ရသည်။
အနှီတော်ဝင်မင်းသားမှာ အနာဂတ်၏ ဆက်ခံသူ ဖြစ်သည်။ သိသာထင်ရှားစွာပင် အခြားသော အနေအထား မရှိသည့် ဗိုလ်ချုပ်တစ်ယောက်အား မည်သည့်အတွက်ကြောင့် ဖယ်ရှားစေရမည်နည်း... ထို့အပြင် ထိုသို့ လုပ်ခဲ့ပါကလည်း ၎င်းမှ မည်သည့် အကျိုးအမြတ်ထွက်လာနိုင်မည်နည်း...
သိသိသာသာပင် မည်သည့်အရာမှ မရှိပုံပင်...
အကျိုးအမြတ်လေး တစ်ခုမှ ရှိမနေပေ။
ဟယ့်ယွင်ထင်သည်လည်း ၎င်းကို တွေးမိသဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ "သူ မဟုတ်တာ ဖြစ်ဖို့များပါတယ်... အရမ်းကြီး စိုးရိမ်မနေနဲ့"
လုအန်းဟယ်က "အင်း"ဟု ပြန်ဖြေလိုက်သည်။
အဆုံးတွင် ဤအခင်းအကျင်းမျိုးက သိပ်ပြီး နေရာမကျသဖြင့် ဟယ့်ယွင်ထင်သည်လည်း ဤကိစ္စကို လက်လွတ်စပယ် ပြော၍ အဆင်မပြေနိုင်ပေ။
တော်ဝင်မင်းသား၏ ညစာစားပွဲက ထုံးတမ်းအစဥ်အလာများကဲ့သို့ အမှန်ပင် ခေတ်နောက်ဆွဲမနေခဲ့ပေ။ အရာရာတိုင်းက ပေါ့ပေါ့ပါးပါးသာ ဖြစ်ပြီး မည်သူမှလည်း တစ်ခုံတည်းမှာပင် ညတစ်ဝက်နီးပါး ကျောက်ချနေစရာ မလိုဘဲ ရရှိနိုင်သမျှ အစားအသောက်တိုင်းကို စားသောက်နိုင်ပေသည်။
မည်သည့် အစားအသောက်နှင့် ဝိုင်ကိုမဆို ရွေးချယ်နိုင်ပြီး ပုံသေ သတ်မှတ်ထားသည့် ခုံနေရာများလည်း မရှိပေ။ ဒီထက်ပိုပြီး ပေါ့ပါးနိုင်ပါဦးမလား...
မူလကတည်းက ဤနေရာသို့ စားသောက်ရန် လာကြသည် မဟုတ်သဖြင့် ဝမ်ထျန်းယောင်မှ ကပွဲတစ်ခု စီစဥ်ထားသည်ဟု ပြောလာပြီး လူတိုင်းပါဝင်ကြရန် ဖိတ်ခေါ်လာခဲ့သည်။
ထိုစကားများကို ကြားသောအခါ လုအန်းဟယ်တစ်ယောက် နံဘေးမှ ဖိအားများက တစ်ဆင့်ပို၍ နိမ့်ဆင်းလာသည်ဟု ခံစားလိုက်ရသည်။
လေထုက တဖြည်းဖြည်း ပူနွေးလာသဖြင့် လူများစွာက ထွက်လာကြပြီး ကပွဲကြမ်းပြင်ထက် ရောက်ရှိလာကြသည်။
"ဘောစ့်..." လုအန်းဟယ်မှာ စကားတစ်ခွန်းသာ ပြောရဲပြီး သူ့အား မကြည့်ရဲတော့ပေ။ အဆုံးတွင် လွန်ခဲ့သည့် ရက်အနည်းငယ်က သူကိုယ်တိုင်ပင် လင်းဟန်အား ရအောင် ဖိတ်ပေးမည်ဟု ကျိန်ဆိုခဲ့သည်ပင်။
"ဟမ်" ဟယ့်ယွင်ထင် ကြည်ကြည်လင်လင်ဖြင့် ပြန်ဖြေလိုက်သည်။
"ထားလိုက်တော့"
သူသည်လည်း အငြင်းခံနိုင်ချေကို ပြင်ဆင်ထားခြင်း မရှိသည်တော့ မဟုတ်ပေ။
လုအန်းဟယ် အသံတိုးတိုးဖြင့် ပြောလာသည် "မစ္စတာလင်းက စဥ်းစားကြည့်မယ်လို့ ပြောလို့ ကျွန်တော်လည်း လက်ခံတယ်လို့ ထင်လိုက်တာ"
အဆုံးတွင် ပို့ပေးထားသော အဝတ်အစားများအား လက်ခံထားလိုက်သေးပေသည်။
ဟယ့်ယွင်ထင်က စကားတစ်ခွန်းမှ မပြောသော်လည်း အကြည့်များကမူ မှုန်မှိုင်းသွားလေသည်။
