Chapter 8+9
Viewers 6k

💘Chapter 9 

ကိုယ့်ကိုကိုယ်အထင်ကြီး



ဝေ့ချန်၏ဒေါသက အလျန်အမြန်ပဲရောက်ရှိလာပြီး အလျင်အမြန်ပဲ ဖုံးကွယ်ခြင်းခံလိုက်ရသည်။


ချန်ချင်း ဘာခြေရာလက်ရာမှ မမြင်လိုက်နိုင်ခင်မှာ ဝေ့ချန်က ချန်ချင်းကိုအမူအရာမဲ့စွာခေါင်းညိတ်ပြလိုက်ပြီး သူ့မျက်လုံးများထဲမှာ အေးစက်မှုမှလွဲ၍ ဘာခံစားချက်မှရှိမနေပေ။


"ဘယ်လိုဖြစ်လို့ ဝေ့တာ့ကောက ဒီ​နေ့အိမ်ကိုလာဖို့အချိန်ရသွားတာလဲ"


ချန်ချင်းက ထိုသို့မေးလိုက်ပေမဲ့ သူ့စိတ်ထဲမှာမူ ဝေ့ချန်ကဤတစ်ခေါက်ချန်လီနှင့်သူ၏လက်ထပ်ပွဲကြောင့်လာခြင်းဖြစ်ပြီး များမကြာမီတိုက်ပွဲအကြီးစားဖြစ်လိမ့်မည်သိုသည်ကို သူသိနေသည်။မည်သို့မည်ပုံ ဝေ့ချန်ကို ကြိုးရှည်ရှည်နှင့်လှန်ထားကာ သူ့အပေါ်ဆက်လက်၍စိတ်ကူးယဥ်အတွေးများ ရှိနေ​စေရင်း ချန်လီကို စိတ်လိုလက်ရလက်ထပ်​အောင်လုပ်ရမလဲဆိုသည်ကလည်း ပြဿနာတစ်ခုဖြစ်လေသည်။


"ချန်လီဆီလာတာ"


ဝေ့ချန်လည်း ချန်လီနှင့် အရည်မရအဖတ်မရများမပြောချင်သဖြင့် ရောက်ရောက်ချင်း လိုရင်းကိုပဲတန်းသွားလိုက်သည်။


ဟုတ်နေတာပဲ...ချန်ချင်းကတွေးလိုက်သည်။သို့ပေမဲ့ သူ့မျက်နှာပေါ်မှာ ကိုယ်ချင်းစာသည့်အမူအရာနှင့်သူကပြောလိုက်​လေသည်။


"အဘိုးရဲ့ဆန္ဒလေ...ကျွန်​တော်လည်း အဘိုးကိုပြောပါတယ် ချန်လီက​ ဝေ့တာ့ကောအတွက်မသင့်တော်ဘူးလို့...ဒါပေမဲ့အဘိုးကနားမထောင်ဘူး...​ဝေ့တာ့ကောလည်းသိပါတယ် အဘိုးအရမ်းခေါင်းမာတာ...သူတစ်ခုခုကိုဆုံးဖြတ်ပြီးရင်အဖေတောင်ပြောင်းအောင်မလုပ်နိုင်ဘူး"


ဝေ့ချန်နှင့်ချန်လီကြားက လက်ထပ်ပွဲက ဆုံး​ဖြတ်ပြီးသွားသောကိစ္စဖြစ်ကာ ဝေ့ချန်အနေဖြင့် ဤကိစ္စကို ပြောင်းလဲရန်မကြိုးစားသင့်ကြောင်း ချန်ချင်းက ဝေ့ချန်ကိုပြော​ပြရန် ကြိုးစားနေခြင်းဖြစ်လေသည်။


သူဆိုလိုသည်ကို ဝေ့ချန်နားလည်မလည် ချန်ချင်းမသိပေမဲ့ ဝေ့ချန်က "အင်း"ဟုသာ ပြန်ဖြေလာပြီး ဘာမှဆက်မပြောပေ။


တုလီရွှင်းက ဧည့်ခန်းထဲကဆိုဖာပေါ်မှာ ပန်းလက်ဖက်ရည်တစ်ခွက်ဖြင့် ထိုင်နေသည်။ဝေ့ချန်ဝင်လာသည်ကိုမြင်သောအခါသူမက လက်ဖက်ရည်ခွက်ကိုအောက်ချပြီး ကျက်သရေရှိစွာပြုံးလိုက်၏။


