👾Chapter 14:
【မကြည့်နဲ့】
လင်းဟန်မှာ တစ်ခဏမျှ ကြောင်အသွားသည်။
ထိုသူ ဖိတ်ခေါ်သည့် ဟန်ပန်ကတောင့်တင်းနေပြီး လက်တစ်ဖက်ကိုလည်း ဆန့်တန်းထားကာ လေထဲတွင် ရပ်တန့်နေသည် လှုပ်ရှားမှုမရှိဘဲ သူတုံ့ပြန်လာမည်ကိုသာ စောင့်နေခဲ့လေသည်။ လူအုပ်ကြီးမှာ ဖိတ်ခေါ်ခံရသူအား မနာလိုစွာဖြင့် စတင်ခန့်မှန်းနေကြသည့်တိုင် အချိန်အကြာကြီး ဆက်မကြည့်ရဲကြပေ။
အလင်းရောင်များက မှိန်ဖျော့နေသော်ငြား ဟယ့်ယွင်ထင်၏ မျက်လုံးများက တောက်ပနေသည်။ စစ်တပ်မှ ကောင်းကောင်း လေ့ကျင့်ပေးခံထားရသော ဟယ့်ယွင်ထင်မှာ ထိုပုံစံအတိုင်းပင် မလှုပ်မယှက်ဖြင့် လင်းဟန် တုန့်ပြန်လာမည်ကို စောင့်နေသည် ထိုမျှလောက် အာရုံစိုက်နေသည်မှာ အရေးကြီးသော ဖိတ်ခေါ်မှုတစ်ရပ်ကို ပြုနေသည့်အလားပင်။
လင်းဟန် သူ့အား ကြည့်နေဆဲပင်။
သို့သော် ပြဿနာမှာ...
လင်းဟန်မှာ ကပွဲအခမ်းအနားများ စသည့် ပွဲလမ်းသဘင်မျိုးတွင် ပါဝင်ခဲလှပြီး ထပ်ပေါင်းပြောရလျှင် မပါဝင်ခဲ့ဖူးပါပေ။
သူက လက်အိတ်ချွတ်၍ မရပေ။
ဟယ့်ယွင်ထင်မှာ အလွန်ပင် စိတ်ရှည်ပုံရပြီး စောင့်နေရင်းမှာပင် လင်းဟန်၏ ပူပန်မှုများကို စိုးရိမ်နေသည့်အလား တီးတိုးပြောလာခဲ့သည်။
"လက်အိတ်တွေ ဝတ်ထားလို့ ရတယ်"
ထို့ကြောင့်ပင် သုံးစက္ကန့်အကြာ အဖြူရောင်လက်အိတ်များ ဝတ်ဆင်ထားပြီး နွေးထွေးနေဆဲ ဖြစ်သည့် လက်တစ်စုံက ဟယ့်ယွင်ထင်၏ လက်ဖဝါးထက်သို့ ရောက်ရှိလာခဲ့သည်။
“ကောင်းပြီလေ" လင်းဟန် ပြောလိုက်သည်။ လင်းဟန်မှာ အချိန်တိုအတွင်း အတွေးများစွာ တွေးထားပြီး ဖြစ်နေသည်။
ဥပမာအားဖြင့်... သူအခု ဘာတွေ တွေးနေမလဲ... လက်အိတ်တွေသာ ဝတ်မထားရင် ခြားနားတဲ့ တုံ့ပြန်ချက်တစ်ခုကို ကြားလိုက်ရမှာလား... ဒါမှမဟုတ်... သူ ငြင်းလိုက်ရင် အရင်တစ်ခါ ပြုပြင်ရေးအခန်းမှာ လက်ဆွဲနှုတ်ဆက်ဖို့ လုပ်တုန်းကလို ဗိုလ်ချုပ်ရဲ့ မျက်လုံးတွေ မှုန်မှိုင်းသွားမှာလား...
သို့သော်လည်း အဆုံးတွင် သူတွေးလိုက်မိသည်။ ဒီနေ့က ဗိုလ်ချုပ်ရဲ့ မွေးနေ့ပဲလေ...
