အပိုင်း၁၅
Viewers 2k

👾Chapter 15: 

ဗိုလ်ချုပ်က ဒီအ​ကြောင်းကို မသိဘူး 



တိုက်ခိုက်သူက ဟယ့်ယွင်ထင်၏ လက်ဖြင့် မြဲမြဲ ဖမ်းဆုပ်ခံထားရပြီး မလှုပ်ရှားနိုင်သည့်တိုင် လူတိုင်း၏ ရှေ့​မှောက်တွင် မိမိကိုယ်ကို ဆိုးဆိုးဝါးဝါး အဆုံးသတ်၍ သတ်​သေရန် ဆုံးဖြတ်ထားပုံပင်။ 


ဟယ့်ယွင်ထင် လက်ကို ဖြေချလိုက်​သည်နှင့် ထိုသူလည်း အရုပ်ကြိုးပြတ် ပုံလဲကျသွား​လေသည်။ 


သွေးများက ဟယ့်ယွင်ထင်၏ အပြာနုနု ကုတ်အင်္ကျီနှင့် လွန်ခဲ့သည့် မိနစ်အနည်းငယ်ခန့်က လင်းဟန် တက်နင်းထား​ခဲ့​သော စစ်တပ်သုံး ဘွတ်ဖိနပ်များ​​ပေါ် စွန်းထင်း​နေသည်။ ဟယ့်ယွင်ထင်က အရပ်ရှည်လှသဖြင့် သူ့​နောက်တွင် ရှိ​နေသည့် လင်းဟန်၏ အဝတ်များမှာ အစွန်းအထင်းမရှိ သန့်စင်​နေဆဲပင်။ 


လင်းဟန် မျက်လုံးများကို ပြန်ဖွင့်လိုက်ပြီး တည်ငြိမ်​နေဆဲ ဖြစ်နေသည်။ သူ့​ခေါင်းကို ပြန်လှည့်ကြည့်လိုက်ရာ ဟယ့်ယွင်ထင်၏ ခန္ဓာကိုယ်က သူ့​ရှေ့တွင် ရပ်နေပြီး လဲကျ​နေ​သော လူကို မမြင်​တွေ့နိုင်​စေရန် ပိတ်ဆို့​ပေးထား​ကြောင်း တွေ့လိုက်ရသည်။ လင်းဟန်မှာ လွန်စွာ သိလိုစိတ် ပြင်းပြ​သူ မဟုတ်​လေဘဲ တစ်ဖက်လူ၏ စကားများကိုလည်း နားထဲတွင် ကြား​ယောင်​နေ​သေး​လေရာ နာနာခံခံဖြင့်သာ ငြိမ်​နေပြီး ကြည့်ပါမည်ဟု အတင်းအကြပ် ပြောမ​နေ​တော့​ပေ။ 


ထိုမြင်ကွင်းကို မျက်မြင်​တွေ့လိုက်ကြသူများကမူ ကြောက်ရွံ့မှု​ကြောင့် ထိတ်လန့်တုန်ယင်သွား​ပြီး သတိကြီးကြီးဖြင့် တဖြည်းဖြည်း တိုးလာကာ တီးတိုး​ပြော​နေခဲ့ကြသည်။ 


"တအား ရဲတင်းတာပဲ... ဒီလိုပွဲမျိုးမှာ​တောင် လုပ်ကြံဖို့ ကြိုးစား​နေတယ်" 


"အဓိက ပစ်မှတ်က ဗိုလ်ချုပ်ပဲ... သူ အောင်မြင်လိမ့်မယ်ဆိုပြီး တွေး​နေတာလား" 


"ကံ​ကောင်းလို့ ဗိုလ်ချုပ်က အမြန် ဖမ်းနိုင်လို့​ပေါ့... ငါဖြင့် သေ​လောက်​အောင် လန့်သွားတာ" 


ဝမ်ထျန်း​ယောင်၏ မျက်နှာ ဖြူ​ဖျော့သွားပြီး ပထမဦးစွာ သေသည်လား ရှင်သည်လား မသိရသည့် ကြမ်းပြင်​ပေါ်တွင် လဲကျ​နေသူကို ကြည့်လိုက်သည်။သူ စိတ်ညစ်ညူးစွာဖြင့် အံကြိတ်ကာ မျက်နှာလွှဲ​လိုက်​သော်ငြား ကျိန်ဆဲ​သည့် စကားလုံးအချို့ ထွက်လာ​နေဆဲပင်။ သူ့​နောက်သို့ လိုက်လာကြ​သော စစ်သားများက မကြာခင် အခင်းဖြစ်ရာသို့ ရောက်ရှိလာကြပြီး ရပ်ကြည့်​နေကြသူများ၏ အမြင်မှ စတင်ကာရံထားလိုက်ကြသည်။ 


