အပိုင်း၁၇
Viewers 2k

👾Chapter - 17

[ မလိုအပ်ဘူးလို့သူ့ကိုပြောလိုက်ပါ ]



လင်းဟန်က သူ့အရှေ့မှလူကို ကြည့်နေရင်း အဆုံးမှာတော့ သူ၏စိတ်က ပျော့ပျောင်းသွားရသည်။ သူ့လက်ထဲတွင် ဒုဗိုလ်မှူးတစ်ယောက် ကောင်းကောင်းဝှက်ထားနိုင်သည်ဟု ထင်ထားသည့်သရေစာမုန့်များကို ဆုပ်ကိုင်ထားပြီး လက်ဖဝါးများက ချွေးအနည်းငယ်စို့နေသည်။ 


" ကျွန်တော် စိတ်မဆိုးပါဘူး "


မည်သို့ပင်ဖြစ်စေ တစ်ဖက်လူ၏အတွေးများကို နားထောင်သည့်ကိစ္စ၌ ဗိုလ်ချုပ်သည် နဂိုတည်းက ခွင့်မပြုထားခဲ့ပေ။


လင်းဟန် သူ၏ထူးခြားသည့်စွမ်းရည်ကို ရှာဖွေတွေ့ရှိစဉ်မှစ၍ သေချာသည့် တစ်ခုတည်းသောအချက်မှာ သူ့လက်က တစ်ဖက်လူ၏အရေပြားကို အတားအဆီးမရှိ ထိတွေ့လိုက်သည့်အခါတွင် တစ်ဖက်လူ၏ ထိုအခိုက်အတန့်မှ အတွေးများကိုသာ သူကြားနိုင်ခြင်းဖြစ်သည်။ ထိုအခိုက်အတန့်တွင် ပြောလိမ့်မည့်စကားလုံးအချို့ သို့မဟုတ် ကိုယ်တိုင်ပင် နားမလည်နိုင်သေးသည့် မသိစိတ်ဖြစ်နိုင်သည်။


သူ သတိထားမိသည်ဖြစ်စေ၊မထားမိသည်ဖြစ်စေကိုမူ လင်းဟန် လိမ်ညာလိမ့်မည်မဟုတ်ပေ။


မသိစိတ်မှ ဖြစ်နေသည့်အတွက် ဗိုလ်ချုပ်သည် ထိုစကားများကို သေချာပေါက်ပြောလာနိုင်လိမ့်မည်မဟုတ်ချေ...။ လင်းဟန် တုံ့ဆိုင်းနေမိသည်။ နောက်ဆုံး၌ အစောပိုင်း လက်အိတ်များကို သူ ဆွဲချွတ်လိုက်စဉ် ထိုအခိုက်အတန့်မှာ အလွန်တိုတောင်းပြီး ဟယ့်ယွင်ထင်၌ တခြားအရာများပြောရန်အတွက်လည်း အချိန်မရှိ‌ချေ။တိုက်ရိုက်ရင်ဆိုင်မတွေ့မိရန် သူ့ကိုယ်သူသာ ချက်ချင်း ကြိုးစားကာထိန်းသိမ်းလိုက်ရသည်။


လင်းဟန်၏နှလုံးသားက ကသောင်းကနင်း ဖြစ်နေလေသည်။


သူ ဒေါသထွက်သင့်သည်ဟုခံစားရသော်လည်း မည်သည်ကို ဒေါသထွက်လိုမှန်း အတိအကျမသိပေ။


" အင်း " ဟယ့်ယွင်ထင်က လင်းဟန်၏စကားများကို ကြားလိုက်ရသည့်အခါ နောက်ဆုံးတွင် လက်လွှတ်လိုက်ပုံရကာ သူ့အသံသည်လည်း အေးစက်နေပုံမပေါ်ပေ။


" ဒါဆို...." လင်းဟန်၏မျက်ဝန်းများသည် မုန့်ထုတ်များဆီမှ ဟယ့်ယွင်ထင်၏မျက်နှာဆီသို့ ရွေ့လျားသွားသည်။ 


" ဗိုလ်ချုပ်၊ ကျွန်တော် သွားလို့ရပြီလား "


