အပိုင်း၁၈
Viewers 2k

👾Chapter -18

[ ကြယ်အစုအဝေးပြပွဲခန်းမ ]



လင်းဟန်သည် မျက်လုံးများကိုပင် လှန်ချင်မိသွားသည်။ 


ကိစ္စတစ်ခုအား ဤအခြေအနေထိ တိုးမြှင့်နိုင်သူကို ပထမဆုံးအကြိမ် သူ မြင်တွေ့ဖူးခြင်းပင်။ 


" ကျွန်တော့်ရဲ့ အက မကနိုင်စွမ်းက အင်ပါယာရဲ့ ဂုဏ်ကျက်သရေကို ထိခိုက်နိုင်မယ်လို့ ကျွန်တော် မထင်ဘူး "


ရှေးရိုးစွဲအရာရှိကြီးက  အပြောင်းအလဲမရှိချေ။


 " အင်ပါယာရဲ့ ဂုဏ်ကျက်သရေက လူတိုင်းအပေါ်မှာမှီခိုနေတာပါ "


လင်းဟန် ရှင်းပြလိုစိတ် ရှိမနေ။

" ကျွန်တော်တံခါးပိတ်တော့မယ် "


" မစ္စတာလင်း မလုပ်ပါနဲ့.... " ထိုလူမှာသူ့ကို ဖြောင်းဖြရန် ကြိုးစားသော်လည်း အရာမရောက်ပေ။


နောက်ဆုံးတွင် လင်းဟန်သည် ပညာရေးအသင်းအဖွဲ့မှ ဆရာဖြစ်သူကို ဤကဲ့သို့ ခိုင်မာစွာ ငြင်းဆိုသည်။


 " ဗိုလ်ချုပ်ကို အရင်သင်ပေးပြီးသွားတဲ့အခါ ကျွန်တော့်ကို လာသင်ပေးနိုင်ပါတယ် "


ဟယ့်ယွင်ထင်ခေါင်းထဲ မည်သည်များတွေးနေခဲ့သနည်း။ လင်းဟန်သည် တစ်ချိန်တည်းမှာပင် ငိုရခက်၊ ရယ်ရခက်ဖြစ်သွားရတော့သည်။


လင်းဟန်က အစားအသောက်များ မှာယူလိုက်ပြီးနောက် အာဟာရဓာတ်စာဘူးကို ဖွင့်လိုက်သည်။ ပြတင်းပေါက်ပြင်ပရှိ နေရောင်ခြည်ကို မှေးကြည့်ကာ ပြတင်းပေါက်ကို ဖွင့်လိုက်ပြီးနောက် ဆိုဖာပေါ်တွင် မှီချလိုက်သည်။ ထို့နောက် အီလက်ထရွန်းနစ်မျက်နှာပြင်ကို ဖွင့်လိုက်ပြီး  အစားစားရင်း သူ၏ခြေထောက်ဖြူဖြူများကိုလှုပ်ယမ်းကာ နားထောင်သည်။


" ယမန်နေ့က မင်းသားရဲ့သီးသန့်ဧည့်ခံပွဲမှာ လုပ်ကြံကြိုးပမ်းမှုရှိခဲ့တယ်လို့ သတင်းရရှိခဲ့ပါတယ်။ အရှင့်သားဝမ်းထျန်းယောင်က ဒေါသထွက်နေခဲ့ပြီး အမှန်တရားကို ရှာ‌ဖွေမယ်လို့ ပြောခဲ့ပါတယ်....."