ထိုအချိန်တွင် လင်းဟန်မှာ ပြင်ဆင်ထားသော နေရာသို့ ရောက်လာချိန်၌ နာရီဝက်ပင် နောက်ကျနေလေပြီ။ သူက ဤနေရာသို့ ညစာစားချိန်ရောက်မှသာ သွားရန် ဆုံးဖြတ်ထား၍ ဖြစ်သည်။
သူက ဟယ့်ယွင်ထင် သူ့အတွက် ပြင်ဆင်ပေးထားသည့် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ ကော်လံမှ တန်ဖိုးကြီး အနုစိတ်လှသော လည်စီးတို့ကြောင့် အဖွဲ့အစည်း ယူနီဖောင်းထက် မှိုင်းသော်ငြား ပို၍ အထက်တန်းကျသွားစေသည်။ အဝေးတစ်နေရာမှ ကြည့်လျှင် ပေါ့ပလာပင်လေးကဲ့သို့ ကျော့ရှင်းသိမ်မွေ့လာစေသည်။
လင်းဟန်က ပွဲကျင်းမရာ ခန်းမကို တစ်လှမ်းချင်း လှမ်းဝင်လာခဲ့ပြီး လူအုပ်ကြီးကို ရှောင်ရှားကာ ထောင့်လေးနားတွင် ထိုင်ချရန် ပြင်ဆင်တော့မည်ပြုလိုက်သော်လည်း ဟယ့်ယွင်ထင်နှင့် လုအန်းဟယ်တို့၏ နေရာကိုလည်း ရှာဖွေနေသေးသည်။ ထိုရက်က ဟယ့်ယွင်ထင် သူ့ထံသို့ ရောက်လာပြီး ကျိုးကြောင်းမသင့်သည့် စကားခပ်မာမာများ ပြောခဲ့သည်။ ၎င်းက အတော်လေး ရယ်ချင်စရာ ကောင်းသည်ဟု ခံစားရသော်ငြား ထိုသူက တမင်တကာ ခက်ခဲစေရန် မလုပ်ခဲ့ပေ။
လင်းဟန်က အတွေ့အကြုံများစွာ မရှိပါသော်လည်း လုအန်းဟယ် ပါတီပွဲသို့ ဖိတ်ရခြင်းမှာ ဟယ့်ယွင်ထင်ကြောင့် ဖြစ်ကြောင်း သူ သိနေပါသေးသည်။ အဆုံးတွင် သူ တန်း၍ မငြင်းလိုက်ဘဲ စဥ်းစားဦးမည်ဟုသာ ပြောလိုက်ပြီး အထူးတလှယ် ပို့ပေးလာသော အဝတ်အစားများကိုပင် လက်ခံလိုက်သေးသည်။
လုအန်းဟယ် ဖိတ်ခဲ့စဥ်က ဤနေ့မှာ ဟယ့်ယွင်ထင်၏ မွေးနေ့ဖြစ်ကြောင်း ကြိမ်ဖန်များစွာ ပြောခဲ့သည်။ ထိုနေ့ကလည်း ဝမ်ထျန်းယောင်က ဗိုလ်ချုပ်၏ မွေးနေ့ဟု ပြောလာသည်ကို သတိရခဲ့ပြီး ဟယ့်ယွင်ထင်မှာ သူနှင့် မသက်ဆိုင်သည့်အလား မတုန်မလှုပ် ရှိနေသည်ကိုလည်း အမှတ်ရမိခဲ့သေးသည်။
သူ မွေးနေ့ မကျင်းပသည်မှာ နှစ်ပေါင်းများစွာ ရှိလောက်သည်ပင်။
လင်းဟန်မှာ သူမှတ်မိသည့်အချိန်ကတည်းက မိသားစုတွင် အဖေနေရာ မရှိခဲ့ပေ။ တစ်ခုကောင်းသည်မှာ မိခင်ဖြစ်သူက အလွန် သိမ်မွေ့ပြီး သူ့မွေးနေ့ကိုလည်း နှစ်တိုင်း သတိရပေးကာ ထိုရက်များတွင် နှစ်ယောက်အတူတူ အချိန်ကုန်ဆုံးလေ့ ရှိကြသည်။
ထို့အပြင် ဗိုလ်ချုပ်က တစ်ခါမှ မွေးနေ့ မကျင်းပဖူးဘဲ မွေးနေ့ကိုပင် မမှတ်မိဟု သူကြားလိုက်ရသေးသည်။
ထို့ကြောင့် သူ့အတွက် ပွဲတစ်ခုဟုသာ သတ်မှတ်ရပေမည်။
မွေးနေ့တစ်ခုက အမှတ်တရများဖြင့် ပြည့်ဝနေသည့် နေ့တစ်နေ့ ဖြစ်သင့်သည်။
ထိုသို့ စဥ်းစားရင်းအဆုံးတွင် လင်းဟန်တစ်ယောက် ရောက်လာခဲ့ခြင်းပင်။