" အင်း " ဟယ့်ယွင်ထင်က တိုတိုတောင်းတောင်း တုံ့ပြန်လာသည်။သို့သော်ငြား သူက တစ်စုံတစ်ရာကို စဉ်းစားနေပုံပေါ်ပြီး နောက်တစ်စက္ကန့်အကြာတွင် တခြားလှုပ်ရှားမှုတစ်‌ခုရှိလာသည်။ အဆာပြေမုန့်များထည့်ထားရှိသည့်သေတ္တာအကန့်ကို သူက ထပ်မံဖွင့်လိုက်ပြီး လက်အပြည့်ဆုပ်ကာယူလိုက်ပြီး မည်သည့်စကားမှ ပြောခြင်းမရှိစွာ ၎င်းတို့ကို လင်းဟန်လက်မောင်းများကြားထဲသို့ ပစ်ထည့်လိုက်သည်။


"....." 


လင်းဟန်သည် ပထဆုံးအနေဖြင့် ရယ်ရခက်၊ငိုရခက်သည့် ခံစားချက်ကို ရလိုက်တော့သည်။ 


" ဗိုလ်ချုပ်၊ ဒီနေ့အသက် ဘယ်လောက်ပြည့်တာလဲ "


သူသည် ဟယ့်ယွင်ထင်၏ စွမ်းဆောင်ချက်များအား ကြားသိခဲ့ရဖူးသည်။ ထိုသူမှာ သူ၏ပင်ကိုယ်စိတ်စွမ်းအား၊ ဖယ်ရိုမုန်းနှင့် ရုပ်ပိုင်းဆိုင်ရာခွန်အားများကြောင့် သာမန်လူများထက်များစွာ စောစီးစွာဖြင့် စစ်တပ်ထဲသို့ ဝင်ရောက်ခဲ့သည်။ ထို့အပြင် နောက်ပိုင်းတွင် စစ်ပွဲအတွင်းသို့ ဝင်ရောက်သွားခဲ့ပြီး အံ့ဩဖွယ်ကောင်းလှသည့်အောင်မြင်မှုများစွာကို ရယူနိုင်ခဲ့ကာ ဧကရာဇ်၏ နက်ရှိုင်းစွာအသိအမှတ်ပြုခြင်းကို ခံခဲ့ရပြီး အကြိမ်ပေါင်းများစွာ ရာထူးတိုးမြှင့်ခြင်းခံခဲ့ရခြင်းသည် သူ့အား လူသန်းပေါင်းများစွာ လေးစားရသည့်အကြောင်းတရားဖြစ်လာစေသည်။


အသက်အငယ်ဆုံးသောဗိုလ်ချုပ်၏ မျက်၀န်းများမှာ အနည်းငယ် နက်မှောင်သွားပြီး သူ မွေးဖွားသည့်နေ့ရက်မှာ အနည်းငယ်မျှပင် အဓိပ္ပာယ်မရှိဟူ၍ ခံစားနေရသကဲ့သို့ သာမန်ကာလျှံကာပြောလာသည်။ 


" မေ့သွားပြီ "


သို့သော် မကြာခင်မှာပင် သူ့နှုတ်ခမ်းများကို ထပ်မံလှုပ်ရှားသွားကာ " ဒါပေမဲ့ ဒီနေ့ ကိုယ်ပျော်တယ် "


လင်းဟန် မှင်သက်သွားရသည်။


ဟယ့်ယွင်ထင် အဘယ့်ကြောင့် ထိုကဲ့သို့ပြောလာသည်ကို မှတ်မိရန်အတွက် စက္ကန့်အနည်းငယ် အချိန်ယူလိုက်ရသည်။


အဘယ်ကြောင့်ဆိုသော် သူ ကိုယ်တိုင် ယနေ့ သူ့ကို မွေးနေ့မှာပျော်ရွှင်ပါစေ ဟုပြောခဲ့သောကြောင့်ဖြစ်လေသည်။


လင်းဟန်က လက်ထဲမှ မုန့်များကို ပို၍တင်းကြပ်စွာ ပွေ့ဖက်လိုက်ပြီးနောက်ဆုံး၌ သူ့အသံတွင် ပေါ့ပါးသည့်အပြုံးတစ်ပွင့် ပန်ဆင်လျက်