အီလက်ထရွန်းနစ်မျက်နှာပြင်ပေါ်တွင် ဝမ်ထျန်းယောင်၏မျက်နှာ ပေါ်လာသည်။


ထိုသူသည် သူ၏ရာထူးအဆင့်အတန်းကို ကိုယ်စားပြုသည့်ဝတ်စုံကို ဝတ်ဆင်ထားဆဲဖြစ်ပြီး သူ၏မျက်ခုံးများကြားတွင် ဒေါသများရှိနေလေသည်။ သို့သော် သူ့နှုတ်ခမ်းကို ဖွင့်ဟလိုက်ချိန်တွင် သိမ်မွေ့ကာ ကြောမော့သည့်အသွင်သို့ ပြန်လည်ရောက်ရှိသွားပြီး ကင်မရာကိုကြည့်၍ နှုတ်ရေးကောင်းစွာ ပြောလာသည်။ ဝမ်ထျန်းယောင်၏ မျက်နှာအသွင်အပြင်မှာ အမှန်တကယ်ရန်လိုခြင်းမျိုးမရှိ၊ သူ၏ကိုယ်မှ အရှိန်အဝါများက အတော်အသင့်ကောင်းမွန်သည်ဖြစ်ရာ သူ အဘယ့် အကြောင့် လူအများ၏ချစ်ခင်မှုရရှိထားခြင်းမှာ ရှင်းလင်းလှပေသည်။


လင်းဟန်သည် ကုန်စင်သွားသည့်အာဟာရဓာတ်စာဘူးခွံများကို အလိုအ‌လျောက် အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်ပြီးနောက် သူ့ခွန်အားကို ပြန်လည်ရရှိသည်။ သူက ဝမ်ထျန်းယောင်နှင့် ပထမဆုံးစတင်တွေ့ဆုံစဥ်က အချိန်ကို ပြန်လည်တွေးတောမိသွားသည်။


သတင်းများသည် ထိုသူမှာ ပေါင်းသင်းရလွယ်ကူပြီး စိတ်ထဲ တေးမှတ်မထားတတ်သည့်သဘောထားရှိသည်ဟုပြောကြသည်။ သို့သော် ယခင် သတင်း တင်ပြချက်များကို သူ စစ်ဆေးကြည့်သည့်အခါ  ဝမ်ထျန်းယောင်သည် သာမန်လူတစ်ယောက်အနေဖြင့် အုပ်စုဖွဲ့နေထိုင်ခဲ့သည့်နေရက်များတွင်သာ  ရိုးရိုးသာမန်ဖြစ်ကာ ကျန်ရှိသည့်အချိန်များတွင် ထိုသူသည် အင်္ကျီလက်များပေါ်တွင် ပန်းပွင့်အလံများရှိကာ မိသားစုတံဆိပ်ပါဝင်သည့် နက်မှောင်သည့်ဒီဇိုင်းဖြင့် ပြုလုပ်ထားသော၊ သူ မည်သူမည်ဝါဖြစ်ကြောင်းအထောက်အထားကို ဖော်ပြသောတောက်ပသည့်ဝတ်စုံကိုသာ ဝတ်ဆင်တတ်ကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။


ထိုသူသည် သူ၏ကိုယ်ပိုင်အထောက်အထားနှင့်ပတ်သက်၍ လွန်စွာ ဂုဏ်ယူတတ်ပြီး သူ့ဖခင်ကဲ့သို့ M ဂလက်စီ အင်ပါယာတစ်ခုလုံးကို အုပ်စိုးနိုင်မည်ဟု ယုံကြည်နေသည်။


သို့သော် တစ်စုံတစ်ခု မှန်ကန်မနေဟု လင်းဟန် ခံစားမိသည်။


အဖွဲ့အစည်းတွင် သူ့ကိုယ်ပိုင်ယာဉ်ရပ်တန့်သွားစဉ်က ဝမ်ထျန်းယောင်၏မျက်နှာထက်မှ မျက်မှောင်ကြုံ့မှုကို အမှတ်ရမိသည်။ ဟယ့်ယွင်ထင်ဒဏ်ရာရလုနီးပါးဖြစ်ခဲ့သည့် ထိုနေ့က ညစာစားပွဲကိုလည်း သူ ပြန်လည်အမှတ်ရမိသည်။


ဝန်ခံရလျှင် တော်၀င်မင်းသားသည် ဤမျှလောက် မမိုက်မဲနိုင်ဟူသည်မှာ ကိုယ်ပိုင်ခံစားချက်သာဖြစ်ပေသည် ။ဟယ့်ယွင်ထင်ကဲ့သို့ ကြားနေသူတစ်ဦးမှာ တခြားသူများအား မည်သို့ အန္တရာယ်ပေးနိုင်လိမ့်မည်နည်း။


