Chapter 33+34
Viewers 6k

💘Chapter 33  

လူတွေရဲ့နှလုံးသားကဘက်လိုက်တတ်တယ်




ဝေ့ချန်၏ စကားလုံးများ ဧည့်ခန်းထဲတွင် ထပ်မံပေါက်ကွဲထွက်လာသည်နှင့်တပြိုင်နက် ဧည့်ခန်းရှိ လေထုက ချက်ချင်းတင်းမာလာခဲ့သည်။ 


ဝေ့ချန်၏ မျက်နှာပေါ်ရှိ အာရုံကြောများက အားနည်းလာကာ သူ၏မျက်နှာက ပို၍ပင် မျက်နှာသေဖြစ်လာသည်။ မျက်လုံးများက မှောင်မည်း၍ အေးစက်နေကာ သူ၏ စိတ်ပိုင်းဆိုင်ရာ အတက်အကျကိုမမြင်နိုင်ခဲ့ပေ။ ထိုမျက်လုံးများဖြင့် အကြည့်ခံရသူတိုင်း တုန်လှုပ်သွားပေလိမ့်မည်။


ဝေ့ချန်၏ အရှိန်အဝါဖြင့် ခြိမ်းခြောက်ခြင်းကိုခံရပြီးနောက် ဝေ့ဝေ့က ဖန်းယွင်၏ ရင်ခွင်ထဲတွင် ပုန်းနေခဲ့ပြီး ပင့်သက်ရှိုက်နေခဲ့သည်။ ဖန်းယွင်က ဝေ့ဝေ့၏ ဆံပင်များကို လက်ဖြင့် ပွတ်သပ်ပေးနေရင်း မျက်လုံးများမှေးမှိန်သွားကာ မျက်နှာက တည်ငြိမ်နေပုံပေါ်သော်လည်း ယခုအချိန်တွင် သူမ မည်သို့ခံစားနေရသည်ကို မည်သူမျှ မသိနိုင်ပါပေ။


ဝေ့ကျန်းရှုန်းက သူ၏မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး ဝေ့ချန်ကို အသေအချာကြည့်ကာ နောက်ဆုံးတော့ သူ့ရှေ့ကလူကို သူ မရင်းနှီးဘူးဟု ခံစားလိုက်ရသည်။


သူတို့အချင်းချင်း မတွေ့တာ အရမ်းကြာသွားလို့များလား...


"ဘာကိစ္စမှမရှိတော့ဘူးဆိုရင် ကျွန်တော် လီလီနဲ့ အပေါ်ထပ်ကိုသွားတော့မယ်..."


ဝေ့ချန်က သူ့မျက်လုံးများမှ အေးစက်မှုကို ရုပ်သိမ်းလိုက်ပြီး ဝေ့ကျန်းရှုန်းက သူ့ကို တခုခု ပြောချင်နေသေးသည်ကိုလည်း ဂရုမစိုက်ဘဲ ချန်လီ၏ လက်ကို ဆွဲကာ အပေါ်ထပ်သို့ တက်ခဲ့လိုက်သည်။


သူက အနည်းငယ် ဆန္ဒစောနေခဲ့ပြီး ချန်လီ၏ နောက်ကျောမှ ဒဏ်ရာအတွက် စိုးရိမ်နေခဲ့သည်။ သူ စိတ်စောနေခဲ့သော်လည်း ဝေ့ချန်က ချန်လီကို သူ့ကိုယ်သူ မတော်တဆဖြစ်အောင် မလုပ်မိစေရန် အလွန် ဂရုစိုက်နေဆဲပါပင်။


ဝေ့ကျန်းရှုန်းက မျက်မှောင်ကြုတ်ကာ ဝေ့ချန်နှင့် ချန်လီတို့၏‌နောက်ကျော လှေကားထောင့်တွင် ပျောက်

ကွယ်သွားသည်အထိ ကြည့်နေခဲ့သည်။ သူက အကြည့်ကို ရုပ်သိမ်းလိုက်ပြီး အိမ်အကူကိုခေါ်ကာ တည်ငြိမ်စွာ မေးခဲ့သည်။ 


"ဝေ့ချန်က ချန်လီကို အမြဲတမ်း ဒီလိုမျိုး ဆက်ဆံတာလား..."


အိမ်အကူက မျက်လုံးများကို နှိမ့်ချကာ ပြောခဲ့သည်။

"ဟုတ်ပါတယ် သခင်ငယ်လေးဝေ့ချန်က သခင်ငယ်လေးချန်လီအပေါ် အရမ်းကြင်နာတယ်..."


