Chapter 16+17
Viewers 3k

💘Chapter 17 

အိပ်မပျော်ခြင်း




နွေရာသီနေက နေ့လည်ရောက်ခါနီးလေလေ ပိုပိုပြင်းလာလေလေဖြစ်သည်။ပူ​ပြင်းလွန်း၍ ကမ္ဘာကြီးတစ်ခုလုံး ညှိုးနွမ်းနေသယောင်ဖြစ်​နေသည်။


ဝေ့ချန်က ချန်လီအပူလျှပ်သည်က မပျောက်သေးမှာစိုးသဖြင့် နေပူလာသည်နှင့် ချန်လီကိုပန်းချီဆွဲနေခြင်းအားရပ်ခိုင်းလိုက်၏။သူရပ်ခိုင်းလိုက်သည့်​အချိန်က ကွက်တိဖြစ်ပြီး ချန်လီ ပန်းချီတစ်ကားပြီး၍နောက်တစ်ကားဆွဲတော့မည်အချိန်ဖြစ်လေသည်။


ချန်လီက ကင်းဗတ်စနှင့်ရေဆေးများကိုပဲ 

မျက်လုံးရွဲကြီးများဖြင့် ကြည့်နေပြီး ဝေ့ချန်ကို ထိုပစ္စည်းများအားပြန်မသိမ်းစေချင်မှန်းသိသာလေသည်။သူ့က ဘာစကားမှမဆိုပေမဲ့ သူ့အကြည့်က ရုံးအိတ်ပေါ်ရောက်သွားပြီးနောက် ပြန်ခွာမလာတော့ပေ။


ဝေ့ချန်က ချန်လီ၏အတွေးများကိုမသိဘဲ မည်သို့နေမည်နည်း။သို့ပေမဲ့သူချန်လီကိုနေပူပူအောက်မှာပန်းချီဆက်ဆွဲခိုင်းမှာမဟုတ်ပေ။သူက လက်ဆန့်ကာချန်လီ၏ဆံပင်လေးကိုပွတ်ပေးလိုက်ပြီးပြောလိုက်၏။


"မနက်ဖြန်ကျရင် ကိုယ်မင်းကို တခြားနေရာတွေမှာပန်းချီဆွဲဖို့ခေါ်သွားပေးမယ်...အခုက ပိုပိုပူလာနေပြီ...မင်းက လုံးဝကြီးနေကောင်းသေးတာမဟုတ်ဘူး...အပူဒဏ်ထပ်ခံလို့မရဘူး"


သူပြောသည်ကို ချန်လီ  နားလည်မလည်သူမသိပေမဲ့ ဝေ့ချန်စကားဆုံးသွားချိန်မှာ ချန်လီက သူ့အကြည့်ကိုရုံးအိတ်ဆီကနေရွှေ့သွားပြီး ဝေ့ချန်၏နူးညံ့သောမျက်ဝန်းများဆီကြည့်လာသည်။ထို့နောက် တစ်စုံတစ်ခုကိုအတည်ပြုချင်နေသည့်အတိုင်း ရုံးအိတ်ကိုပြန်ကြည့်​ပြန်လေသည်။


"စိတ်မပူပါနဲ့...မနက်ဖြန်ရာသီဥတုကောင်းသရွေ့ ကိုယ်မင်းကိုဒီနေရာကိုခေါ်လာပေးမယ်နော်"


ဘာကြောင့်မှန်းမသိပေမဲ့ ဝေ့ချန် ချန်လီ၏ အပြောင်းအလဲမရှိသောမျက်လုံးများကနေတဆင့် ချန်လီ၏စိတ်ကိုဖြတ်မြင်နိုင်နေခဲ့သည်။