လင်းဟန်၏ ဘဝက ပျင်းစရာကောင်းလှသော်ငြား သူ့မွေးနေ့တိုင်း မိခင်ဖြစ်သူက အနားတွင် ရှိနေပေးခဲ့သည်ကို အမှတ်ရနေဆဲပင်။ ဤလမ်းတလျှောက် ဟယ့်ယွင်ထင် မည်သည့်အရာများ ဖြတ်ကျော်ခဲ့ရသည်ကို မသိပါသော်ငြား ယနေ့မှာ ထိုသူ၏မွေးနေ့ဖြစ်၍ ပျော်ရွှင်နေသင့်သည်ပင်။
ထို့ကြောင့် ဖိတ်ခေါ်မှုကို လက်ခံလိုက်ခြင်းပင်။
ဟယ့်ယွင်ထင်၏ လက်များမှာ ရုတ်တရက်ဆိုသလို အနည်းငယ် ပိုလေးလာခဲ့သည်။
သူ့နေ့ရက်များကို အဖွဲ့အစည်းမှာသာ မက်ခါဒီဇိုင်းပေါင်းများစွာကို တပ်ဆင်ဖြုတ်ယူရင်း အချိန်ကုန်ဆုံးနေတတ်သည့် မက်ခါအင်ဂျင်နီယာတစ်ယောက်အနေဖြင့်ပင် အိုမီဂါလေး၏ လက်အိတ်ဝတ်ထားသော လက်ချောင်းလေးများက သွယ်ပျောင်းနူးညံ့ပုံပေါ်နေသည်။ သို့သော်လည်း ၎င်းတို့က အနည်းငယ် သေးသွယ်လှပြီး ဟယ့်ယွင်ထင်မှာ လက်တစ်ဖက်ထဲဖြင့်ပင် အလုံးစုံ ဆုပ်ကိုင်ထားနိုင်သည် လက်ကောက်ဝတ်လေးမှာလည်း ကိုင်တွယ်သူကို ဂရုတစိုက် ကိုင်တွယ်သင့်သည်ဟု ပြောနေသည့်အလား သေးသွယ်နေ၏။
ဟယ့်ယွင်ထင်မှာ အကြောင်းပြချက်မရှိဘဲ ပို၍ ဂရုတစိုက်ဖြစ်လာပြီး အားအများကြီးသုံးမိလျှင်ပင် တစ်ဖက်လူ နာကျင်သွားမည်ကို စိုးရိမ်နေလေသည်။
လင်းဟန်က တစ်ဖက်လူ၏ အသက်ရှူသံလေးလံလာသည်ကို ခံစားလိုက်ရသည့်အတွက် မျက်လုံးအစုံကို ပင့်မော့ကြည့်လိုက်သည့်အခိုက် ခါးထက်သို့ လက်တစ်စုံ ကျရောက်လာလေသည်။
ဗိုလ်ချုပ်က အချိန်တိုအတွင်း ထိုစကေးများကိုသင်ယူပြီးမြောက်နိုင်လုနီးပါးပင်။
အကြောင်းမှာ ဒုဗိုလ်မှုးလုအန်းဟယ်က ထိုအကြောင်းကို ပါးနပ်စွာဖြင့် ပြောပြထားခဲ့သောကြောင့်ပင်။
သို့သော်ငြား လုအန်းဟယ်က သင်ယူမှုရလဒ်များကို မြင်ပြီးနောက် စိတ်အားငယ်ဟန်ဖြင့် ရေရွတ်လာခဲ့သည်။ " မစ္စတာလင်းသာ M2742အတွက် ပရိုဂရမ်တစ်ခု ပြန်ရေးပေးခဲ့ရန် ဗိုလ်ချုပ်ထက်တောင် ကောင်းကောင်း ခုန်နိုင်လောက်တယ်"