ထို့အပြင် သူ မသိခဲ့သည်မှာ သူခန်းမထဲသို့ ခြေချလိုက်သည်နှင့် မနီးမဝေးတစ်နေရာတွင် ရှိနေသည့် လုအန်းဟယ် တစ်ယောက် သူ့ကို တွေ့သွားပြီး အဆုံးတွင် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချကာ ဟယ့်ယွင်ထင်အား လှမ်းပြောလိုက်။
"ဘောစ့်... သူရောက်လာပါပြီ"
ကပွဲစတင်ပြီ ဖြစ်၍ ဘေးတဝိုက်မှ မီးရောင်များကလည်း တဖြည်းဖြည်း မှိန်ဖျော့လာကာ ကပွဲကြမ်းပြင်ပေါ်တွင်သာ မှိန်ဖျဖျ အလင်းရောင်တစ်ခု ကျရောက်နေသည်။ တေးဂီတသည်လည်း ကာရံသင့်လှပြီး အားသိပ်မပြင်းလှသော ပြောင်းလဲမှုကို ဖြစ်ပေါ်စေကာ လူများကို တဖြည်းဖြည်း အရည်ပျော်ကျလာသည့်အလား သက်ရောက်လာစေသည်။
ဟိုတစ်ကွက်သည်တစ်ကွက် မီးရောင်များက ကပွဲကြမ်းပြင်ထက် ဦးတည်ရာမဲ့ ပြန့်ကျဲနေပြီး စုံတွဲများစွာကလည်း ကပွဲကြမ်းပြင်ထက် မျောလွင့်နေကာ ပထမဆုံး ဆုံတွေ့ရသော သူစိမ်းများမှသည် အချင်းချင်း ချစ်မြတ်နိုးကြသော စုံတွဲများအဖြစ် ပြောင်းလဲသွားကြလေသည်။ ကပွဲခန်းမထက် ကနေကြသော လူများမှာ မီးရောင် မှိန်သွားသည့်အချိန် တီးလုံးအပြောင်းအလဲကို စောင့်နေကြပြီး ထိန်းမနိုင်သိမ်းမရလူများကမူ ပွေ့ဖက်နမ်းရှုံ့၍ ပူးကပ်ဖက်တွယ်နေကာ နှုတ်ခမ်းများကမူ ချစ်စကားချိုချိုတို့ဖြင့် ဆက်နွယ်ကြသည်။
မည်သူကမှ ရှက်သွေးဖြာနေသူများကို သတိထားမိကြမည် မဟုတ်သလို ကဲကဲသဲသဲ ပြုမူလာသူများကိုလည်း အပြစ်တင်ကြမည် မဟုတ်ပေ။
ဤအခင်းအကျင်းမျိုးတွင် အားလုံးကို လိုက်လျောမိစေရန် အခွင့်အလမ်းများစွာ ရှိပေသည်။
လင်းဟန်မှာ ကပွဲကြမ်းပြင်နှင့် သိပ်မဝေးတွင် စားပွဲတစ်လုံးတွင် ထိုင်နေပြီး ထိုအရာအားလုံးကို ကြည့်နေခဲ့သည်။ သူ့မျက်လုံးများက မခွဲနိုင်မခွာရက် နမ်းရှုံ့နေကြသူများထံ အကြည့်ရောက်သွားပြီး မသိစိတ်အရ အကြည့်လွှဲမိသွားသည်။
ဟယ့်ယွင်ထင်တစ်ယောက် ဒီလူတွေထဲမှာ ရှိနေမလား...
သို့သော်လည်း သူမတွေးနိုင်သေးခင်မှာပင် လူအုပ်ထဲမှ တီးတိုးစကားသံများ ထွက်ပေါ်လာသည်။
လူအုပ်ကြီးမှာ ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ မတုန်မလှုပ် ရှိနေခဲ့သော ဗိုလ်ချုပ်တစ်ယောက် ရုတ်တရက် ထရပ်လာပြီး ကပွဲကြမ်းပြင်ဆီသို့ ဦးတည်သွားနေသည်ကို တွေ့လိုက်ကြရသည်။
ဗိုလ်ချုပ်လည်း ဝင်ကတော့မလို့လား... လူအချို့မှာ ထိုသို့ တွေးနေရင်းပင် ခေါင်းပြောင်လုနီးပါး ဖြစ်သွားသည်။
ဗိုလ်ချုပ် သဘောကျနေတဲ့ အိုမီဂါက အဲ့ဒီနေရာမှာ ရှိနေလို့များလား...
