Chapter 29+30
Viewers 6k

💘Chapter 29 

အတူတူအိပ်ခြင်း



ချန်လီဆေးရုံတက်စဥ်က ဝေ့ချန်က ချန်လီ၏လူနာဆောင်ထဲမှာ ချန်လီကိုနေ့ရာညပါဂရုစိုက်ပေးခဲ့ပြီး လဝက်လုံးလုံး အခန်းတစ်ခုထဲမှာအတူတူရှိနေခဲ့​ကြသော်လည်း အခန်းထဲ၌ လူကြီးတစ်ယောက်ကောင်းကောင်းအိပ်၍ရသည့် ဆိုဖာတစ်လုံးရှိသဖြင့် တကယ်တမ်းမှာ အိပ်ရာတစ်ခုတည်းကိုမျှသုံးခြင်းဟု သဘောထား၍မရပါချေ။


သို့ပေမဲ့ ယနေ့က ကွဲပြားသည်။


သူတို့က လက်ထပ်မှတ်ပုံတင်ပြီးပြီဖြစ်လေသည်။ဝေ့မိသားစုရှိဝေ့ချန်၏အခန်းထဲမှာ နှစ်ယောက်အိပ်ကုတင်တစ်လုံးပဲရှိသည်။


ထို့အပြင် ချန်လီကပတ်ဝန်းကျင်အသစ်တစ်ခုမှာရောက်နေသဖြင့် ဝေ့ချန် ချန်လီကိုတစ်ယောက်တည်းထားခဲ့​ပြီး ချန်လီ၏ခံစားချက်များကို လျစ်လျူရှုကာ ဧည့်ခန်းထဲမှာ တစ်ယောက်တည်းသွားမအိပ်နိုင်ပေ။


ထို့ကြောင့် အိပ်ရာအတူတူမျှဝေခြင်းက 

ဝေ့ချန်နှင့်ချန်လီ ဤည အတူတူရင်ဆိုင်ရမည့် ပြဿနာ ဖြစ်လေသည်။


"လီလီ ကိုယ်တို့ဒီညအတူတူအိပ်ကြရင်ကောင်းမလား"


ချန်လီကို ညဝတ်အင်္ကျီလဲရန်တိုက်တွန်းပြီးနောက် ဝေ့ချန်က ချန်လီ၏ခေါင်းလေးကိုပွတ်ကာ စိတ်ပိုင်းဖြတ်မှုအပြည့်ဖြင့်ပြောလိုက်သည်။


ချန်လီက ဝေ့ချန်ကိုစိုက်ကြည့်လာပြီး သူ့မျက်လုံးများက ကြည်လင်သန့်ရှင်း၍နေကာ ဘာညစ်ညမ်းမှုမှမတွေ့ရပေ။ထိုမှသာ ဝေ့ချန်တစ်ယောက် အိပ်ရာတစ်ခုတည်းမှာအတူတူအိပ်​သည်တို့ဘာတို့က တစ်ခုခုမှားနေသည်ဟုတွေးနေသူက သူတစ်ယောက်တည်းဖြစ်ကြောင်း ခံပြင်းစွာနှင့်တွေ့ရှိသွားခဲ့ရလေသည်။ချန်လီ၏စိတ်က ဖြူစင်သန့်ရှင်းပြီး ထိုသို့သောကိစ္စမျိုးကို နည်းနည်းမှမသိပေ။


ဤသို့တွေးလိုက်သောအခါ ဝေ့ချန်၏နှလုံးသားထဲက အပြစ်ရှိစိတ်များအားလုံး ပျောက်ကွယ်သွားခဲ့သည်။ဟုတ်သည်၊အိပ်ရာတစ်ခုတည်းမှာအတူတူအိပ်ရုံဖြစ်သည်၊တကယ်ကို ဘာမှတွေးပူစရာလိုမနေပေ။


"အိပ်ဖို့အချိန်ရောက်ပြီ"