အိုမီဂါတစ်ယောက်အနေဖြင့် သူသည် ပို၍ထိလွယ်ရှလွယ်ဖြစ်နေသည်က ဖြစ်နိုင်သည်။ ထိုအချိန်တွင် လက်အိတ်များမဝတ်ခဲ့သင့်ဟု လင်းဟန် ပထမဆုံးအကြိမ် ခံစားလိုက်မိသည်။ သူက ဟယ့်ယွင်ထင်ကို အနည်းငယ်မျှ အကူအညီ ပေးနိုင်ခဲ့လောက်သည်ပင်။


သူ့ အတွေးများရပ်တန့်သွားသည်။  သို့သော် ထိုအချိန်က.. ဟယ့်ယွင်ထင်မှာ ၎င်းတို့ကိုဝတ်ဆင်ရန်အတွက် သန့်ရှင်းမှုဟူသည့်အကြောင်းပြချက်အား ပေးခဲ့သူပင်ဖြစ်သည်။


ဟယ့်ယွင်ထင်နှင့်ပတ်သက်လာလျှင် လင်းဟန်၏ ရှင်းလင်းတိကျသည့်အတွေးအခေါ်များအားလုံး ပျောက်ကွယ်သွားတတ်သည်။ သူ သိသည့်သာမန်လူများ၏နယ်ပယ်ထဲတွင် မစ္စတာဗိုလ်ချုပ်မှာ အလွန်အံ့ဩဖွယ်ကောင်းသည်ဟု သတ်မှတ်နိုင်သည်။လင်းဟန်က ညစာစားပြီးနောက် တီဗွီပိတ်လိုက်ပြီး နေအိမ်ကို စတင်သန့်ရှင်းရေးလုပ်သည်။


သူ တစ်ဦးတည်း နေထိုင်သည့်နေရာမှာ သေးငယ်ပြီး ပစ္စည်းများများစားစားမရှိသဖြင့် နေရာတကျစီစဉ်ရန် လွယ်ကူလေသည်။


လင်းဟန်သည် တိုင်ခိုခုတက္ကသိုလ်အနီးတွင် နေထိုင်သဖြင့် သူ ပြတင်းပေါက်ဖွင့်လိုက်သည့်အချိန်တွင် မတူညီသည့်ကောလိပ်ယူနီဖောင်းများ ဝတ်ဆင်ထားသည့်ကျောင်းသားများကို တွေ့မြင်နေရဆဲပင်ဖြစ်ပြီး ထိုမျက်နှာလေးများကိုမြင်ရတိုင်း အတွေးထဲ နစ်မြှုပ်သွားရစမြဲဖြစ်သည်။ တက္ကသိုလ်တွင် ကုန်ဆုံးခဲ့ရသည့် ရှစ်နှစ်တာအချိန်ကာလသည် ကုန်လွန်သွားသည်မှာ မြန်ဆန်လွန်းလှသည်။ သူ့ခေါင်းကို လှည့်ကြည့်လိုက်ပြီး ယခုလေးတင် ချိတ်ထားခဲ့သည့်ဓာတ်ပုံမှန်ဘောင်ထက်တွင် ညင်သာသိမ်‌မွေ့ကာ ကြည်လင်အေးငြိမ်းနေသည့်အမျိုးသမီးအိုမီဂါတစ်ဦးကို တွေ့လိုက်ရသည်။


သူမမှာ သူ၏မိခင်ဖြစ်သူပင်။


-


လင်းဟန်သည် ပိုက်‌ဆံမပြတ်လတ်နေသလိုမျိုး ပေါ့ပေါ့ပျက်ပျက် မသုံးဖြုန်းခဲ့ဖူးပေ။


သူ ယခုရှိနေသည့်နေရာမှာ M ဂလက်စီတစ်ခုလုံးတွင် အကြွယ်ဝဆုံးဂြိုဟ်တစ်လုံးဖြစ်သော်လည်း အင်ပါယာစစ်တက္ကသိုလ်တွင် ပညာလာရောက်မသင်ကြားမီက ဤနေရာမှ ဝေးကွာသည့် Q ခရိုင်တွင် သူ့မိခင်နှင့်အတူ နေထိုင်ခဲ့ကြသည်။