ဟယ့်ယွင်ထင်မှာ ပေါ်လွင်လွန်းနေသည်ကြောင့် ဖြစ်ပေမည်။ အလင်းတန်းများကိုပင် သူ့ဘေးသို့ ဆွဲယူနေသည့်အလား ထပ်ကြပ်မကွာ လိုက်လာခဲ့သည်။ နမ်းရှုံ့နေကြသူများသည်လည်း တိတ်တဆိတ် ရပ်သွားကြပြီး မီးရောင်မှိန်မှိန်အောက်တွင် သူ့ကို သတိထားလျက်သော်လည်းကောင်း ဟောင်ဖွာဟောင်ဖွာလုပ်၍သော်လည်းကောင်း ကြည့်လာကြ၏။
သီချင်းသံ မဆုံးခင်မှာပင် ဟယ့်ယွင်ထင်က အကြည့်တစ်ချက်မလွှဲဘဲ ဖြတ်လျှောက်လာလေသည်။
ပူးကပ်ဖက်တွယ်ပြီး နမ်းရှိုက်နေကြသူများကို ဖြတ်၍... ဆွဲဆောင်ညှို့ယူနိုင်စွမ်းရှိသော သီချင်းသံများကို ဖြတ်၍... ထိုသူက လူအုပ်ကြီးကို ငေးမောနေသည့် လူငယ်လေး၏ရှေ့တွင် ရပ်လိုက်သည်။
—
လင်းဟန်မှာ သူပင်မသိလိုက်ဘဲ ပါတီပွဲ၏ အာရုံစိုက်မှုများ သူ့အပေါ် ကျရောက်လာသည်ကိုပင် သတိမထားမိသေးပေ။ ထိုနေရာက သူနှင့် အံဝင်ခွင်ကျ မဖြစ်လေရာ လူရှာချင်သည့်တိုင် ခြေတစ်လှမ်း တိုး၍ မရဖြစ်နေသည်။ ထိုအခိုက် ပုခုံထက်သို့ ခပ်ဖွဖွ ပုတ်ခံလိုက်ရသည်ကို ခံစားလိုက်ရသည်။
လင်းဟန် ခေါင်းလှည့်ကြည့်လိုက်သည်။
ဂီတသံက ဝိုင်အနံ့၏ ညှို့ငင်မှုများဖြင့် နားထက်သို့ သိမ်မွေ့စွာ စီးဆင်းဝင်လာနေသည်။
လူသန်းပေါင်းများစွာ လေးစားအားကျရသည့် အင်ပါယာဗိုလ်ချုပ်ကြီးက သူ့ရှေ့တွင် ရပ်နေကာ သူ့ကို ကြည့်၍နေသည် ထိုသူ၏ ချောမောသော မျက်နှာထက် အမူအရာ ခပ်ပါးပါးသာ ရှိပါသော်လည်း လင်းဟန်မှာ ထိုသူက သူတို့ ပထမဆုံး တွေ့ဆုံစဥ်ကလောက် အေးစက်မနေသည်ကို ခံစားလိုက်ရသည်။
သူလျှောက်လာစဥ်က အလျင်လိုနေသဖြင့် ဟယ့်ယွင်ထင်၏ နဖူးပြင်ထက် ငွေမင်ရောင် ဆံစများက ဝဲကျနေကာ သူ့မျက်လုံးများက အပြာရောင် အလင်းပြန်နေဆဲပင်။
လင်းဟန် သူ့ကို နှုတ်ဆက်ရန်ကိုပင် တစ်ခဏမျှ မေ့လျော့သွားသည်။
အရပ်ရှည်ရှည်လူက အဖြူရောင်ဝတ်စုံ ဝတ်ထားသည့် ချောမောသော လူငယ်လေးရှေ့တွင် တစ်ခဏမျှ ရပ်နေပြီးနောက် ဂုဏ်သရေရှိလူကြီးလူကောင်းပုံစံ အရိုအသေပေးဟန်ဖြင့် ကိုယ်ကိုကိုင်းညွှတ်လိုက်ပြီး အလေ့အကျင့် မရှိသေးသော ပုံစံဖြင့် လက်တစ်ဖက်ကို ကျောနောက်တွင် ထားကာ နောက်တစ်ဖက်ကို လူငယ်လေးထံ ကမ်းလိုက်သည်။
"မင်းကို ကိုယ်နဲ့ အတူ ကပေးဖို့ ဖိတ်ခေါ်လို့ ရမလား မစ္စတာလင်း"
ပါးစပ်ဟလိုက်သည့်အခါ ထွက်ပေါ်လာသောအသံမှာ နှင်းများထဲတွင် ဖုံးအုပ်နေသော ဆောင်းရာသီနေမင်းကြီးကဲ့သို့ အေးစက်နွေးထွေးနေပေသည်။
👾