အပိုင်း၁၆
Viewers 2k

👾Chapter - 16 

[ မင်းစိတ်မဆိုးတော့ဘူးမလား ]



ဒဏ်ရာကို ပတ်တီးစည်း​ပေးပြီးသွား​သောအခါ လင်းဟန်က နှုတ်ခမ်းများကို ဖိပိတ်လိုက်ပြီး ပတ်တီးများကို စားပွဲထက်သို့ ပစ်လွှင့်လိုက်​လေသည်။


 "ခင်ဗျား မနာဘူးလား"


လင်းဟန်သည် စားပွဲပေါ်သို့ ပိတ်ကျဲစကို ပစ်တင်လိုက်ရင်း ဟယ့်ယွင်ထင်၏အရှေ့တွင် ဒေါသမထွက်သင့်ဟုခံစားမိလေသည်။ သို့သော် သူ တကယ်နားမလည်နိုင်သည်မှာ ဤအေးစက်စက်ရှိလှသည့်လူသည် ၎င်း၏စိတ်ထဲ ထိုကဲ့သို့သောအရာများ တွေးနေနိုင်သည်ကိုပင်။


ထို့အပြင်... ဤဒဏ်ရာမှာ ကြည့်လိုက်ရုံမျှပင် တကယ်ပင် နာကျင်ရပုံပေါ်ပေသည်။


လင်းဟန်၏ အနှစ် နှစ်ဆယ်ဘဝတစ်သက်တာသည် အမှန်ပင်ငြီးငွေ့ဖွယ်ကောင်းပြီး ဆင်းရဲဒုက္ခ ခံစားခဲ့ရခြင်းမရှိ၊ မည်သည့်ရာဇဝတ်မှု၌လည်း နစ်နာသူ မဖြစ်ခဲ့ဖူးပေ။ ထူးထူးခြားခြား အရှိဆုံးအရာမှာ သူက နာကျင်မှုကိုကြောက်ရွံ့ခြင်းသည်သာဖြစ်သည်။


အိုမီဂါတစ်ဦးဖြစ်လာပြီးနောက် လင်းဟန်၏ခံစားချက်မှာ အတော်လေး တည်ငြိမ်ခဲ့‌သော်လည်း အသက် တစ်ဆယ့်ရှစ်နှစ်အရွယ်တွင် အကယ်၍ သူသာ အိုမီဂါတစ်ဦးဖြစ်လာခဲ့လျှင် အမှတ်အသားပေးခံရနိုင်ကာ အလွန်နာကျင်ရလိမ့်မည်ဟူ၍ တိတ်တဆိတ်ကြောက်ရွံ့ခဲ့ဖူးသည်။


လင်းဟန်သည် တက္ကသိုလ်တက်ခဲ့စဉ်က တစ်ကြိမ် ထိခိုက်ဒဏ်ရာရရှိခဲ့ဖူးပြီး အသေးစိတ်အချက်အလက်များကို မမှတ်မိနိုင်သော်လည်း သူ့ခေါင်းထဲတွင် အချိန်အတော်ကြာသည်အထိ ဓားနှင့်ထိုးခံရသကဲ့သို့ ခံစားနေခဲ့ရသည်။ ထိုအကြောင်း တွေးမိသွားသည့်အခါ ယခုလေးတင် ပတ်တီးစည်းပေးခဲ့သော ဒဏ်ရာကို လင်းဟန် ဒုတိယတစ်ခေါက်ထပ်မံကြည့်မိလိုက်သည်။


သူက ညင်သာစွာ လှုပ်ရှားပြီး သွေးထွက်ခြင်းကိုရပ်တန့်အောင်ကြိုးစားထားသော်လည်း အပြင်ဘက်တွင် သွေးစ အနည်းငယ် စွန်းထင်းနေဆဲပင်။ ဆေးပြောင်းထည့်လိုက်ပြီးသည့်အခါ ဟယ့်ယွင်ထင်က သူ့ရှပ်အင်္ကျီအား လှမ်းယူနေသည်ကို လင်းဟန်တွေ့လိုက်ရပြီး ဒဏ်ရာမရသည့်လက်မောင်းတစ်ဖက်မှာ ချောမွေ့နေကာ ပြီးပြည့်စုံသည့်ကြွက်သားလိုင်းများကို ပြသနေသည်။


