Chapter 20+21
Viewers 6k

💘Chapter 21 

မျက်နှာဖြတ်ရိုက်ခြင်း



"သူ့ကိုဖမ်းကြ..."


တုလီရွှင်း၏အမိန့်ကိုလက်ခံရရှိပြီးနောက် အရာရှိကျန့်က သူ၏လက်အောက်ငယ်သားများအား အစေခံကို ဖမ်းချုပ်ခိုင်းလိုက်၏။


သို့ပေငြား ချန်မိသားစုမှ တစ်စုံတစ်ယောက်ကိုဖမ်းရခြင်းအတွက် သူအလွန်ကိုမှစိတ်ညစ်နေမိသည်။သူမက အရေးမပါသောအစေခံတစ်ဦးမျှသာဖြစ်သော်လည်း ချန်မိသားစုအတွက်သိက္ခာကျစရာဖြစ်သဖြင့် ချန်မိသားစုကိုဆန့်ကျင်သည်ဟု မှတ်ယူ၍ရနိုင်လေသည်။


အစေခံကို ဖမ်းပြီးနောက် ကိစ္စကပြေလည်သွားပြီဟု လူတိုင်းတွေးခါရှိသေး ဝေ့ချန်က အရာရှိကျန့်၏လက်ထဲဖိုင်အိတ်ကို ပြန်ယူလိုက်လေသည်။


အရာရှိကျန့် ပဟေဠိဖြစ်သွား၏။

"ဝေ့သခင်လေး ဒါကသံသယရှိသူကို တရားဆွဲနိုင်မဲ့သက်သေလေ...ဘာလို့ပြန်ယူချင်ရတာလဲ"


ဝေ့ချန်က သူ့လက်ထဲကဖိုင်အိတ်ကိုမြှောက်ပြလိုက်ပြီးဆို၏။

"ဘာဒဏ်ရာစစ်ဆေးမှုရလဒ်မှမရှိဘူး...သံသယရှိသူကိုအပြစ်ဝန်ခံအောင်လုပ်ဖို့နည်းလမ်းတစ်ခုသက်သက်ပဲ...စာရွက်ဗလာ လေးငါးရွက်တင်ပါ"


တုလီရွှင်း၏ မျက်ခုံးများ အနည်းငယ်ကြုံ့သွားပေမဲ့ များမကြာမီ ပြန်လည်ပြေလျော့သွားသည်။သို့ပေမဲ့ ဝေ့ချန်အပေါ်သို့ရောက်နေသော သူမအကြည့်ကအနည်းငယ်ပိုအေးစက်လာလေသည်။

 

ချန်နှင့်ဝေ့မိသားစုများ၏ ကိစ္စများက သူကြည့်နေ၍ဖြစ်သည့်အရာမဟုတ်မှန်း အရာရှိကျန့်သိလေသည်။ထို့ကြောင့် အစေခံကိုဖမ်းပြီးနောက် သူချက်ချင်းထွက်လာခဲ့လိုက်သည်။သူက ချန်နှင့်ဝေ့မိသားစုများကဲ့သို့သော အကောင်ကြီးကြီးနှစ်ကောင်ကို မရွှေ့နိုင်သည့် ပမွှားလေးဖြစ်သည်မဟုတ်ပါလော။


အရာရှိကျန့် တံခါးဝသို့ရောက်ချိန်မှာ ဝေ့ချန်၏အေးစက်စက် အသံပျံ့လွင့်လာသည်ကိုသူကြားလိုက်ရသည်။


"ဒီတစ်ခေါက်တော့ တရားမျှတမှုအတွက် မိသားစုကိုစတေးပေးခဲ့တဲ့ သခင်မချန်ကိုကျေးဇူးတင်ရမှာပဲ...သူ့ကျေးဇူးကြောင့် ကျွန်တော်တို့ ချန်လီကိုနှိပ်စက်ခဲ့တဲ့ တရားခံကိုဖမ်းမိနိုင်ခဲ့တယ်လေ"


သူ့စကားများထဲက ထေ့ငေါ့မှုများကို အရာရှိကျန့် တံခါးကနေဖြတ်ပြီးပင်ရှင်းရှင်းလင်းလင်းကြားနေရသည်။


ဟုတ်တယ် ဘယ်လိုလုပ်မထေ့ငေါ့ဘဲနေမလဲ...