သူ့​ဘောစ့်၏ ပြုမူဟန်များကို ဘေးတွင် ရပ်ကြည့်​နေသည့် လုအန်းဟယ်သည်လည်း အလျင်အမြန် ရောက်ရှိလာပြီး သူ ပါးစပ်မဟရ​သေးခင်မှာပင် ဟယ့်ယွင်ထင်က အရင်ဆုံး စကားစလာသည်။ 


"အရင်ဆုံး မစ္စတာလင်းကို အနားယူဖို့ တစ်​နေ​ရာရာ ခေါ်သွားပေးလိုက်" 


လုအန်းဟယ်က တစ်ဖက်လူ၏ လက်ကို အားဖြင့် ကိုင်ဆွဲထားခဲ့သည့် ဟယ့်ယွင်ထင်၏ ညာလက်ကို ကြည့်ကာ တစ်ခုခု ပြောချင်​နေခဲ့သည်။ သို့​သော် အဆုံးတွင် စကားတစ်ခွန်းမှ မ​ပြော​တော့ဘဲ လင်းဟန်ကိုသာ ယဥ်ယဥ်​ကျေး​ကျေး ပြုံးပြလိုက်သည်။ 


"ကျွန်​တော့်​နောက်ကို လိုက်ခဲ့​ပေးပါ" 


လင်းဟန်မှာ နှစ်​ယောက်အကြားက တစ်ခဏကြာ တုံ့ဆိုင်း​နေမှုကို အကြည့်တစ်ချက်မှ လွတ်မသွားသဖြင့် ဟယ့်ယွင်ထင်အား ထပ်မကြည့်မိဘဲ မ​နေနိုင်​ပေ။ တစ်ဖက်လူ၏ မျက်နှာ အမူအရာကို မ​တွေ့ရ​သော်ငြား ဟယ့်ယွင်ထင်၏ အေးစက်သန်မာ​နေ​သော ပုခုံး​ကြောများနှင့် ခပ်မတ်မတ် ရပ်​​နေဟန်ကိုသာ တွေ့မြင်​နေရသည်။ 


ထို့အပြင် အနည်းငယ် တုန်ယင်​နေသည့် ညာဘက်လက်တစ်ဖက်အပါအဝင်ပင်... 


“သွားကြ​တာ​ပေါ့" လင်းဟန် အကြည့်လွှဲ၍ လုအန်းဟယ်ကို ပြောလိုက်သည်။ 


အဆုံးတွင် ဝမ်ထျန်း​ယောင်သည်လည်း စိတ်ကို ပြန်စုစည်းနိုင်သွားသည်။ ထိုမြင်ကွင်းကို မျက်မြင်​တွေ့လိုက်ရခြင်းက လက်ခံရန် ခက်ခဲ​နေပါ​သော်လည်း ထိုကိစ္စမှာ သူ့ပိုင်နက်​နေရာတွင် ဖြစ်ပွားခဲ့ခြင်းပင်။ ဟယ့်ယွင်ထင်ကို သူကိုယ်တိုင် ဖိတ်ထားခဲ့ခြင်းဖြစ်ရာ မည်သို့ပင်ဆို​စေကာမူ ဤတာဝန်အလုံးစုံကို သူကသာ ဖြေရှင်းရ​ပေ​တော့မည်။ သူက လက်များကို ခပ်​တောင့်​တောင့်ဖြင့် ပွတ်တိုက်လိုက်ပြီး အုံ့မှိုင်း​နေ​သော မျက်နှာဖြင့် ဟယ့်ယွင်ထင်ထံ လျှောက်လာခဲ့သည်။ 


"ဗိုလ်ချုပ်... ကျွန်​​တော် တောင်းပန်ပါတယ်" 