ချန်လီက စိတ်အေးသွားပုံရသည်။သူက ခုံပေါ်ကနေဆင်းကာမတ်တပ်ထရပ်လိုက်သည်။သူ ထရပ်လိုက်သည်နှင့် သူ့ရှေ့မှာလက်တစ်ဖက်ပေါ်လာသည်ကိုသူမြင်လိုက်ရသည်။လက်ချောင်းသွယ်သွယ်များက နေရောင်အောက်မှာ အနည်းငယ်ဝင်းလက်နေယောင်။ချန်လီ ထိုလက်ချောင်းများကိုအကြာကြီးစိုက်ကြည့်နေပြီးနောက် မဝံ့မရဲနှင့်သူ့လက်လေးကိုဆန့်ထုတ်လိုက်၏။သူ၏ ဖြူရော်ရော်လက်ချောင်းထိပ်ဖျားများက အနည်းငယ်တုန်ရီနေပြီး နေရောင်ခြည်များကို နေရာအနှံ့ ပြန့်ကျဲလျက် သက်ဆင်းသွားစေသည်။


နှစ်ဦးသား၏လက်များထိတွေ့သွားသည့်အခိုက်တွင်ချန်လီက ဓာတ်လိုက်ခံရသည့်အတိုင်းတွန့်သွားပြီး သူ့လက်ကိုနောက်ပြန်ဆုတ်ချင်ခဲ့သည်။သို့ပေမဲ့ ဝေ့ချန်လှုပ်ရှားသည်က ပို၍မြန်ပြီး ချန်လီ၏လက်များကို သူ့လက်ထဲမှာမြဲမြံစွာ ဆုပ်ကိုင်ထားလိုက်လေသည်။


နွေရာသီမှာအပူချိန်ကမြင့်ပြီး ဝေ့ချန်၏ခန္ဓာကိုယ်ကလည်းပူနေသည်။သူ့လက်ဖဝါးများက အနည်းငယ်ချွေးများစို့နေပေမဲ့ ချန်လီ၏လက်ကိုဆုပ်ကိုင်လိုက်ချိန်မှာ အားအင်အပြည့်နွေးထွေးမှုအပြည့်နှင့်ဖြစ်လေသည်။


ချန်လီက ရုန်းကန်နေခြင်းကိုရပ်လိုက်ပြီး လိမ်လိမ်မာမာနှင့်သူ့လက်ကို ဝေ့ချန်၏လက်ဖဝါးထဲမှာထည့်ကာ ဝေ့ချန်နောက်ကနေတစ်လှမ်းချင်းလိုက်ရင်း သူ၏အခန်းဆီ လျှောက်လာခဲ့လိုက်သည်။


ဤနွေမှာ နေက တောက်ပစွာ သာနေပြီး

သစ်ကိုင်းသစ်ခက် သစ်ရွက်များက ဝေဝေဆာဆာနှင့် အစိမ်းရောင်ကမ္ဘာကြီးက အသက်ဝင်မှုအပြည့်ရှိနေခဲ့လေသည်။

*


ညနေပိုင်းတွင် ဝေ့ချန်က ချန်လီညစာစားသည်ကို စောင့်ကြည့်​နေခဲ့ပြီး ချန်လီနှင့်ခဏလောက်အတူနေပေးခဲ့သည်။နေမကောင်းဖြစ်သည်ကမပျောက်သေး၍ဖြစ်မည်၊ချန်လီကအစောကြီးအိပ်ပျော်သွားခဲ့၏။


ဝေ့ချန်က လူနာကုတင်ဘေးမှာထိုင်ပြီး ကုတင်ပေါ်ကချန်လီကို နူးညံ့စွာကြည့်နေခဲ့သည်။နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေချိန်၌ပင် ချန်လီ၏မျက်ခုံးများက ပြေလျော့မသွားဘဲ မျက်မှောင် တင်းတင်းကြုံ့ထားလေသည်။သူ ဘာအိပ်မက်မက်နေလဲ ဝေ့ချန်မသိပါချေ။