Q ခရိုင်မှာ အရပ်သားများနှင့် လူဦးရေထူထပ်ပြီး အင်ပါယာတစ်ခုလုံးတွင် လူဦးရေအထူထပ်ဆုံးဒေသဖြစ်သည်။လူဦးရေများပြားမှုကြောင့် အဆိုပါအဓိကနယ်မြေများထက်စာလျှင် လုံခြုံရေးကဏ္ဍမှာ နိမ့်ကျသော်လည်း ပို၍လှုပ်ရှားအသက်ဝင်လေသည်။


လင်းဟန်သည် မွေးဖွားစဉ်မှစ၍ ဖခင်ဖြစ်သူကို တစ်ကြိမ်တစ်ခါမှ မမြင်ခဲ့ဖူးပေ။ သူ့မိခင်ကိုယ်ဝန်လွယ်နေချိန်တွင် ထိုပုဂ္ဂိုလ် ဆုံးပါးသွားခဲ့သည်ဟု အိမ်နီးနားချင်းများပြောကြသည်ကို သူ ကြားသိခဲ့ရသည်။ မိခင်ဖြစ်သူမှာ ထိုအကြောင်းကို မည်သည့်အခါမှ မပြောလိုခဲ့သည့်အတွက် ငယ်စဉ်ကတည်းက သူက မမေးမြန်းခဲ့ဖူးသလို ကောင်းကောင်းလည်း မသိခဲ့ချေ။


သူ့မိခင်ဖြစ်သူနှင့်ပတ်သက်သည့်အမှတ်တရများမှာ တခြားသူများထက် ပို၍လှပကာ ပို၍နူးညံ့သည်။ သူမသည် လင်းဟန်၏မွေးနေ့တိုင်းတွင် သူမလက်များနှင့်ကိတ်မုန့်အသေးလေးတစ်ခု ကိုယ်တိုင်ပြုလုပ်ပေးပြီး သူမ၏ မျက်လုံးများကို ကွေးညွတ်လျက် " မွေးနေ့မှာပျော်ရွှင်ပါစေ ဟန်ဟန် " ဟုပြောလိမ့်မည်။


လင်းဟန်သည် ကလေးတစ်ယောက်အနေဖြင့် မည်သည့်နေရာမှ မရောက်ဖူးလျှင်တောင် သူ့မိခင်ဖြစ်သူသည် ပြင်ပလောကကြီးနှင့်ပတ်သက်သည့်ပုံပြင်များစွာကို သူ့အား ပြောပြလိမ့်မည်ဖြစ်သည်။


လင်းဟန်သည် အဓိကနယ်မြေရှိ ' ကြယ်အစုအဝေးပြပွဲခန်းမ 'ဟု သူမ ခေါ်ဝေါ်သည့်အရာကို စိတ်အဝင်စားဆုံးဖြစ်ခဲ့သည်။ သူမက အင်ပါယာမြို့တော်၏အဓိကနေရာတစ်ခုတွင် လင်းဟန် ကြိုက်နှစ်သက်လောက်မည့်နေရာတစ်ခု ရှိကြောင်းကို ပြောပြခဲ့ဖူးသည်။ ၎င်းနေရာတွင် သူ စိတ်ကူးကြည့်၍ မရနိုင်လောက်သည်အထိ ထူးခြားဆန်းပြားသည့်အရာများနှင့် ရှားပါးပစ္စည်းများစွာကို သိုလှောင်ထားပြီး ဖြည့်တင်း၍ မရနိုင်သည့်နေရာလည်း မရှိချေ။


ကြယ်အစုအဝေးပြပွဲခန်းမသည် လွန်စွာထူးဆန်းသည့်နေရာတစ်ခုဖြစ်သော်ငြား စိတ်‌ဝင်စားစရာလည်း အလွန်ကောင်းလှသည်။ ပြခန်းတွင် သိုလှောင်စနစ်လည်းပါရှိသဖြင့် လူတစ်ဦးတစ်ယောက်ချင်းစီသည် ၎င်းတို့အတွက် တန်ဖိုးအရှိဆုံးဟုသတ်မှတ်ထားသည့်အရာတစ်ခုကို ထိန်းသိမ်းမှုအတွင်း ထည့်သွင်းကာ ခင်းကျင်းပြသရန် ရွေးချယ်နိုင်ရုံသာမက အပြင်လူများ မြင်‌တွေ့နိုင်ခြင်းမရှိစေရန် တိတ်တဆိတ် သိုလှောင်သိမ်းဆည်းထားရန်ကိုလည်း ရွေးချယ်နိုင်သည်။