" ဒါဆို လာမဲ့အနာဂတ် ဗိုလ်ချုပ်ရဲ့မွေးနေ့ရက်တိုင်းမှာ ပျော်ရွှင်ရပါစေလို့ ကျွန်တော် ဆုတောင်းပေးပါတယ် "


" အင်း " အဖြေက အတူတူပင်ဖြစ် သော်ငြား ဟယ့်ယွင်ထင်၏မျက်ဝန်းများထဲမှ မှုန်မှိုင်းမှုမှာ ပျောက်ကွယ်သွားပြီးဖြစ်ပေသည်။


" ဘိုင့် " 


ယာဉ်ပျံကို ထွက်ခွာရန် ပြင်ဆင်နေစဉ် သူက လင်းဟန်ကိုပြောလာသည်။


" ဒီရက်ပိုင်း ဘေးကင်းအောင်နေပါ။ မင်း တစ်ခုခုလိုအပ်ရင် လုအန်းဟယ်ကိုရှာတာ ဒါမှမဟုတ် ကိုယ့်ကိုရှာလို့ရတယ် " 


ဟယ့်ယွင်ထင်သည် 'လုအန်းဟယ်ကိုရှာ' ဟူသည့် သူ၏စကားများကို ပယ်ဖျက်ချင်သကဲ့သို့ နောက်ဆုံးစာကြောင်းကို လျင်မြန်စွာ ပြောလာသည်။


" ကောင်းပါပြီ " 


လင်းဟန်က ပြောလိုက်သည်။  ယနေ့ ဟယ့်ယွင်ထင်ထံ ထိုးသွင်းတော့မည့်ဓားမြှောင်နှင့် သူတို့ ပထဆုံးစတွေ့စဉ် နမူနာခိုးသွားသည့်လူအား  ပြန်၍သတိရသွားမိသည်။


မည်သည်များဖြစ်ပျက်ခဲ့သည် သို့မဟုတ် ဟယ့်ယွင်ထင်နှင့်တခြားသူများ မည်သည်ကို စုံစမ်းနေသည်ကို သူ မသိရှိသော်လည်း အနည်းငယ် စိတ်ထင့်နေရ‌သည်။


၎င်းကို‌တွေးမိသွားသည့်အခါ ရုတ်တရက်ဆိုသလို လင်းဟန် သူ့လက်များကို ကြည့်လိုက်သည်။


" ဗိုလ်ချုပ် " သူက ဟယ့်ယွင်ထင်ကို  အော်ခေါ်လိုက်သည်။


အပြာရောင်မျက်ဝန်းများက တုံ့ပြန်မှုအနေဖြင့် သူ့အပေါ်သို့ ကျရောက်လာသည်။


" ခင်ဗျားတစ်ယောက်ယောက်ကိုသံသယရှိတယ်ဆိုရင်၊ ခင်များ စိတ်ထဲမထားရင်၊ ဒါမှမဟုတ် လျှို့ဝှက်ထားစရာမရှိဘူးဆိုရင် ကျွန်တော့်ကို ပြောပြလို့ရပါတယ် " 


လင်းဟန်သည် လုအန်းဟယ်၏မုန့်ထုတ်အချို့ကို ကိုင်ဆောင်ထားဆဲဖြစ်ပြီး စစ်သားတစ်ယောက်၏ နှစ်သက်မှုနှင့် လုံးဝမတူညီသည့် ပန်းပွင့်ပုံအစိမ်းရောင်အိတ်များကို ငုံ့ကြည့်လိုက်ရင်း ကြည်လင်ပြတ်သားစွာ ပြောလာသည်။


 " ကျွန်တော် ကူညီပေးနိုင်မယ်ထင်ပါတယ် "


ဟယ့်ယွင်ထင် ဤရာထူး၌ ရှိနေရသည်မှာ မလွယ်ကူကြောင်းနှင့် ယနေ့ကဲ့သို့ အဖြစ်အပျက်များ အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ရင်ဆိုင်ခဲ့ရသည်ကိုလည်း သူ နားလည်သည်။