ဝေ့ချန်က လက်ဆန့်လိုက်ပြီး သူ၏လက်ချောင်းသွယ်သွယ်များက ချန်လီ၏မျက်ခုံးများကို ညင်သာစွာထိတွေ့ကာ အသာအယာဆွဲဆန့်​​ပေးရန်ကြိုးစားခဲ့သည်။သို့ပေမဲ့ သူထိလိုက်သည့်​အခိုက်မှာပဲ သူ နောက်ပြန်တွန့်သွားသည်။


ချန်လီက အလွန်အိပ်ရေးဆတ်သည်။သူသာ အနည်းငယ်ပိုလှုပ်ရှားလိုက်လျှင် သေချာပေါက်ချန်လီကိုနှောက်ယှက်မိလိမ့်မည်။


အဆုံးမှာ ဝေ့ချန်က ချန်လီကိုစောင်ပဲဆွဲခြုံပေးလိုက်ပြီး ချန်လီ၏နားထဲမှာ တိုးဖွဖွလေးပြောလိုက်၏။


"ဂွတ်နိုက်...အိပ်မက်လှလှမက်ပါစေ"


သူ့မျက်လုံးများက နူးညံ့နေပြီး သူ့လေသံက မြတ်နိုးမှုများပြည့်နေသည်။


ဝေ့ချန် အိပ်ရာဘေးမှာ ခဏလောက်နေပြီး ထရပ်လိုက်၏။သူအပြင်ထွက်တော့မည့်အချိန်မှာပဲ ကုတင်ပေါ်ကချန်လီက အိပ်မက်ဆိုးမက်နေပုံရပြီး ရုန်းကန်နေလေသည်။ဝေ့ချန်ချက်ချင်းအနားတိုးသွားကာ ချန်လီ၏လက်ကိုကိုင်ပြီး နူးညံ့စွာနှစ်သိမ့်ပေးလိုက်၏။


"ကိုယ်ရှိတယ်လေ...ကိုယ်မင်းအနားမှာပဲနေမှာပါ"


ဝေ့ချန်၏နှစ်သိမ့်မှုက အလုပ်ဖြစ်၍ဖြစ်နိုင်သည်၊ချန်လီက တဖြည်းဖြည်းနှင့်ရုန်းကန်နေခြင်းရပ်သွားပြီး ပြန်လည်တည်ငြိမ်သွား၏။သို့ပေမဲ့သူမျက်ခုံးများက တင်းတင်းကြပ်ကြပ် ကြုံ့ထားသည်။မူလက ပက်လက်​​​လေး အိပ်နေရာကနေ

ကြုံကြုံ့လေးကွေးနေသည့်ပုံစံဖြစ်သွားပြီး အလွန်အမင်း စိတ်မလုံမခြုံဖြစ်နေပုံရလေသည်။


ချန်လီ၏ရုန်းကန်မှုကြောင့် စောင်ကချန်လီကိုယ်ပေါ်ကနေ ကွာကျသွားပြီး လူနာဝတ်စုံကလည်း အနည်းငယ်အပေါ်လိပ်တက်သွားသည်။ဝေ့ချန်ထရပ်ပြီး ချန်လီ၏လူနာဝတ်စုံကို ပြန်ဆွဲချပေးမည်ပြုလိုက်သည်။သို့ပေမဲ့ သူ့လက်က ချန်လီ၏လူနာဝတ်စုံကိုထိလိုက်သည့်အခိုက်မှာပဲ သူ့မျက်လုံးများက ချန်လီ၏ခါးတဝိုက်က အရေပြားဆီ​ရောက်သွားသည်။သူ့အကြည့်များက ချက်ချင်းဆိုသလိုပင် အရိုးထိအောင်အေးသော ရေသေအိုင်ကြီးတစ်ခုအတိုင်း ရေခဲတမျှအေးစက်ကာ နက်ရှိုင်းသွားခဲ့​လေသည်။