"ဝေ့ချန်ရောက်နေတာလား...ချန်ချင်းမြို့တော်ကို ဒီနေ့သွားမှာမှန်းသိလို့လိုက်ပို့ဖို့ လာတာလား"


သူမလည်း ဝေ့ချန်၏အတွေးများကို အနည်းငယ်သိပေမဲ့ သူမ၎င်းတို့ကိုဖြစ်လာခွင့်ပြုမှာမဟုတ်ပေ။ချန်ချင်းကအနာဂတ်မှာချန်မိသားစုကိုအမွေဆက်ခံရမှာဖြစ်ရာ မည်သို့ယောကျ်ားတစ်ယောက်နှင့် ​ငြိစွန်း၍ဖြစ်မည်နည်း။ထို့ကြောင့် ဤအခိုက်အတန့်မှာ တုလီရွှင်းက အပေါ်ယံမှာ ယဥ်ယဥ်ကျေးကျေးပြုံးနေပေမဲ့ စိတ်ထဲမှာမူ ဝေ့ချန်ကိုမမြင်ချင်ပေ။ချန်ချင်းကိုပင် ဝေ့ချန်နှင့်ချက်ချင်းလက်ငင်းအဆက်အသွယ်ဖြတ်​စေချင်လေသည်။


ဝေ့ချန်က ဝေ့မိသားစု၏မြေးဖြစ်ပြီး အနာဂတ်မှာချန်ချင်းအတွက် အကူအညီဖြစ်နိုင်လောက်၍သာမဟုတ်လျှင် သူမဤလူကိုမောင်းထုတ်ပစ်သည်မှာကြာလှပြီ ဖြစ်သည်။မဟုတ်လျှင် သူမ မည်သို့ ချန်ချင်းကိုသူ့အား  သွားကြိုပြီး အထဲဖိတ်ခေါ်ခွင့်ပြုလိမ့်မည်နည်း။


"သခင်မချန်"

ဝေ့ချန်က ယဥ်ယဥ်ကျေးကျေး နှုတ်ဆက်လိုက်၏။တုလီရွှင်း၏သဘောထားအတွက်မူ ယခုအချိန်မှာသူသိပ်ဂရုမစိုက်ပေ။


"ကျွန်တော်ဒီတစ်ခေါက်ချန်လီကိုလာတွေ့တာပါ"


တုလီရွှင်းကလည်း ဝေ့ချန်၏ရည်ရွယ်ချက်ကိုသိသည်။သူမက လက်ဖက်ရည်တစ်စုပ်သောက်လိုက်ပြီးနောက်ပြောလိုက်လေသည်။


"ဝေ့ချန် မင်းရဲ့ဒီအဒေါ်ကိုအပြစ်မတင်ပါနဲ့...မင်းနဲ့ ချန်လီကြားကလက်ထပ်ပွဲက ချန်မိသားစုနဲ့ဝေ့မိသားစု သတ်မှတ်ထားပြီးသားကိစ္စဖြစ်တဲ့အတွက် ပြောင်းဖို့ခက်တယ်...မင်းဆန္ဒမရှိမှန်းလည်းအဒေါ်သိပါတယ်...ချန်လီရဲ့အခြေအနေအရ သူ့ကိုမင်းနဲ့လက်ထပ်ခိုင်းတာက မင်းအပေါ်မှာတကယ်မတရားရာကျတယ်....ဒါပေမဲ့ မင်းဒီကိစ္စကို အဲလိုတွေးလို့မရဘူး...ဒီချန်မိသားစုနဲ့လက်ထပ်ပွဲကနေ ဝေ့မိသားစုရမဲ့အကျိုးအမြတ်တွေကိုမင်းကြည့်ရမယ်...ဝေ့မိသားစုကသာ နောင်မှာမြို့တော်မှာနေရာတစ်နေရာရချင်ရင် ချန်မိသားစုကအကူအညီဖြစ်လာမှာ...ဝေ့မိသားစုအတွက်မင်းစဥ်းစားရမယ်..."

