Chapter 18+19
Viewers 6k

💘Chapter 19

 á€›á€˛á€á€ąá€Ťá€şá€œá€­á€Żá€€á€şá€á€šá€ş



နွေလယ်မိုးက ဆိုင်းမဆင့်ဗုံမဆင့်ရွာချလာသည်။


ဝေ့ချန် ချန်မိသားစုအိမ်သို့ရောက်သောအခါ ရာသီဥတုက တိမ်ကင်းစင်၍ ကြည်လင်နေဆဲဖြစ်သည်။


ချန်မိသားစုအိမ်သို့ သူရောက်ပြီးမကြာခင်မှာပဲ မိုးသည်းထန်စွာရွာလာပြီး မိုးခြိမ်းသံများ တဂျိမ်းဂျိမ်းမြည်လာကာ ဤငြိမ်သက်အေးချမ်းရမည့် နွေညကို အနည်းငယ်ဆူညံသွားစေခဲ့လေသည်။


ချန်မိသားစု၏ဧည့်ခန်းထဲတွင် ချန်ယွင်ရှန့်နှင့်ဝေ့ချန်က မျက်နှာချင်းဆိုင်ထိုင်နေကြပြီး လေထုကအနည်းငယ်အေးခဲနေသည်။


ချန်ယွင်ရှန့်က ဝေ့ချန်ကို တိတ်ဆိတ်စွာ ကြည့်နေသည်။ဤတစ်ခေါက်ဝေ့ချန် ဘာကြောင့်ရောက်လာသည်ကို သူမသေချာပေ။ဝေ့ချန်နှင့်ချန်လီ၏လက်ထပ်ပွဲအကြောင်းကို သူလည်းသိပေမဲ့ ယခုဝေ့ချန်ပုံစံကိုကြည့်ရသည်မှာ လက်ထပ်ပွဲကိုငြင်းရန်လာခြင်းဖြစ်ဟန်မတူပေ။


"ဒီကိစ္စမှာ ငါပေါ့လျော့ခဲ့မိတယ်"

ဝေ့ချန်၏ရည်ရွယ်ချက်များကိုသူမမှန်းဆနိုင်သော်လည်း ချန်ယွင်ရှန့်က ပြုံးနေဆဲဖြစ်လေသည်။


"ငါက အခုမှအလုပ်ခရီးကနေပြန်ရောက်ပြီး ထမင်းစားဖို့ထိုင်ခါရှိသေးတယ်...ဆေးရုံကိုသွားပြီး ချန်လီကိုမကြည့်ရသေးဘူး...ချန်လီရဲ့အခြေအနေကို နားမလည်သေးဘူး...ဒါကအဖေတစ်ယောက်အနေနဲ့ငါ့ရဲ့ပေါ့ဆမှုပါ"


"ဦးလေး ပင်ပန်းသွားရပါပြီ"


ဝေ့ချန်က ချန်ယွင်ရှန့်ဘာကိုဆိုလိုသည်ကို မသိသကဲ့သို့ ချန်ယွင်ရှန့်၏စကားများအတိုင်း ရေလိုက်ငါးလိုက်ပြောပေးလိုက်သည်။ချန်ယွင်ရှန့်က သူ့အမှားကိုသူ့ဘက်ကနေစပြီးဝန်ခံသည့်ဟန်ဖြင့် ပေါ့ပေါ့ပါးပါးဆိုလာသော်လည်း အမှန်တွင် သူက ဝေ့ချန်၏စကားများကိုဖြတ်ချကာ ချန်လီ၏အခြေအနေကို သူမသိသည်မျိုးမဟုတ်ပါဘဲ အလုပ်ရှုပ်လွန်း၍ ချန်လီ၏အခြေအနေကို ဂရုမစိုက်နိုင်ခြင်းဖြစ်ကြောင်း ဝေ့ချန်ကိုပြောနေခြင်းဖြစ်လေသည်။