သူ့ပုခုံးအနောက်တွင် ဒဏ်ရာဟောင်းများစွာရှိသော်လည်း ၎င်းတို့မှာ ယခုလေးတင် ရရှိခဲ့သည့်ဒဏ်ရာများကို မကျော်နိုင်ပေ။ နာကျင်မှုဒဏ်ကို သူက မည်ကဲ့သို့ မခံစားဘဲနေနိုင်သနည်း။


သူက နာကျင်မှုဒဏ်ကို မခံစားမိရုံသာမက ......


ခြေတစ်လှမ်းနောက်ဆုတ်ကြည့်လိုက်ပြီး  ယခုအချိန်တွင် သူ့နှလုံးသားက မည်သည်ကို ဆိုလိုချင်နေသည်အား ဟယ့်ယွင်ထင်ကိုယ်တိုင် နားမလည်ဖြစ်နေလျှင်တောင် တုံ့ပြန်မှုကမူ ရှိနေဆဲပင် ။ 


လင်းဟန်က သူ ကြားခဲ့ရသည်ကို ပြန်တွေးမိသွားပြီး ရှက်ရွံ့သွားသော်လည်း အကြည့်မလွှဲလိုက်ချေ။


သူ့အသားအရေမှာ ဖြူစွတ်နေသဖြင့် ရှက်ရွံ့မှုကို လွယ်လွယ်ကူကူ မြင်တွေ့နိုင်သည်။


ထို့ကြောင့် အမည်မသိ မီးပွားလေးတစ်ခုမှာ ဤလူ၏စိတ်တွင်းစကားများကြောင့် အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်သွားရသည့် သူ၏ စိတ်အခြေအနေကို ဖုံးကွယ်ချင်သည့်အလား ပြန်လည်ထွက်‌ပေါ်လာလေသည်။ လင်းဟန်က ဤလူကို အာရုံမစိုက်ရန် ဆုံးဖြတ်လိုက်ပြီး ဟယ့်ယွင်ထင်ကို မကြည့်ဘဲ မတ်တပ်ထရပ်လိုက်ကာ တံခါးဆီသို့ လျှောက်သွားရန် ပြင်လိုက်သည်။


လင်းဟန် တံခါးကိုဆွဲဖွင့်တော့မည်အခိုက် နှုတ်ဆိတ်နေခဲ့သည့်ဟယ့်ယွင်ထင်၏အသံကို ကြားလိုက်ရသည်။


 " ....နာတယ် "


သူက မထိန်းနိုင်ဘဲ ခေါင်းလှည့်လိုက်ကာ ဟယ့်ယွင်ထင်ကို ကြည့်လိုက်မိသည်။


လင်းဟန်သည် ယခုအချိန် သူ့ထံတွင် မည်သည့် မျက်နှာအမူအရာမျိုးရှိနေသည်ကို မသိသော်လည်း သူ  တကယ် ဒေါသထွက်နေသည်ကို ဟယ့်ယွင်ထင် နားလည်စေရန်အလို့ငှာ နှုတ်ခမ်းများကို တင်းတင်းစေ့ထားရန် ကြိုးပမ်းလိုက်သည်။


သို့သော် သူက ရှက်သွေးဖြာကာ နီမြန်းနေဆဲဖြစ်မည်ကို စိုးမိသောကြောင့်ဖြစ်ကောင်းဖြစ်နိုင်သည်။ လင်းဟန်၏ မျက်ဝန်းများမှာ အနည်းငယ် ရှောင်တိမ်းသွားခဲ့ပြီး ဟယ့်ယွင်ထင် အပေါ်သို့ ကျရောက်လာသော်ငြား မျက်ဝန်းများကိုမူ မကြည့်လိုက်ပေ။ လင်းဟန်က အကယ်၍ သူသာ ယခုလေးတင် ထိုစကားများကို မကြားခဲ့လိုက်လျှင် အမှန်တကယ် ယုံကြည်သွားမိလိမ့်မည်ဟု  စိတ်ထဲ၌လှောင်ရယ်လိုက်သည်။