သို့သော် မည်သူပင်ဖြစ်နေပါစေ လူတစ်ဦးတစ်‌ယောက်စီတိုင်းသည် သိုလှောင်စနစ်ကို တစ်ကြိမ်မျှသာ အသုံးပြုနိုင်ပြီး တစ်ကြိမ်မျှသာလျှင် ပြန်လည်ထုတ်ယူနိုင်မည်ဖြစ်သည်။


အင်ပါယာထဲတွင် လူအများအပြားရှိသော်လည်း သေချာပေါက် လူတိုင်းလူတိုင်း အပ်နှံကြလိမ့်မည်မဟုတ်‌ပေ။ အဘယ်ကြောင့်ဆိုသော် လူတော်တော်များများသည် တန်ဖိုးအရှိဆုံးအရာများမှာ ၎င်းတို့ကိုယ်တိုင်သာ သိမ်းဆည်းကြရမည်ဟု တွေးတတ်ကြပြီး တခြားတစ်နေရာ၌ သိမ်းထားခြင်းသည် အတော်လေး မလုံခြုံဟု စဉ်းစားတတ်ကြခြင်းကြောင့်ဖြစ်လေသည်။


ထို့အပြင် အကယ်၍ ၎င်းတို့သာ အပ်နှံရန် ရွေးချယ်ခဲ့လျှင် အတော်လေး မြင့်မားသည့်သိုလှောင်‌ခကို ပေးဆောင်ကြရမည်ဖြစ်ပြီး ၎င်းမှာ လူတော်တော်များများကို စိတ်ပျက်ကာ အားလျော့စေသည့်အကြောင်းပြချက်လည်း ဖြစ်လေသည်။


ရာထူး၊ဂုဏ်ထူးမြင့်မားသူအများအပြားသည် ၎င်းတို့အတွက် တန်ဖိုးကြီးမားသည်ဟု ထင်မြင်သည့်အရာ‌၀တ္ထု အတော်များများကို သိုလှောင်ကြလိမ့်မည်ဖြစ်ပြီး ခင်းကျင်းပြသရန်အတွက်လည်း တွန့်ဆုတ်မနေကြချေ။ထို့ကြောင့် ကြယ်အစုအဝေးပြပွဲခန်းမတွင် သူမတူ ထူးခြားသည့်အရာများစွာရှိနေသည်။ ဥပမာအားဖြင့်ဆိုရသော် ဧကရာဇ်မင်းမြတ်သည် သူ၏ ပထမဆုံးအောင်ပွဲတွင် အသုံးပြုခဲ့သည့်မက်ခါသော့ကို သိမ်းဆည်းထားခဲ့ပြီး ဧကရီကမူ သူမ၏ချစ်ခြင်းသင်္ကေတဟုဆိုသည့် ရိုးရှင်းသည့်လုံချည်တစ်ထည်ကိုသိမ်းဆည်းထားခဲ့သည်။


အချို့လူများသည် ဥက္ကာခဲအပိုင်းအစများကို သိမ်းဆည်းကြပြီး အချို့ကမူ  ၎င်းတို့၏ ကိုယ်ပိုင်ဖယ်ရိုမုန်းကိုထုတ်ယူကာ သိမ်းဆည်းကြသည်။ အချို့သည် အင်ပါယာတွင် တစ်ခါမှ မရှိခဲ့ဖူးသည့် ဝေးလံသောဂလက်ဆီတစ်ခုမှ နူးညံ့သည့်ပန်းလေးတစ်ပွင့်ကို ခူးယူလာကာ ထာဝရသိမ်းဆည်းရန်အတွက် အထူးနည်းလမ်းများကို အသုံးပြုကြသည်။


၎င်းသည် ထူးခြားသည့် သိုလှောင်ရေးနေရာတစ်ခုထက် ထူးဆန်းသည့်ပြတိုက်နှင့် ပို၍တူလေသည်။