ဝမ်ထျန်း​ယောင်၏ မျက်နှာက ထိုအဖြစ်အပျက်မှ သက်သာလာ​သေးပုံမ​ပေါ်​ပေ။


 "ဒီလိုမ​တော်တဆမှုမျိုး ဖြစ်လာမယ်လို့ မထင်ထားခဲ့ဘူး... ဒီ​နေ့က ဗိုလ်ချုပ်ရဲ့ မွေး​​နေ့လည်း ဖြစ်​နေသေးတယ်... အားလုံးက ကျွန်​​တော့်ရဲ့ အမှားပါ... ဗိုလ်ချုပ်ရဲ့ ခွင့်လွှတ်မှုကို မ​​တောင်းခံ​တော့ဘူး... ဒီ​နေ့ မထိခိုက်သွားတာပဲ ဝမ်းသာလှပြီ" 


ဟယ့်ယွင်ထင်က ညာလက်ကို ပြန်ချကာ မြေ​ပေါ်တွင် မျက်လွှာချ၍ လဲ​နေသူကို မျက်​မှောင်ကြုတ်၍ ကြည့်လိုက်သည်။


 "အဆင်​ပြေပါတယ်" 


ဟယ့်ယွင်ထင်၏ တုံ့ပြန်မှုက စိတ်မပါလက်မပါ ဖြစ်​နေသည်​ကြောင့်ထင်။ ဝမ်ထျန်း​ယောင်သည်လည်း အနည်းငယ် စိတ်ပူပန်လာသည်။


 "ဗိုလ်ချုပ်... ကျွန်​တော့်ကို ယုံကြည်ပေးပါ... ဒါ​တွေ ဖြစ်လာမယ်ဆိုတာ ကျွန်​တော် တကယ် မသိခဲ့ဘူး... ကျွန်​တော့်ဘက်က သတိမထားမိတဲ့အတွက် အပြစ်တင်ရမှာပဲ" ဝမ်ထျန်း​ယောင် ထပ်​ပြောလိုက်သည်။


 "ဒီလူကို ဗိုလ်ချုပ်ပဲ ပြန်​ခေါ်သွားလိုက်ပါ... လုပ်ငန်းစဥ်တစ်ခုလုံး ဝင်မပါ​​တော့ဘူး...ဗိုလ်ချုပ်ဘက်က စုံစမ်းစစ်​ဆေးတဲ့​နေရာမှာ အကူအညီလိုအပ်ခဲ့ရင် ပြောသာ ပြောလိုက်ပါ" 


ဟယ့်ယွင်ထင် ခေါင်းငြိမ့်ပြလိုက်သည်။ 


ဟယ့်ယွင်ထင်တစ်​ယောက် တွန့်ဆုတ်ဆုတ်ဖြင့် အကာအကွယ်​လျှော့ချလိုက်သည်ကို တွေ့လိုက်ရ​သောအခါ ဝမ်ထျန်း​ယောင်တစ်​ယောက် အကြိမ်​ပေါင်းများစွာ တောင်းပန်စကား​ပြောလိုက်သည်။ ကောလဟာလများအတိုင်း ထိုသူကအမှန်ပင် သ​ဘောကောင်းလှ​သော တော်ဝင်မင်းသားတစ်ဦးဖြစ်ပြီး တာဝန်ယူရန် ဆန္ဒရှိ​နေသည်။ 


"ဗိုလ်ချုပ်.... ဒါဆို ဒီလူကို အင်ပါယာစစ်ဘက်​ဆေးရုံကို ပို့ဖို့ ကျွန်​တော့်လူ​တွေကို ခိုင်းလိုက်မယ်... ဘာဆက်လုပ်မယ်ဆိုတာက​တော့ ဗိုလ်ချုပ်ရဲ့ ဆန္ဒအတိုင်းပါပဲ..." 


သူက နောက်လိုက်များကု ခေါ်ကာ ထိုသူကို ရွှေ့​ပြောင်းရန် ပြင်လိုက်သည်။ 


"ခဏ​လေး" ဟယ့်ယွင်ထင် ဝင်​နှောက်ယှက်လိုက်သဖြင့် ဝမ်ထျန်း​ယောင်မှာ အခြားမည်သည် ညွှန်ကြားမှုများ ရှိ​သေးသည်လားဟု သိလိုစိတ်ဖြစ်သွားရသည်။ ထိုစဥ် ဟယ့်ယွင်ထင်မှာ သူ့အား ဓါးနှင့်ထိုးရန် ကြံစည်ခဲ့သူ အနားသို့ တိုးလာကာ ထိုင်ချလိုက်သည်။ 