သေချာသည်ပင်၊ဝေ့ချန်၏ယနေ့ရည်ရွယ်ချက်ကသာ သူ့ကို အသိပေးပြီး ​မေးခွန်းထုတ်ရန်ဖြစ်ပါလျှင် ဤ​စကားဝိုင်းက ချန်ယွင်ရှန့်၏'သူ့အမှားကိုဝန်ခံ'သည့်စကားများ၏ထိန်းချုပ်မှုအောက်လုံးလုံးလျားလျားရောက်သွားမှာဖြစ်လေသည်။သို့ပေမဲ့ ဝေ့ချန်၏ရည်ရွယ်ချက်က မေးခွန်းထုတ်ရန်ဟုတ်မနေပါချေ။သူတို့ကိုယ်သူတို့မှားသည်ဟုမထင်ကြသည့် ချန်မိသားစုက အခြားသူများကိုမေးခွန်းထုတ်ခွင့်မည်သို့ပေးပါလိမ့်မည်နည်း။ထို့ကြောင့် ဝေ့ချန်က ရောက်ရောက်ချင်း တန်း'စီရင်ချက်'ချလိုက်သည်။


"ဦးလေးကိုအရင်ဆုံးတောင်းပန်စရာတစ်ခုရှိပါတယ်"


ဝေ့ချန်က ချန်ယွင်ရှန့်၏မျက်လုံးများကိုတည့်တည့်စိုက်ကြည့်ကာပြောလိုက်၏။ပါးစပ်ကတောင်းပန်ချင်သည်ဟုပြောနေပေမဲ့ သူ့မျက်လုံးများကအေးစက်မှုများပြည့်နေခဲ့သည်။တောင်းပန်သည်ဟူသောစကားက ယဥ်ကျေးအောင်သုံးရုံသက်သက်ဖြစ်လေသည်။


"ရပါတယ် ပြောပါ"


ချန်ယွင်ရှန့်၏အပြုံးက မပြောင်းမလဲတည်ရှိနေဆဲဖြစ်သော်လည်း သူမျက်လုံးများက နက်ရှိုင်း၍နေပြီဖြစ်လေသည်။


"ကျွန်တော်ဒီကိုလာတော့ ရဲခေါ်ပြီးပါပြီ"


ဝေ့ချန်က ဆိုဖာပေါ်ကနေထရပ်ကာ အေးစက်စက်မျက်လုံးများဖြင့် ဝေ့ကြည့်လိုက်၏။


ကမ္ဘာပျက်​နေသလိုမျိုး ရုတ်ချည်း မိုးက ဂျိမ်းခနဲခြိမ်းလာသည်။အပြင်ဘက်ရှိလျှပ်စီး၏အလင်းရောင်က ဝေ့ချန်၏အမူအရာမဲ့နေသော မျက်နှာပေါ်မှာလက်သွားပြီး ထိတ်လန့်ချောက်ချားစရာအတိဖြစ်လာလေသည်။သူတို့ အသိစိတ်ပြန်ဝင်လာချိန်မှာ သူတို့လက်မောင်းများမှာ ကြက်သီးများပြည့်နေပြီဖြစ်၏။


ရှန်ဟိုင်းရှိ ချန်မိသားစု၏အဆင့်အတန်းကြောင့် ဝေ့ချန်ရဲကိုခေါ်လိုက်ခြင်းက သူတို့ကိုနည်းနည်းလေးမှ လှုပ်ခါမသွားစေနိုင်ပါချေ။သူတို့ကို ထိတ်လန့်စေသည်က ခုနကဝေ့ချန်ပြသလာသည့် ကျောချမ်းဖွယ်ရာခံစားချက်ပင်ဖြစ်ပေသည်။ဝေ့ချန်၏အကြောသေနေသောမျက်နှာပေါ်မှာ ဘာအမူအရာမှမရှိပေမဲ့ လျှပ်စီးလက်သွားသည့်အခိုက်မှာ သူတို့ဝေ့ချန်ဆီကနေ ခိုင်မာပြတ်သားသော အဓိပ္ပါယ်မဲ့အမုန်းတရားတစ်မျိုးကိုခံစားလိုက်ရသည်။ယင်းက သူတို့ကို ခေါင်းမွှေးများထောင်သွားစေသည်။