သို့သော် တချို့လူများက ထိုကဲ့သို့ မ ထင်ကြချေ။


နူးညံ့သည့်စိတ်သဘောထားရှိပြီး သူ့ကိုပတ်တီးလဲလှယ်ပေးရန် ကမ်းလှမ်းလာသည့်လူငယ်လေးသည် အဘယ်ကြောင့် မိနစ်ပိုင်းအတွင်း မျက်နှာထားပြောင်းလဲသွားပြီး ဒေါသထွက်နေပုံရကာ သူ့မျက်နှာပင်... အနည်းငယ် အနီရောင်သန်းနေသည်ကို ဟယ့်ယွင်ထင်  နားလည်နိုင်ပုံမပေါ်ချေ။


သဘာ၀ကျစွာဖြင့် ဒဏ်ရာမှာနာကျင်ပြီး အစောပိုင်းမိနစ်ပိုင်းအတွင်း၌ သူ့အာရုံက ဒဏ်ရာအပေါ်၌ ရှိမနေခဲ့ရုံသာ ဖြစ်သည်။ ဟယ့်ယွင်ထင်သည် သူ့အရှေ့မှ လူငယ်လေး ပျော်ရွှင်သွားအောင် မည်သည့်စကားပြောပေးရမည်ကို မသိသော်ငြား တစ်ဖက်လူကို ဤအတိုင်း မထွက်သွားစေချင်ပေ။


လင်းဟန် မကြားမှာကိုစိုးရိမ်သည့်အလား ဟယ့်ယွင်ထင်မှာ ခေတ္တမျှ နှုတ်ဆိတ်နေပြီးနောက် နက်ရှိုင်းသည့်အသံဖြင့် ထပ်မံဆိုလေသည်။ 


" နည်းနည်းနာတယ် "


လင်းဟန်တွင် ပြောစရာစကားမရှိတော့ချေ။


အကယ်၍ တခြားသူသာဆိုလျှင် လင်းဟန်သည် ၎င်းကို တိုက်ရိုက်ထောက်ပြလိုက်မည်။ သို့သော် သူ့အရှေ့မှ လူမှာ တကယ့်ကို တစ်ခုခုပင်။ ထိုသူသည် သူ၏ rut အချိန်အတွင်း စိတ်တည်ငြိမ်စေရန် ဖယ်ရိုမုန်းများ ထုတ်လွှတ်မပေးမီ ‌အခြားမောင်းနှင်ခန်းထဲရောက်သည်အထိ စောင့်နေပေးလိမ့်မည်ဖြစ်ပြီး အန္တရာယ်‌နှင့် တွေ့ကြုံသောအခါ သွေးထွက်သံယိုမြင်ကွင်းများကို သူ့အား မကြည့်စေလိုသဖြင့် သူ့လက်ကိုဆွဲကိုင်ကာ ကာထားပေးလိမ့်မည်။


သူက တကယ်ပင်... အနည်းငယ် ထူးဆန်းလှပေသည်။


လင်းဟန် ထိုအကြောင်းကို ပို၍တွေးမိလေလေ၊ ပို၍ဒေါသထွက်လေလေပင်။ ထို့အပြင် မည်သည်ကို ဒေါသထွက်နေမှန်း သူ ကိုယ်တိုင်ပင် မသိတော့ချေ။


သို့သော် သူ့လက်ထဲ၌ မည်သည်မှရှိမနေသဖြင့် နောက်‌ဆုံးတွင် အိတ်ကပ်ထဲမှ လက်အိတ်ကို‌ ထုတ်လိုက်ပြီး ဟယ့်ယွင်ထင်ထံ ပစ်ပေါက်လိုက်သည်။


 " နာနေသေးရင် ဗိုလ်ချုပ် မြန်မြန်ပြန်ကောင်းလာဖို့ ကျွန်တော် ဆုတောင်းပေးပါတယ် "


" အိုး " ဤအကြိမ်မှာတော့ ဟယ့်ယွင်ထင်က တုံ့ဆိုင်းမနေပေ။ သူက လျင်မြန်စွာတုံ့ပြန်ပြီး လက်အိတ်ကို ဖမ်းယူလိုက်ပြီးနောက် ငုံ့ကြည့်လိုက်သည်။