သူ့အရှေ့မှလူသည် သူ့အတွေးများနှင့်ပတ်သက်၍ အနည်းငယ် ခုခံနေရဆဲဖြစ်သော်လည်း ထိုလူမှာ ကြင်နာသည့်လူတစ်ယောက်ဖြစ်ဆဲပင် ။ သူ၏ အရေးမပါလှသည့်စွမ်းရည်မှာ ထိုသူကိုကူညီကောင်းကူညီနိုင်‌လိမ့်မည်။


_


နောက်ဆုံးတွင်မူ တစ်စုံတစ်ရာဖြစ်ပွားခဲ့သည့်နေရာမှာ မင်းသား၏ညစာစားပွဲဖြစ်နေခဲ့ပြီး ဒဏ်ရာရလုနီးပါးဖြစ်ခဲ့ရသူမှာ ဟယ့်ယွင်ထင်ဖြစ်နေသည့်အတွက် မည်သူမှ လစ်လျူမရှုဝံ့ကြချေ။


ဟယ့်ယွင်ထင်သည် ဤရက်များအတွင်း အနားယူခြင်းမပြုသည့်အပြင် လေ့ကျင့်ရေးဆင်းနေခဲ့ပြီး သူ့ဘဝမှာ ပုံမှန်အတိုင်းသာဖြစ်ကာ ထိုနေ့ ညစာစားပွဲတွင် ဗိုလ်ချုပ် ထိခိုက်ဒဏ်ရာမရသွားခဲ့သည့်အတွက် လူတိုင်းက ဝမ်းသာနေကြသော်လည်း တချို့ကမူ အားမာန်အပြည့်ဖြစ်နေသည့်ဗိုလ်ချုပ်ကို ကြောက်ရွံ့ကြဆဲ ဖြစ်ကြသည်။


လုအန်းဟယ် တစ်ဦးထဲကသာ ဟယ့်ယွင်ထင်၏ပတ်တီးကို နေ့စဉ်လဲလှယ်ရန်အချိန်ပေးရင်း မကျေမနပ်ပြောရဲလေသည်။


 " လွန်ခဲ့တဲ့နှစ်ခေါက်ကြောင့် မဟုတ်ရင် ဒဏ်ရာကပျောက်လုနီးပါးဖြစ်နေပြီ "


ဟယ့်ယွင်ထင်က မည်သည်ကိုမှပြောမလာ။ သူက မျက်မှောင်ကြုံ့ရင်း လုအန်းဟယ် ပြန်စည်းပေး၍ ပြီးသည်အထိ စောင့်နေသည်။


သူ၏မပျော်မရွှင်ဖြစ်နေသည့်အမူအရာကို မြင်လိုက်ရသဖြင့် လုအန်းဟယ်ကမေးလိုက်သည်။ 


" ဘော့စ်၊ နာနေတုန်းပဲလား "


သူက မေ့ဆေးအတွက် အဖွဲ့ဆရာဝန်ကို သွားခေါ်လိုက်ရမလားဟု မေးမြန်းလိုသော်လည်း ဟယ့်ယွင်ထင်ကသေချာပေါက် ငြင်းလိမ့်မည်ကိုနားလည်လိုက်သဖြင့် သည်းခံလိုက်ရသည်။


" အဆင်ပြေပါတယ် " ဟယ့်ယွင်ထင်က စိတ်ခံစားချက် နည်းပါးစွာ ပြောလာသည်။


" ကျွန်တော် အတတ်နိုင်ဆုံး ဂရုစိုက်ဖို့ကြိုးစားနေပါတယ်။ မကြာခင်အဆင်ပြေသွားလိမ့်မယ်။ သည်းခံပေးပါ "


 လုအန်းဟယ်က ပုခုံးအား သွက်လက်ကျွမ်းကျင်စွာ စည်း‌နှောင်ပေးနေကာ ပြောလိုက်ရင်း တစ်စုံတစ်ရာကို ရုတ်တရက်သတိရမိသွားလေသည်။


" ဒါဆို မစ္စတာလင်း ပြန်စည်းပေးတုန်းက....."


