Chapter 27+28
Viewers 6k

💘Chapter 27 

ထူးဆန်းလိုက်တာ



လူတိုင်းက အသံလာရာလမ်းအတိုင်းလိုက်ပြီး တံခါးဆီကိုကြည့်လိုက်သည့်အခါ လက်ပိုက်ကာ တံခါးကိုမှီရင်း သူတို့ကို မျက်ခုံပင့်၍ကြည့်နေသော လူတစ်ယောက်ကို မြင်လိုက်ရလေသည်။ 


"သခင်လေးယန် ပြန်လာပြီလား"


ဝေ့မိသားစုက အစေခံက ဧည့်ခန်းတံခါးကို မှီနေသည့်ဝေ့ယန်ကိုမြင်သော် အလျင်အမြန်သူ့ကို သွားနှုတ်ဆက်ပြီး သူ​ခြေရင်းကခရီးဆောင်အိတ်ကို ကူဆွဲပေးလေသည်။


ဝေ့ယန်က အစေခံ၏နောက်ကနေ လိုက်ပြီး ခန်းမထဲဝင်လာသည်။လူအိုကြီးဝေ့၏အနားသို့ရောက်သောအခါ သူက လက်မောင်းနှစ်ဖက်ကို အကျယ်​ကြီးဖွင့်ပြီး လူအိုကြီးဝေ့ကို အားရပါးရဖက်လိုက်၏။သူက တရင်းတနှီးဆိုလိုက်လေသည်။


"အဘိုး ကျွန်တော်ပြန်လာပြီနော်...ကျွန်တော့်ကိုလွမ်း​​နေလား"


"ပြန်လာဖို့အမှတ်ရသေးတယ်ပေါ့"

လူအိုကြီးဝေ့က ဝေ့ယန်ကိုစိုက်ကြည့်လိုက်ပြီး သူ့လေသံထဲတွင် ဘာကြီးကျယ်ခမ်းနားမှုမှမပါတော့ပေ။


ဤဝေ့ယန်က အမှန်တကယ်ကို လူအိုကြီးဝေ့၏အချစ်ဆုံးမြေးဖြစ်သည်ပဲဟု ဘေးနားက လူများကတိတ်တိတ်လေးတွေးမိကြသည်။ဝေ့ယန်သူဝါသနာပါရာအလုပ်နောက်လိုက်နေသည်ကို ပံ့ပိုးပေးရုံသာမက သူ၏တစ်ခုတည်းသောချစ်ခင်ကြင်နာမှုကို ဝေ့ယန်အပေါ်မှာပဲပြလေသည်။


"အဘိုးက အိမ်မှာရှိနေတာကို ကျွန်တော်ကဘယ်လိုလုပ်အပြင်မှာ စိတ်အေးသက်သာရှိပါ့မလဲလို့...အဘိုးကိုတွေ့ဖို့ ခဏခဏပြန်လာရမှာပေါ့"


ဝေ့ယန်ကနှုတ်လည်း အလွန်ချိုပြီး လူအိုကြီးကိုပြုံးအောင်ချော့လိုက်နိုင်သည်။


ထိုအချိန်မှာ တခြားသူများက ဘာမှကြည့်စရာမရှိတော့သည်ကိုမြင်လျှင် ထရပ်ပြီး တစ်ယောက်ပြီးတစ်ယောက်ပြန်ကုန်ကြသည်။သူတို့ကလည်းပဲ ဝေ့မိသားစု၏အစိတ်အပိုင်းဖြစ်ပေမဲ့ သူတို့အကုန်လုံးက မိသားစုခွဲများမှဆွေမျိုးများဖြစ်လေသည်။ပွဲကြည့်ပြီးနောက် ပင်မအိမ်ထဲမှာဆက်နေသည်က အဓိပ္ပါယ်မရှိပေ။