တုလီရွှင်းက အလွန်လေးလေးနက်အနက် ဆိုလေသည်။


ဝေ့ချန်က တုလီရွှင်းကို အေးစက်စွာကြည့်ပြီးပြောလိုက်၏။


"ဒီစကားကို ကျွန်တော်တို့ဝေ့မိသားစုကမခံယူဝံ့ပါဘူး"


ဆိုလိုသည်မှာ ဝေ့မိသားစုက မြို့တော်မှာနေရာတစ်နေရာရချင်လျှင်ပင် ချန်မိသားစုကကြားဝင်ပေးစရာမလိုဟုဖြစ်၏။သူ့အဘိုးက သူနှင့်ချန်လီ၏လက်ထပ်ပွဲကိုဘာကြောင့်သဘောတူလိုက်မှန်း ဝေ့ချန်မသိသော်လည်း မြို့တော်က ချန်မိသားစု၏အာဏာကို မျက်စိကျမနေမှန်းက သေချာလေသည်။


သူတို့ဝေ့မိသားစုက ဤမျှသနားစရာကောင်းသောအခြေအနေအထိရောက်မနေသေးပေ။


တုလီရွှင်းနှင့်ချန်ချင်းက ဝေ့ချန်ဤမျှပြင်းပြင်းထန်ထန်တုံ့ပြန်လာမည်ဟု မမျှော်လင့်ထားကြပေ။


တုလီရွှင်းက ဝေ့ချန်ကိုပင်သေချာစိုက်ကြည့်ပြီး ဆိုလေသည်။


"ဒါဆို မင်းကချန်လီနဲ့လက်ထပ်ပွဲကိုအဆုံးထိငြင်းဆန်ဖို့ရည်ရွယ်ထားတာပေါ့"


ဝေ့ချန်က နားမလည်ဟန်အမူအရာဖြင့်ဆိုလိုက်သည်။


"ဘယ်တုန်းက ငြင်းမယ်ပြောလိုက်လို့လဲ...ကျွန်တော် ဒီတစ်ခေါက်လာတာ ချန်လီကို လက်ထပ်မှတ်ပုံတင်ဖို့သက်သက်လာခေါ်တာ"


နေ့ကောင်းရက်သားတွေဘာတွေ စောင့်နေသည်ထက် ချက်ချင်းလက်ငင်းလုပ်လိုက်သည်က ပိုကောင်းသည်။ပစ္စုပ္ပန်ထက်ပိုကောင်းသည့်အချိန်ကား မရှိတော့။ယခု လက်ထက်ပွဲကလည်းသတ်မှတ်ပြီး​နေပြီဖြစ်လေရာ တတ်နိုင်သမျှ အမြန်ဆုံးပြီးစီးအောင်လုပ်လိုက်သင့်ပေသည်။ချန်မိသားစုက ချန်လီအတွက်နွေးထွေးသောနေရာတစ်ခုမဟုတ်ပေ။ချန်လီကိုတစ်ရက်စောခေါ်ထုတ်နိုင်လေ၊ချန်လီ နှိပ်စက်ခံရ တစ်ရက်သက်သာလေပင်။



<< >>


💘Chapter 10 

ချန်လီနှင့်ပြန်လည်ဆုံတွေ့ခြင်း



ချန်မိသားစုထဲမှာ ချန်လီ၏ဘဝကမကောင်းမှန်းသိပေမဲ့ ချန်လီက ချန်မိသားစုမှာ ယခုလိုမျိုးဆက်ဆံခံရလိမ့်မည်ဟု ဝေ့ချန်မမျှော်လင့်ထားပေ။


အမျိုးသမီးအစေခံတစ်ယောက်က ဝေ့ချန်ကို ချန်လီ၏အခန်းဆီခေါ်သွား၏။အခန်းဟုပြောရမည်ထက် ထပ်ခိုးအသေးလေးသာဖြစ်ပြီး ထပ်ခိုး၏တံခါးကပိတ်ထားလေသည်။ဝေ့ချန်ကိုခေါ်လာသည့် အမျိုးသမီးအစေခံက ထပ်ခိုးရှေ့မှာရပ်ပြီး ဆိုလေသည်။


"ဝေ့လူကြီးမင်း သခင်လေးကအနှောက်အယှက်ခံရတာကို မကြိုက်ပါဘူး...ဒါကြောင့် ကျွန်မအရင်ဆင်းသွားနှင့်ပါ့မယ်"


ချန်လီအကြောင်းပြောသောအခါ အစေခံ၏လေသံမှာ လေးစားမှုအရိပ်အယောင်မပါပေ။ဝေ့ချန် သူမလေသံထဲက အထင်အမြင်သေးမှုကိုပင်ကြားနေရသည်။


ချန်မိသားစုရှိ အစေခံတိုင်းက ချန်လီကို အထင်အမြင်သေးကြမှန်း သိသာလေသည်။


သခင်ရဲ့ညွှန်ကြားချက်မပါဘဲ ဘယ်အစေခံက ဒီလိုမျိုး ပေါ်တင်မထီမဲ့မြင်ပြုရဲ အထင်သေးပြရဲမှာလဲ...


