Chapter 24+25
Viewers 2k

💘Chapter 25 

လက်ထပ်မှတ်ပုံတင်



လူတန်းရှည်ကြီး နောက်ဆုံးမှာ အဆုံးသတ်သွားပြီး ချန်လီနှင့်ဝေ့ချန်တို့၏အလှည့်ကိုရောက်လာလေပြီ။


လက်ထပ်မှတ်ပုံတင်စာရင်းသွင်းပေးရန် တာဝန်ယူထားသော ဝန်ထမ်းက သူတို့က လိင်တူ စုံတွဲဖြစ်သည်ကိုတွေ့သွားသည်။သူမ ခဏလောက်မှင်တက်သွားပေမဲ့ နောက်တစ်စက္ကန့်မှာပဲ ပရောက်ဖက်ရှင်နယ်အပြုံးတစ်ပွင့်ကိုပြသကာ သူတို့အား လက်ထပ်မှတ်ပုံတင်ခြင်း လုပ်ငန်းစဥ်အဆင့်ဆင့်ကို ရှင်းလင်းညွှန်ကြား​ပေးလေသည်။


အရေးကြီးဆုံးအပိုင်းဖြစ်သည့် လက်မှတ်ထိုးသည့်နေရာကိုရောက်သောအခါ ချန်ချင်း၏အကြည့်များက ဝေ့ချန်ပေါ်ကိုရောက်သွားပြီး သူကဝေ့ချန်ထက်ပင် ပို၍ စိတ်မရှည်ဖြစ်နေခဲ့သည်။ဝေ့ချန်ဤလက်ထပ်မှတ်ပုံတင်ပေါ်မှာ လက်မှတ်​ရေးထိုးလိုက်သည်နှင့် ယနေ့မှစပြီး သူနှင့်ချန်လီ၏ကံကြမ္မာက အမှန်တကယ် ချည်နှောင်ပြီးသားဖြစ်သွားလိမ့်မည်ဖြစ်သည်။အော်တစ်ဇင်အရူးတစ်ယောက်က အိမ်​ထောင်ဖက်အဖြစ်နှင့်ရှိနေပါက ဝေ့ချန်ကနဂါးတစ်ကောင်ဖြစ်ပါစေဦး ခြေချုပ်မိပြီး လွတ်လွတ်လပ်လပ်ပျံသန်းနိုင်တော့မှာမဟုတ်ပေ။


ဝေ့ချန်က ချန်ချင်း၏အကြည့်စူးစူးကို မခံစားမိသည်မျိုးမဟုတ်ပေ။သူ့မှာ အာရုံစိုက်ရန်အချိန်မရှိခြင်းသာဖြစ်၏။သူ့နာမည်ကို လက်မှတ်​​ရေး​ထိုးချိန်မှာ သူ၏ဘောပင်က နဂါးတစ်ကောင်ကူးခတ်သကဲ့သို့ တုံ့ဆိုင်းခြင်းမရှိ အလျင်လိုခြင်းမရှိပါဘဲ ချောချောမွေ့မွေ့မြန်မြန်ဆန်ဆန်ရေးထိုးခဲ့ခြင်းဖြစ်လေသည်။


လက်ထပ်မှတ်ပုံတင်ပေါ်မှာ 'ဝေ့ချန်'ဟူသည့် အားမာန်ပြည့်ဝသောစကားလုံးများ  ကျရောက်သွားချိန်တွင် ဝေ့ချန်၏မျက်လုံးများက ခိုင်မာသေချာနေခဲ့သည်။ဤတစ်ကြိမ် သူနှင့်ချန်လီ၏အိမ်ထောင်ရေးကို သူကာကွယ်မှာဖြစ်၏။အနှီစာရွက်ပိုင်းလေးကို အခိုင်မာဆုံး အမိုးအကာအဖြစ်ပြောင်းလဲပြီး သူ ချန်လီကို တစ်ဘဝလုံးစာ အရိပ်အာဝါသပေးမှာဖြစ်သည်။


ဝေ့ချန်က သူ့နာမည်ကိုရေးထိုးပြီးသောအခါ လက်ထပ်မှတ်ပုံတင်ကို ချန်လီဆီကမ်းပေးလိုက်၏။ချန်လီကဝေ့ချန်ကိုကြည့်လိုက်ပြီး ဘာလုပ်ရမှန်းမသိဖြစ်နေမှန်းသိသာလေသည်။ဝေ့ချန်၏လက်ချောင်းသွယ်သွယ်က သူချန်လီကို လက်မှတ်ထိုးစေချင်သည့်နေရာမှာ ထောက်ပြီး ပြောလိုက်၏။