ထိုလူများထွက်သွားသည်နှင့် ဝေ့မိသားစုအိမ်က ရုတ်ချည်းတိတ်ဆိတ်သွားသည်။ဝေ့ချန်က လူအိုကြီးဝေ့ကိုတွဲ၍ ဆိုဖာပေါ်မှာ ထိုင်စေပြီး သူ၏သွယ်လျသောလက်များဖြင့် လူအိုကြီးဝေ့၏ပခုံးများကို အသာအယာနှိပ်ပေးရင်း ဆိုလေသည်။


"အားချန် ချန်မိသားစုက...အမ်း...ချန်လီနဲ့လက်ထပ်လိုက်တယ်လို့ ခုနကသူတို့ပြောတာကြားလိုက်ရတယ်...အမှန်ပဲလား အဘိုး"


"အင်း"

လူအိုကြီးဝေ့က အသံတစ်သံပဲထုတ်ပြီး မျက်လုံးများကိုမှိတ်ကာ သက်တောင့်သက်သာဇိမ်ခံနေသည်။


လူအိုကြီးဝေ့၏ပုံစံကိုမြင်လျှင် ဝေ့ယန် လူအိုကြီးဝေ့က ဤခေါင်းစဥ်ကို ​ဆွေးနွေးချင်စိတ်မရှိမှန်း သိလိုက်သဖြင့် တခြားခေါင်းစဥ်တစ်ခုကိုပြောင်းပြောလိုက်သည်။သူက အမှန်တကယ်ကို လူအိုကြီးဝေ့နှင် ပျော်ပျော်ပါးပါး ပလဲပနံသင့်နေခဲ့သည်။


ညစာစားချိန်ရောက်သောအခါ ဝေ့ချန်က တကယ်ကို ချန်လီကိုခေါ်ပြီးဆင်းမလာခဲ့ပေ။အိမ်တော်ထိန်းက အစေခံတစ်ယောက်ကို နှစ်ယောက်စာအတွက်ညစာပြင်ပြီး ဝေ့ချန်၏အခန်းသို့ပို့ခိုင်းလိုက်၏။အစေခံက ညစာကိုယူပြီးတက်သွားရန် ကြိုးစားပေမဲ့ ဝေ့ယန်ကတားလိုက်သည်။


"ငါအားချန်ကိုမတွေ့ရတာကြာပြီ...ငါပဲယူသွားလိုက်မယ်"

အစေခံ၏တုန့်ပြန်မှုကိုလျစ်လျူရှု၍ သူကအစေခံ၏လက်ထဲကဗန်းကို ယူပြီး ခြေလှမ်းကျဲကြီးများဖြင့် ထမင်းစားခန်းမှ ထွက်ကာအပေါ်ထပ်ကို တက်သွားလေသည်။


ဒေါက်...ဒေါက်...


ဝေ့ယန်က ဝေ့ချန်၏ အခန်းတံခါးကို အသာအယာခေါက်လိုက်ပြီး ဝေ့ချန်ကအထဲကနေ အသံကိုနှိမ့်ကာ ပြောလာသည်။


"တံခါးကလော့ချမထားဘူး ဝင်လာခဲ့"

ထို့နောက် ဝေ့ယန်ကတံခါးကိုဖွင့်ပြီးဝင်သွားလိုက်၏။


ထိုအခိုက်အတန့်တွင် ချန်လီက ရေချိုးပြီးခါစဖြစ်ကာ ကုတင်ဘေးမှာထိုင်နေသည်။ဝေ့ချန်က ဆံပင်မှုတ်စက်တစ်ခု လက်ထဲမှာကိုင်ပြီး ညင်သာစွာလှုပ်ယမ်းနေသည်။လေနွေးနွေးက ချန်လီ၏အနည်းငယ်ရှည်နေသောဆံပင်များကြားထဲမှာ လူးလာခေါက်တုံ့ ဖြတ်သွားနေသည်။


"လီလီ မနက်ဖြန်ကျရင် ဆံပင်သွားညှပ်မလား"