ဝေ့ချန် သူ့မျက်နှာပေါ်မှာ ဘာအမူအရာမှထုတ်မပြသော်လည်း ရင်ဘက်ထဲမှာချန်လီ၏အခြေအနေအတွက် စိတ်မကောင်းဖြစ်မိလေသည်။ချန်လီကိုချန်မိသားစုထဲကတတ်နိုင်သမျှ အမြန်ဆုံးခေါ်ထုတ်သည်က အမှန်ကန်ဆုံးရွေးချယ်မှုဖြစ်သည်ဟု သူခံစားရသည်။


အစေခံထွက်သွားပြီးနောက် ဝေ့ချန်က ရှေ့သို့တိုးသွားပြီး အခန်းတံခါးကိုညင်ညင်သာသာ ခေါက်လိုက်သည်။အထဲမှာ တိတ်ဆိတ်နေပြီး တုံ့ပြန်သံတစ်ခုမှထွက်မလာပေ။ချန်လီ၏စရိုက်အရ တံခါးလာပြီးဖွင့်လိမ့်မည်မဟုတ်ကြောင်း သိသော်လည်း အထဲကတိတ်ဆိတ်နေမှုကို ခံစားရသည့်အခါ အကြောင်းပြချက်မရှိပါဘဲ ဝေ့ချန် အထိတ်ထိတ်အပျာပျာဖြစ်လာပြီး တံခါးကို ပို၍အလောတကြီးခေါက်မိတော့သည်။


ဝေ့ချန်ကိုစောင့်ကြိုနေသည်က တိတ်ဆိတ်မှုပဲဖြစ်နေဆဲ ဖြစ်လေသည်။ဝေ့ချန်၏နှလုံးသားက ပိုပိုပြီးစိုးရိမ်လာပြီး တစ်စုံတစ်ယောက်၏ ဆွဲထုတ်ခြင်းခံနေရသလိုမျိုး သူ့လည်ချောင်းအပြင်ဘက်ကို ခုန်ထွက်တော့မည့်အတိုင်း တဒုန်းဒုန်းဖြစ်လာခဲ့လေသည်။ထိုအခိုက်အတန့်မှာ ဝေ့ချန်စိတ်လွတ်သွားပြီး နောက်ပြန်ဆုတ်ကာအခန်းတံခါးကို ပြေးကန်တော့သည်။


အခန်းတံခါး ပွင့်သွားသည့်အခိုက်တွင် အပူလှိုင်းတစ်ခုနှင့်ဆေးနံ့ပြင်းပြင်းက ဝေ့ချန်၏ခန္ဓာကိုယ်ကိုရိုက်ခတ်လာသည်။ဝေ့ချန်လည်း ထိုသည်ကိုဂရုမစိုက်နိုင်ဘဲ ကျဥ်းကျဥ်းကျုတ်ကျုတ်ထပ်ခိုးခန်းလေးထဲမှာ ချန်လီ၏ပုံရိပ်​လေးကိုရှာဖွေလိုက်သည်။


ထပ်ခိုးလေးက သေးငယ်ပြီး ဝေ့ချန် ချန်လီကို တစ်ချက်ကြည့်ရုံဖြင့်ရှာတွေ့သည့်နီးပါးဖြစ်ခဲ့လေသည်။ပိန်ပါးပါးလူငယ်လေးက ပုံဆွဲပျဥ်ပြားရှေ့မှာ မတ်မတ်ထိုင်နေပြီး လက်ထဲမှာ စုတ်တံကို ကိုင်ပြီးစက္ကူပေါ်မှာ ဝှေ့ယမ်းနေသည်။အပြင်ဘက်မှာ နေမင်းကြီးက တောက်ပနေသော်လည်း လူငယ်လေးဆွဲထားသည့်ကမ္ဘာကြီးက မှောင်မည်းကာ ကျဥ်းကျုတ်နေသည်။ထိုအထဲမှ စိတ်ပျက်အားငယ်မှုအငွေ့အသက်ပြင်းပြင်းကိုရရှိနေပြီး ကြည့်ရူသူအား မွန်းကြပ်လုမတတ်ဖြစ်​စေသည်။