ချန်ယွင်ရှန့်နှင့်တုလီရွှင်းတို့နှစ်ယောက်စလုံးက တည်ငြိမ်သောလူများဖြစ်ကြပေမဲ့ ဝေ့ချန်ကိုကြည့်လိုက်မိချိန်မှာ သူတို့မျက်လုံးများထဲမှာ သိချင်စိတ်များအနည်းငယ်ပိုတိုးလာသည်။ချန်ချင်းကလည်း တည်တည်ငြိမ်ငြိမ်ပဲရှိနေသည်။မနေ့ကနှင့် ယခုအချိန်အပြီးမှာ ဝေ့ချန်၏သဘောထားပြောင်းလဲသွားရခြင်း၏အကြောင်းအရင်းကို သူဖော်ထုတ်နိုင်နေပြီဖြစ်သည်။


ထိုသို့ဖြင့် မြင်ကွင်းက အနည်းငယ်တိတ်ဆိတ်နေခဲ့သည်။


"ဝေ့ချန် နင်ဘာကိုဆိုလိုတာလဲ"


များမကြာမီ ရှိနေသူများထဲမှာအငယ်ဆုံးဖြစ်သည့် ချန်ယွီကမထိန်းနိုင်တော့ဘဲ ဒေါသတကြီးမျက်နှာကိုစူဖောင်းကာ ဝေ့ချန်ကို မေးခွန်းထုတ်လိုက်၏။ဤအချိန်ကြီးမှာ သူမတို့မိသားစုညစာစား​နေသည်ကိုလာနှောက်ယှက်သည့်အပြင် သူကရဲပင်ခေါ်လိုက်သေးသည်။သူမတို့ချန်မိသားစုက ရဲကိုမကြောက်ပေမဲ့ မည်သူကမှ သူတို့အိမ်တံခါးမှာ ပြဿနာလာရှာသူကို အပြုံးနှင့်ကြိုဆိုမှာတော့မဟုတ်ပါချေ။


"ငါဘာကိုဆိုလိုတာလဲဟုတ်လား ဟမ့်"


ဝေ့ချန်က သရော်ပြုံးပြုံးချင်ပေမဲ့ မဖွံ့ဖြိုးသောမျက်နှာအာရုံကြောများ၏ဖိအားပေးမှုအောက်မှာ အနှီသရော်ပြုံးလေးက အတော်လေးအကျည်းတန်ကာကြောက်စရာကောင်းသွားရှာလေသည်။


"ချန်လီနဲ့စေ့စပ်ထားသူတစ်ယောက်အနေနဲ့ မင်းတို့လိုလူတွေဆီကနေ ချန်လီအနှိပ်စက်ခံနေရတာကို ရပ်ကြည့်မနေနိုင်ဘူး"



<< >>


💘Chapter 20

 á€…á€Šá€şá€¸á€€á€™á€şá€¸á€œá€ťá€ąá€Źá€ˇá€›á€˛á€™á€žá€Ż



ဝေ့ချန်က စကားဆုံးသောအခါ ချန်ယွီကို အေးစက်သောမျက်လုံးများကြည့်စိုက်ကြည့်လိုက်၏။


ချန်ယွီ အကြောင်းပြချက်မရှိပါဘဲ နောက်တွန့်သွားမိပြီး ပြန်ပြောမည်ပြုလိုက်သည်။


သို့ပေမဲ့ တုလီရွှင်းက ရှေ့တက်လာပြီးသူမ၏လက်ကို ဆုပ်ကိုင်ကာတားလိုက်သည်။တုလီရွှင်း၏ မြင့်မြတ်လှစွာသောအသံကို သူ့နားထဲမှာချက်ချင်းကြားလိုက်ရ၏။


"ငါတော့ဝေ့သခင်လေးပြောတာကို လက်မခံနိုင်ပါဘူး...ချန်လီကငါ့ရဲ့ချန်အိမ်မှာနေတာ...ငါတို့က သူ့ကိုစားစရာသောက်စရာပေးပြီးတင်ကျွေးထားတယ်...သူကပန်းချီဆွဲရတာကြိုက်တဲ့အတွက် ငါတို့ကသူ့ကိုပန်းချီပစ္စည်းကိရိယာအစုံအလင်လည်း ဝယ်ပေးထားတယ်...သူက လူတွေပေါင်းသင်းဆက်ဆံနိုင်ခြင်းမရှိလို့သာမဟုတ်ရင် ငါ သူ့ကို Qတက္ကသိုလ် Bတက္ကသိုလ် အိုးကုန်ကုန်ပြောရရင်နိုင်ငံခြားထိတောင်ပို့ပြီး အကောင်းဆုံးပညာရေးကိုပေးဦးမှာ...ဘာလို့ ငါတို့ကသူ့ကိုနှိပ်စက်ပါတယ်လို့ မင်းကပြောရတာလဲ..."