ဝေ့ချန်၏ လက်ချောင်းသွယ်သွယ်များက ချန်လီ၏နူးညံ့သောဆံပင်များကိုထိုးဖွရင်း သူက ညင်သာစွာဖြင့် ချန်လီ၏အမြင်ကို မေးနေသည်။


ချန်လီက ရှေ့တည်တည့်ကိုပဲကြည့်နေပြီး ဘာမှပြန်မဖြေပေ။


"ကိုယ်လည်းမင်းနဲ့လိုက်ခဲ့မှာပါ"


ဝေ့ချန်၏လှုပ်ရှားမှုများက ပို၍နူးညံ့သွားပြန်သည်။


ချန်လီက ပြန်မဖြေဆဲဖြစ်ပြီး ခေါင်းညိတ်ခေါင်းခါပင် မလုပ်ပါချေ။


"မင်းဆံပင်ညှပ်ပြီးသွားရင် ကိုယ်မင်းကို ပန်းချီအတွက်ကုန်ကြမ်းတွေကြည့်ဖို့ခေါ်သွားပေးမယ်လေ...ဒီကဏ္ဍမှာကျ ကိုယ်ကနားမလည်ဘူး...မင်းကိုယ်တိုင်သွားကြည့်မှရမယ်...မင်းကြိုက်တာရွေးလို့ရတယ်ကွာ"


ဝေ့ချန်က ဝှက်ဖဲကိုထုတ်သုံးလိုက်၏။


ချန်လီ၏ပုံစံက အသက်မဲ့နေဆဲဖြစ်ပြီး ဘာမှတုံ့ပြန်မလာပေ။


ဝေ့ချန်က ဆိုလေသည်။

"ဒါဆို အတည်ဖြစ်သွားပြီနော်...လီလီက လိမ္မာလိုက်တာ"


ဖြစ်စဥ်တစ်ခုလုံးကို မျက်မြင်ကြုံခဲ့ရသည့် ဝေ့ယန်က အံဩတကြီး မျက်ခုံးပင့်လိုက်၏။ခုနက ချန်လီက ဘာတစ်ခုမှ မတုံ့ပြန်သလို ဘာစကားမှလည်းမပြောမှန်းသိသာပေမဲ့ ဤလူနှစ်ယောက်က သူတို့အဆက်အသွယ်လုပ်နေသည်ဟူသောခံစားချက်ကို သူ့ကို ပေးနေသည်။ဤဖြစ်စဥ်တစ်ခုလုံးမှာ ဝေ့ချန်က သူ့ဘာသာသူတစ်ယောက်တည်း​ စကားပြောနေခြင်းမဟုတ်ဘဲ ချန်လီဘာကိုဖော်ပြချင်သည်ကိုသိပြီး တုံ့ပြန်နေခြင်းဖြစ်၏။


ထူးဆန်းလိုက်တာ...ဝေ့ယန် စိတ်ထဲမှာသက်ပြင်းချလိုက်သည်။သို့ပေမဲ့ ထိုသက်ပြင်းအပြီးမှာ ဝေယန် ဝေ့ချန်ကိုပြန်ကြည့်လိုက်သည့်အခါဝယ် သူ့မျက်လုံးများထဲမှာ စူးစမ်းလိုမှုအရိပ်အယောင်တစ်ခုစွက်နေသည်။


ဝေ့ချန်ရဲ့ ချန်လီအပေါ်သဘောထားက

ကောင်းလွန်းမနေဘူးလား...