ချန်မိသားစု၏သခင်လေးက အမှန်တကယ်ပင်အစေခံဖြစ်သူ၏နှိပ်စက်ခြင်းကိုခံရပြီး ဆေးရုံတက်လိုက်ရသော်လည်း ချန်မိသားစုကမသိဘဲရှိနေသည်။ဤကိစ္စသာပျံ့နှံ့သွားလျှင် တခြားသူများက မရယ်ကြ၊မစဥ်းစားကြပါဟု မည်သူမှမပြောနိုင်ပေ။


တရားမျှတမှုအတွက် မိသားစုကိုစ​တေးတယ်ပေါ့...စ​တေးတာက ဟုတ်ပါပြီ...ဘယ်မှာလဲတရားမျှတမှု...ယင်းက တကယ်ကို ရွဲ့စောင်းလွန်း၍ ဟိုဘက်ကိုလွန်နေပြီဖြစ်၏။

(T/N–ဒီနေရာမှာ ဝေ့ချန်သုံးထားတဲ့idiomက 大义灭亲 မိသားစုရဲ့​ရှေ့မှာ ​တရားမျှတမှုကိုထားတယ်ဆိုတာပါ။တရားမျှတမှုအတွက်ဆိုရင် ကိုယ့်မိသားစုကိုယ်လည်း အပြစ်ပေးဖို့၊စတေးဖို့အဆင်သင့်လို့ပြောချင်တာပါ)


"ကျစ်ကျစ် ကိုယ့်သားသမီးမဟုတ်ရင်တောင် သူများကကိုယ့်အစေခံနှိပ်စက်တာခံနေရတာကို ထိုင်ကြည့်နေနိုင်တယ်ပေါ့...အစေခံက သူ့ကိုနှိပ်စက်တာဟုတ်ချင်မှလည်းဟုတ်မှာပါ...သူ့ကို အဲလိုလုပ်ဖို့အမိန့်ပေးခံထားရတာဖြစ်နိုင်တယ်...သခင်မချန်က မေတ္တာကရုဏာကြီးမားတယ်လို့အကုန်လုံးကပြောကြတယ်...ဒါပေမဲ့ ကျွန်တော်ကတော့ သူ့ကိုမြွေလိုကင်းမြီးကောက်လို့အဆိပ်ပြင်းတဲ့မိန်းမလို့ပဲမြင်တယ်..."


ရဲသင်တန်းသားတစ်ယောက်က ယခုနကအရာအားလုံးကို တွေ့ကြုံပြီးနောက် သူ့စီနီယာကို အသံတိုးတိုးနှင့်ပြောလိုက်၏။


စီနီယာက ရဲသင်တန်းသားလေးကို အသာအယာကန်ပြီး ခပ်တိုးတိုးငေါက်လိုက်၏။

"ပါးစပ်ပိတ်ထား...ကိုယ့်ကိစ္စကိုယ်သာအာရုံစိုက်စမ်း"


သူ့လက်အောက်ငယ်သားနှစ်ယောက်၏စကားများကိုကြားသော်လည်း အရာရှိကျန့်က ဘာမှမပြောလိုက်ပေ။သို့ပေမဲ့ သူ့နှလုံးသားထဲမှာ ဝေ့ချန်ကိုအနည်းငယ်ကွဲပြားစွာမြင်လာမိပြီဖြစ်လေသည်။အနှီ ဝေ့မိသားစု၏သခင်လေးက ချန်မိသားစုကို စာရွက်ဗလာအနည်းငယ်ဖြင့်အရူးလုပ်ခဲ့ရုံသာမက ချန်မိသားစု၏ဖူးရန် တုလီရွှင်း နှစ်ပေါင်းများစွာ ကြိုးစားပမ်းစား ထိန်းသိမ်းခဲ့သော မေတ္တာကရုဏာတရားကြီးမားသော အမျိုးသမီးဟူသည့် ပုံရိပ်ကိုလည်း ဖျက်စီးပစ်ခဲ့သည်။


ဤကိစ္စသာပျံ့နှံ့သွားလျှင် လူတိုင်းက ရဲသင်တန်သားလေးလိုပဲသေချာပေါက်တွေးကြလိမ့်မည်ဖြစ်ပြီး တုလီရွှင်းက သူမ၏အစေခံအား ချန်လီကိုတမင်တကာနှိပ်စက်ခိုင်းသည်ဟု ထင်ကြလိမ့်မည်ပင်။


ဝေ့ချန်က ဤကိစ္စကို အလွန်ကိုမှကောင်းကောင်းလုပ်ခဲ့သည်။အပေါ်ယံမှာ သူက ချန်မိသားစု၏ အရေးမပါသောအစေခံတစ်ယောက်ကိုပဲ ဖမ်းနိုင်ခဲ့ပြီး ချန်မိသားစုကိုမည်မည်ရရမထိခိုက်စေခဲ့သလိုရှိလေသည်။သို့ပေမဲ့ ချန်မိသားစုက အမှန်တွင် ကိုယ်ပျောက်လက်ဖြင့် မျက်နှာဖြတ်ရိုက်ခြင်းခံလိုက်ရပြီး အထူးသဖြင့်သခင်မချန်ဖြစ်လေသည်။ပြီးလျှင် သူ့ဘက်က ခံစားချက်နှင့်အကြောင်းပြချက်မျှခြေပေါ်မှာ ရပ်နေသဖြင့် ဘာအမှားမှလည်းရှာမတွေ့နိုင်ဖြစ်စေသည်။


ကျစ်ကျစ် တကယ်ကို သွေးတစ်စက်မစွန်းဘဲ နိုင်တဲ့တိုက်ပွဲပဲ...