"ဒီနေရာမှာ မင်းရဲ့နာမည်ကိုလက်မှတ်ထိုး...မင်းနာမည်က စာလုံး​တွေကိုမှတ်မိလား...ကိုယ်ခုနကပြတဲ့စာလုံးနှစ်လုံးလေ ချန်လီ"


ချန်လီက နားလည်သွားပြီး ဘောပင်ကို လက်ထဲမှာ တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်၍ သူ့မျက်လုံးများကိုအာရုံစိုက်လိုက်သည်။ပြီးလျှင် ဝေ့ချန် လက်ညှိုးထောက်ပြထားသည့်နေရာမှာ တစ်ခါလျှင် စုတ်ချက်တစ်ချက်နှုန်းဖြင့် တစ်ချက်ချင်း အလေးအနက် ရေးလေသည်။


ရိုးရှင်းသော စာလုံးနှစ်လုံးကို ရေးရန်ချန်လီအတွက် နှစ်မိနစ်ကျော်ကြာခဲ့၏။ဝေ့ချန်က အနားကိုခေါင်းတိုးကာကြည့်ပြီး မျက်လုံးများထဲမှာ အပြုံးများပြည့်နေသည်။ချန်လီက သူ့နာမည်ကိုရေးနေသည်ဟုပြောသည်ထက် ချန်လီက သူ့နာမည်ကိုဆွဲနေသည်ဟုပြောလျှင်ပိုမှန်လိမ်မည်။သူက စံအကျဆုံးပုံနှိပ်စာလုံးပုံစံများဖြင့် စုတ်ချက်တစ်ချက်ချင်း သေချာကျနဆွဲနေပြီး ဝေ့ချန်ခုနကသူ့ကိုပြသည့် အိမ်ထောင်စုစာရင်းစာအုပ်ထဲက စာလုံးပုံစံနှင့် တစ်ထပ်တည်းဖြစ်လေသည်။အရွယ်အစားကွာခြားမှုပင်ရှိမနေပေ။


ဝေ့ချန် မထိန်းနိုင်ဘဲ လက်ဆန့်ကာ ချန်လီ၏ခေါင်းလေးကိုပွတ်လိုက်၏။သူက ရက်ရက်ရောရော ချီးကျူးရန်လည်းတုံ့ဆိုင်းမနေပါချေ။


"လီလီက တော်လိုက်တာ"


ထိုစကားကိုကြားသောအခါ ချန်လီကအားတက်သွားသည့်အတိုင်း ဒုတိယတစ်ကြိမ် သူ့နာမည်ကိုရေးထိုးရာမှာ ပထမတစ်ကြိမ်ထက်များစွာ ပို၍မြန်လာလေသည်။


ဝန်ထမ်းက သူတိုစုံတွဲမည်သို့မည်ပုံ ပလဲပနံသင့်အောင်နေကြသည်ကိုနားမလည်ပေ။ကြီးစွာသောသိချင်စိတ်နှင့်အတူပဲ သူမလုပ်ငန်းစဥ်တစ်ခုလုံးကိုဖြတ်ကျော်ခဲ့ရသည်။နောက်ဆုံးမှာ သူမက တံဆိပ်ခေါင်းတစ်ချက်နှိပ်ပြီး အနီရောင်စာအုပ်အသေးလေးနှစ်အုပ်ကို လက်တစ်ဖက်စီဖြင့် ကမ်းပေးကာ သူတို့ကို ဆုမွန်ကောင်းတောင်းပေးလိုက်သည်။


"တရားဝင် အကြင်လင်လင်များဖြစ်လာတဲ့အတွက်ဂုဏ်ယူပါတယ်...နှစ်ယောက်သား ရှေ့လျှောက် သာယာလှပတဲ့ဘဝလေးပိုင်ဆိုင်နိုင်ပြီး ချစ်ခြင်းတွေ ရာသက်ပန်တည်မြဲပါစေလို့ဆုတောင်းပေးပါတယ်နော်"