လင်းဟန်သည် ထိုအကြောင်းကို မယုံနိုင်စရာကောင်းလောက်အောင် သိချင်နေခဲ့မိသည်။


ထိုအကြောင်းကို ပထမဆုံးအကြိမ် ကြားခဲ့ရစဉ်က အလွန်စိတ်လှုပ်ရှားသွားခဲ့ပြီး သူ့လက်ထဲမှ မက်ခါပုံစံငယ်လေးကိုလှုပ်ယမ်းကာ သူသည်လည်း ၎င်းကိုသိုလှောင်လိုသည်ဟု ပြောခဲ့ဖူး၏။ ၎င်းမှာ သူ အကြိုက်နှစ်သက်ဆုံးမက်ခါဖြစ်ပြီး ထိုအရာကို ပြန်လည်ရယူရန် အသက်ကြီးသည့်အချိန်အထိ  သို‌လှောင်ထားလိုသည်ဟု ဆိုခဲ့ဖူးသည်။


သူ့မိခင်ဖြစ်သူသည် သူ့အား တိုက်ရိုက်မငြင်းဆိုသော်လည်း ကြင်နာစွာ ပြောခဲ့သည်။ " ထပ်ပြီးစဉ်းစားကြည့်ပါအုံး ဟန်ဟန်၊ အဲ့ဒါက တန်ဖိုးအရှိဆုံးနဲ့အဖိုးတန်ဆုံးအရာဖြစ်ရမှာနော် "


သူမက ပြောသည်။ " ဘယ်သူပဲဖြစ်ဖြစ် အခွင့်အရေးကတစ်ခါပဲရမှာ။ ဟန်ဟန်က ငယ်သေးတော့ ပိုပြီးတန်ဖိုးရှိတဲ့အရာတစ်ခုခုကို သေချာပေါက်တွေ့လာမှာ "


ထို့နောက် လင်းဟန်သည် သူ့မိခင်အား သူမ သိမ်းဆည်းချင်သည့်တစ်စုံတစ်ခုရှိသလားဟု မေးခဲ့သည်။


သူ့မိခင်က ပေါ့ပါးစွာ ပြုံးလိုက်ရင်း လင်းဟန်၏ကျောကို ပုတ်ပေးကာ ချော့သိပ်ကာ ပြောသည်။


" မားလိုသာမန်လူတစ်ယောက်မှာ တန်ဖိုးအရှိဆုံးက ဟန်ဟန်ပါပဲ "


လင်းဟန်သည် အနာဂတ်တွင် အင်ပါယာ၏ အဓိကနေရာသို့ ရောက်ရှိသွားချိန်၌ ၎င်းကို ကြည့်ရှုရန် မိခင်ဖြစ်သူကိုပါ ခေါ်သွားရမည်ဟု တွေးလိုက်မိသည်။ အခြားလူများအတွက် တန်ဖိုးအရှိဆုံးအရာမှာ မည်သည်များ ဖြစ်နေမည်ကို သူ သိချင်မိသည်။


သို့သော် အိမ်ထောင်မရှိသည့်အိုမီဂါတစ်ဦး၏ခန္ဓာကိုယ်သည် သာမန်အိုမီဂါတစ်ဦးထက်ပို၍ အားနည်းသည်က ဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့အပြင် ကလေးမွေးဖွားထားရသည့်အတွက် သူ့မိခင်ဖြစ်သူ၏ကျန်းမာရေး စတင်ယိုယွင်းပျက်စီးလာချိန်တွင် လင်းဟန်မှာ အရွယ်ပင် မရောက်သေးချေ။နောက်ပိုင်းတွင် လင်းဟန်သည် အသက် ၁၆နှစ်ပြည့်သည့်အချိန်၊ အင်ပါယာစစ်တက္ကသိုလ်သို့ ဝင်ရောက်သည့်အချိန်၌ တစ်ယောက်တည်းဖြစ်နေခဲ့ လေပြီ။


သူ့မိခင်ဖြစ်သူမှာ ထွက်ခွာသွားချိန်မှာတောင်မှ လွန်စွာနူးညံ့လှပေသည်။ဆေးရုံကုတင်ပေါ်၌ ဖြူဖျော့စွာ အသက်မဲ့‌စွာရှိ‌နေချိန်တွင် သူမ လက်ကိုမြှောက်၍ အားအင်ချည်နဲ့စွာဖြင့် သူ့ကိုထိကာ ပြောလာသည်။ 