ဟယ့်ယွင်ထင်က သူ့ဆီ အကြည့်တစ်ချက်ပို့လိုက်ရင်း အေးစက်စက်အသံဖြင့် " နာလည်းမနာဘူး"


ဒုဗိုလ်မှူးလု စိတ်ထိခိုက်သွားရသည်။ " အိုး "


မင်းသား၏ညစာစားပွဲတွင် သူ့ကိုယ်သူသတ်သေသွားခဲ့သည့်အိုမီဂါ၏ အလောင်းခွဲစိတ်မှုဆိုင်ရာ အစီရင်ခံစာကိုလည်း လက်လွှဲရရှိလာသည်။ လုအန်းဟယ်သည် သူ၏နောက်ပြောင်သည့်အတွေးများကို လျင်မြန်စွာဖယ်ထုတ်ပြီးနောက် ခပ်မြန်မြန်ဖတ်ကြည့်၍ ဟယ့်ယွင်ထင်ထံ ကမ်းပေးသည်။ အစမှအဆုံးအထိ ဟယ့်ယွင်ထင် ဖတ်ကြည့်ပြီးသွားသောအခါ လုအန်းဟယ်က ပြောလာသည်။


" ပြီးခဲ့တဲ့တစ်ခေါက်ကသူကိုလည်း ထပ်ပြီး ရှာမတွေ့တော့ဘူး။ ဒါပေမဲ့ သူ့ကို မျက်မြင်တွေ့ဖူးတဲ့လူတွေ ပြောပုံအရဆို အဲ့လူရဲ့ဂလင်းမှာလဲ အမာရွတ်တစ်ခုရှိတယ်။  ဒီတစ်ခေါက် တစ်ယောက်မှာလဲ..."


သူက ဟယ့်ယွင်ထင်၏လက်ထဲမှ အစီရင်ခံစာကို လက်ညှိုးထိုးပြလိုက်ရင်း " အတိအကျ တစ်ပုံစံတည်းပဲ "


ဟယ့်ယွင်က စကား‌မဆိုဘဲ အစီအရင်ခံစာထဲမှ စကားလုံးများကိုသာ ကြည့်နေသည်။


" သေဆုံးသွားတဲ့လူရဲ့ သွေးတွင်းဖယ်ရိုမုန်းပါ၀င်မှုနှုန်း ပဏာမခွဲခြမ်းစိတ်ဖြာမှုက အတော်လေးမြင့်နေတယ်။ ပြီးတော့ခန္ဒာကိုယ်တစ်လုံးက သေဆုံးချိန်မှာ စိတ်လှုပ်ရှားနေခဲ့တဲ့အခြေအနေ "


ဤစာကြောင်းမှာ ထူးဆန်းနေသည်။


၎င်းမှာ ပထမဆုံးအကြည့်တစ်ချက်တွင် rut ကာလ၏ဖော်ပြချက်တစ်ခုနှင့်တူနေသော်လည်း ထိုမြင်ကွင်းကို မြင်ခဲ့ဖူးသည့် မည်သူမှ ထိုကဲ့သို့ ထင်ကြလိမ့်မည်မဟုတ်ပေ။ အပေါ်တွင် ပြောခဲ့သည့်အတိုင်း ၎င်းတို့သာ heat ဝင်နေခဲ့သည်ဆိုလျှင် မည်သည့်ထိန်းချုပ်ဆေးမှ အသုံးမပြုထား‌သည်က သိသာနေသည်။ အကယ်၍ အိုမီဂါတစ်ယောက်က ထိန်းချုပ်ဆေးမသုံးထားလျှင် အခန်းထဲရှိ မည်သူကမှ သူ၏ဖယ်ရိုမုန်းရနံ့ကို မရရှိသည်မှာ မည်သို့ဖြစ်နိုင်လိမ့်မည်နည်း။


ရိုးရှင်းစွာပင် စိမ့်ထွက်မလာရန်က ဖြစ်နိုင်ချေ မရှိချေ။


ထို့အပြင် Heat ဝင်နေသည့်အိုမီဂါတစ်ဦးတွင် ခွန်အားအနည်းငယ်သာရှိသော်လည်း ဟယ့်ယွင်ထင်သည် ထိုလူကို ချုပ်ထိန်းသိမ်းရန် အင်အားအမြောက်အမြား အသုံးပြုခဲ့ရသည်။ ဟယ့်ယွင်ထင်မှာ အင်အားကြီးမားသောအယ်လ်ဖာတစ်ဦးဖြစ်သည်ကို ထည့်မပြောလျှင်တောင်မှ နှစ်ဦးသားကြား၌ မွေးရာပါအင်အားကွာဟချက်က ရှိနေလေသည်။ သူ့ကိုယ်သူ ဓားထိုးကာ သတ်သေသည့်အိုမီဂါတစ်ယောက်ထံတွင် အဘယ်ကြောင့်ထိုကဲ့သို့ ခွန်အားမျိုးရှိနေရသနည်း။