ဝေ့ကျန်းရှုန်းက မေးမြန်းတာကို ရပ်လိုက်ပြီး သူ၏မျက်လုံးများက ပြောင်းလဲမသွားဘဲ ဆိုဖာပေါ်သို့ သူ့လက်ဆစ်များဖြင့် ခေါက်နေခဲ့သည်။


အိမ်အကူက ဝေ့မိသားစုတွင် နှစ်အတော်ကြာ အလုပ်လုပ်ကိုင်ခဲ့သူဖြစ်လေရာ ဝေ့ကျန်းရှုန်း၏ အပြုအမူက တစ်စုံတစ်ခု တွေးတောနေကြောင်း သိရှိလေသည်။ သူမက အနှောင့်အယှက်မပေးတော့ဘဲ တိတ်တဆိတ် နောက်ဆုတ်သွားခဲ့သည်။ သူမ၏ မျက်လုံးထောင့်မှ ဖန်းယွင်နှင့် ဝေ့ဝေ့ကို တွေ့ခဲ့သည်။ ဝေ့ဝေ့က ဖန်းယွင်ဆီမှ ချော့မော့ခြင်းကိုခံထားရပြီး ယခု သူ၏လက်သီးများကိုဆုပ်ကာ စကားကြီးစကားကျယ်များ ပြောနေခဲ့သည်။ အိမ်အကူက အများကြီး နားမထောင်ရဲခဲ့ပေ။ 


သူမ နောက်ပြန်ဆုတ်သွားရင်းဖြင့် "အရူး" "သင်ခန်းစာ" စသည့်စကားလုံးများအား ဝေ့ဝေ့က ပြောနေသည်ကို မပြတ်မသားကြားလိုက်ရသည်။ ဖန်းယွင်က ဝေ့ဝေ့၏စကားများကို သဘောတူညီမှုရှိပုံဖြင့် မနှောင့်ယှက်ခဲ့ပေ။ ဝေ့ဝေ့က သူပြောခဲ့သည့်အတိုင်း လုပ်နိုင်သည်။


ငယ်ရွယ်သည့်သခင်လေးက လေးစားမှုအကြောင်း အမှန်တကယ် နားမလည်ခဲ့‌ပေ။ သခင်ငယ်လေးဝေ့ချန်က မှန်ကန်ခဲ့သည်။ ငယ်ရွယ်သည့်သခင်လေးက လူ‌များအား လေးစားသင့်‌ကြောင်း သင်ကြားပေးမည့်တစ်စုံတစ်ယောက်ကို အမှန်တကယ် လိုအပ်နေခဲ့သည်။


အိမ်အကူက ထွက်ခွာသွားချိန်၌ သူမစိတ်ထဲမှ တိတ်တဆိတ်တွေးနေခဲ့သော်လည်း ၎င်းက မဖြစ်နိုင်မှန်း သူမ သိခဲ့ပါသည်။ ဒုတိယသခင်နှင့် ဒုတိယသခင်မ တို့ကြောင့် မည်သူကမျှ သခင်ငယ်အား သွန်သင်ဆုံးမရန် သူတို့ကို မဖြတ်ကျော်ချင်ခဲ့ကြပေ။


လူတို့၏ နှလုံးသားများက ဘက်လိုက်ကြခြင်းမှာ မှားယွင်းမှုမရှိသော်လည်း ဒုတိယသခင်နှင့် ဒုတိယသခင်မတို့က ငယ်ရွယ်သောသခင်လေးအပေါ်၌သာ သူတို့၏ စိတ်နှလုံးတစ်ခုလုံးကို ထားရှိကြသည်။


လေးယောက်ရှိသည့် မိသားစု ဟု ပြောရမည့်အစား မိသားစု သုံးယောက် ဟု ပြောလျှင် ပို၍မှန်ပေလိမ့်မည်။ သခင်ငယ်ဝေ့ချန်က သူတို့၏ သားအရင်းဖြစ်သော်လည်း ဒုတိယသခင်နှင့် ဒုတိယသခင်မတို့က သခင်ငယ်ဝေ့ချန်ကို ဘယ်သောအခါကမျှ မိသားစုဟုမသတ်မှတ်ခဲ့ကြပေ။


*

အခန်းတံခါးကို ပိတ်လိုက်သည်နှင့် အပြင်ဘက်ရှိ အရာအားလုံးနှင့် သီးခြားဖြစ်သွားခဲ့သည်။ 