ဝေ့ချန်က ပြောလိုက်ပြီး စောင်ကိုလှပ်ကာ ချန်လီကိုဝင်လှဲခိုင်းလိုက်သည်။ချန်လီက လိမ်လိမ်မာမာဖြင့် ဝင်လှဲပြီး မျက်လုံးများက ဝေ့ချန်ကိုစိုက်ကြည့်နေဆဲဖြစ်လေသည်။


ဘာကြောင့်မှန်းမသိပေမဲ့ ဝေ့ချန် ချန်လီ၏မျက်လုံးများထဲမှာ ဆန်းသစ်သောခံစားချက်တစ်ခုကို ခပ်ရေးရေးမြင်လိုက်ရသည်။တွေးကြည့်သည့်အခါ ဤသည်ကချန်လီအတွက်ပထမဆုံးအကြိမ် သူများနှင့်အတူတူအိပ်ရမှာဖြစ်၍ဖြစ်နိုင်သည်။


"ဘေးကိုတိုး ကိုယ်လည်းအိပ်မလို့"


ချန်လီက အိပ်ရာထဲ​ရောက်သည်နှင့် နှစ်ယောက်အိပ်ကုတင်၏အလယ်တည့်တည့်မှာ နေရာယူပြီး ဘယ်ကိုမှပြောင်းကြည့်ရန်ရည်ရွယ်ချက်မရှိဘဲဝေ့ချန်ကိုပဲတည့်တည့်ကြည့်နေသည်။ဝေ့ချန်၏စကားများကိုကြားသောအခါ ချန်လီက လိမ်လိမ်မာမာဖြင့် ဘေးကိုတိုးလိုက်ပြီး သူ့မျက်လုံးများကမူ ဝေ့ချန်အပေါ်မှာပဲရှိနေဆဲဖြစ်လေသည်။


ဝေ့ချန်က တစ်ဘက်ခြမ်းမှာလဲလျောင်းလိုက်ပြီး စောင်တစ်ထည်ယူကာ သူ့ကိုယ်သူခြုံလိုက်၏။သူတို့က အိပ်ရာတစ်ခုတည်းကိုမျှသုံးနေကြသော်လည်း 

စောင်ကမှုနှစ်ထည်ဖြစ်သည်။ယင်းကို အနည်းငယ်ပိုင်းခြားထားသည်ဟုသတ်မှတ်၍ရနိုင်သည်။


"မီးပိတ်လိုက်တော့မယ်နော်"


ထိုသို့ပြောပြီးနောက် ဝေ့ချန် ခေါင်းအုံးစွန်းက ခလုတ်ကိုနှိပ်လိုက်၏။သို့ပေမဲ့ နောက်အခိုက်အတန့်မှာပဲ ဝေ့ချန်၏ခန္ဓာကိုယ်တောင့်တင်းသွားပြီး သူအနည်းငယ်ကြောင်အသွားသည်။


အမှောင်ထဲမှာ ချန်လီက ဝေ့ချန်၏ဘေးကို သူ့ဘာသူလှိမ့်လာပြီး ဝေ့ချန်၏စောင်ကိုပင် လှပ်ကာ ဝေ့ချန်၏စောင်ထဲကိုလှိမ့်ဝင်လာ၏။


ဝေ့ချန်က အချိန်အတော်ကြာ ကြက်သေသေနေပြီးမှ တုံ့ပြန်နိုင်ခဲ့လေသည်။သူက သူ့လက်မောင်းကို ချန်လီ၏ခါးပေါ်မှာ တောင့်တောင့်ကြီးတင်လိုက်၏။ချန်လီ၏အသားက သိပ်မပူမှန်းသိသာပေမဲ့ သူ့ညဝတ်အင်္ကျီကနေတဆင့် ခံစားမိသည့်အသားက ကျစ်ကျစ်တောက်ပူနေသလိုခံစားရသည်။ထိုအပူရှိန်က သူ့နှလုံးသားကိုတည့်တည့်ရိုက်ခတ်လာကာ သူ့နှလုံးသားပင် တစ်ခါတည်းပူလောင်လာခဲ့လေသည်။