ဟယ့်ယွင်ထင်မှာ သူ့ခြေထောက်များကို လေးထောင့်ခြေလှမ်းများဖြင့် ကန်နေသည့်အလား ရွေ့လျားနေပြီး လက်လှုပ်ရှားမှုများမှာလည်း စစ်ရေးပြပွဲလို ဖြစ်နေသည်။ အတိုချုံ့ပြောရလျှင် တောင့်တင်းကာ တင်းမာနေပေသည်။
အဆုံးတွင် ဟယ့်ယွင်ထင်တစ်ယောက် အကြမ်းဖျဥ်းသာ သင်ယူနိုင်ခဲ့ပြီး လုအန်းဟယ်မှာ သူ့မျက်နှာကို အုပ်ကာဖြင့် ဆိုလိုက်လေသည်။ "ဒါမှမဟုတ် ဒါကို မစဥ်းစားတော့ဘဲ မစ္စတာလင်းကို စားပွဲမှာ အတူစားဖို့ ဖိတ်လိုက်ရုံနဲ့တင် လုံလောက်မှာပါ"
ဟယ့်ယွင်ထင်မှာ ထိုအချိန်က သဘောတူခဲ့သည်။ သို့သော်ငြား လင်းဟန်ပေါ်မလာခင်အထိ အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ပါသော်လည်း ယခင်က သူလုပ်ထားသော ပြင်ဆင်မှုများအားလုံးကို မေ့သွားခဲ့ရသည်။ အလင်းရောင်နှင့် ဂီတတို့က စိတ်ထွေပြားစေ၍ ဖြစ်မည်။ ထိုသို့(ကဖို့) မလုပ်လျှင် နောင်တရသွားနိုင်သည်ဟု ခံစားလိုက်ရသည်။
ဟယ့်ယွင်ထင်က မည်သည့်အရာကိုမှ နောင်တမရခဲ့ဖူးပေ။ ယခုတွင် မသိနိုင်သောအရာများအတွက် စိုးရိမ်နေရပြီး အင်အားမဲ့စွာဖြင့် လုပ်နိုင်စွမ်းများ ကန့်သတ်ခံထားနေရသည်ကိုမုန်းတီးနေရသည်။ လင်းဟန် သူ့လက်ကို လွှတ်မပေးလိုက်မှသာ ဟယ့်ယွင်ထင် တစ်ယောက် စိတ်အေးသွားရသည်။ ရလဒ်အနေဖြင့် အိုမီဂါလေးက သူ့အနားသို့ တိုးကပ်လာပြီး ရိုးရိုးသားသား ပြောလာခဲ့သည်။
"ဒါပေမယ့် ဗိုလ်ချုပ်... ကျွန်တော် မကတတ်ဘူး"
လင်းဟန်၏ ခါးပေါ်မှ ဟယ့်ယွင်ထင်၏ လက်များ တင်းကျပ်သွားလေသည်။
အဝတ်စသာ ပါးလွှာနေပါက ဗိုလ်ချုပ်၏ လက်ဖဝါးမှ ထွက်ပေါ်လာသည့် အပူအမျိုးမျိုးကိုပင် ခံစားမိနိုင်သည်။
ကံအားလျော်စွာဖြင့် ဟယ့်ယွင်ထင် သူ့အတွက် ရွေးပေးထားသည့် အဝတ်စက အရည်အသွေးကောင်းလှသဖြင့် သူ့လက်ဖဝါးပေါ်မှ ချွေးအေးများကို လင်းဟန်တစ်ယောက် သတိမထားမိလိုက်ပေ။
ဟယ့်ယွင်ထင် တစ်ခဏမျှ တောင့်တင်းသွားပြီးနောက် လင်းဟန်အား ဖက်ထားသည့် လက်ကိုပင် သုံးကာ ကပွဲကြမ်းပြင်ဆီသို့ ဆွဲခေါ်လာပြီး မျက်နှာတစ်ချက်မျှ မပြောင်းဘဲ ပြောလိုက်သည်။