ချန်မိသားစုဗီလာမှာ အမှန်တကယ်တွင်

ဗဟိုလေအေးပေးစနစ် ပါရှိလေသည်။နွေလယ်ခေါင်မှာ အပြင်ဘက်ရှိလေက မည်မျှပင်ပူနေပါစေ ချန်မိသားစုဗီလာထဲမှာက နွေဦးကဲ့သို့အေးမြလေသည်။တစ်ခုတည်းသောခြွင်းချက်က နေရောင်ခြည်ကို တိုက်ရိုက်ရရှိနေသော ​အပေါ်ဆုံးက ထပ်ခိုးဖြစ်၏။အပူချိန်က အပြင်ဘက်ကအပူချိန်နှင့်ယှဥ်နိုင်ပြီး ပြတင်းပေါက်များပိတ်ထား​​သောကြောင့် လေဝင်လေထွက်မရှိပေ။ဤအခန်းထဲကအပူချိန်ကို စိတ်ကူးယဥ်ကြည့်နိုင်ပေသည်။


ဝေ့ချန်ဝင်လာသည်က ခဏလေးရှိသေးသော်လည်း သူ့နဖူးမှာ ချွေးသီးချွေးပေါက်များထွက်နေပြီ ဖြစ်သည်။သို့ပေမဲ့ဝေ့ချန်က အသိစိတ်ပျောက်ဆုံးနေဟန်ရှိပြီး လူငယ်လေး၏ကျောပြင်ကိုပဲ တမေ့တမောငေးကြည့်နေခဲ့သည်။အချိန်တစ်ခုလောက်အထိ ပြောရမည့်စကားများကိုမေ့သွားသလို သူဘယ်ရောက်​နေလဲဆိုသည်ကိုလည်းမေ့သွားခဲ့သည်။


ဤအခိုက်အတန့်မှာ သူ့ရင်ဘက်ထဲမှာ မီးရှူးမီးပန်းများ​ဖောက်နေသလိုပင်။လူငယ်လေး၏ကျောပြင်မတ်မတ်က သူ့မှတ်ဉာဏ်များထဲရှိ သွေးများစွန်းပေနေပေမဲ့ပြုံးနေသောမျက်နှာလေးနှင့် တစ်ထပ်တည်းကျသွားခဲ့သည်။


ဝေ့ချန် ပျော်လွန်း၍ မျက်လုံးများထဲမှာ ချက်ချင်းလက်ငင်းမျက်ရည်များပြည့်လျှံလာခဲ့သည်။နောက်အခိုက်အတန့်မှာပဲ ခရစ်စတယ်လိုကြည်လင်နေသောမျက်ရည်ပေါက်များက ဝေ့ချန်၏မျက်လုံးများထဲမှစီးကျလာပြီး ပါးပြင်ကိုဖြတ်၍ သူ၏မေးရိုးထင်းထင်းပေါ်ဝယ် ရေစက်ရေပေါက်များအဖြစ်သို့ စုစည်းကာ တစ်ပေါက်ပြီးတစ်ပေါက်ကျ​လေတော့သည်။


ခဏနေသောအခါ ဝေ့ချန်က သူ့မျက်နှာပေါ်က မျက်ရည်များကို သာမန်ကာလျှံကာသုတ်လိုက်ပြီး ချန်လီဆီလျှောက်သွားကာ ချန်လီဘေးမှာရပ်လိုက်၏။သူ ချန်လီကိုထိရန်လက်လှမ်းလိုက်ပေမဲ့ သူ့လက်ကိုမြှောက်လိုက်သည့်အခိုက်မှာပဲ သူ့တန့်သွားပြန်သည်။ယခုအချိန်မှာ ချန်လီက သူသတ်မှတ်ထားသည့်ကမ္ဘာထဲမှာ သူ့ကိုယ်သူ ကန့်သတ်ပိတ်လှောင်ထားသည်။တခြားသူများ၏အထိ​အတွေ့က ချန်လီအတွက်အနာကျင်ရဆုံးအရာဖြစ်လေသည်။


"ချန်လီ..."


ဝေ့ချန် ချန်လီ၏နာမည်ကို အသာအယာ ခေါ်လိုက်၏။အနှီစကားနှလုံးက ဝေ့ချန်၏နှုတ်ဖျားမှထွက်လာသည့်အခါဝယ် မဖော်ပြနိုင်လောက်အောင်နူးညံ့ညင်သာနေခဲ့လေသည်။


လူငယ်လေးက တစ်ယောက်ယောက် ဝင်လာသည်ကိုသတိပြုမိပုံမရဘဲ သူ့အကြည့်က အဝေးကိုပဲရောက်နေခဲ့သည်။တိုက်ဆိုင်စွာပင် ပြတင်းပေါက်ဆီက ခုန်ဝင်လာသော နေအလင်းတန်းတစ်ခုက ပုံဆွဲစက္ကူပေါ်မှာဖြာကျကာအ​မှောင်မည်းဆုံးနေရာပေါ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ကျဆင်း​နေခဲ့လေသည်။



💘