သို့သော် ထိုလူသေဆုံးသွားချိန်တွင် သူ့ပုံစံသည် နူးညံ့သည့်အိုမီဂါတစ်ယောက်နှင့် ကွာခြားမှုမရှိချေ။ 


ပြဿနာကြီးတစ်ခုမှာ ဤလူများသည် ကြိုးဆွဲရာကရသည့်ရုပ်သေးရုပ်များနှင့် တူညီနေပြီး နောက်ကွယ်မှလူများကလည်း အလုပ်ဖြစ်လိမ့်မည်ဟု မျှော်လင့်ချက်ကြီး ထားရှိထားပုံမရပေ။ အကယ်၍ ရှုံးနိမ့်သွားလျှင်တောင် အရေးမပါသည့် နယ်ရုပ်တစ်ခုလျော့သွားရုံသာ ဖြစ်ပေမည်။


သဲလွန်စများမှာ နည်းပါးလွန်းလေသည်။


ဟယ့်ယွင်ထင်က အစီအရင်ခံစာကို ပိတ်လိုက်သည်။


လုအန်းဟယ်က သူ့ကိုကြည့်လိုက်ပြီး

" ဘော့စ် ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ။ လည်ပင်းက ဂလင်းမှာဒဏ်ရာရှိနေတဲ့အိုမီဂါနဲ့ပက်သက်ပြီး မကြာသေးခင်က ဆက်သွယ်ခဲ့တဲ့လူတွေအားလုံးကို ကျွန်တော် လျှို့ဝှက်စစ်ဆေးနေပါတယ် "


" ကောင်းပြီ " ဟယ့်ယွင်ထင်က ခေါင်းငြိမ့်ပြလာကာ တစ်စုံတစ်ရာကို တွေးမိသွားပြီးနောက် မေးလာသည်။ 


" မကြာသေးခင်က ငါ့ဆီ ဘယ်သူတွေ လာသေးလဲ "


သူ ပြောနေသည့်ထိုလူများမှာ သိသာစွာပင် တစ်နေ့လုံးအငြင်းပွားနေကြသည့် အစွန်းရောက်များနှင့် အဓိကငြိမ်းချမ်းရေးဖော်ဆောင်သူများဖြစ်ကြသည်။


" သိပ်မကြာခင်က သူတို့အားလုံး အထူးသဖြင့် ဘော့စ်ရဲ့မတော်တဆမှုကိုကြားပြီး သူတို့အကုန်လုံး ဝမ်းနည်းကြောင်းပြဖို့ လာရောက်မယ်လို့ပြောနေကြတယ် " 

လုအန်းဟယ်က ပြောသည်။


" ဒါကထင်ကြေးပေးတာပဲရှိသေး‌ပေမဲ့ အရှင့်သားကို သံသယရှိသူအဖြစ်သွင်းလို့ရမယ်လို့တော့ ကျွန်တော်မထင်ဘူး "


ဟယ့်ယွင်ထင်၏မျက်ဝန်းများက အေးစက်သွားပြီး သူ့လက်ချောင်းများက အစီအရင်ခံစာကို တစ်ချက်ချင်း တစ်ချက်ခေါက်နေသည်။ 


" ဆက်ပြီးစောင့်ကြည့်နေ။ ပြီးတော့ " သူက ချင့်ချိန်တွေးဆလိုက်ရင်း ထပ်ပေါင်းပြောလာသည်။


" ဝမ်ထျန်းယောင်နဲ့ လတ်တလောအဆက်အသွယ်တွေရှိတဲ့သူတွေကို အကြမ်းဖျင်းယူလာခဲ့။ အဓိကသော့ချက်က ဘယ်ဘက်နဲ့ ဆက်သွယ်နေလဲဆိုတဲ့အပေါ်မှာ မူတည်တယ် "