ယနေ့ပြီးနောက် လက်အိတ်များအားလုံးကိုရောင်းချရန်(နားမလည်) ဆုံးဖြတ်ထားသော လင်းဟန်သည် တံခါးကို ဆွဲဖွင့်ပြီးနောက် ဘန်းခနဲ မြည်အောင်ပိတ်ပစ်လိုက်သည်။ ရလဒ်မှာမူ ခြေနှစ်လှမ်းမျှပင် မလှမ်းရသေးခင် သူ့အနောက်မှ ထွက်လာသည့်ဟယ့်ယွင်ထင်၏ အသံကို ကြားလိုက်ရသည်။


လင်းဟန်သည် ဤနှာဗူးထံမှ ဝေးဝေးနေရန် အကြံဉာဏ်ပေါင်းများစွာရှိသော်လည်း အကြောင်းပြချက်အချို့ကြောင့် နောက်ဆုံးမှာ  ရပ်တန့်လိုက်ရသည်။


အကယ်၍ ဟယ့်ယွင်ထင်သာ လျန်မြန်စွာ လမ်းလျှောက်လာလျှင် ဒဏ်ရာကိုထပ်မံဆွဲဆုတ်မိသွားမည်ဖြစ်ကာ ဒဏ်ရာ ထပ်မံရသွားလိမ့်မည်ပင်။


" ခင်ဗျား လိုချင်တာတစ်ခုခု ရှိလို့လား " 

လင်းဟန် အတော်လေး စိတ်မကြည်မလင်ဖြစ်သည်မှာ ရှားပါးလှပေသည်။


လင်းဟန်ကို မှီသွားသည့်အခါမှ ဟယ့်ယွင်ထင်က မော့ကြည့်လာပြီး မျက်နှာထက်တွင် ရှားပါးလှသော စဉ်းစားရခက်နေသည့် အမူအရာဖြင့် လင်းဟန်ထံ လက်အိတ်များ လှမ်းပေးလိုက်သည်။


 " မင်းလက်အိတ်တွေ "


လင်းဟန်က ၎င်းတို့ကို ပြန်မယူ။


" မင်း ဘာလို့ ဒေါသထွက်နေတာလဲ " 


ဟယ့်ယွင်ထင်မှာ စာအုပ်ကြီးအတိုင်းလိုက်လုပ်ဟူသည့်ဆိုလိုရင်းကို မသိသဖြင့် သူ နားမလည်သည့်အခါ မေးခွန်းများ မေးမြန်းပြီး ဒေါသမပြေသေးသည့်လူကို လိုက်လံမေးနေလေသည်။


သူက မေးနေသေးရဲတယ်လား။


လင်းဟန်က စကားမပြောလိုပေ။


ဟယ့်ယွင်ထင်မှာ ရှက်ရွံ့ပုံမရပေ။ သူက လင်းဟန် အကြောင်းမပြန်သည်ကိုလည်း ဒေါသမထွက်ပေ။ မျက်ဝန်းပြာများကသာ ပြန်၍မတုံ့ပြန်မီ အနည်းငယ်မှိန်ကျသွားသည်။ 


" ကိုယ်မင်းကိုပြန်ပို့ပေးမယ်။ ကိစ္စတွေ ရှင်းရှင်းလင်းလင်း မစစ်ဆေးရသေးတဲ့အချိန် ကိုယ်နဲ့အတူရှိနေတာ မင်းအတွက် မလုံခြုံဘူး "


ဟယ့်ယွင်ထင်က လိုရင်းတိုရှင်း ပြောလာသည်။


လင်းဟန် ခေတ္တမျှ တောင့်ခဲသွားပြီး နောက် ပြောလိုက်သည်။ 


" ကျွန်တော် ကိုယ့်ဘာသာကိုယ် အဆင်ပြေပါတယ် "


ဟယ့်ယွင်ထင်က စကားပြောနေခြင်းကိုရပ်တန့်လိုက်သော်လည်း လက်လျှော့ခြင်းမရှိ၊ လင်းဟန်ကိုသာ တိတ်တဆိတ် စောင့်ဆိုင်းနေသည်။