ထိုသူမှာ အနည်းငယ် ပိန်ပါး​ပြီး အသက်ကြီး​သေးပုံ မ​ပေါ်​ဘဲ လှပ​သော မျက်နှာ အစိတ်အပိုင်းများ​ ရှိ​နေသည်။ ထို့အပြင် မျက်လုံးများ မှိတ်ပြီး လှဲ​နေ​သောအအခါ ကြောက်ခမန်းလိလိ နုနယ်​နေပုံ​ပေါ်သွားပြီး ဓါးထိုးမည့် အကြံအစည်နှင့် မည်သို့မှ အဆက်အစပ်ရှိမည်ဟု ထင်ထားမည် မဟုတ်​ပေ။ 


ဓါးသွားက ရှပ်အင်္ကျီအတွင်းသို့ နစ်နစ်ရှိုင်းရှိုင်း ထိုးစိုက်​နေပြီး ထိုးခွဲခံထား​ရ​သော အဆုတ်မှာ လေနှင့် သွေးများဖြင့် အပြည့်ဖြစ်​နေကာ သေ​အံ့ဆဲဆဲ ဖြစ်နေသည့်အလား ရင်​ခေါင်းထဲမှ လေများ ထွက်​နေသဖြင့် ရုပ်ပျက်ဆင်းပျက်နှင့် မနှစ်မြိုဖွယ်​ကောင်းလှသည်။ 


ဟယ့်ယွင်ထင် လက်လှမ်းလိုက်ပြီး လက်ညှိုးနှင့် လက်ခလယ်ကို သုံး၍ တစ်ဖက်လူ၏ လည်ကုတ်အား ဆွဲယူလိုက်​သောအခါ သွေးများ စွန်းထင်း​နေသည့် ဆံပင်များ လွင့်ခါသွားပြီး အချိန်အ​တော်ကြာကတည်းက ကုသထားပြီး​ဖြစ်သော အမာရွတ်တစ်ခု ရှိ​နေကာ အမာရွတ်​အောက်တွင် ဂလင်းတစ်ခုကို ဖုံးကွယ်ထား​လေသည်။ 


ထိုသူမှာ အိုမီဂါတစ်​ယောက် ဖြစ်​နေလေသည်။ 


လင်းဟန်က လုအန်းဟယ်​နောက်မှ လိုက်၍ အခန်းတစ်ခုထဲသို့ အနားယူရန် ဝင်လာခဲ့သည်။ ဘေးခန်းမှ ကပွဲကြမ်းပြင်တွင် တေးဂီတသံများ တီးခတ်​နေဆဲဖြစ်ပြီး တံခါးကို ဖြတ်၍ တိုးသဲ့သဲ့ ကြား​နေရသည်။ 


လုအန်းဟယ် အနည်းငယ် စိတ်ပူပန်လာ၏။


"မစ္စတာလင်း အဆင်​ပြေရဲ့လား" 


"ပြေပါတယ်"လင်းဟန် ပြောလိုက်သည်။ "ဗိုလ်ချုပ်က ကျွန်​တော် မမြင်​အောင် ကာ​ပေးထားခဲ့တာ" 


လုအန်းဟယ်တစ်​ယောက် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ 


သို့​သော် အသက်ပြန်မရှုနိုင်​သေးခင်မှာပင် လင်းဟန် မေးလာသည့် စကားကို ကြားလိုက်ရသည်။ "သူ့ပုခုံး​ပေါ်က ဒဏ်ရာက အရမ်းပြင်းလို့လား" 


လုအန်းဟယ် အလိုအ​လျောက် ငြင်းဆန်မိသွားသည်။ "မပြင်းပါဘူး... အာ" 


သို့​သော်ငြား သူ​ခေါင်းလှည့်ကြည့်လိုက်သည့်အခါ လင်းဟန်၏ သိလိုစိတ်ပြည့်​နေ​သော မျက်လုံးများကို တွေ့လိုက်ရချိန်တွင် သူဖုံးကွယ်ထားနိုင်မည်မဟုတ်​ကြောင်း နားလည်လိုက်ရသည်။ 


"နည်းနည်း​လောက်​ပေါ့" လုအန်းဟယ်က စကားလမ်း​ကြောင်း လွှဲရန် ကြိုးပမ်းလိုက်သည်။ 


"မစ္စတာလင်း ပျင်း​နေ​လောက်မှာပဲ... ကျွန်​​တော် အ​ဖော်လုပ်ပြီး စကား​ပြော​ပေးရမလား" 


"ဟုတ်" လင်းဟန် ပြန်​ဖြေလိုက်ပြီး မေးခွန်းကို အမှန်ပင် အ​လေးအနက် တွေး​တော​နေခဲ့သည်။ 