<< >>


💘Chapter 18 

အ​ခြေအနေကိုဆွေးနွေးခြင်း



ချန်လီက အလုံပိတ်အခန်းထဲမှာပဲ အချိန်အကြာကြီးနေခဲ့ပြီး နေရောင်နှင့်ထိတွေ့ခဲသဖြင့် ချန်လီ၏အသားအရည်က ဖြူ​အုပြီးနူးညံ့နေသည်။သို့ပေမဲ့ ထိုသို့ဖြူအုနေမှုက ချန်လီ၏ခန္ဓာကိုယ်ပေါ်ကဒဏ်ရာများကို အလွန်ကိုမှထိတ်လန့်စရာကောင်းသွားစေလေသည်။


ဝေ့ချန် ချန်လီ၏လူနာအင်္ကျီကိုအပေါ်သို့ နည်းနည်းချင်းတွန်းတင်လိုက်လေလေ အညိုအမည်းစွဲနေသောဒဏ်ရာအသစ်အဟောင်းများစွာ ပေါ်လာလေလေဖြစ်လေသည်။ယင်းတို့က ချန်လီ၏ခန္ဓာကိုယ်ပေါ်မှာ အရုပ်ဆိုးစွာ စွန်းထင်လျက် ပြန်ကျဲ့နေပြီး ဖြူအုအုအသားအရည်ပေါ်မှာ အစိမ်းပုတ်ရောင်နှင့်အညိုအမည်းကွက်များ ရောနှောတည်ရှိနေသောအခါ မြင်ကွင်းက တကယ်ကိုကြောက်စရာဖြစ်လေသည်။


ဝေ့ချန်က ချန်လီ၏အင်္ကျီကို အပေါ်ထပ်​ပြီး ဆွဲတင်မကြည့်ခဲ့သလို ဘောင်းဘီကိုလည်းချွတ်ပြီးမစစ်ဆေးခဲ့ပါချေ။ပထမဆုံးအနေဖြင့် သူချန်လီကို မနှောက်ယှက်ချင်ပေ။ဒုတိယအနေဖြင့်က သူ မကြည့်ရဲ၍ဖြစ်၏။


ခါးလေးတောင် ဒီလောက်ထိတ်လန့်စရာကောင်းနေရင် တခြားနေရာတွေဆိုဘယ်လိုနေမလဲ...၎င်းကိုတွေးမိချိန်မှာ ဝေ့ချန်၏ရင်ဘက်ထဲမှာတင်းကြပ်သွားရပြီး သူ့နှလုံးသားကနာကျင်လာသည်။


'လူနာက အထီးကျန်ဆန်ပြီး ကြမ်းတမ်းရက်စက်တဲ့နေရာမှာ အကြာကြီးနေခဲ့ရတာ'

 

ဆရာဝန်၏စကားများကို သူနားထဲမှာပြန်ပြီးကြားယောင်လာသည်။အစတုန်းက ချန်လီက ချန်မိသားစု၏ အေးစက်စက်ပစ်ပယ်ထားမှုကိုပဲခံခဲ့ရသည်ဟု သူထင်ခဲ့သည်။ယခုကြည့်ရသည်မှာ အေးစက်စက်ပစ်ပယ်ထားမှုထက်ပိုနေပုံရ၏။ဤဒဏ်ရာအသစ်အဟောင်းများက ချန်မိသားစု ချန်လီဆီကိုယူဆောင်လာခဲ့သောနာကျင်မှုများကိုပြနေသည်။


ချန်လီက တခြားအော်တစ်ဇင်များထက် လူများနှင့်ထိတွေ့ဆက်ဆံရမည်ကိုပိုကြောက်နေသည်က မဆန်းတော့ပေ။သူ သူ၏ကိုယ်ပိုင်ကမ္ဘာလေးထဲမှာနစ်မြုပ်နေစဥ်မှာ ပြင်ပကမ္ဘာမှ အဆုံးမရှိသောမလိုတမာစိတ်များကိုလည်း ခံစားခဲ့ရ၍ဖြစ်လေသည်။