တုလီရွှင်းက မျက်လွှာပင့်လျက် ဝေ့ချန်ကိုမော့ကြည့်၍လာပြီး သူမနှုတ်ခမ်းထောင့်များက အနည်းငယ်ကော့တက်နေကာ သူမကပင်သာလွန်မြင့်မြတ်နေဟန်လေထုကိုပေးစွမ်းနေလေသည်။


"သခင်မချန်မှာ မေတ္တာကရုဏာတရားကြီးမားတဲ့နှလုံးသားရှိတာပဲ"


ဝေ့ချန်က ပြောလိုက်၏။


"ချန်လီက ခင်ဗျားကို နှစ်ပေါင်းများစွာ ဒုက္ခများစေခဲ့တာပါ့လား...အမှန်တော့ ခင်ဗျားကို ကျွန်တော် ကျေးဇူးတင်ချင်သေးတာ...သူ့ကိုချန်မျိုးရိုးနာမည်ပေးဖို့သဘောတူပြီး ကံမကောင်းစွာနဲ့ခင်ဗျားတို့ချန်မိသားစုဝင်ဖြစ်လာစေခဲ့တဲ့အတွက်လေ"


စကားလုံးများက နည်းနည်းမှ မယဥ်ကျေးပါချေ။


တုလီရွှင်းက တစ်စုံတစ်ခုပြန်ပြောမည်ပြုခါရှိသေး ရဲများရောက်လာသည်။


အိမ်တော်ထိန်းက ရဲများကိုအထဲခေါ်လာခြင်းဖြစ်လေသည်။သူတို့က လက်ရှိတွင် ချန်အိမ်မှာရောက်နေပြီး တလေးတစားနေရမှန်းလည်း သူတို့သိကြသည်။ချန်ယွင်ရှန့်နှင့်တုလီရွှင်းကိုမြင်ပြီးနောက် သူတို့ကရှေ့တက်ပြီးနှုတ်ဆက်လိုက်ကြသည်။တုလီရွှင်း၏အဖေက သူ၏ တိုက်ရိုက်အထက်လူကြီးဖြစ်ကာ ရှန်ဟိုင်းပြည်သူ့လုံခြုံရေးဗျူရို၏ ခေါင်းဆောင်အကြီးအကဲဖြစ်သည်။သူ ဘာကြောင့်ပင်ဖြစ်စေ တုလီရွှင်းနှင့်ချန်မိသားစုကိုစော်ကား၍မရပေ။


သို့ပေမဲ့...


ခေါင်းဆောင်ရဲက ဝေ့ချန်ကိုကြည့်လိုက်ပြီး နဖူးမှာချွေးစေးများပြန်လာသည်။ဤသည်ကဝေ့မိသားစု၏သခင်လေးဖြစ်ကာ သူ သူ့ကိုလည်း ဆန့်ကျင်၍မဖြစ်ပါချေ။


ဒီနေ့ကဘာနေလဲကွာ...ကျားနှစ်ကောင်အချင်းချင်းကိုက်ကြတာ ဘာလို့ သူလိုရဲအရာရှိအသေးလေးကိုဆွဲထည့်ကြတာလဲ...