"ဘာလို့ ဗိုလ်ချုပ်က တစ်ခါမှ မွေး​နေ့ မလုပ်ရတာလဲ" 


လုအန်းဟယ် ချော​ချော​မွေ့​မွေ့ ပြန်​ဖြေလိုက်သည်။ "သူက အရမ်းအလုပ်များလွန်းလို့ မေ့​နေခဲ့တာ​လေ... ဒါ​ကြောင့် တစ်ခါမှ မကျင်းပခဲ့ဖူးဘူး" 


လင်းဟန် ခေါင်းငြိမ့်ပြလိုက်သည်။ လုအန်းဟယ်က ကောင်းမွန်သည့် ကိုယ်ရည်ကိုယ်​သွေး ရှိပြီး လင်းဟန်ကို စကားများများ ပြောနိုင်​စေရန် အ​ဖော်လုပ်​ပေးသည်။ တစ်ခဏအကြာ သူ မေးလိုက်သည်။


 "မစ္စတာလင်း သိချင်တာ​တွေ ရှိ​​သေးလား" 


လင်းဟန် ခေါင်းငြိမ့်ပြလိုက်သည်။ "ခုနက ပြောတဲ့ထဲမှာ ဗိုလ်ချုပ်ရဲ့ ဒဏ်ရာက သိပ်မပြင်းဘူးလို့ ပြောတယ်​လေ... သူ ဘယ်လို ရခဲ့တာလဲ" 


လုအန်းဟယ် လည်နင်သွားပြီး စကားအ​ကြောင်းအရာက ထို​နေရာသို့ ပြန်​ရောက်လာမည်ဟု မထင်ထားခဲ့​​ပေ။ 


သူက အ​ကြောင်းအရင်းအချို့ ဆွဲယူကြည့်ပါ​သော်လည်း လင်းဟန်မှာ အ​တော်​လေး အယုံသွင်းရခက်​ပေသည်။ 


"ဗိုလ်ချုပ်က သူ့ဒဏ်ရာကို ပြန်ဖြဲမိသွားတာမို့လား" 


လုအန်းဟယ် သက်ပြင်းချလိုက်ပြီး အဆုံးတွင် အမှန်တရားကိုသာ​ပြောလိုက်သည်။ 


"အရင်တစ်​ခေါက် ကြယ်တာရာဓါးပြ​တွေနဲ့ တိုက်ရတုန်းက ရုတ်တရက် ပေါက်ကွဲထွက်လာတဲ့ မျက်နှာပြင်ကြီးတစ်ခုနဲ့ တိုက်မိသွားပြီး ညာဘက်ပုခုံး​ပေါ် မှန်​တွေ စိုက်သွားတယ်... မက်ခါရဲ့ ညာဘက်လက်ကို ဖြတ်လိုက်တုန်းကလည်း အ​လေးချိန် မတည်မငြိမ်ဖြစ်ပြီး စက်ခန်းထဲက မှန်ချပ်​တွေထဲမှာ လိမ့်သွား​သေးတာ​လေ" 


လင်းဟန်၏ မျက်လုံးများကို သတိပြုမိသည့် လုအန်းဟယ်က ကပျာကယာ ပြောလိုက်သည်။


 "ဒါ​ပေမယ့် အရမ်းကြီး မပြင်းထန်ပါဘူး... ပို​ကောင်းလာပါပြီ... သူ့ကိုယ်သူ အားအရမ်းသုံးလို့ မရနိုင်​သေးရုံ​လေးပါ... တဖြည်းဖြည်း ပြန်သက်သာသွားမှာပါ" 


လင်းဟန်မှာ စကားတစ်ခွန်းမှ မ​ပြော​ပေ။


ထိုအခိုက် ဒုဗိုလ်မှူးလုတစ်​ယောက် အကြံတစ်ခု ရသွားသည်။ "မစ္စတာလင်းက ပတ်တီးဘယ်လိုလဲရသလဲဆိုတာများ သိမလား" 


လင်းဟန်က အင်ပါယာစစ်တက္ကသိုလ်မှ ဘွဲ့ရထားသူဖြစ်၍ အ​​ခြေခံအကျဆုံးအရာများကို သင်ကြားခဲ့ရသည်ဖြစ်ရာ ခေါင်းငြိမ့်ပြလိုက်သည်။ 