<< >>


💘Chapter 28 

ကောင်းတာလားဆိုးတာလား



"ဝေ့ယန် ပြန်လာပြီလား"


ဝေ့ချန်က ချန်လီ၏ဆံပင်ကိုအခြောက်ခံပေးပြီးနောက် သူ့အကြည့်ကို ဝင်လာသည့်လူထံပြောင်းလိုက်၏။


ညစာလာပို့သူက အစေခံမဟုတ်ဘဲ သူမတွေ့ရသည်မှာကြာပြီဖြစ်သော သူ့အစ်ကိုကြီးဖြစ်နေသည်ကိုတွေ့လိုက်ရသည်။သူ့ ဘာအံ့ဩမှုမှမပြဘဲ သူ့မျက်လုံးများက အေးစက်နေဆဲဖြစ်လေသည်။သဘာဝအတိုင်းပင် ချန်လီနှင့်မျက်နှာချင်းဆိုင်ရစဥ်ကလိုနူးညံ့ညင်သာမှုမျိုးသူ့မှာရှိမနေပေ။


ဝေ့ယန်က ဝေ့ချန်၏ဆုံးပါးသွားသောဦးလေး​ဖြစ်သူ၏တစ်ဦးတည်းသောသားဖြစ်၏။သူက ကလေးအရွယ်ကတည်းက မနာခံတတ်သူဖြစ်သည်။သူကပင်ကိုယ်ဗီဇအရ စိတ်ကူးယဥ်ဆန်ပြီး လွတ်လပ်မှုကိုတောင့်တသူဖြစ်သည်။သူက နေရာအတည်တကျလည်းမ​နေတတ်ပေ။မနေ့က ဖုန်းခေါ်တုန်းက နိုင်ငံတစ်နိုင်ငံ၏ပင်လယ်ထဲမှာရွက်လွှင့်နေသည်ဆိုလျှင် နောက်တစ်နေ့မှာ တစ်နေရာရာက သဲကန္တာရထဲမှာပေါ်လာပြီး ဒေသခံရှေးတီမဆွတိုင်းရင်းသားများနှင့် ဘဝ၏အဓိပ္ပါယ်ကိုဆွေးနွေးနေသည်မျိုးဖြစ်နေတတ်သည်။


သူက နေရာအတည်တကျမရှိဘဲ ခြေဦးတည့်ရာသွားလာရသည်ကို သဘောကျသည်။ဤသည်က အသက်သုံးဆယ်ထဲရောက်နေပြီဖြစ်သောဝေ့ယန်တစ်ယောက် တစ်ကိုယ်တည်းသမားဖြစ်နေရခြင်း၏ အကြောင်းအရင်းလည်းဖြစ်လေသည်။ဘယ်သူကမှာ ဝေ့ယန်လို ဦးတည်ရာမဲ့လျှောက်သွားနေရန် ရွေးချယ်မှာမဟုတ်ပေ။


"အင်း ငါပြန်လာပြီ...အားချန် ငါ့ကိုလွမ်းလား"


ဝေ့ယန်စကားပြောလိုက်ချိန်မှာ သူ၏သက်ပြင်းများနှင့်စူးစမ်းလိုမှုများက အကုန်လုံး နက်နက်ရှိုင်းရှိုင်းမြုပ်နှံခြင်းခံလိုက်ရပြီဖြစ်ကာ သူ့မျက်လုံးများက ပြုံးနေပြီး လူကလည်း စိတ်ကူးယဥ်ဆန်ပြီး လွတ်လပ်သောလူ ပြန်ဖြစ်လာသည်။


"ဗန်းကိုချထားလိုက် ​ထွက်လို့ရပြီ"


ဝေ့ချန်နှင့်ဝေ့ယန်မှာ ပြောစရာစကားများများစားစားမရှိပေ။အေးစက်စက်စကားတစ်ခွန်းကိုပြောပြီးနောက် သူက ပြန်လှည့်ပြီး ချန်လီကို ခေါင်းဖြီးပေးလိုက်သည်။


ချန်လီ၏ဆံပင်ကို မတော်တဆဆွဲမိမှာစိုးသည့်အတိုင်း ချန်လီကို တယုတယခေါင်းဖြီး​ပေးနေသည့်ဝေ့ချန်ကို မြင်လျှင် ဝေ့ယန် မနေနိုင်ဘဲစုတ်သပ်လိုက်မိ၏။