ဝေ့ချန်က စာအုပ်နီလေးကို ဂရုတစိုက်ယူလိုက်ပြီး သူမကိုကျေးဇူးတင်စကားဆိုလိုက်လေသည်။


"ကျေးဇူးပါ"


"ရပါတယ်"


ချန်လီက ဝေ့ချန်၏လက်ထဲက စာအုပ်နီလေးကို သေချာကြည့်နေ၏။ဝေ့ချန်က တစ်အုပ်ကိုဖွင့်ပြီး ချန်လီရှေ့မှာဖြန့်ပြကာ အလေးအနက်ဆိုလိုက်သည်။


"လီလီ ကိုယ်တို့က အခုမိသားစုတွေဖြစ်သွားပြီ"


ထိုစကားများထွက်ကျလာပြီးနောက် ဝေ့ချန် ချန်လီကိုကြည့်လိုက်သည့်အခါတွင် ချန်လီ၏မျက်လုံးများ တောက်ပသွားသည်ကို သိသိသာသာခံစားလိုက်ရပေမဲ့ များမကြာမီပြန်လည်အသက်မဲ့သွားခဲ့သည်။သို့သော်ငြား ချန်လီက မနေနိုင်ဘဲ စာအုပ်နီလေးကိုလှမ်း၍ထိတွေ့လာဆဲဖြစ်ပြီး ၎င်းကို အမြတ်တနိုးနှင့် တယုတယ ပွတ်သပ်နေ​လေသည်။


စာအုပ်နီလေးထဲမှာ လူငယ်လေးက အရပ်ရှည်ရှည်လူ၏ရင်ဘက်ကို အသာအယာမှီထား၏။နှစ်ယောက်စလုံး၏မျက်နှာပေါ်မှာ ဘာအမူအရာမှမရှိဘဲ ခံစားချက်တစ်ခုလေးပင်မမြင်ရသော်လည်း ဝေ့ချန် ဤပုံကိုသဘောကျသည်။ဓာတ်ပုံထဲကလူငယ်လေးက သူနှင့်ရင်ဆိုင်ရချိန်တိုင်းမှာ အကာအကွယ်မဲ့နေတတ်သည်။


နှစ်ယောက်သား လိုက်ဖက်စွာ ပလဲပနံသင့်နေသည့်ဓာတ်ပုံကို မြင်သည့်အခါ ချန်ချင်း၏ရင်ဘတ်ထဲမှာ တစ်ခုခုတစ်ဆို့နေသလိုခံစားရပြီး မတွေးတတ်အောင် ပျာယာခတ်လာသည်။


အထူးအသဖြင့် ဝေ့ချန်က ချန်လီကိုမြတ်နိုးမှုများပြည့်နေသည့်မျက်ဝန်းများဖြင့်ကြည့်သည့်အချိန်မှာ သူ့ရင်ဘတ်ထဲရှိ ချဥ်စူးမှုက တိုးတိုး၍လှိုက်တက်လာနေပြီး

ထိုထဲမှာ မဖော်ပြနိုင်သောခံစားချက်တစ်ခု ရောစွက်နေ၏။နောက်ဆုံးမှာ ချန်ချင်း နှာတစ်ချက်ပဲမှုတ်ပြီး လှည့်ထွက်လာမိခဲ့လေသည်။


အပြင်ဘက်တွင် နေက အပူဆုံးအချိန်ကိုရောက်နေပြီး ပူပြင်းသောနေရောင်​ခြည်များကို ချန်ချင်း၏အပေါ်မှာသွန်းလောင်းနေသည်။ချန်ချင်း အကြောင်းပြချက်မရှိပါဘဲ ကသိကအောက်ဖြစ်လာသလို ခံစားလိုက်ရသည်။ကားထဲသို့ဝင်ပြီး သူ့တစ်ကိုယ်လုံးကို အဲကွန်းလေအေးအေးထဲမှာ စိမ်လိုက်သည့်တိုင် ထိုကသိကအောက်ဖြစ်နေမှုက နည်းနည်းမှလျော့ပါးမသွားခဲ့ပါချေ။


ချန်ချင်း မထိန်းနိုင်ဘဲ ဆဲရေးကာ စတီယာရင်ကို လက်သီး​ဖြင့် ခပ်ပြင်းပြင်းထိုးလိုက်မိသည်။၎င်းနောက် ကားစက်နှိုးကာ မောင်းထွက်သွားခဲ့လေသည်။



<< >>


💘