အရာရှိကျန့်ပင် တွေးတတ်သည့်အရာကို တုလီရွှင်းလည်းတွေးတတ်ပေသည်။သို့ပေမဲ့ သူမ ဒေါသကိုဗိုက်ထဲမြိုချရုံသာတတ်နိုင်၏။သူမဒေါသအ​ကြီးအကျယ်ထွက်နေသော်လည်း သူမမျက်နှာက မောက်မာနေဆဲဖြစ်လေသည်။


"ဝေ့ချန်ရေ ဒီကိစ္စကဒီမှာအဆုံးသတ်သွားပြီ...မင်းရဲ့အဒေါ်ကိုအပြစ်မတင်ပါနဲ့...မင်းအဒေါ်မှာလည်း အစေခံတွေရဲ့ကိစ္စတွေကိုမထိန်းချုပ်နိုင်တဲ့အချိန်တွေရှိတာပဲ...ချန်လီအဆင်ပြေသွားမှာပါ"


ချန်ယွင်ရှန့်က ပြုံးနေဆဲပင်ဖြစ်ပြီး ဧည့်ခန်းထဲက လေထုကိုပြေလျော့စေရင်း တစ်ဖက်နှင့်တစ်ဖက် ခြေတစ်လှမ်းစီပြန်ဆုတ်၍ရအောင် လမ်းစပေးကာ ပြောလိုက်သည်။


သို့ပေမဲ့ ဝေ့ချန်က ခြေတစ်လှမ်းမှပြန်မဆုတ်ချင်ပေ။သူက ချန်ယွင်ရှန့်ကိုကြည့်ပြီး အေးစက်စွာပြောလိုက်၏။


"ခင်ဗျားတို့မိသားစု သည်းမခံနိုင်တဲ့ချန်လီကို ကျွန်တော်ဝေ့ချန်က နှလုံးသားရဲ့ထိပ်ဖျားမှာ ရတနာလိုတန်ဖိုးထားမှာ...အနာဂတ်ကျရင် ခင်ဗျားတို့ကြောင့် ချန်လီတစ်စုံတစ်ရာ ထိခိုက်အန္တရာယ်ဖြစ်ခဲ့ရင် ကျွန်တော် ဝေ့ချန်က အသက်ကိုရင်းရရင်​တောင် ခင်ဗျားတို့အကုန်လုံးကို ငရဲထိရောက်အောင်ဆွဲချသွားမယ်"


သူ ဝေ့ချန်က တစ်ခါသေဖူးပြီးသားလူ...ဘာလိုသေရမှာကိုကြောက်နေရမှာလဲ...


ပြတင်းပေါက်အပြင်ဘက်ရှိ မိုးက သည်းသထက်သည်းလာနေပြီး ကောင်းကင်ကြီးက ဇကာ​​ပေါက်လိုဖြစ်နေသည်။ဂေါ်လီလုံးအရွယ် မိုးစက်မိုးပေါက်များက တစ်ပေါက်ပြီးတစ်ပေါက်ကျနေပြိး ရံဖန်ရံခါ မိုးခြိမ်းသံကအဆစ်ပါသေးသည်။အလင်းရောင်နှင့်အရိပ်များက ပျောက်တစ်ခါပေါ်တစ်လှည့်နှင့်ရှိနေပြီး တဝုန်းဝုန်း မိုး နှင့် တဂျုန်းဂျုန်း မိုးခြိမ်းသံက ကမ္ဘာလောကကြီးတစ်ခုလုံး၏အိပ်စက်မှုကို အနှောက်အယှက်ပေးနေသည်။


ဝေ့ချန်၏ စကားများက ပြတင်းပေါက်အပြင်က မိုးခြိမ်းသံနှင့်အတူ ပဲ့တင်ထပ်၍နေကာ ရူးသွပ်မှုများနှင့်ပြတ်သားမှုများဖြင့်ပြည့်နေခဲ့သည်။


"ဝေ့ချန်..."