"အဆင်ပြေပါတယ်... ကိုယ်ကတတ်တယ်"
"ကိုယ်မင်းကို သင်ပေးမယ်"
ဟယ့်ယွင်ထင်ဘက်မှ လင်းဟန်အား လူကြားထဲသို့ ဖိတ်ခေါ်လိုက်ကတည်းက ဟိုဟိုသည်သည်မှ လူများက တိတ်တဆိတ် ကြည့်လာခဲ့ကြသည်။ သို့သော်လည်း အလင်းရောင်က မှိန်လွန်းလှပြီး မည်သူကမှ ပေါ်ပေါ်တင်တင် မကြည့်ရဲကြသဖြင့် ထိုနှစ်ယောက်သား ကနေသည့်ပုံစံမှာ အခြားသူများနှင့် ကွာခြားနေကြောင်းသာ ခံစားလိုက်ရသည်။
တီးလုံးသံက တငြိမ့်ငြိမ့် ထွက်ပေါ်နေသော်လည်း ကကွက်များမှာ အတော်လေး လမ်းကြောင်းလွဲနေသည်။ နှစ်ယောက်သားက ခုန်ထွက်လာပြီး အလွန်ပင် သီးသန့်ကွဲထွက်နေသည်။ သေချာပေါက်ပင် သူတို့က နှစ်ယောက်အကြားမှ တီးတိုးစကားသံများကို မကြားကြပေ။ လင်းဟန်က လက်များကို ဟယ့်ယွင်ထင်၏ ပုခုံးပေါ်တင်ကာ တစ်ဖက်လူ၏ လမ်းညွှန်ချက်များကို နားထောင်နေခဲ့သည်။
"နောက်ထပ်တီးလုံးသံ လာမှာကိုစောင့်... ပြီးရင် ကိုယ့်ရဲ့ ခြေလှမ်းတွေနောက်ကို လိုက်ဖို့ သတိရ"
"အိုး"
လင်းဟန်က ဟယ့်ယွင်ထင်၏ စစ်တပ်သုံး ဘွတ်ဖိနပ်ပေါ်တွင် တက်နင်းမိသွားသည်။
တစ်မိနစ်အကြာ လင်းဟန်က တီးလုံးသံကို လိုက်မီသွားသည်။ "ဒါဆို ဗိုလ်ချုပ်... အခုကျွန်တော်..."
ဟယ့်ယွင်ထင် "နောက်ဆုတ်"ဟူသော စကားကို မပြောလိုက်ရသေးခင်မှာပင် လင်းဟန်၏ ဖိနပ်ပေါ် တက်နင်းမိသွားသည်။
"ရှေ့တိုး"
ခြေထောက်ပေါ် နင်းမိသွားပြန်သည်။
"ဘေးကိုသွားမယ်"
အချင်းချင်း၏ ဖိနပ်များပေါ် တက်နင်းမိသွားကြသည်။
ဟယ့်ယွင်ထင်၏ အမူအယာများက အေးစက်နေဆဲ ဖြစ်သော်ငြား အမှားများစွာ လုပ်မိနေသည့်အတွက် ထပ်ပြီး မသင်ပေးတော့ရန် ဆုံးဖြတ်လိုက်ပြီး ခြေလှုပ်ရှားမှုမှာ အလွန် ထိန်းထိန်းသိမ်းသိမ်း ရှိလာသည်။ သူ့လှုပ်ရှားမှုများက ပို၍ သေးငယ်လာပြီး သဘာဝကျကျပင် တွဲဖက်အပေါ်လည်း သက်ရောက်လာလေရာ လင်းဟန်မှာ အဆုံးတွင် နှုတ်ခမ်းလေးများ မကွေးဘဲ မနေနိုင်တော့ပါပေ။
"ဗိုလ်ချုပ်"
"?"