'ဖာ့ခ် ဒါကြီးက တကယ်ဝေ့ချန်လား'


သို့ပေမဲ့ ဝေ့ယန်ကကိုယ့်ကိုကိုယ် အရူးအဖြစ်မခံပါချေ။ဝေ့ချန်က နှင်ထုတ်သည်နှင့် သူတို့နှစ်ယောက်အတွက်ညစာဗန်းကိုချပြီး ထွက်လာခဲ့၏။ ဝေ့ချန်၏အခန်းတံခါးကိုပိတ်ပြီးသည့်တိုင် ဝေ့ယန်မှာမယုံနိုင်ဖြစ်နေဆဲဖြစ်သည်။ကလေးကတည်းက ခံစားချက်တွေကိုအတော်လေးထိန်းချုပ်ထားတတ်တဲ့ဝေ့ချန်က ချန်လီလိုအော်တစ်ဇင်တစ်ယောက်အ​ပေါ်ကို ဘာလို့ဒီလောက်နူးညံ့နေတာလဲ...


ဝေ့ယန် မဟေဠိဖြစ်သွားပြီး ဤမေးခွန်းကို သယ်ပြီး ထမင်းစားခန်းကိုပြန်သွားလေသည်။ယခုအချိန်မှာ လူအိုကြီးက ညစာစားပြီးပြီဖြစ်ကာ ဝေ့ယန်က အနားနားကပ်ကာမေးလိုက်၏။


"အဘိုး အားချန်နဲ့ချန်လီက လက်ထပ်ပွဲသဘောတူညီမှု မတိုင်ခင်က တွေ့ဖူးကြတာလား"


လူအိုကြီးဝေ့က အိမ်တော်ထိန်း ကမ်းပေးလာသည့် လက်သုတ်ပဝါကိုယူပြီး သူ့နှုတ်ခမ်းထောင့်များကို ညင်သာစွာသုတ်လိုက်ကာ မေးခွန်းကိုမဖြေဘဲ ဤသို့သာ ဆိုလေသည်။


"မင်းရဲ့အမြင်ကိုမမေးရသေးဘူး...လက်ထပ်လိုက်တာက အားချန်နဲ့ချန်လီအတွက် ကောင်းတယ်လို့မြင်လား ဆိုးတယ်လို့မြင်လား"


"အားချန်က ကောင်းတယ်လို့မြင်ရင်အဆင်ပြေပါတယ်"


ဝေ့ယန်က အဖြေကိုရှင်းရှင်းလင်းလင်းမပေးဘဲ ဝေ့ချန်၏ရည်ရွယ်ချက်များအပေါ်သာ မူတည်ပြီးပြောလိုက်၏။


လူအိုကြီးက ဝေ့ယန်ကိုကြည့်ပြီး ပြုံးကာ ဘာမှမပြောပေ။


ဝေ့ယန်က သူနှင့်လိုက်ရယ်လိုက်ပြီး မျက်လုံးများက တလက်လက်တောက်ပနေသည်။

*


ညနေခင်းမှာ နေ့ခင်းအပူအချိန်က တဖြည်းဖြည်းပျောက်ကွယ်လာနေပြီဖြစ်သည်။ညနေခင်းလေညှင်းလေးက တိုက်ခတ်​နေပြီး အအေးဓာတ်အနည်းငယ်ပင်ပါသေးသည်။​ဝေ့ချန်က ချန်လီကို ဝေ့မိသားစု၏ဥယျာဥ်ထဲကိုခေါ်သွားပြီး လှုပ်ကုလားထိုင်ပေါ်မှာ ထိုင်ခိုင်းလိုက်သည်။


နွေရာသီမှာ စိမ်းလန်းစိုပြည်သောသစ်ပင်ပန်းမန်များ၏ ရနံ့က သူ့နှာသီးဝမှာပြည့်နေပြီး ညနေခင်းလေညှင်းလေးကလည်း ပြေပြေလေး တိုက်ခတ်နေကာ သက်တောင်သက်သာရှိသလို ခံစားရလေသည်။