ချန်ချင်းက နောက်ဆုံးမှာဒေါသကိုမထိန်းနိုင်တော့ဘဲ အော်လိုက်၏။


"ဒီနေ့ဒီမှာဘာလာလုပ်တာလဲ...မင်း ချန်လီကိုတကယ်လက်မထပ်ချင်ဘူးဆိုရင် ရှင်းရှင်းလင်းလင်းပြောလို့ရတယ်...ဝေ့လည်ကြောင်ပတ်နဲ့ဒီနည်းလမ်းတွေသုံးနေစရာမလိုဘူး...အရမ်းရုပ်​ပေါက်လွန်းတယ်သိရဲ့လား"


ချန်ချင်းက မျက်မှောင်တင်းတင်းကြုတ်ထားကာ သူ့လေသံကလည်းလေးနက်၍နေသည်။


"မင်းက ဒီကိစ္စကိုထည့်ပြောလာမှတော့ တလက်စတည်းကြေညာပါရစေ...ချန်လီနဲ့ငါက မနက်ဖြန်ကျရင်လက်ထပ်မှတ်ပုံတင်လုပ်ဖို့စီစဥ်ထားတယ်...မင်းတို့လာစရာလည်းမလိုသလို အသိသက်သေလုပ်ပေးစရာလည်းမလိုဘူး...ချန်လီရဲ့အိမ်ထောင်စုစာရင်းကိုသာ အသင့်ပြင်ထားပေး.."


ဝေ့ချန်က ချန်ချင်း၏ဒေါသထွက်နေသောမျက်နှာကိုကြည့်ကာ အပြုံးတစ်ပွင့်နှင့် ပြောလိုက်၏။သို့ရာတွင် သူ့မျက်လုံးများကမူအေးစက်​နေခဲ့သည်။


"ဒါ​ပြောပြီးပြီဆိုတော့ အရင်ပြန်လိုက်ပါဦးမယ်...မနက်ဖြန် ငါလာရင် ချန်လီရဲ့အိမ်ထောင်စုစာရင်းအဆင်သင့်ရှိနေဖို့မျှော်လင့်ပါတယ်"


ထိုသို့ပြောပြီးနောက် ဝေ့ချန်က နောက်ပြန်လှည့်မကြည့်တမ်း လှည့်ထွက်သွားခဲ့သည်။သူ့ကျောပြင်က ဤတစ်ခေါက် ချန်မိသားစု၏မျက်နှာကို ခွာချခဲ့စဥ်ကအတိုင်း နောင်တအရိပ်အယောင်တို့ကင်းမဲ့နေခဲ့လေသည်။


ဝေ့ချန် ထွက်သွားချိန်မှာ ချန်မိသားစု၏ဧည့်ခန်းထဲက လေထုက အချိန်တစ်ခုလောက် အေးခဲနေခဲ့သည်။ချန်ယွီက မနေနိုင်ဘဲ ပြောလိုက်၏။


"အဲလိုဆိုရင် ဝေ့ချန်ကို အဲဒီအရူးနဲ့လက်မထပ်ခိုင်းဘဲနေရအောင်...ဝေ့ချန် သူ့ကိုယ်သူ ဘယ်လောက်ကြာကြာ ဂုဏ်ယူနေနိုင်ဦးမလဲကြည့်ကြတာပေါ့"


"မရဘူး"


တုလီရွှင်းက အေးစက်စွာပြောလိုက်လေသည်။

"သူက သူချန်လီကိုဂရုစိုက်ကြောင်းပြလေလေ ငါတို့ သူ့ကို ချန်လီနဲ့ လက်ထပ်ခိုင်းသင့်လေလေပဲ"


"ဘာလို့လဲ"


ချန်ယွီက ပဟေဠိဖြစ်သွား၏။ဝေ့ချန်က ချန်လီကိုဒီလောက်ဂရုစိုက်တာ ချန်လီကို ဝေ့ချန်နဲ့လက်ထပ်ခိုင်းရဦးမှာလား...အဲဒါက ဝေ့ချန်ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးရာမကျဘူးလား...


တုလီရွှင်းက ရှင်းမပြဘဲ ချန်ယွင်ရှန့်ကိုပဲ အေးစက်စက်အကြည့်တစ်ချက်ပေးကာ လှည့်ပြီး အပေါ်တက်သွားလေသည်။


ချန်ယွင်ရှန့်က သူ့နှာခေါင်းသူထိလိုက်ပြီး တစ်ခွန်းမှမပြောရဲပေ။


ချန်ယွီက မစဥ်းစားတတ်သဖြင့် သူမ၏ ပဟေဠိဖြစ်နေသောအကြည့်ကို ချန်ချင်းဘက်လှည့်လိုက်၏။ချန်ချင်းမှာ ခုနက သူပြခဲ့သည့် ဒေါသများရှိမနေတော့ပေ။သူက ပြုံးကာချန်လီ၏ခေါင်းကိုပွတ်လိုက်ပြီး ရှင်းမပြဘဲယခုလိုသာဆိုလေ၏။


"ဝေ့ချန်က ငတုံးမဟုတ်ဘူး"


ဟုတ်သည်၊ဝေ့ချန်က ငတုံးမဟုတ်ပေ။သူသာ ချန်လီကိုလက်ထပ်လိုက်လျှင် ဝေ့မိသားစု၏မျိုးဆက် သူ့မှာရှိလာမှာမဟုတ်သဖြင့် ဝေ့မိသားစုကို အမွေဆက်ခံရန် အရည်အချင်းပြည့်မီတော့မှာမဟုတ်သည်က သေချာပေါက်ဖြစ်သည်။