"ဒါဆို ကျွန်​တော် ပတ်တီးနဲ့ ပိတ်ကျဲ​တွေ သွားယူလိုက်ရမလား" လုအန်းဟယ်မှာ သူ့ကိုယ်သူ ထိုမျှ​လောက်ထိ အ​ကျိုးအ​ကြောင်းများ ပြည့်လိုက်​လေခြင်းဟု ခံစားလိုက်ရသည်။


 "ကျွန်​တော် ဗိုလ်ချုပ်ကို ကူပြီး လုပ်စရာ ရှိ​​နေ​သေးလို့ သူ့ကို ဝင်ခိုင်းပြီး ခဏ​လောက် အနားယူခိုင်းလိုက်မယ်" 


လင်းဟန်တစ်ခဏမျှ တန့်သွားပြီး​နောက် "ကောင်းပြီ​လေ" ဟုသာ ပြောလိုက်​လေသည်။ 


... 


ဟယ့်ယွင်ထင်မှာ အခန်းထဲသို့ ဝင်လာစဥ်တွင် ခပ်မတ်မတ် ရပ်​နေဆဲ ဖြစ်ပြီး နာနာခံခံလေး ထိုင်​နေသည့် လင်းဟန်ကို တွေ့​လိုက်ရ​သောအခါ ခြေလှမ်း ပိုမြန်လာခဲ့သည်။ 


မတိုင်မီက  လုအန်းဟယ် သူ့အား သတင်းပို့လာခဲ့ပြီး "ဘောစ့် ကျွန်​တော် ဘောစ့်ကို ဒီအထိပဲ ကူညီနိုင်​တော့မယ်"ဟု ပြောလာခဲ့သည်။ 


ဟယ့်ယွင်ထင်က အကြံအိုက်​နေဟန်ဖြင့် ဝင်လာပြီး သူ့မျက်လုံးများမှာ လင်းဟန်ထံမှ ဘေးဘက်စားပွဲ​ပေါ်သို့ ရွှေ့လိုက်ရာ သိပ်မကြာခင်ကမှ ပေါ်လာဟန်ရှိသည့် ပတ်တီးလိပ်များကို တွေ့လိုက်ရ​လေသည်။


 "..." 


မင်း​ပြောတဲ့ ကူညီမယ်ဆိုတာ ဒါလား... 


သို့​သော်လည်း ဟယ့်ယွင်ထင် စကားတစ်ခွန်းမှ မ​​ပြောရ​သေးခင်မှာပင် လင်းဟန်၏ အကြည့်များက သူဝင်လာလာချင်းမှာပင် ညာဘက်ပုခုံးထက်သို့ ရောက်ရှိသွားခဲ့သည်။ အပြာ​ရောင် ယူနီ​ဖောင်း​ဖျော့​ဖျော့က ညာဘက်ပုခုံး​ပေါ်တွင် ပို၍ အ​ရောင်ရင့်​နေပြီး ရေစိုကွက်များ​ကြောင့် အ​ရောင်​ပြောင်းသွားသည့်အလား ဖြစ်​နေကာ ထိုအကွက်က နောက်​ကျောဘက်သို့ ပျံ့နှံ့ကာနီး ဖြစ်​နေသည်။ 


ဟယ့်ယွင်ထင် လင်းဟန်ဆီသို့ လျှောက်လာလိုက်ပြီး နှစ်​ယောက်သားက တစ်ခဏမျှ တိတ်ဆိတ်​နေကြ​လေသည်။ 


"အရမ်းနာ​နေတာလား" 


"အဆင်​ပြေပါတယ်" 


နှစ်​ယောက်သားက တစ်ချိန်တည်းလိုလိုပင် စကား​ပြောလိုက်ကြပြီး တစ်ဖက်မှ ပြောသံကို ကြားလိုက်ရ​သောအခါ ထပ်ပြီး တိတ်ဆိတ်သွားကြပြန်သည်။ 


အဆုံးတွင် လင်းဟန် ပါးစပ်ဟလိုက်သည်။ 


"ခင်ဗျား အဆင်​ပြေ​​နေတာ မဟုတ်ပါဘူး... ကျွန်​​တော် ဒုဗိုလ်မှူးလုကို မေးပြီးသွားပြီ... သူက ဒီလို ပြောသွားတာ မဟုတ်ဘူး" 


ဟယ့်ယွင်ထင်မှာ လင်းဟန်တစ်​ယောက် သူ့ဒဏ်ရာအ​ကြောင်း ပြောဆို​နေခြင်း ဖြစ်သည်ကို သိ​နေခဲ့သည်။ သူ့မျက်လုံးများ မဲ​မှောင်သွားသည်။ 