သူ ဤပြဿနာကို တကယ်မဖြေရှင်းနိုင်ပါချေ။


"ရဲကိုဖုန်းဆက်တာဘယ်သူပါလဲ...ရဲခေါ်ရတဲ့အကြောင်းပြချက်က ဘာလဲ"


ရှိနေသူများကိုတစ်ယောက်ပြီးတစ်ယောက်နှုတ်ဆက်ပြီးနောက် ရဲကအသံမြင့်ကာ မေးလိုက်၏။


"ကျွန်တော်ပါ"

ဝေ့ချန်က ချန်ချင်းမတ်တပ်ထရပ်လိုက်သည်။

"ရဲခေါ်လိုက်တာကျွန်တော်ပါ"


မျက်နှာက အမူအရာမဲ့နေပြီးလေသံကရေခဲတမျှအေးစက်နေ၏။


ရဲက တံတွေးမြိုချလိုက်ပြီး သူ့ကိုယ်သူတည်ငြိမ်အောင်လုပ်ကာ ဟန်ဆောင်ဟိတ်ဟန်ထုတ်၍ မေးလိုက်သည်။

"ဘာလို့ရဲကိုခေါ်လိုက်တာပါလဲ"


ဝေ့ချန်က သူယူလာသည့်ဖိုင်အိတ်ကို ရဲဆီကမ်းပေးလိုက်ပြီး ပြောလိုက်သည်။


"ဒါက ကျွန်တော်နဲ့စေ့စပ်ထားသူ ချန်လီရဲ့ဒဏ်ရာစစ်ဆေးမှုရလဒ်ပါ...ချန်အိမ်မှာရှိနေစဥ်အတွင်း သူအိမ်တွင်းအကြမ်းဖက်မှုကိုခံစားနေရတယ်လို့ ကျွန်တော် သံသယဖြစ်မိပါတယ်"


ရဲက ဝေ့ချန်ကမ်းပေးသည့်ဖိုင်အိတ်ကိုယူလိုက်ပြီး ဝေ့ချန်ကိုရှက်ရွံ့စွာကြည့်လိုက် ချန်မိသားစုကိုကြည့်လိုက်ဖြင့် သူဖွင့်သင့်မဖွင့်သင့်တွေးနေသည်။


ရဲက ချီတုံချတုံနှင့်အချိန်ဆွဲနေချိန်မှာ တုလီရွှင်း၏ မျက်လုံးများကလက်ခနဲဖြစ်သွားပြီး ဘေးမှာစောင့်နေသည့်အိမ်တော်ထိန်းကိုပြောလိုက်၏။


"သခင်လေးချန်လီကို ဂရုစိုက်ဖို့တာဝန်ယူထားတဲ့ အစေခံကို သွားခေါ်လာခဲ့"


အိမ်တော်ထိန်းက အမိန့်ကိုနာခံပြီးထွက်သွားသည်။အိမ်တော်ထိန်းထွက်သွားရာဘက်ကိုကြည့်ရင်း ချန်ယွင်ရှန့်၏မျက်လုံးများက အနည်းငယ်မှေးကျဥ်းသွားလေသည်။


မိနစ်အနည်းငယ်ကြာသောအခါ အိမ်တော်ထိန်းက အတုန်တုန်အယင်ယင်ဖြစ်နေသော အစေခံတစ်ယောက်နှင့်ပြန်ရောက်လာသည်။သူမက ဘေးပတ်ပတ်လည်ကို မဝံ့မရဲကြည့်ကာ

လည်ပင်ကြုံ့ဝင်သွားပြီးခေါင်းငုံ့ထားလေသည်။


တုလီရွှင်းက အစေခံကို တည်ငြိမ်စွာကြည့်ကာဆိုလိုက်၏။


"သခင်လေးချန်လီက ငါတို့ချန်မိသားစုရဲ့နှိပ်စက်တာကိုခံခဲ့ရတယ်လို့ ဝေ့သခင်လေးကပြောတယ်...ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာကိုဝေ့သခင်လေးကိုပြောပြလိုက်"


အစေခံကတုန်သွားပြီး အထစ်ထစ်အအအဆို၏။

"သခင်လေးချန်လီက သူ့ဘာသာသူ...သူလဲတာပါ...သခင်လေးချန်လီ...သူ...သူကခေါင်းမကောင်းဘူး...တစ်ခါတလေ သူအရူးပြန်ရင်သူ့ကိုယ်သူရိုက်တတ်တယ်...ကျွန်မတို့တားလို့မရဘူး"