ယနေ့ ဝေ့ချန်လုပ်ခဲ့သမျှအရာရာတိုင်းက ချန်လီကိုလက်မထပ်ချင်၍ဖြစ်၏။သူတို့ချန်မိသားစုက ချန်လီကို ကောင်းမွန်သည့်အိမ်တစ်လုံး မရစေချင်ဟု သူထင်သည့်အတွက် သူ ချန်လီကိုဂရုစိုက်ကြောင်း ပြနေခြင်းဖြစ်သည်။ သူတို့ချန်မိသားစုက သူနှင့်ချန်လီ၏လက်ထပ်ပွဲကိုဖျက်စေရန်အတွက် သူတို့ချန်မိသားစုကိုပင် ဒေါသထွက်ပြလိုက်သေးသည်။


ဤသည်က အကွက်ကောင်းတစ်ခုဖြစ်သော်လည်း ဝေ့ချန်က သူတို့အားလုံးကိုအရူးများဟုမှတ်ယူပြီး သူတို့က သူ၏လှည့်ကွက်အသေး​လေးကို ဖြတ်မမြင်နိုင်ဟုထင်နေသည်။


(ယနေ့အတွက် သင်ခန်းစာ–လည်လွန်းသည့်ဘီး ချေးသင့်)


<< >>


💘Chapter 22  

စစ်မှန်သောအချစ်



ဝေ့ချန်ဆေးရုံကိုပြန်ရောက်သောအခါ ချန်လီကမနိုးသေးပေ။


သူ ရေချိုးခန်းကိုသွားပြီး ရေချိုးလိုက်သည်။သူပြန်ထွက်လာချိန်မှာ သူ့ရင်ဘက်ထဲက တရိပ်ရိပ်တက်နေသောဒေါသများကိုဖိနှိပ်ပြီးနေပြီဖြစ်လေသည်။ထို့နောက် သူက ချန်လီ၏လူနာကုတင်စွန်းမှာထိုင်ချလိုက်ပြီး မေးထောက်ကာ ချန်လီကို နူးညံ့စွာကြည့်နေလိုက်သည်။


"နည်းနည်းလေး ပို​ပြည့်ရင် မင်းကသေချာပေါက်ကောင်ချောလေးဖြစ်မှာ...ဒါပေမဲ့ အခုလည်း ချောပါတယ်...နည်းနည်းလောက်ပို​ဝလာရင်ပိုကောင်းသွားမှာ"


ချန်လီ၏မျက်နှာအစိတ်အပိုင်းများကိုကြည့်ကာ သူက အသံတိုးတိုးနှင့်ရေရွတ်လိုက်၏။


"နောင်ကျရင် ကိုယ် မင်းကိုသေချာပေါက် ဖြူ​ဖွေးဝတုတ်​နေအောင်ကျွေးပြီး ကမ္ဘာအနှံ့ခေါ်သွားမယ်"


အားနည်းနေသောမျက်နှာအာရုံကြောများက ဝေ့ချန်ကိုပြုံးမရဖြစ်စေသည်။သို့ပေမဲ့ သူ့မျက်ဝန်းများက အပြုံးများဖြင့်ပြည့်နေပြီး တစ်ဖက်လူ အချိန်မရွေးမြုပ်သွားနိုင်သည့် နက်ရှိုင်းသော ရေအိုင်တစ်ခုအတိုင်း နူးညံ့နေခဲ့သည်။


နွေလယ်မိုးက ရုတ်ချည်းရောက်လာပြီး ရုတ်ချည်းပြန်လည်ထွက်ခွာသွားသည်။ည၏ဒုတိယပိုင်းမှာ မိုးရပ်သွားခဲ့၏။ဝေ့ချန် လူနာဆောင်ထဲကဆိုဖာပေါ်မှာလှဲရင်း ချန်လီ၏လူနာကုတင်ဘက်သို့ ဂွတ်နိုက်ဟု တိုးဖွဖွပြောလိုက်သည်။


နောက်တစ်နေ့တွင် နေရောင်က လိုက်ကာများကြားမှ ဖြတ်ဝင်ကာ ဆိုဖာပေါ်ကို ဖြာဆင်းပြီး ဝေ့ချန်၏မျက်လုံးများအပေါ်ကို ကျရောက်လာသည်။ဝေ့ချန်က လက်မြှောက်ကာ နေရောင်ကိုကာလိုက်ပြီး မျက်လုံးများကိုဖြည်းညှင်းစွာဖွင့်လိုက်၏။ခဏနေသောအခါ သူဆိုဖာပေါ်ကနေ ထထိုင်လိုက်ပြီး ပြတင်းပေါက်ဆီကို လျှောက်သွားလိုက်သည်။တစ်ချက်ပွတ်ဆွဲကာ လိုက်ကာများကိုဖွင့်လိုက်ပြီး အခန်းထဲတွင် ရွှေရောင်နေခြည်များဖြင့် ပြည့်စေလိုက်၏။