ဝေ့ချန် သူ့နှလုံးသားထဲမှာ​ကြွတက်လာသည့်ဒေါသများကိုဖိနှိပ်ရန် အတော်လေးကြိုးစားခဲ့ရသည်။သူက ချန်လီ၏အင်္ကျီကို ညင်သာစွာ ပြန်ဆွဲချပေးလိုက်ပြီး စောင်လေးပြန်ခြုံပေးလိုက်သည်။ပြီးလျှင် အပြင်ထွက်ပြီး တာဝန်ကျသည့်သူနာပြုများကိုလူနာ​ဆောင်ထဲကလှုပ်ရှားမှုကိုပိုပြီးအာရုံစိုက်ရန်ညွှန်ကြားလိုက်သည်။အကုန်လုံးပြီးမှသာ သူ၏ဒေါသကိုဖိနှိပ်ပြီးဆေးရုံကနေထွက်ကာ ချန်မိသားစုအိမ်သို့ နောက်တစ်ခေါက်​ပြန်သွားလိုက်၏။

*


ဘာကြောင့်မှန်းမသိပေမဲ့ ချန်ချင်း မူလက ကျောင်းကိုပြန်သွားရန် စီစဥ်ထားသော်လည်း ယခု သူခွင့်တစ်ပတ်ယူပြီး ရှန်ဟိုင်းမှာဆက်နေလိုက်သည်။လဝက်ကျော်ကျော်လောက် အလုပ်ကိစ္စဖြင့်ခရီးထွက်နေသော ချန်ချင်း၏အဖေ ချန်ယွင်ရှန့်ကလည်း ယနေ့အိမ်ပြန်ရောက်လာသည်။ချန်ချင်း၏ညီမ ချန်ယွီကလည်း ကျောင်းကနေအထူးတလည်ပြန်လာသည်။ချန်လီမရှိ၍သာမဟုတ်လျှင် မိသားစုပြန်လည်ပေါင်းဆုံပွဲဟုပင်ခေါ်နိုင်လေသည်။


သို့သော်ငြား အတိအကျကိုပင် ဤတစ်ခေါက်မှာ ချန်လီမရှိ၍ဖြစ်မည်၊အနှီပြန်လည်းပေါင်းဆုံပွဲက အတော်လေးရှားရှားပါးပါးဖြစ်သည်ဟု သူတို့မိသားစုက ခံစားနေရလေသည်။


ညရောက်လာသည်နှင့်အမျှ ချန်မိသားစု၏ညစာထမင်းဝိုင်းမှာလည်း ပျော်ရွှင်စရာကောင်းပြီး သဟဇာတဖြစ်၍ နေသည်။သို့​ပေမဲ့ ထိုသို့သောအခြေအနေက အိမ်တော်ထိန်း ဝင်လာပြီး ဝေ့ချန်​ရောက်နေသည်ဟုသတင်းမပို့လာခင်အထိသာဖြစ်လေသည်။


ထမင်းဝိုင်းရှိလေထုက ထိုအကြောင်းပြချက်ကြောင့် အေးခဲသွားသည်။တုလီရွှင်း၏မျက်လုံးများကနက်မှောင်သွားပြီး လောလောလတ်လတ် ​မြှောက်ထားသည့်တူများကို ပြန်ချလိုက်၏။ချန်ချင်းက မျက်မှောင်တန်းကြုတ်သွားပြီး သူ့မျက်လုံးများထဲမှာဒေါသအနည်းငယ်ပေါ်လာသည်။


မနေ့က အသိစိတ်မဲ့​နေ​သောချန်လီကို ပွေ့ခေါ်သွားချိန်ရှိ ဝေ့ချန်၏ရန်လိုသောအမူအရာကိုပြန်တွေးမိသောအခါ သူ့တို့ အနည်းငယ်ကြောက်စရာကောင်းသလိုခံစား​နေရဆဲဖြစ်လေသည်။သူက သူတို့ကိုဒေါသထွက်နေခြင်းမဟုတ်မှန်းသိသာသော်လည်း သူ၏အေးစက်​သောအရှိန်အဝါက ဒြပ်ရှိနေပြီး သူတို့ကို ထိုးဖောက်နိုင်သည့်အတိုင်းဖြစ်၏။