ထို့နောက်မှာ နှစ်ယောက်သားက ဆက်၍ဆက်သွယ်ပြောဆိုခြင်းမရှိတော့ဘဲ အမှောင်ထဲမှာမျက်လုံးများကိုအတူတူမှိတ်လိုက်ကြသည်။ချန်လီ သူ့ရင်ခွင်ထဲမှာရှိနေ၍လားမသိ၊ဝေ့ချန်ပြန်လည်မွေးဖွားလာကတည်းက သူ့ကိုညစဥ်ညတိုင်းနှောက်ယှက်ခဲ့သောသည်းမခံနိုင်စရာအိပ်မက်ဆိုးများက ဤညမှာ သူ့ကိုမနှောက်ယှက်တော့ပါချေ။


ဤညမှာ ဝေ့ချန် တစ်ညလုံး ဘာအိပ်မက်မှမမက်ခဲ့ဘဲ မျက်စိတစ်မှိတ်အတွင်း မိုးလင်းသွားသလိုသာ ခံစားခဲ့ရလေသည်။


ဝေ့ချန်နိုးသောအခါ ချန်လီကမနိုးသေးပေ။တချိန်လုံး အကြောက်ကြောက်အရွံ့ရွံ့​ဖြစ်နေသည့် နိုးနေချိန်ရှိ ချန်လီနှင့်ယှဥ်လျှင် လက်ရှိအချိန်ရှိ ချန်လီက စိတ်အေးသက်သာအရှိဆုံးဖြစ်သည်။


သူက ဝေ့ချန်ကို အများကြီးယုံကြည်သည်မှာသေချာသလောက်ဖြစ်သည်။ ထို့ကြောင့်သာ သူဝေ့ချန်ရှေ့မှာ အိပ်ပျော်နိုင်ပြီး သူ၏စိတ်အေးသက်သာအရှိဆုံးဘက်ခြမ်းကို ဝေ့ချန်ရှေ့မှာပြနိုင်ခြင်းဖြစ်လေသည်။ဤအခိုက်အတန့်ရှိချန်လီအိပ်နေသောပုံစံက ပုံမှန်ဖြစ်သည်ဟုပြော၍ရသော်လည်း တစ်ကိုယ်လုံးဝေ့ချန်ကိုကျောပေးကာ ဝေ့ချန်၏ရင်ခွင်ထဲမှာ ကွေးကွေးလေးကြုံ့ဝင်နေပြီး ဝေ့ချန်ကိုကျောပေးထားရသည်အား အလွန်စိတ်ချလက်ချဖြစ်နေလေသည်။

(လူတွေကယုံကြည့်ရတဲ့လူကိုမှကျောပေးရဲကြတာပါနော် မဟုတ်ရင်အင်မတန်နောက်ကျောမလုံဖြစ်တတ်ပါတယ်)


ဤသည်ကို သတိပြုမိလိုက်ခြင်းက ဝေ့ချန်ကို ပျော်ရွှင်စေပြီး သူ့မျက်လုံးများမှာ အပြုံးများဖြင့်ပြည့်သွားစေခဲ့သည်။


<< >>


💘Chapter 30 

ခင်ဗျားအ​ပေါ်မှာ အရမ်းကိုအားကိုးရှာတယ်



ကောင်းကင်ကြီးက လင်းနေပြီဖြစ်သည်။နေရောင်က ပြတင်းပေါက်အဟကြားကနေ တိတ်တိတ်လေးဝင်ရောက်ကာ ညတာကယူဆောင်လာသည့်အမှောင်ထုကို မောင်းထုတ်ပြီး အခန်းတစ်ခုလုံးကို အလင်းလွှာတစ်ခုဖြင့်လွှမ်းခြုံစေသည်။