ထိုအချိန်မှာ ချန်လီကနိုးနေပြီဖြစ်ပြီး မျက်နှာကျက်ကို ငေးကြောင်ကြောင်ကြည့်နေခဲ့သည်။ဝေ့ချန် အနားကပ်လာသည်ကို ခံစားမိပြီး သူ့မျက်လုံးများကိုရွှေ့လိုက်ရာ သူ့အကြည့်ကဝေ့ချန်ပေါ်ကိုကျရောက်သွားခဲ့၏။


"နိုးပြီလား...တစ်ခုခု အဆင်မပြေတာရှိလား"

ဝေ့ချန်က မေးလိုက်လေသည်။


ချန်လီက စကားမပြောသလို ခေါင်းလည်းမခါဘဲ ဝေ့ချန်ကိုပဲ ဆက်ပြီးကြည့်နေသည်။


ဤသည်က ဝေ့ချန်ကို သူ့အား ပန်းချီဆွဲရန် အပြင်ခေါ်သွားခိုင်းနေခြင်း ဖြစ်လေသည်။ဝေ့ချန်မနေ့ကပြောခဲ့သည်ကို ချန်လီ အလွန်ကိုမှ ရှင်းရှင်းလင်းလင်း မှတ်မိ၏။


ဝေ့ချန်က ချန်လီ ဘာကိုဆိုလိုသည်ကိုသိလိုက်လေသည်။


"ကောင်းပြီ ကိုယ်မှတ်မိပါတယ်...အရင်ဆုံးထပြီး မျက်နှာသစ်သွားတိုက်လိုက်ဦးနော်...မင်းမျက်နှာသစ်ပြီးရင် ကိုယ်မင်းကိုအပြင်ခေါ်သွားပေးမယ်...ကိုယ်မနေ့ကသင်ပေးထားတာကို မှတ်မိလား"


၎င်းကိုကြားပြီးနောက် ချန်လီ၏မျက်လုံးများ တောက်ပသွားပြီး အိပ်ရာပေါ်ကနေ ထရပ်လိုက်လေသည်။၎င်းနောက် ဝေ့ချန်မပါဘဲသူ့ဘာသာသူ ရေချိုးခန်းထဲဝင်သွားပြီး ဝေ့ချန်မနေ့ကသင်ပေးထားသည့်အတိုင်း မျက်နှာသစ်သွားတိုက်လေသည်။


မကြာမီ ချန်လီ၏သင်ယူမှုစွမ်းရည်က အလွန်အားကောင်းကြောင်း ဝေ့ချန်တွေ့ရှိသွားခဲ့သည်။သူ မနေ့ကတစ်ရက်ပဲ ချန်လီကို မျက်နှာသစ်ရန် သင်ပေးခဲ့ပေမဲ့ ယနေ့မှာချန်လီက သူ့ဘာသာသူလုပ်ခဲ့လေသည်။


မှန်ပေသည်၊မနေ့ကမတိုင်ခင်က ချန်လီသည် အရိုးရှင်းဆုံးသောမျက်နှာသစ်သည့်အလုပ်ကိုပင် မလုပ်တတ်ပေ။သို့ရာတွင် ယနေ့လုပ်ဆောင်ချက်အပေါ်ကြည့်ပြီး အကဲဖြတ်မှုအရ ချန်လီက မသင်နိုင်လောက်သည်အထိတုံးလွန်းနေခြင်းမဟုတ်ဘဲ ဘယ်သူကမှ သူ့ကို တစ်ခုလေးပင် သင်မပေးခဲ့ခြင်းဖြစ်လေသည်။


ချန်မိသားစုမှာ အနှစ်20လုံးလုံး သူ မည်သည့်ဘဝမျိုးမှာနေခဲ့ရသည်ကို ဝေ့ချန် တွေးမကြည့်နိုင်ခဲ့ပါချေ။သူတို့က ချန်လီကို အရိုးရှင်းဆုံးအလွယ်ကူဆုံးဖြစ်တဲ့ သွားတိုက်ဖို့နဲ့မျက်နှာသစ်ဖို့ကို​တောင် သင်မပေးခဲ့ဘူး...တခြားဟာတွေဆို ဘယ်လိုနေမလဲ...သူတို့ တစ်ခါတလေ ချန်လီကိုစားစရာတောင်ပေးရဲ့လားမသိ...ချန်လီ ဒီလောက်ထိ အာဟာရချို့တဲ့နေပုံပေါ်တာက မဆန်းတော့ဘူး...