"အဆင်​ပြေပါတယ်... သွားရ​အောင်" ဟယ့်ယွင်ထင်မှာ ထိုအ​ကြောင်းအား ပြောချင်ဟန် မရှိ​ပေ။ 


"မင်းကို ပြန်ပို့​ပေးမယ်" 


လင်းဟန်မှာ ချက်ချင်း ပြန်မ​ဖြေ​ဘဲ သူ့ကိုသာ ဆက်ကြည့်​နေခဲ့သည်။ 


သိသိသာသာပင် ယ​နေ့က ထိုသူ၏ မွေး​နေ့ဖြစ်သည်။ ယ​နေ့က ပွဲကျင်းပသင့်သည့် သို့မဟုတ် အမှတ်တရ​ဖြစ်ရမည့် နေ့ရက်မျိုး ဖြစ်သင့်သည်မှာ အသိသာချည်းပါပင်။  ထိုလုပ်ကြံသူက သူ့အား မထိခိုက်​စေသည့်တိုင် သူသုံးထား​သော အားများ​ကြောင့် ဒဏ်ရာအား စုတ်ပြဲသွား​စေဆဲပင်။ 


လင်းဟန်သည် ၎င်းက အမှန်ပင် ရုတ်တရက်ဆန်လွန်း​ကြောင်း သိ​နေခဲ့ပါ၏။ လုအန်းဟယ်၏ တောင်းဆိုမှု​ကြောင့်လည်း ဖြစ်နိုင်​သလို မတိုင်မီက သူတို့ နှစ်​ယောက်အကြား အပြန်အလှန် တက်နင်းမိခဲ့​သော​ကြောင့် အားနာနေရသည်​ကြောင့်လည်း ဖြစ်နိုင်သည်။ သူ ထိုအ​ကြောင်းအား ပြောရန် ဆုံးဖြတ်လိုက်​လေသည်။ 


“ဗိုလ်ချုပ်... စိတ်မရှိရင် အရင်ဆုံး ပတ်တီးလဲ​ပေးလို့ ရမလား" 


.... 


လင်းဟန်မှာ သူ့ကိုယ်သူ စိတ်ပြင်ဆင်ထားပြီးသား ဖြစ်သည်ဟု တွေးထားခဲ့​သော်လည်း ဟယ့်ယွင်ထင်၏ ညာဘက်ပုခုံးထက်မှ ဒဏ်ရာကို တွေ့လိုက်ရ​သောအခါ ထိတ်လန့်သွားရဆဲပင်။ ၎င်းကို ရှင်းရှင်းလင်းလင်းပင် ပိတ်ကျဲများဖြင့် ဖုံးအုပ်ထား​သော်လည်း မတိုင်မီက ဖြစ်ခဲ့သည့် ကိစ္စ​ကြောင့် သွေးများ စိုရွှဲလျက် ရှိ​နေ​ပေသည်။ ပိတ်ကျဲကို ဖယ်လိုက်​သောအခါ ညှပ်ရိုးမှ အောက်သို့ ဆယ်စင်တီမီတာခန့် ပြဲထွက်​​နေသည့် ကြောက်မက်ဖွယ်​ကောင်းလှေ​သော ဒဏ်ရာနက်နက်ကြီးတစ်ခုကို တွေ့လိုက်ရ​လေသည်။ 


ပြီး​နောက် ဒဏ်ရာ၏ အနက်ဆုံးအပိုင်းတွင် ပြန်​ကောင်းလုနီးပါးဖြစ်​နေသည့် အမာရွတ်​လေးများစွာကို တွေ့ရပြီး ပြတ်ရှ စုတ်ပြဲရာများကို ရှင်းရှင်းလင်းလင်းပင် တွေ့မြင်နိုင်ပေသည်။ လင်းဟန်မှာ တစ်ခဏ​လောက်အထိ စကားမ​ပြောနိုင်ခဲ့​ပေ။ 


ဟယ့်ယွင်ထင်အား သွေးတိတ်​စေရန်အတွက် ကူညီ​ပေးရန် အလို့ငှာ လုအန်းဟယ် ပြင်ဆင်​ပေးထား​သော ပစ္စည်းများကို ကောက်ယူရန် အပြုတွင် သူ့လက်အိတ်တစ်ဖက်ကို ချွတ်ထားမိခဲ့ပြီး နောက်တစ်ဖက်မှာ အိတ်ကပ်ထဲတွင် ရှိ​​နေ​ကြောင်း အမှတ်ရလိုက်မိသည်။ 


ထို့အပြင် လက်အိတ်များ ဝတ်ထားပါက ပို၍ မသင့်​တော်နိုင်။ 


လင်းဟန်တစ်​​ယောက် တွေးလိုက်သည်။ နည်းနည်း​လောက် နား​ထောင်လိုက်တာက ကိစ္စမရှိ​လောက်ပါဘူး... 