ထိုသို့သောတိတ်ဆိတ်ခြင်းသည် လင်းဟန်အား ဟယ့်ယွင်ထင်သည် သူတို့နှစ်ဦးကြား၌ အမြင့်ဆုံးရာထူး အဆင့်အတန်းရှိသူဖြစ်နေသော်လည်း သူ့(လင်းဟန်)လက်ထဲတွင် ရွေးချယ်ပိုင်ခွင့်အပြည့်အဝ ပေးအပ်ထားသည်ဟု ခံစားရကာ ဤစည်းမျဉ်းအား အလိုက်တသိ သဘောတူပေးမည်ဟု ထင်ယောင်ထင်မှားဖြစ်စေသည်။ အကယ်၍ လင်းဟန်သာ ထပ်မံငြင်းဆိုလိုက်လျှင် ဟယ့်ယွင်ထင်သည် သေချာပေါက် သူ့သဘောထားကိုလေးစားကာ ထွက်သွားလိမ့်မည်ပင်။သို့သော် လင်းဟန်သာ မငြင်းဆန်နိုင်လျှင် သူက တောင်းဆိုချက်ကို ပုံသေအတိုင်း သဘောတူမိလိုက်လိမ့်မည်။


သို့သော် ယခု မလုံခြုံသည့်လူမှာ ဟယ့်ယွင်ထင်ဖြစ်နေမှန်း လင်းဟန်သိပေသည်။


အကယ်၍ ထိုသို့သောရည်ရွယ်ချက်များဖြင့် တခြားသူများထပ်ရှိလာလျှင် ဟယ့်ယွင်ထင်က ဖိနှိပ်နိုင်မည်ဆိုလျှင်တောင်မှ ယခုမှသွေးတိတ်သွားခဲ့သည့် သူ့ဒဏ်ရာမှာ ထပ်မံပွင့်ထွက်သွားမည်ဖြစ်ပြီး သူ့ကို နာကျင်စေလိမ့်မည်။


လင်းဟန်မှာ နာကျင်မှုကို ကြောက်ရွံ့သည့်လူတစ်ဦးဖြစ်ပြီး ဒဏ်ရာကိုကြည့်ရုံမျှဖြင့် နာကျင်မှုကို ခံစားနိုင်ပြီး ဒဏ်ရာပိုင်ရှင်ဆိုလျှင် ပြောစရာပင် မလို အပ်တော့ချေ။ 


သူက နှုတ်ဆိတ်နေသည့်ဗိုလ်ချုပ်ကို မော့ကြည့်လိုက်ရာ တစ်ဖက်လူ၏မျက်ခုံးများက အလွန်ပေါ့ပါးနေဆဲပင်။ စောစောက လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုမှာ သွေးကွက်များသာ ယူနီဖောင်းပေါ်တွင်ရှိမနေလျှင် မည်သူကမှ သူ မည်သည်များကိုဖြတ်ကျော်လာခဲ့ရသည် သို့မဟုတ်... သူ၏စိတ်ထဲ မည်သည့်အတွေးများရှိနေသည်ကို သိနိုင်ကြမည်မဟုတ်ပေ။


လင်းဟန်က သူ့ကို ကြည့်လိုက်ရင်း ထူးဆန်းသည့်အတွေးတစ်ခု တွေးမိသည်။


သူ့ထံတွင် စိတ်ဖတ်နိုင်သည့်စွမ်းရည်ရှိသည်မှာ ရှင်းလင်းပါသော်လည်း ဤစွမ်းရည်ကပင် သူ့အရှေ့၌ရှိနေသည့်လူကို မမြင်နိုင်အောင် ပိုမိုပြုလုပ်နေပေသည်။ 


နောက်‌ဆုံး၌ ဒီလူကို သဘောမတူနိုင်သည်အထိ လင်းဟန်မရက်စက်နိုင်ချေ။


 " သွားကြရအောင် "