ဝေ့ချန်တွေးနေစဥ်မှာ ချန်လီကမျက်နှာသစ်ပြီးသွားပြီဖြစ်လေသည်။ချန်လီ ဝေချန်၏ဘေးနားကိုလျှောက်လာပြီး ဝေ့ချန်ကိုမျက်လုံးဝိုင်းကြီးများဖြင့်ကြည့်လာခါမှ ဝေ့ချန်အသိစိတ်ပြန်ဝင်လာသည်။သူ့အကြည့်ထဲမှာ အကူအညီမဲ့မှုများစွက်သွားရပြီး သူကပြောလိုက်၏။


"လိမ္မာလိုက်တာ"


ချန်လီက ဝေ့ချန်ကိုဘာမှမပြောဘဲ ကြည့်ပဲကြည့်နေသည်။


"ကိုယ်မင်းကို အခုခေါ်သွားပေးပါ့မယ်ကွာ ဟုတ်ပြီလား"


ချန်လီ၏မျက်လုံးများ တောက်ပလာသည်။


ဝေ့ချန်က ကူကယ်ရာမဲ့စွာခေါင်းခါလိုက်မိ၏။ချန်လီအပေါ်မှာရှိသည့် သူ၏ကိုယ်ပိုင်ဆွဲဆောင်မှုက ပန်းချီဆွဲခြင်းလောက်ပင်ကောင်းမနေပေ။

*


နှစ်ယောက်သားအပြင်ထွက်တော့မည့်အချိန်မှာပဲ တံခါးဖွင့်ဖွင့်ချင်းမှာ မမျှော်လင့်ထားသည့် ဧည့်သည်တစ်ယောက်ရောက်လာသည်။


"အပြင်ထွက်မလို့လား"


ချန်ချင်းက သူ့နှာတံပေါ်က နေကာမျက်မှန်ကိုချွတ်ကာ အပြုံးဖြင့်မေးလိုက်၏။


ချန်ချင်းပေါ်လာသည့်အချိန်မှာ ချန်လီက ဝေ့ချန်၏နောက်သို့ အနည်းငယ်ကြုံ့ဝင်သွားသည်။သူ၏ အသက်မဲ့နေသောမျက်ဝန်းများထဲမှာ ကြောက်ရွံ့မှု အနည်းငယ်ရှိ​နေပြီး ချန်ချင်းကိုမကြည့်ရဲဖြစ်နေသည်။


"ဟုတ်တယ် သူ့ကိုလမ်းလျှောက်ထွက်ဖို့ခေါ်သွားမလို့"


ဝေ့ချန်က အမူအရာမဲ့စွာပြောလိုက်၏။ချန်လီ ချန်ချင်းကိုမြင်လိုက်ချိန်မှာ သူ့လက်ဖဝါးထဲရှိ ချန်လီ၏လက်လေး​နောက်တွန့်သွားသည်ကို သူခံစားမိလိုက်သည်။ဝေ့ချန်က ထိုလက်လေးကိုသူ့လက်ဖဝါးဖြင့် ခပ်ဖွဖွညစ်ပြီး ချန်လီကို နှစ်သိမ့်ပေးလိုက်၏။


အနှီလှုပ်ရှားမှုအသေးလေးက ချန်ချင်း၏မျက်လုံးများထံမှ လွတ်မြောက်သွားခြင်းမရှိပါချေ။ချန်ချင်း၏မျက်လုံးများ အနည်းငယ် နက်မှောင်သွားပြီး သူကပြောလိုက်လေသည်။


"ဒီနေ့ ချန်လီနဲ့လက်ထပ်မှတ်ပုံတင်ချင်တယ်လို့ပြောခဲ့တယ်မလား...အဲဒါကြောင့် သူ့ရဲ့အိမ်ထောင်စုစာရင်းစာအုပ်ယူလာပေးတာ"


"အလုပ်ရှုပ်စေမိလို့ဆောရီး"


ဝေ့ချန်၏ မျက်လုံးများက စိတ်ဝင်စားမှုကင်းမဲ့၍နေသည်။


"ကောင်းပြီ ငါက ရက်နည်းနည်းကြာရင် မြို့တော်ကိုပြန်တော့မှာ...ဒီနေ့ဒီမှာရှိနေမဲ့အတူတူ မင်းရဲ့​အစ်ကိုတစ်ယောက်အနေနဲ့ မင်းရဲ့လက်ထပ်ပွဲကိုအသိသက်သေလုပ်ပေးမယ်လေ...မဟုတ်ရင် မြို့တော်ကိုပြန်ရောက်ရင် မင်းနဲ့ တွေ့ရတော့မှာမဟုတ်ဘူး"


ချန်ချင်းက အပြုံးတစ်ပွင့်နှင့် ပြောလိုက်၏။သူ့နှုတ်ခမ်းထောင့်စွန်းများက ရည်ရွယ်ချက်ဆိုးများရှိနေသယောင်ဖြင့် အနည်းငယ်ကော့တက်နေလေသည်။