" ဟန်ဟန်၊ အခုချိန်ကစပြီး သားရဲ့မွေးနေ့ကို ကိုယ်တိုင်ကျင်းပရလိမ့်မယ်။ ဒါပေမဲ့ မမေ့ပါနဲ့၊ မားက သားကို နှစ်တိုင်း မွေးနေ့မှာပျော်ရွှင်ပါစေလို့ ပြောပေးမှာ။ အနာဂတ်မှာ သား ဘာတွေကိုပဲ ကြုံတွေ့ရပါစေ အရမ်းစိတ်မကောင်းမဖြစ်ပါစေနဲ့။ မားလည်း ဝမ်းနည်းရလိမ့်မယ် "


လင်းဟန်သည် မိခင်ဖြစ်သူအကြောင်းကို တွေးခဲ့မိသောကြောင့် အဓိကနယ်မြေသို့ ရောက်လာခဲ့ပြီးနောက် သူသွားရောက်လိုခဲ့သည့် ကြယ်အစုအဝေးပြပွဲခန်းမ၏မျှော်လင့်ချက်များအားလုံးကို ဆုံးရှုံးလိုက်ရသည်။ နောက်ဆုံးမှာတော့ အခြားလူများ၏ဇာတ်လမ်းများနှင့် အချိန်ကောင်းလေးကို မည်သို့ပိုင်ဆိုင်ရန်ဟူသည်မှာ တခြားလူများ၏ ဇာတ်လမ်းများသာလျှင်ဖြစ်လေသည်။


သူ့ထံတွင် အခြားလူများ၏ဘဝများကိုနားလည်ရန် ရည်ရွယ်ချက်မရှိခဲ့ချေ။ သူက သူ့ကိုယ်ပိုင်ဘဝနှင့်သာ အတော်လေးပျော်ရွှင်နေခဲ့သည်။ ထိုအချိန်ကသိုလှောင်သိမ်းဆည်းမည်ဟု သူ ပြောခဲ့ဖူးသည့် မက်ခါပုံစံငယ်များမှာလည်း ပျောက်ကွယ်သွားသည်မှာ ကြာမြင့်ခဲ့ပြီး သူသည်လည်း ဒီဇိုင်း၊ပြုပြင်ရေးနှင့်ပြင်ဆင်ရေးများကို စတင်သင်ယူချိန်၌ ကလေးအရွယ်နှင့် မတူညီတော့ပေ။


ဂလက်စီကိုဖြတ်‌သန်းကာ မပျံသန်းနိုင်သည့်အတွက် သတ္ထုအစိတ်အပိုင်း တစ်ခုစီတိုင်းကို အရောင်တင်ရန် သူ၏ကိုယ်ပိုင်လက်များကို အသုံးပြုခဲ့သည်။


_


မိုးကောင်းကင်က မှောင်ရီပျိုးစပြုလာသည်နှင့်အမျှ မှန်ဘောင်ထဲမှ မိခင်ဖြစ်သူ၏ပုံကို ကြည့်ရင်း လင်းဟန်၏ အသိစိတ်အာရုံများ တဖြည်းဖြည်းပြန်လည်ရရှိလာလေသည်။


ထိုအချိန်တွင် သူ့စိတ်ထဲသို့  အတွေးတစ်ခု ဝင်ရောက်လာသည်။ ထိုစိတ်ကူးစိတ်သန်းမှာ အလွန်ထူးဆန်း‌ နေပြီး လင်းဟန်ကိုယ်တိုင်ပင်လျှင် ပဟေဠိဆန်သည်ဟူ၍ ခံစားမိ‌သည်။ နောက်‌ဆုံးစက္ကန့်ထိတိုင် သူ့မိခင်အကြောင်း သူက တွေးနေဆဲဖြစ်လေသည်။


လင်းဟန်သည် အကန့်အသတ်မရှိသည့် တိတ်ဆိတ်နေ‌သောညအချိန်ကောင်းကင်ယံကြီးကို မော့ကြည့်လိုက်သည်။


သူ တွေးလိုက်မိသည်။ ဟယ့်ယွင်ထင်သည်လည်း ကြယ်အစုအဝေးပြပွဲခန်းမတွင် မည်သို့သောတန်ဖိုးရှိသည့်အရာ တစ်ခုခုကို သိမ်းဆည်းထားလိမ့်မည်နည်း။



👾