ယာဉ်ပျံထဲသို့ ရောက်ရှိသွားပြီးနောက် နှစ်ယောက်သား စကားများများစားစားထပ်မံမပြောဖြစ်ကြသော်လည်း  အလိုအလျောက်မောင်းသူမဲ့စနစ်က ဟယ့်ယွင်ထင်ကို ဒုက္ခများစွာမှ ကယ်ဆယ်ပေးပြီး ဒဏ်ရာများကို ထိစရာအကြောင်းလည်း မရှိတော့ပေ။ 


ခေတ္တခဏကြာပြီး‌နောက် ဟယ့်ယွင်ထင်၏ ဆက်သွယ်ရေးကိရိယာ လင်းလာသည်ကို လင်းဟန်မြင်လိုက်ရသည်။ ၎င်းမှာ ကိုယ်ပိုင်ဆက်သွယ်ရေးတစ်ခုဖြစ်ရာ လုအန်းဟယ်သာ ဖြစ်ပေမည်။


ဟယ့်ယွင်ထင်က သူ့ကို မရှောင်ရှားလိုသည့်အတွက် လုအန်းဟယ်၏အသံက ထွက်ပေါ်လာတော့သည်။


" ဘော့စ် "


" အင်း "


" အဲ့ဒီလူကိုမကယ်လိုက်နိုင်ဘူး "

လုအန်းဟယ်၏အသံက အတော်လေး ဒေါသထွက်ကာ စိတ်ပျက်နေပုံပေါ်သည်။


" သူက နိုးတောင် နိုးမလာဘူး။ သူ့မှာအသက်ရှင်ချင်တဲ့စိတ် နည်းနည်းမှရှိ ‌မနေဘူး။ ဆေးရုံကို ပို့ပြီးပြီးချင်း မိနစ်အနည်းငယ်အတွင်းမှာပဲ သေသွားခဲ့တယ် "


" သိပြီ " ဟယ့်ယွင်ထင်၏အသံက အလွန်တည်ငြိမ်နေသည်။


" အဲ့ဒါကြောင့် ကျွန်တော် အရင်တစ်ခေါက် အောင်ပွဲခံအခမ်းအနားတုန်းက တစ်ယောက်ကို ထပ်ပြီးစစ်ဆေးကြည့်လိုက်တာ အဲ့နှစ်ယောက်က ဆင်တူနေတာကို ရှာတွေ့ခဲ့တယ်။ နှစ်ယောက်စလုံးက အိုမီဂါတွေ.. ပြီးတော့ နှစ်ယောက်စလုံးရဲ့လည်ပင်းအနောက်က ဂလင်းပေါ်မှာ အမာရွတ် ရှိကြတယ် "


" ဝမ်ထျန်းယောင်ရောဘယ်လိုလဲ " ဟယ့်ယွင်ထင်က မေးလိုက်သည်။


" တော်ဝင်မင်းသားနဲ့ပတ်သက်ပြီး ပုံမှန်မဟုတ်တာမရှိဘူး။ ခွဲခြမ်းစိတ်ဖြာကြည့်ရင် သူ ဖြစ်နိုင်ချေက တကယ့်ကိုအရမ်းနည်းတယ် "


လုအန်းဟယ်က လျင်မြန်စွာပြောလာသည်။ 


" သူ ဒီလိုလုပ်စရာလဲ လိုမနေဘူးလေ။ တကယ်လို့ အဲဒါသာ တကယ် သူ ဖြစ်နေရင် အကြောင်းပြချက်တစ်ခုခုရှိနေခဲ့ရင်တောင် ဒီလိုနေရာမျိုးမှာ တစ်ခုခုလုပ်ဖို့လောက်အထိ မမိုက်မဲဘူးလို့ထင်တယ်။ ကျွန်တော် သူ့နောက်ကို လိုက်နေတာ သူ့အမူအရာတွေက အတုအယောင်မဟုတ်တာ သိသာတယ် "


လင်းဟန် ဟယ့်ယွင်ထင်ကို တစ်ချက် ကြည့်လိုက်သည်။


ဆိုလိုချင်သည်မှာ သူ့ကို ဤကဲ့သို့ အရာများကြားခွင့်ပေးသည်မှာ အမှန်တကယ်အဆင်ပြေလားဟူ၍ပင်။