"ကျွန်တော်တို့ နည်းနည်းလေးပဲ လှုပ်ပြီး ကလို့ ရပါ့မလား"
"..." ဟယ့်ယွင်ထင် သူ့လက်ဖဝါးထဲမှ လက်ကလေးကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
"ရပါသေးတယ်... ထပ်ပြီး ကြိုးစားကြည့်ရအောင်"
အိုမီဂါလေး ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်ဟု ခံစားလိုက်ရသည်။
ဆယ်မိနစ်အကြာ နှစ်ယောက်သားက အရှုံးပေးလိုက်ကြပြီး ဟယ့်ယွင်ထင်က တစ်ဖက်လူ၏ ခါးထက်တွင် တင်ထားသော လက်ကို ပြန်ဖယ်ကာ လင်းဟန်နှင့် ဘေးချင်းယှဥ်လျက် လျှောက်လာပြီးနောက် ဝင်ထိုင်လိုက်သည်။
တစ်ခဏလောက်အထိ စကားမပြောဖြစ်ကြပေ။
နဖူးထက်မှ ငွေရောင်ဆံစများမှာလည်း ထပ်ပြီး ရှုပ်ထွေးနေကာ ဟယ့်ယွင်ထင်တစ်ယောက် ကပွဲကြမ်းပြင်ထက်တွင် ရှိနေကြသော အခြားသူများကို ဝေခွဲမရဟန်ဖြင့် အေးစက်စက် ကြည့်လိုက်သည်။
လင်းဟန် မော့ကြည့်လိုက်ရာ ထိုအကြည့်ကို တွေ့လိုက်ရလေသည်။ သူက ဟယ့်ယွင်ထင်၏ ဘေးတိုက်မျက်နှာကိုသာ တွေ့ရခြင်းဖြစ်သည်။ တစ်ဖက်လူ၏ မျက်နှာအစိတ်အပိုင်းများမှာ ထက်မြ၍ ရန်မူလိုသော ပုံစံဟု ဖော်ပြရမည် ဖြစ်သော်ငြား မျက်ခုံးများ၏ အနေအထားက မျက်လုံးများကို နက်ရှိုင်းသွားစေကာ နှာတံနှင့် နှုတ်ခမ်းသားတို့က အေးစက်ကာ မာကျောဟန်အပြည့် ဖြစ်နေသည်။ အထင်ရှားဆုံးသော အစိတ်အပိုင်းမှာ သေချာပေါက် မျက်လုံးများပါပင်။
သို့သော်လည်း ယခုတွင် ထိုမျက်လုံးများ၌ သံသယများ ပြည့်နေပြီး မကျေမချမ်း ဖြစ်နေသည့် မယုံကြည်မှုအချို့ ကပ်ငြိနေကာ လူတိုင်းက စီးချက်ကျကျ ကခုန်နေကြချိန်တွင် သူတို့မှာမူ အဘယ့်ကြောင့် ကြည့်၍မကောင်းရသနည်းဟု နားမလည်နိုင် ဖြစ်နေရပုံပင်။
လင်းဟန်မှာ သူနှင့် ပတ်သက်ပြီး ပြုလုပ်ခဲ့ဖူးသည့် နှိုင်းယှက်ချက်တစ်ခုကို သတိရမိသွားသည်။
သူက အမှန်ပင် ကလေးတစ်ယောက်နှင့် တူနေသည်ကြောင့် ဖြစ်နိုင်သည်။
ထိုအခိုက်လေးတွင် တစ်ဖက်လူ၏ အတွေးများကို အမှန်ပင် နားထောင်ချင်မိသွားခဲ့သည်။ သို့သော်လည်း မကြာခင် ထိုအတွေးများကို ဖယ်ထုတ်လိုက်ပြီး မျက်လုံးများကို ကြည့်၍ ပြောလိုက်သည်။
"ဗိုလ်ချုပ်"
သူ့ကို ကြည့်နေခြင်းမရှိသည့် ဟယ့်ယွင်ထင်တစ်ယောက် မျက်နှာပြန်လှည့်လာခဲ့သည်။
လင်းဟန် သူ့ကို ပြုံးပြလိုက်သည်။ "မွေးနေ့မှာ ပျော်ရွှင်ပါစေ"
ဟယ့်ယွင်ထင်၏ မျက်နှာထက်မှ အမူအရာက သိမ်မွေ့စွာ ပြောင်းလဲသွားခဲ့သည်။