လုအန်းဟယ်က ခေါင်းငြိမ့်လိုက်ပြီး တံခါးကိုတွန်းဖွင့်လိုက်သည်။


ဟယ့်ယွင်ထင်တစ်ဦးထဲသာ အစီအရင်ခံစာ၏အချက်အချက်အလက်ကို စိုက်ကြည့်ရင်း ကျန်နေခဲ့ပြီး သူ့မျက်ခုံးရိုးများက ပို၍ပို၍ တွန့်ချိုးသွား တော့သည်။


_


သို့သော် ထိုမတိုင်မီ လင်းဟန်မှာ တိုတောင်းသည့်အနားယူရက်၌ သူ့ထံသို့ မထင်မှတ်ထားသည့်ဧည့်သည်ရောက်ရှိလာလေသည်။


အတိတ်၌ သူ၏နားရက်များတွင် သုတေသနအဖွဲ့အစည်းတွင်သာ နေရန် မကြာခဏ ရွေးချယ်လေ့ရှိခဲ့သော်လည်း လတ်တလော သူ လုပ်ရမည့်အလုပ်ပမာဏမှာ အမှန်တကယ်နည်းပါးနေသည့်အပြင် လွန်ခဲ့သည့်ရက်အနည်းငယ်က ဟယ့်ယွင်ထင်၏စကားများကို သတိရသွားခဲ့၍ အိမ်ပြန်အနားယူရန် ဆုံးဖြတ်ချက်ချခဲ့သည်။


အလုပ်မှသက်သာရာရသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်စွာ တစ်ခါမှ အိပ်မငိုက်ဖူးသည့်လင်းဟန်မှာ နေအိမ်၌ တစ်ယောက်ထဲ တစ်နေ့ခင်းလုံး အိပ်နေမိလေသည်။ သူက တံခါးခေါက်သံကြောင့် နိုးသွားခဲ့ရပြီး သန်းဝေလိုက်ရင်း မိန်းမောစွာဖြင့် တံခါးဖွင့်ကာ ပြန်ဖြေသည်။


" မင်္ဂလာပါ မစ္စတာလင်း၊ ကျွန်တော့်နာမည်က ချန်း ဖြစ်ပါတယ်။ ကျွန်တော်က ခင်များရဲ့အကဆရာပါ "


လင်းဟန်သည် ရှားရှားပါးပါး ပျင်းရိစွာအိပ်ပျော်နေခဲ့ပြီး ထိုသူကို ရီဝေနေသော မျက်လုံးများနှင့် အချိန်အတော်ကြာ စိုက်ကြည့်နေမိပြီး အိပ်နေရင်း သွေးလေခြောက်ခြားနေသည်ဟုပင် တွေးမိသွား‌သည်။


ချန်းဟုအမည်ရသည့်အကဆရာဖြစ်သူမှာ ဖြောင့်စင်းသောယူနီဖောင်းကိုဝတ်ဆင်ထားပြီး ‌‌လေးနက်နေသည့်မျက်နှာအမူအရာဖြင့် အနည်းငယ် ရှေးကျသည့်မျက်မှန်တစ်လက်ကိုဝတ်ဆင်ထားရာ လူတစ်ကိုယ်လုံးကြည့်ရသည်မှာ တင်းမာပုံရလေသည်။


လင်းဟန်သည် သူ့ယူနီဖောင်းညာဘက်အခြမ်းမှာ ' တတိယမြောက်မက်ခါအခြေစိုက်ယဉ်ကျေးမှုနှင့်စက်မှုလုပ်ငန်းအုပ်စု' ဟု တံဆိပ်တပ်ထားသည်ကို တွေ့လိုက်ရသည်။


လင်းဟန်၏မျက်ခုံးများပင့်သွားကာ သူက မကောင်းသည့်ခံစားချက် ခံစားလိုက်မိသည်။ မည်သို့ပင်ဖြစ်စေ တစ်ဖက်သားမှာ အလွန်ယဉ်ကျေးကာ စိတ်ရှည်နေပြီး စောစောကပြောခဲ့သည့်စကားများကို ထပ်ခါတလဲလဲ ပြောလာသည်။