နှစ်ယောက်သား စကားမဆိုဘဲ လှုပ်ကုလားထိုင်ပေါ်မှာ ထိုင်နေခဲ့ကြသည်။


ချန်လီကရှေ့ကိုပဲတည့်တည့်ကြည့်နေပြီး အပြင်လူများရှာမတွေ့နိုင်သော ကမ္ဘာတစ်ခုထဲသို့ရောက်သွားသလားမသိရပေ။ဝေ့ချန်က ချန်လီကိုကြည့်နေပြီး ချန်လီ၏ မျက်ခုံး၊မျက်လုံး၊နှုတ်ခမ်းစသည့် ချန်လီ၏အရာရာတိုင်းကိုကြည့်နေသည်။သူ့နှလုံးသားက ပြောင်းလဲသွား၍လားမသိ၊ချန်လီ၏မျက်နှာအစိတ်အပိုင်းများက သူ၏ကိုယ်ပိုင် အလှအရသခံစားမှုများနှင့် အလွန်ကိုက်ညီသည်ဟုသာ ခံစားရသည်။ချန်လီ၏မျက်နှာကသာ သူ့တစ်ဘဝလုံးမြင်ဖူးသမျှထဲမှာ အလှပဆုံးမျက်နှာဟု သူခံစားရသည်။


မှန်ပေသည်၊ဤမျက်နှာကသာ ပို​ပြီးပြည့်ဖောင်းဖောင်းလေးဖြစ်ကာ အသားအနည်းငယ်ပိုပြည့်လာလျှင် ပို၍​ပင်ပြောစရာမရှိအောင် ပြည့်စုံသွားမှာဖြစ်သည်။


ထိုသို့တွေးပြီး ဝေ့ချန်မနေနိုင်ဘဲ လက်ဆန့်ကာ ချန်လီ၏ပါးလေးကိုဆွဲညစ်လိုက်မိသည်။


"လီလီ နည်းနည်းလောက်ပိုဝလာပါကွာ"


ချန်လီက ခေါင်းလှည့်ပြီး ဝေ့ချန်ကို တည့်တည့် ကြည့်လာသည်။


"မင်းက အခုပိန်လွန်းတယ်...နောင်ကျရင် များများစားပြီးများများလေ့ကျင့်ခန်းလုပ်ရမယ်နော်"


ဝေ့ချန်က ချန်လီ၏မျက်ဝန်းများကိုကြည့်ပြီး အပြုံးနှင့်ပြောလိုက်၏။


ချန်လီက တိတ်ဆိတ်စွာပဲခေါင်းပြန်လှည့်သွားပြီး ဝေ့ချန်ကိုမကြည့်တော့ပေ။ဝေ့ချန်၏စကားများ၏အဓိပ္ပါယ်ကို သူနားလည်မလည်မသေချာပါချေ။


ဝေ့ချန်က ခပ်တိုးတိုး ရယ်လိုက်၏။သူ့မျက်နှာပေါ်မှာ ဘာအမူအရာမှမရှိသော်လည်း သူ့မျက်ဝန်းများထဲက ခံစားချက်များက ပျော်ရွှင်မှုအပြည့်ရှိနေသည်။


ညဥ့်နက်လာပြီဖြစ်သဖြင့် ဝေ့ချန် ချန်လီကိုအခန်းထဲပြန်ခေါ်လာလိုက်သည်။တစ်ချိန်တည်းမှာပဲ သူပြဿနာတစ်ခုနှင့်ရင်ဆိုင်လိုက်ရ​တော့သည်...


ဝေ့ချန်၏အခန်းထဲတွင် ကုတင်တစ်လုံးပဲရှိသည်။ 


ယင်းက သူတို့ဤည အိပ်ရာတစ်ခုတည်းကိုမျှသုံးရမည်ဟု ဆိုလိုပေသည်။


<< >>


💘