ပြီးလျှင် ချန်ချင်းက ထိုစဥ်တုန်းက ရှော့ရသည့်အပြင်ကို ဝေ့ချန်ကို ပို၍ပင်ဒေါသထွက်သေးသည်။သူနှင့်ဝေ့ချန်က ရင်းနှီးခဲ့သည်မှာဆယ်နှစ်ကျော်ပြီဖြစ်သည်။ဝေ့ချန်က သူ့ကိုကြမ်းတမ်းသည့်စကားတစ်ခွန်းမှမပြောခဲ့ဖူးပေ။သို့ပေမဲ့ဤတစ်ခေါက်မှာ ဝေ့ချန်ကအရူးတစ်ယောက်အတွက်နှင့် သူ့ကိုဒေါသထွက်ခဲ့သည်။


ချန်ယွင်ရှန့်နှင့်ချန်ယွီက အိမ်မှာမရှိကြသဖြင့် မနေ့ကဘာဖြစ်ခဲ့သည်ကိုမသိကြပေ။ဝေ့ချန်ရောက်နေသည်ဟုကြားသောအခါ ဤအချိန်ကြီးကြမှဝေ့ချန်ဘာလို့ရောက်လာသလဲဟုသာတွေးမိကြသည်။


ချန်ယွင်ရှန့်က လက်ထဲကတူကိုအောက်ချပြီး အိမ်တော်ထိန်းကို ပြောလိုက်၏။

"ဝေ့သခင်လေးကို အထဲဝင်ခိုင်းလိုက်ပါ"


အိမ်တော်ထိန်က တုလီရွှင်းကို တစ်ချက်ခိုးကြည့်လိုက်သည်။တုလီရွှင်း၏မျက်နှာပေါ်မှာ ငြင်းဆန်သည့်အမူအရာမတွေ့ခါမှ အပြင်ထွက်ပြီးဝေ့ချန်ကို အထဲဖိတ်လိုက်၏။


"ဝေ့သခင်လေး ကျေးဇူးပြုပြီးအထဲ​ကြွပါ"

အိမ်တော်ထိန်းက ဝေ့ချန်ကိုခေါ်လာပြီး ကြွပါဆိုသည့်အမူအရာလုပ်ပြလိုက်၏။


"ကျေးဇူးပါ"

ဝေ့ချန်က အိမ်တော်ထိန်းကို ယဥ်ယဥ်ကျေးကျေး ခေါင်းညိတ်ပြလိုက်ပေမဲ့ သူ့မျက်လုံးများက အေးစက်နေပြီး ခံစားချက်တစ်စုံတစ်ရာ မမြင်ရပေ။

……


"ဝေ့ချန် ချန်ချင်းကိုလာတွေ့တာလား"


အိမ်တော်ထိန်းက ဝေ့ချန်ကိုအထဲဖိတ်ရန်သွားသည့်အချိန်အတွင်းမှာ ချန်ယွင်ရှန့်က ဧည့်ခန်းထဲကဆိုဖာပေါ်မှာထိုင်ပြီးနေပြီဖြစ်သည်။သူက ဝေ့ချန်ကိုအပြုံးတစ်ပွင့်ဖြင့်ကြည့်နေသည်။


"ကျွန်တော် ဒီတစ်ခေါက်လာတာက ချန်လီရဲ့အခြေအနေနဲ့ပတ်သက်ပြီး ဦးလေးနဲ့ဆွေးနွေးချင်လို့ပါ"


ဝေ့ချန်ကကွေ့ဝိုက်မနေဘဲ တည့်တိုးသာပြောလိုက်လေသည်။



<< >>


💘