လင်းဟန် သူ့မျက်လုံးများကိုပွတ်လိုက်ပြီး  " တောင်းပန်ပါတယ်။ ကျွန်တော် အရင်က တစ်ခါမှ အကဆရာမရှိခဲ့ဖူးဘူး။ အဲ့အတွက် စိတ်မကောင်းပါဘူး "


" သေချာပေါက် ခင်များ မရှိခဲ့ဖူးဘူး " ဤဆရာချန်းမှာ အလွန်ရှေးကျပုံပေါ်လေသည်။ "‌ ဒါပေမဲ့ ဘယ်လို ကရမလဲဆိုတာ ခင်များကို သင်ကြားပေးဖို့အတွက် ကျွန်တော် ဒီမှာရှိနေတာ "


"....." လင်းဟန် သူ့ကို ကူကယ်ရာမဲ့နေသည့်မျက်နှာဖြင့် ကြည့်လိုက်ပြီး " ခင်ဗျားကို ဘယ်သူကပဲ လာခိုင်း လာခိုင်း ကျွန်တော်ကတော့ သင်ယူမှာ မဟုတ်ဘူး "


နှစ်ယောက်သားမှာ ခဏမျှရပ်နေကြပြီးနောက် ထိုလူက သူ့မျက်မှန်ကိုင်းကိုပင့်တင်လိုက်ရင်း အမှန်အတိုင်းပြောလာသည်။


" ကျွန်တော့်ကို ဗိုလ်ချုပ်ပို့လိုက်တာပါ "


"....."


"  မစ္စတာလင်းက မကနိုင်ဘူးလို့ပြောခဲ့ပါတယ်။ အဲ့ဒါကြောင့် ခင်များဆီ သွားပြီး သင်ကြားပေးဖို့ သူ ပြောခဲ့တာ "


"...သူ ဘာထပ်ပြောသေးလဲ "


" မစ္စတာလင်း အက သင်ယူဖို့ အရေးကြီးတယ်လို့ ဗိုလ်ချုပ်က ပြောပါတယ် "


"....."


လင်းဟန်သည် ထိုနေ့က ဟယ့်ယွင်ထင်ကို သူ‌ ဘာပြောခဲ့သလဲဆိုသည်ကို ပြန်တွေးလိုက်သည်။ သူ ကူညီနိုင်လောက်သည်ဟုပြောခဲ့သည့်အပြင် တစ်ဖက်လူအား အနာဂတ်မွေးနေ့မှာပါ  ပျော်ရွှင်ပါစေဟု ဆုတောင်းပေးခဲ့သေးသည်။


....ဆိုတော့ ဟယ့်ယွင်ထင်က အနာဂတ် သူ့မွေးနေ့တွေမှာပါ သူက သူနဲ့အတူ ကမည်ဟူ၍ နားလည်သွားခဲ့လေသနည်း။


မလိုအပ်ပါချေ။


လင်းဟန်က တံခါးပိတ်ရန် သူ၏လက်ကိုမြှောက်လိုက်သည်။ " မလိုအပ်ဘူးလို့ သူ့ကိုပြောလိုက်ပါ "


သို့သော် အကဆရာက လက်မလျှော့ချေ။ သူက တံခါးဘောင်တွင် ကပ်နေပြီး မရွေ့လျားပေ။ သူက တာဝန်ဖြင့်လာခဲ့ခြင်းဖြစ်ပြီး မစ္စတာလင်းသာ ခုခံငြင်းဆိုနေပါက ယခုကဲ့သို့ ပြောသင့်သည်ဟု ဗိုလ်ချုပ်က ပြောခဲ့လေသည်။ ထို့ကြောင့် ထိုလူသည် တွန့်ဆုတ်စွာ သူ့စိတ်ကိုပြင်ဆင်လိုက်ပြီး မျက်မှန်ကို ပင့်တင်လိုက်ကာ သူ ကြွေးကြော်လိုက်သည်နှင့် သူ့မျက်မှန်မှာ လင်းဟန်ရှေ့တွင် လင်းလက်သွားလေသည်။


" အင်ပါယာရဲ့ ဂုဏ်ကျက်သရေအတွက် "


"...."



👾