ဝေ့ချန် ချန်လီကိုခဏလောက်ငေးကြည့်နေခဲ့သည်။ချန်လီကနိုးလာမည့်အရိပ်အယောင်မပြသည်ကိုမြင်လျှင် သူအိပ်ရာက​နေထပြီး ချန်လီကိုစောင်ဆွဲခြုံပေးလိုက်၏။ဝေ့ချန် မျက်နှာသစ်ပြီး၍ထွက်လာချိန်မှာ ချန်လီကမျက်လုံးပွင့်နေပြီဖြစ်ကာ မျက်နှာကျက်ကို မျက်တောင်မခတ်တမ်း ငေးကြည့်​နေသည်။နေရောင်ခြည်က ချန်လီ၏မျက်လုံးများပေါ်ကိုဖြာကျကာ ချန်လီ၏ရှည်လျား​​သော​မျက်တောင်များကို အလင်းရောင်ဖျော့ဖျော့လက်နေသယောင်ဖြစ်စေသည်။


"နိုးပြီလား"


ဝေ့ချန်က ကုတင်ဘေးကိုလျှောက်လာပြီး မတ်တပ်ကနေ ချန်လီကိုအပြုံးမျက်ဝန်းများဖြင့်ကြည့်ကာ မေးလိုက်သည်။


ချန်လီက သူ့အကြည့်ကိုမျက်နှာကျက်ဆီကနေ ဝေ့ချန်ပေါ်ကို​ရွှေ့လာသည်။သူက သူအိပ်မက်မက်နေခြင်းမဟုတ်ကြောင်းအတည်ပြုနေသကဲ့သို့ ခဏလောက်စိုက်ကြည့်နေပြီးမှ အိပ်ရာပေါ်ကနေ ဖြည်းဖြည်းချင်းထလေသည်။တစ်ညလုံးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ပြီးနောက် သူ၏အနည်းငယ်ရှည်နေသောဆံပင်များက ချန်လီ၏ခေါင်းပေါ်မှာ အနည်းငယ်ထိုးထိုးထောင်ထောင်ဖြစ်နေပြီဖြစ်သည်။


ဝေ့ချန် မနေနိုင်ဘဲ လက်ဆန့်ကာ ချန်လီ၏ခေါင်းလေးကို ပွတ်ပေးလိုက်ပြီးပြောလိုက်၏။


"ထတော့...အောက်ဆင်းပြီးမနက်စာစားရအောင်...ပြီးရင်အပြင်ထွက်ကြမယ်...မင်းကိုယ့်ကို မနေ့က ဆံပင်ညှပ်ပါ့မယ်လို့ကတိပေးထားတယ်လေ"


ချန်လီ၏မျက်လုံးများက အသက်မဲ့နေပြီး သူ၏အမူအရာမဲ့နေသောမျက်နှာက အချိန်အတော်ကြာအောင် ငေးကြောင်ကြောင်ဖြစ်သွားခဲ့သည်။သူ့ကြည့်ရသည်မှာ ဘာတွေဖြစ်ခဲ့လဲဆိုသည်ကို အခုမှပြန်အမှတ်ရသွားပုံရသည်။သူက ဝေ့ချန်ကိုပြန်မဖြေဘဲ သည်အတိုင်းမျက်တောင်မခတ်တမ်းသာ

ဝေ့ချန်ကို ကြည့်နေလေသည်။


"ကိုယ့်စကားကိုယ်ပြန်ရုတ်သိမ်းလို့မရဘူးနော်...မင်း ကိုယ့်ကို မနေ့ကကတိပေးထားတာ"


ဝေ့ချန်က အလေးပေးပြီးပြောလိုက်၏။သူတို့ကြားမှာစိတ်ချင်းဆက်သွယ်မှုရှိနေသလိုမျိုး ဘာကြောင့်မှန်းမသိပေမဲ့ သူချန်လီဘာကိုဖော်ပြချင်သည်ကို ဗြုန်းခနဲ နားလည်နိုင်နေသလိုခံစားရသည်။


ချန်လီက ဝေ့ချန်ကိုကြည့်နေခြင်းအားရပ်လိုက်ပြီး စောင်ကိုလှပ်ကာ ဝေ့ချန်သူ့အတွက်ပြင်ပေးထားသောညှပ်ဖိနပ်ကိုစီးလိုက်၏။​ပြီးလျှင် ချန်လီက မတ်တပ် မတ်မတ်ရပ်လိုက်ပြီး သူ့မျက်လုံးများက ဝေ့ချန်ဆီကမခွာပြန်တော့ပေ။