လင်းဟန်က ၎င်အား မည်သို့ ဖော်ပြရန်မည်ကို မသိတော့ပေ။ တစ်ဖက်လူ၏ မျက်နှာက အပျော်လွန်နေခြင်း မဟုတ်ဘဲ မထင်မှတ်ထားသည့် အံ့သြမှုတို့ ဖော်ပြလာသည်။ အချိန်အတော်ကြာသည်အထိ မည်သူကမှ သူ့အား ထိုစကားများကို မပြောခဲ့ကြဖူးသည့်အတိုင်းပင်။
သို့သော်လည်း မကြာခင်မှာပင် မူလက တဖြောင့်တည်း ဖြစ်နေသည့် ဟယ့်ယွင်ထင်၏ နှုတ်ခမ်းတစ်စုံမှာ အနည်းငယ် ကော့တက်လာသည်။ သူ့အား အပြုံးလေးတစ်ခုဖြင် တုံ့ပြန်လိုက်သည့်အလားပင်။
ထိုသူက အချိန်အတော်ကြာသည့်တိုင် အမူအယာမဲ့ ဖြစ်နေခဲ့ရခြင်းကြောင့် ဖြစ်မည်။ ဟယ့်ယွင်ထင်မှာ သူ့နှုတ်ခမ်းထောင့်လေးများကို အကြမ်းထည်ဆန်ဆန် ကော့မိလုနီးပါးဖြစ်သွားသော်လည်း ထိုအမူအယာက လွန်စွာအကြမ်းထည်ဆန်လွန်ပြီး လင်းဟန်ထံမှ ၎င်းအား ရုပ်ဆိုးသည်ဟု ထင်ခံရမည်ကို စိုးရိမ်သဖြင့် အနည်းငယ် တုံ့ဆိုင်းနေဆဲပင်။
"ဗိုလ်ချုပ်" တစ်ဖက်မှ ခေါ်သံတစ်ခု ထွက်လာသည်။
နှစ်ယောက်သားအတူ ကြည့်လိုက်မိသောအခါ ဝမ်ထျန်းယောင်က သူတို့သို့ ပြုံး၍ လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။
"မွေးနေ့မှာ ပျော်ရွှင်ပါစေ.... Mအင်ပါယာရဲ့ ဂုဏ်ကျက်သရေဆောင်ဗိုလ်ချုပ်ကြီး"
ကောင်းကောင်း မကော့တက်ရသေးသော ဟယ့်ယွင်ထင်၏ နှုတ်ခမ်းထောင့်များ ပြန်၍ ဖြောင့်သွားပြန်ပြီး ပေါ့ပေါ့ပါးပါး တုန့်ပြန်လိုက်သည်။
"အင်း"
“ဒါဆိုရင် ခွက်ချင်းတိုက်ရအောင်လေဗျာ"
ဝမ်ထျန်းယောင်က အပူအပင်မရှိ ပြောလိုက်ပြီးနောက် ဝိုင်ပုလင်းကိုင်၍ ရောက်လာသော ဝိတ်တာလေးအား လှမ်းတားလိုက်သည်။
"ပြီးတော့ မစ္စတာလင်းလည်း ဒီည အချိန်ကောင်းလေး ပိုင်ဆိုင်နိုင်ပါစေဗျာ"
တစ်ဖက်တွင် စောင့်နေသော ဝိတ်တာလေး ရောက်လာပါသော်ငြား ထူးဆန်းစွာပင် လင်ဗန်းပေါ်၌ ဝိုင်မပါလာခဲ့ပေ။
ဝမ်ထျန်းယောင်၏ မျက်နှာထက် စိတ်မကျေမနပ်ဖြစ်နေသည့် အမူအရာပေါ်လာလေသည်။
"ဝိုင်မပါလာရင်လည်း သွားယူလာလေ... ဒါတွေကအစ သင်ပေးနေရဦးမှာလား"
ဝိတ်တာလေးမှာ မိန်းမောနေဟန်ရပြီး ခေါင်းတဆတ်ဆတ် ငြိမ့်လိုက်ပါသော်ငြား မည်သည့်အရာကိုမှ မလုပ်ခဲ့ပေ။
ဝမ်ထျန်းယောင်၏ မျက်နှာထက်မှ မကျေမချမ်းမှုများက ပိုပို၍သိသာလာပြီး သူ့လက်ကိုခါကာ နောက်ထပ်တစ်ယောက်ကို ခေါ်တော့မည်ပြုသော်လည်း ထိုဝိတ်တာလေးက ထူးဆန်းနေပုံပေါ်ပြီး ခြေလှမ်းများက ဟယ့်ယွင်ထင်ထံ လှမ်းလာနေကြောင်း တွေ့လိုက်ရသည်။
ဟယ့်ယွင်ထင်၏ မျက်ခုံးများ တွန့်ချိုးသွားလေသည်။
ဝမ်ထျန်းယောင်သည်လည်း ထိုအခိုက်တွင် တစ်ခုခု မှားနေကြောင်း သတိပြုမိလိုက်သည်။
ဒီဝိတ်တာကို သူအရင်က တစ်ခါမှ မတွေ့ဖူးပါဘူး...