ဝေ့ချန် အကျပ်ရိုက်သွားလိမ့်မည်ဟု ချန်ချင်းထင်လိုက်ချိန်မှာပဲ ဝေ့ချန်က သူ့ရှေ့ကလူနာဆောင်တံခါးကို ဘန်းခနဲမြည်အောင်ပိတ်လိုက်လေသည်။


ချန်ချင်းက ပိတ်ထားသောအခန်းတံခါးကိုကြည့်ပြီး နှုတ်ခမ်းထောင့်များကွေးကာ တိတ်တိတ်လေးပြုံးလိုက်၏။


လူနာဆောင်ထဲမှာ ချန်လီက ဝေ့ချန်ကိုကြည့်​နေပြီး ဝေ့ချန်ကလည်းချန်လီကိုကြည့်နေသည်။ခဏလောက်ကြာသည်အထိ မည်သူမှ စကားမပြောကြပေ။ချန်လီက စကားမပြောတတ်၍ဖြစ်ပြီးဝေ့ချန်ကချန်လီကို မည်သို့ပြောရမှန်းမသိ၍ဖြစ်လေသည်။


"ဟိုဟာ...လီလီ"


ဝေ့ချန်က ခက်ခက်ခဲခဲ စကားဆိုလိုက်၏။ သို့ပေမဲ့ သူ့မျက်ဝန်းများက ချန်လီကို ပုံမှန်မဟုတ်သော ခိုင်မာသေချာမှုများနှင့်နူးညံ့မှုများဖြင့် ကြည့်နေခဲ့သည်။


"လီလီ ကိုယ့်ကိုလက်ထပ်နိုင်မလား"


ချန်လီက 'လက်ထပ်'ဟူသောစကားကဘာလဲဆိုသည်ကို နားမလည်သည့်အတိုင်း ဝေ့ချန်ကို အသက်မဲ့​နေ​သော မျက်ဝန်းများဖြင့် ကြည့်နေဆဲဖြစ်သည်။


ဝေ့ချန်က လက်ဆန့်၍ ချန်လီ၏ခေါင်းလေးကိုပွတ်ပေးပြီး အနည်းငယ် ချော့မော့ကာ ပြောလိုက်၏။


"လက်ထပ်မယ်ဆိုတာက ကိုယ်တို့က မိသားစုတစ်ခုဖြစ်လာမယ်လို့ဆိုလိုတာ...နောင်ကျရင် ကိုယ်ကမင်းဘေးမှာနေပြီးမင်းကိုကာကွယ်ပေးမှာ...ဘယ်သူမှမင်းကို အနိုင်ကျင့်နိုင်တော့မှာမဟုတ်ဘူး...ဒါကြောင့် လီလီ ကိုယ်တို့လက်ထပ်ကြရအောင်နော်"


မိသားစုတစ်ခုလား...


ချန်လီကာ ခေါင်းလေးစောင်းကာဘတွေးလိုက်၏။"မိသားစု"ဟူသော စကားက နွေးထွေးမှုစီးကြောင်းလေးတစ်ခုနှယ် ချန်လီ၏နှလုံးသားထဲကို ထိုးဖောက်ဝင်ရောက်လာပြီး ချန်လီ၏တစ်ကိုယ်လုံးကို နွေးထွေးသွားစေသည်။


ဝေ့ချန်၏ မျှော်လင့်နေသောအကြည့်များအောက်မှာ ချန်လီခေါင်းအသာအယာညိတ်လိုက်၏။အနှီခေါင်းညိတ်မှု၏ထောင့်ချိုးကွေးလေးက သေးငယ်ပေသော်လည်း ဝေ့ချန်ကအမှန်တကယ်ပင် မြင်ဖြစ်အောင်မြင်လိုက်လေသည်။အချိန်တစ်ခုလောက်ကြာသည်အထိ ဝေ့ချန်တစ်ယောက် စိတ်လှုပ်ရှားလွန်း၍ ဘာလုပ်၍ဘာကိုင်ရမှန်းမသိဖြစ်ကာ ချန်လီကိုပဲအထပ်ထပ်အခါခါ ကျေးဇူးတင်နေခဲ့သည်။


ကိုယ့်ကို ကိုယ့်ရဲ့အမှား​တွေကို ပြန်ပြီးပြင်ဆင်နိုင်ဖို့ အခွင့်အရေးပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်...မင်းကိုအလိုလိုက်နိုင်ဖို့ အခွင့်အရေးပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်... 


ချန်လီ ကျေးဇူးပါ...ကိုယ် မင်းကို တတ်နိုင်သမျှ အမြန်ဆုံးချစ်မိအောင်ကြိုးစားပြီး အရိုးသားဆုံး အစစ်မှန်ဆုံး အချစ်ကို မင်းကို ပေးပါ့မယ်...


<< >>


💘