ဟယ့်ယွင်ထင်က " အင်း "ဟူ၍ အသံပေးကာ ဆက်ပြောသည်။ 


" အလောင်းကို သေချာထိန်းသိမ်းထား၊ ဆေးရုံကို ဒီအတိုင်း မစွန့်ပစ်လိုက်စေနဲ့။ ကျန်တာတွေ မင်းပြန်လာမှ ဆုံးဖြတ်မယ် "


" နားလည်ပါပြီ " လုအန်းဟယ်က ပြောလာသည်။ 


" ဒါဆို ဘော့စ်ရဲ့ဒဏ်ရာတွေရော အဆင်ပြေတယ်မလား။ မစ္စတာလင်း သူ..... "


သူ့အသံက အချိန်မီ တိုးလျသွားသည်။


" အေး " ဟယ့်ယွင်ထင်က ကြွပ်ဆတ်ဆတ် ပြန်ဖြေသည်။


" ဒါဆို ဘော့စ်.... "


" ကောင်းပြီ " ဟယ့်ယွင်ထင်က လုအန်းဟယ်ပြောပြီးသည်အထိ မစောင့်ဆိုင်းဘဲ ဆက်‌သွယ်ရေးကိရိယာကို ခြောက်ကပ်စွာ ဖြတ်တောက်ပစ်လိုက်သည်။


သူက လင်းဟန်အိမ်ရှေ့၌ ယာဉ်ကိုရပ်နားလိုက်ပြီးနောက် အေးစက်စက်ဖြင့် " ရောက်ပြီ "


" ကျေးဇူးတင်ပါတယ် ဗိုလ်ချုပ် " ဟယ့်ယွင်ထင်ကို ကျေးဇူးတင်ရင်း လင်းဟန် တံခါးဖွင့်လိုက်သည်။


" ခဏ " ဟယ့်ယွင်ထင်က တစ်စုံတစ်ရာကို ပြောချင်နေသည့်အလား ထပ်မံပြောဆိုသည်။


" အဲ့ဒါဘာလဲ "


ဤအံ့ဩစရာကောင်းလှသည့် ဗိုလ်ချုပ်တစ်ယောက် မည်သည့်စကားများထပ်ပြောမည်ကို လင်းဟန်သိလိုနေသည့်အချိန် ထိုသူမှာ သံချေးတက်နေသည့်လှုပ်ရှားမှုအချို့ဖြင့် မောင်းနှင်သူခုံ၏ ဘေးတစ်ဘက်မှ ဘူးလေးအား ဖွင့်လိုက်သည်ကို မြင်လိုက်ရသည်။ သူက သူ့လေယာဉ်ထဲ၌ ဒုဗိုလ်မှူးလု ဖွက်ထားခဲ့သည့် သရေစာမုန့်များကို ဆွဲထုတ်လိုက်ပြီး နှစ်ထုပ်ခန့်ယူကာ လင်းဟန်အား ပေးလာလေသည်။


" စားချင်လား "


".....အာ " လင်းဟန် စိတ်ရှုပ်သွားတော့သည်။


' ခင်ဗျားက တကယ်ကြီး ကိုယ့်လက်ထောက်ရဲ့ပစ္စည်းတွေကို သုံးပြီး ဗုဒ္ဓကို ပန်းကပ်ချင်နေတာလား '


သို့သော် စဉ်းစားလိုက်ပြီးသည့်နောက် ထိုသူ အရှက်‌မရစေရန် လင်းဟန်က မုန့်တစ်ထုတ် လှမ်းယူလိုက်သည်။


ဟယ့်ယွင်ထင်သည် လင်းဟန်ယူသွားသည်ကို တွေ့လိုက်သည့်အခါမှသာ ကျန်ရှိနေသည့်မုန့်များကို ဘူးထဲသို့ ပြန်ထည့်လိုက်သည်။


လင်းဟန်က ဟယ့်ယွင်ထင်ကို ကောင်းကောင်းသွားပါဟု ပြောမည့်အခိုက် တစ်ဖက်လူမှ သူ့ထက် အရင်ပြောလာသည်ကို ကြားလိုက်ရသည်။


" မင်းစိတ်မဆိုးတော့ဘူးမလား "



👾