ဝမ်ထျန်းယောင် ချက်ချင်းဆိုသလို အသံပြုမိသွား၏။
လျှပ်တပြက်အတွင်း အပြောင်းအလဲ တစ်ရပ် ဖြစ်ပေါ်လာလေသည်။
"ဗိုလ်ချုပ်" သူက အမူအရာမဲ့ ဖြစ်နေသော ထိုဝိတ်တာတစ်ယောက် အချိန်အတော်ကြာ ဝှက်ထားခဲ့သည့် လင်ဗန်းအောက်မှ ဓါးထက်ထက်တစ်ချောင်းကို ဆွဲယူလိုက်သည်ကို တွေရချိန်တွင် အာမေဋိတ်သံ ပြုရန်သာ အချိန်ရလိုက်လေသည်။
ဟယ့်ယွင်ထင်မှာ အလွန်လျင်မြန်လှပြီး မီးရောင်မှိန်မှိန်အောက်တွင် တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို အာရုံခံမိသွားသည်။ ထိုလူက လက်ကို မြှောက်၍ ချဥ်းကပ်လာမည်အပြု လက်ထဲမှ ဓါးကိုပင် အသုံးမပြုလိုက်ရပေ။ ဟယ့်ယွင်ထင်က ထိုလူ၏ လက်ကို မညှာမတာ လိမ်ချိုးလိုက်သဖြင့် ထိုလူမှာ နာကျင်စွာဖြင့် အော်ဟစ်လိုက်လေသည်။ သို့သော် နောက်တစ်စက္ကန့်တွင် တစ်ဖက်လူကို မသတ်ခဲ့သော်ငြား တစ်ဖက်လူ၏ ဓါးကိုင်ထားသော လက်မှာ ဟယ့်ယွင်ထင်၏ လက်ထဲတွင် ဆုပ်ကိုင်ခံထားရဆဲ ဖြစ်လေသည်။
ဓါးထိုးလုပ်ကြံမှု ကျရှုံးသွားသည်ကို နားလည်သွားသည့် ဝိတ်တာမှာ ဓါးကိုင်ထားသော လက်ကို မဖြေလိုက်ဘဲ ဟယ့်ယွင်ထင်ထံမှ ဆုပ်ညှစ်ခံထားရသည်ကို ကြံ့ကြံ့ခံရင်း သူ့ လည်ချောင်းထဲမှ ထူးဆန်းသော "အုအု" ဟူသော အသံသည်သာ ထွက်ပေါ်လာပြီး ရှေ့သို့ ကိုင်း၍ ဓါး၏ ထိပ်ဖျားကို သူကိုယ်တိုင်၏ နှလုံးထက်သို့ ထိုးစိုက်လိုက်လေသည်။
လင်းဟန်မှာ လူသတ်သမားက လူတိုင်းရှေ့တွင် ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြိုးစားနေသည့်အလား သူ့မျက်လုံးရှေ့တွင် အေးစက် ထက်မြနေသည့် ဓါး၏ အရိပ်ဖြတ်သွားသည်ကိုသာ တွေ့လိုက်ရသည်။
ထိုအခိုက်တွင် ဟယ့်ယွင်ထင်က လင်းဟန်ကို ဘယ်လက်ဖြင် ဆွဲယူလိုက်ပြီး လင်းဟန်၏ ကိုယ်လေးကို သူ့ကျောဘက်သို့ ပို့ကာ နောင်ဖြစ်လာမည့် မြင်ကွင်းကို မမြင်တွေ့ရန် ပိတ်ဆို့ခံထားလိုက်ရသည်။
ချွန်ထက်နေသော ဓါးသွားက အသားစထဲသို့ စိုက်ဝင်သွားသောအခါ လင်းဟန်မှာ မသိစိတ်၏ ခိုင်းစေချက်အရ မျက်လုံးပိတ်လိုက်မိသည်။
ဟယ့်ယွင်ထင် သူ့လက်ကို ထိတွေ့လာသောအခါ သူ့နားများထက် တစ်ဖက်လူ၏ အေးစက်စက် အသံတစ်ခုသည်သာ ရိုက်ခတ်လာလေတော့သည်။
【မကြည့်နဲ့】
👾