ဝေ့ချန် အကူအညီမဲ့စွာပဲ ချန်လီ၏လက်ကိုလှမ်းဆွဲကာ သူ၏လက်ဖဝါးပြင်ကျယ်ကြီးဖြင့် ချန်လီ၏လက်ကို မြဲမြံစွာ ထွေးဆုပ်ပြီး လူကို မျက်နှာသစ်ရန် ရေချိုးခန်းဆီခေါ်သွားလိုက်သည်။ချန်လီက လိမ်လိမ်မာမာလိုက်လာပြီး သူ့အမူအရာက အသက်မဲ့နေဆဲဖြစ်သော်လည်း သူ့မျက်လုံးများထဲမှာသတိထားနေမှုတို့မရှိဘဲ သူ့ခန္ဓာကိုယ်ရှိကြွက်သားတစ်ခုစီတိုင်းက ပြေလျော့နေခဲ့လေသည်။


ဝေ့ချန်နှင့်ချန်လီ အခန်းထဲကထွက်လာချိန်မှာ 8နာရီထိုးနေပြီဖြစ်သည်။အခန်းထဲကထွက်လာပြီးနောက် ချန်လီ၏ကြွက်သားများ စတင်တင်းမာလာသည်ကို ဝေ့ချန်ရှင်းရှင်းလင်းလင်းခံစားရလေသည်။သူ့မျက်လုံးများကအသက်မဲ့နေဆဲဖြစ်သော်လည်း သူက တဖန်ပြန်ပြီး သတိရှိနေကာ အကြောက်ကြောက်အရွံ့ရွံ့ဖြစ်လာခဲ့သည်။


"အဆင်ပြေပါတယ်...ကိုယ်ရှိတယ်နော်"

ဝေ့ချန်က ချန်လီ၏လက်ကိုခပ်ဖွဖွညစ်လိုက်၏။


ချန်လီက ဝေ့ချန်၏ခန္ဓာကိုယ်ကိုမှီထားပြီး မရွေ့တော့ပေ။


ချန်လီ၏အခြေအနေတိုးတက်လာအောင် သူအလျင်မလိုသင့်မှန်းဝေ့ချန်သိသည်။ယခု ချန်လီက သူ့ရှေ့မှာ သူ၏အကာအကွယ်ကိုစွန့်လွှတ်ရန် ဆန္ဒရှိနေသည်ကပင် ဝေ့ချန်အတွက် အလွန်အံ့အားသင့်စရာကိစ္စတစ်ခုဖြစ်နေပြီဖြစ်သည်။ကျန်သည်များက ဖြည်းဖြည်းချင်း သွား၍ရသည်။

*


မနက်စာစားပြီးနောက် ဝေ့ချန်ကချန်လီကိုအပြင်ခေါ်လာခဲ့သည်။သူက ချန်လီ၏အနည်းငယ်ရှည်နေသောဆံပင်ကို ညှပ်ရန် ဆံပင်ညှပ်ဆိုင်တစ်ဆိုင်ရှာခဲ့သည်။ဆံပင်ညှပ်နေစဥ်အတွင်းမှာ ချန်လီ၏အာရုံကြောများအားလုံးက တင်းမာလာခဲ့သည်။သူ့နောက်ကျောကတောင့်တင်းနေပြီး သူ့မျက်လုံးများထဲရှိ ကြောက်ရွံ့မှုက လျှံထွက်တော့မည်အတိုင်းပါပင်။