အစေခံ၏အသံက ပြောရင်းပြောရင်းနှင့်ပိုပိုယုံကြည်မှုရှိလာပြိးပိုကျယ်လာသည်။


"ဝေသခင်လေးနဲ့အရာရှိကျန့်တို့ရှင်းရှင်းလင်းလင်းကြားလိုက်ကြရဲ့လား...ချန်လီကအော်တစ်ဇင်ဖြစ်နေတဲ့လူ...သူတစ်ခုခုမလုပ်အောင် ကျွန်မတို့တားလို့မရဘူး"

တုလီရွှင်းကပြုံးကာပြောလိုက်၏။


ဝေ့ချန်ကတုလီရွှင်းကိုဂရုမစိုက်ဘဲ အစေခံ၏ရှေ့တည့်တည့်ကို လျှောက်သွားလိုက်ပြီး သူ့အကြည့်က အစေခံ၏အပေါ်ရောက်သွားကာ အေးစက်စွာ ပြောလိုက်၏။


"ဒါဆိုလည်းပြောပါဦး ငါတို့ကဘာလို့ချန်လီရဲ့ဒဏ်ရာထဲမှာ မင်းရဲအရေပြားတစ်ရှူးကိုတွေ့တာလဲ...ဘာလို့ မင်းရဲ့လက်သည်းကျိုးတွေကို ဆိတ်ရာ​တွေ​ပေါ်မှာ တွေ့တာလဲ"


"ဒါ...ဒါက..."


အစေခံ၏မျက်လုံးများက ဂနာမငြိမ်ဖြစ်လာပြီး ကိုယ့်လက်များကိုယ်လိမ်ညစ်နေသည်။လက်တစ်ဖက်က မသိစိတ်ဖြင့် သူ၏ညာဘက်လက်မကို

ပတ်ချာလှည့်နေ၏။လက်သည်းက ညှပ်ပြီးခါစဖြစ်ကာ ဝန်းဝိုင်းပြီးချောမွေ့နေသည်။


"ဘာလဲ...ချန်လီကမင်းရဲ့လက်သည်းတွေကိုလိမ်ချိုးပြီး သူ့အသားပေါ်သူစိုက်လိုက်တာလား"


ဝေ့ချန်၏အသံက အေးစက်သထက်အေးစက်လာပြီး အစေခံ၏ဆီကိုဖိအားတစ်ခုပြေးဝင်လာသည်။


အစေခံကနဂိုကတည်းက လိပ်ပြာမလုံဖြစ်နေလေရာ ဝေ့ချန်၏ဖိအားအောက်မှာ သူမစိတ်ပိုင်းဆိုင်ရာပြိုလဲသွားပြီး

ချန်လီကိုနှိပ်စက်မိပါကြောင်း ငိုယိုကာဝန်ခံတော့သည်။


"အရာရှိကျန့် ကြားလိုက်ပါရဲ့လား"


ဝေ့ချန်က သူလိုချင်သည့်အဖြေကိုရပြီးနောက် အရာရှိကျန့်ကိုလှည့်ကြည့်လိုက်၏။


"ကြား...ကြားလိုက်ပါတယ်"


အရာရှိကျန့်က အနည်းငယ်မှင်တက်နေဆဲဖြစ်ပြီး မသိစိတ်ဖြင့်ပြန်ဖြေလိုက်လေသည်။ထို့နောက်မှာတော့ သူဘာလုပ်ရမှန်းမသိတော့ပေ။


"ကျွန်မရဲ့အစေခံကို ဒီလိုမျိုးအရာမျိုးလုပ်စေခဲ့မိတာ ကျွန်မရဲ့စည်းကမ်း​လျော့ရဲမှုပါ...အရာရှိကျန့် လုပ်သင့်လုပ်ထိုက်တဲ့အတိုင်းသာ လုပ်လိုက်ပါ"


တုလီရွှင်း၏မျက်နှာ​ပေါ်ကအမူအရာက များစွာပြောင်းလဲမသွားပေ။သူမက အစေခံကို ဂရုမစိုက်စွာကြည့်ပြီးပြောလိုက်ခြင်း ဖြစ်လေသည်။


<< >>


💘