အဓိကအချက်က ဟယ့်ယွင်ထင်အား သွေးတိတ်ရန်အတွက် ကူညီ​ပေးရန်သာ ဖြစ်သည်။ သူဆုံးဖြတ်လိုက်သည့်အတိုင်း တစ်ဖက်လူ၏ ညာဘက် ပုခုံးထက်သို့ လက်တင်လိုက်သည်။ 


【သူ့မျက်နှာ​လေးက ဖြူ​ဖျော့​နေတာပဲ】 


【သူက ဖွဖွ​လေး လုပ်​နေတာ】 


【ဒဏ်ရာကို မြင်ပြီး ကြောက်​နေတာများလား】


“…” 


ဟယ့်ယွင်ထင်၏ ပုခုံးကို ပတ်တီးစည်းပေး​နေသည့် လင်းဟန်မှာ တစ်ခဏ​လောက်ထိ မည်သို့ လှုပ်ရှားရမည်ကိုပင် မသိ​တော့ပါ​ပေ။ 


"ဗိုလ်ချုပ်" 


ဟယ့်ယွင်ထင် မျက်လုံးပင့်၍ သူ့အား ကြည့်လာသည်။ သူ့မျက်လုံးများမှာ ယခင်ကလိုပင် ကြည်လင်ပြာလဲ့​နေပြီး မိုးအပြင်းအထန်ရွာပြီး​နောက် သန့်ရှင်းစွာ ဆေး​ကြောပြီး ဖြစ်သွားသည့် စက်ခန်းခေါင်မိုးကဲ့သို့ ဖြစ်​နေသည်။ မျက်နှာထက်ရှိ အမူအရာများက အနည်းငယ်​သော်မျှ ပြောင်းလဲခြင်းမရှိ​လေဘဲ လွန်ခဲ့သည့်မိနစ်အနည်းငယ်ခန့်က ညာဘက်လက်​မောင်းထက်ရှိ သွေးများရွှဲရွှဲစို​နေသည့် ကြောက်မက်ဖွယ်ရာ ဒဏ်ရာကြီးမှာ သူ့အသား​ပေါ်တွင် ရှိမ​နေသည့်အလားပင်။ 


လင်းဟန်၏ ဖြူ​ဖွေး​အေးစက်​နေ​သော လက်များက သူ့ပုခုံး​ပေါ် ပြေးလွှား​နေပြီး ဆက်၍ ပတ်တီးစည်း​ပေး​နေခဲ့သည်။ 


【အနံ့မရ​တော့ဘူး】 


【ကရယ်မယ် စားချင်တယ်】 


ဘာရယ်... 


လင်းဟန်မျက်လုံး မှိတ်လိုက်ပြီး ထိုသူ၏ စိတ်ထဲမှ ထူးဆန်း​သော စကားလုံးများကို မကြားရသည့်အလား ဟန်​ဆောင်ရန် ကြိုးစားလိုက်ရသည်။ သို့​သော်လည်း ထိုအ​ကြောင်းကို ဗိုလ်ချုပ် မသိသည်မှာလည်း ရှင်းလင်း​နေ​ပေသည်။ ထို့​ကြောင့် တစ်မိနစ်အကြာ လင်းဟန်၏ စိတ်ထဲတွင် နှုတ်ခမ်းများတင်းတင်း​စေ့ထားသည့် ရေခဲရိုက်မျက်နှာဗိုလ်ချုပ်ကြီး၏ အသံဖြင့် ပြည့်သွား​လေ​တော့သည်။ 


【မာ​နေပြီ】 


“……” 


သူ့လက်များကို မြန်မြန် လှုပ်ရှားလိုက်သည်။ 


ဒဏ်ရာကို ပတ်တီးစည်း​ပေးပြီးသွား​သောအခါ လင်းဟန်က နှုတ်ခမ်းများကို ဖိပိတ်လိုက်ပြီး ပတ်တီးများကို စားပွဲထက်သို့ ပစ်လွှင့်လိုက်​လေသည်။


 "ခင်ဗျား မနာဘူးလား"


👾