ဆံပင်ညှပ်ဆရာက ဘာကြောင့်မှန်းမသိသဖြင့် ညှပ်ရမှာအနည်းငယ်ကြောက်နေသည်။သူက ချန်လီကိုကြည့်ပြီး ဝေ့ချန်ကိုကြည့်လိုက်သည်။လက်ထဲမှာ ဆံပင်ညှပ်စက်ကိုကိုင်ပြီး အကြောင်းပြချက်မရှိပါဘဲ သူ့နှလုံးသားထဲမှာ အပြစ်ရှိစိတ်တချို့ပေါ်ထွက်လာသည်။အနှီဧည့်သည်မှာ မျက်လုံးဝိုင်းကြီးများရှိသည်။အနှီမျက်လုံးဝိုင်းကြီးများထဲမှာ အပျက်သဘောဆောင်သောခံစားချက်များရှိနေသည့်အခါ မြင်ရသူအား စိတ်မချမ်းမသာဖြစ်စေလေသည်။


"ညှပ်ပါ"


ဝေ့ချန်က ချန်လီ၏လက်ကိုကိုင်ထားသည်။လူ ဆံပင်ညှပ်ဆရာကိုစကားပြောနေသော်လည်း သူ့အကြည့်များကချန်လီပေါ်မှာရောက်နေပြီး ချန်လီ နူးညံ့ကြင်နာစွာကြည့်ကာ အားအင်များပေးနေခဲ့သည်။


ဝေ့ချန် သူ့လက်များဆီကတုန်ယင်မှုကိုခံစားရနိုင်ပြီး သူ့နှလုံးသားကအနည်းငယ်နာကျင်လာသည်။သို့ပေမဲ့ သူ့မျက်လုံးများထဲရှိနူးညံ့မှုများက တိုး၍လာကာ ချန်လီ၏နှလုံးသားကို နည်းနည်းချင်း တည်ငြိမ်သွားစေခဲ့သည်။


ဆံပင်ညှပ်ဆရာက သူ့ခေါင်းကိုနာကျင်အောင်လုပ်မှာမဟုတ်မှန်းသတိပြုမိသွား၍ဖြစ်ချင်ဖြစ်မည် သို့မဟုတ် ဝေ့ချန်၏နှစ်သိမ့်မှုကအလုပ်ဖြစ်၍ ဖြစ်ချင်ဖြစ်မည်၊ချန်လီ၏ တင်းမာနေသောခံစားချက်များက တဖြည်းဖြည်းပြေလျော့သွားခဲ့သည်။ဆံပင်ညှပ်ဆရာက ၎င်းကိုသတိပြုမိသဖြင့် ချန်လီကိုဆံပင်ညှပ်ပေးနေရာမှာသတိထားနေခြင်းရပ်သွားပြီး ချန်လီ၏ဆံပင်ကို ပုံမှန်ထက်ပို၍မြန်မြန်လည်း ညှပ်ခဲ့လေသည်။နောက်ထပ်ဆယ်မိနစ်လောက်ကြာသောအခါ ဆံပင်ညှပ်ဆရာက ချန်လီကို ချောမောကြည့်ကောင်းသောဆံပင်ကေတစ်ခုပေးလိုက်နိုင်ပြီဖြစ်ပြီး ယင်းကချန်လီကို များစွာပို၍ တက်​ကြွရွှင်လန်းသည့်ပုံပေါ်သွားစေသည်။


ပိုက်ဆံရှင်းသောအခါ ဆံပင်ညှပ်ဆရာက ဝေ့ချန်ကို တိုးတိုးလေးပြောလေသည်။


"လူကြီးမင်း ခင်ဗျားကလူကောင်းတစ်ယောက်ဖြစ်ပြီး ခင်ဗျားရဲ့ပါတနာကိုကောင်းကောင်းဂရုစိုက်တာကို ကျွန်တော်မြင်ရတယ်...ပြီးတော့ ခင်ဗျားရဲ့ပါတနာက... "

ဤနေရာအရောက်မှာ ဆံပင်ညှပ်ဆရာက ခဏလောက်တန့်သွားပြီး သူ့မျက်လုံးများထဲမှာ ကရုဏာသက်မှုများပြည့်လာသည်။


"သူက ခင်ဗျားကိုအရမ်းအားကိုးနေရှာတာ...အနာဂတ်မှာလည်း သူ့အပေါ်ကိုဆက်ပြီးကောင်းပေးနိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်"



<< >>


💘