ဝေ့ချန် တံခါးကို ပိတ်လိုက်ပြီး မှီလိုက်သည်။ သူ၏မျက်လုံးများကို မှိတ်ထားကာ အနည်းငယ် ပင်ပန်းနေပုံပေါ်သည်။ 


ချန်လီက ဝေ့ချန်၏ နံဘေးတွင်ရပ်ကာ ဝေ့ချန်ကို ကြည့်လိုက်သည်။ သူက ဝေ့ချန်၏ စိတ်ဓါတ်ကျနေမှုကို ချက်ချင်း ခံစားမိပုံပေါ်သည်။ သို့သော်လည်း ဝေ့ချန်ကို မည်သို့နှစ်သိမ့်ရမည်မှန်း သူ မသိခဲ့ပေ။


 á€žá€°á€€ ဝေ့ချန် သူ့ကို ပုံမှန် နှစ်သိမ့်ပေးခဲ့သည့် နည်းအတိုင်း သူက သင်ယူခဲ့သည်။


 á€á€ťá€”á€şá€œá€Ž ခြေဖျားထောက်ကာ တုံ့ဆိုင်းစွာဖြင့် သူ၏လက်ကို ဆန့်ထုတ်လိုက်ပြီး ဝေ့ချန်၏ ဆံပင်ပေါ်သို့ သူ့လက်ဖဝါးကို တင်လိုက်ပြီးနောက် သူဘာဆက်လုပ်ရမည်မှန်းမသိခဲ့သလို မည်သည့်လှုပ်ရှားမှုမှ မရှိတော့ပေ။


ဝေ့ချန်က သူ၏လက်ကို မြှောက်လိုက်ပြီး ချန်လီ၏ အေးစက်နေသောလက်ကို အုပ်ကိုင်ကာ မျက်လုံးများဖွင့်လိုက်သည်။ သူ့မျက်လုံးထဲမှ ရှုပ်ထွေးသည့် ခံစားချက်များအားလုံးက တည်ငြိမ်သွားခဲ့ပြီး နူးညံ့မှုအပြည့်သာ ကျန်ရှိနေတော့သည်။


"ကိုယ် အဆင်ပြေပါတယ်... မစိုးရိမ်ပါနဲ့..."

ဝေ့ချန် ပြောလိုက်သည်။ သူ၏အမူအရာကလည်း  တည်ငြိမ်နေခဲ့သည်။


သူ့ ယခင်ဘဝ ကားမတော်တဆမှုဖြစ်ခဲ့သည့်နေ့တွင် သူ၏မိဘများက အေးစက်၍ ပျော်ရွှင်မှုအချို့ပါ‌သောအကြည့်ဖြင့် သူ့ကိုကြည့်နေခဲ့သည်အား သူ အမြဲအမှတ်ရနေမည်ဖြစ်သည်။ သူ၏ယခင်ဘဝက သူ့မိဘများထံမှ နွေးထွေးမှုအား လိုချင်မိခဲ့သေးသော်လည်း  သူတို့၏မျက်လုံးများမှ စိတ်သက်သာရာရသော အကြည့်ကို မြင်လိုက်ရချိန်မှစ၍ သူတို့ထံမှ နွေးထွေးမှုအား သူ မမျှော်လင့်ခဲ့တော့ပေ။



💘Chapter 34 

သူ့ရဲ့လီလီ



ညဘက်တွင် လေက အနည်းငယ်အေးမြနေကာ  နေ့၏ အပူကို လွင့်စင်စေလျက် လရောင်က ပြဒါးကဲ့သို့ တစ်စွန်းတစ်စ ဖျာကျနေသည်။


အခန်းထဲ၌ ဝေ့ချန်က ရှပ်အင်္ကျီကို ချွတ်ရန် ချန်လီကို ချော့မော့ခဲ့သည်။ သူ၏ အဝတ်အစားအောက်တွင် ချန်လီ၏ လှပသော အသားအရေကို ဖုံးကွယ်ထားခဲ့သည်။


လူငယ်လေးက ပိန်လှီလွန်းလှသည်။ အဝတ်အစားများ ဝတ်ထားချိန်၌ မသိသာသော်လည်း ယခု အဝတ်ဖုံးမထားချိန်တွင် လူငယ်လေး၏ ခန္ဓာကိုယ်ပေါ်ရှိ နံရိုးများကို ရှင်းရှင်းလင်းလင်း မြင်နိုင်မည်ဖြစ်သည်။


ပို၍ပင် အံ့ဩစရာကောင်းသည်က သူ၏ ခန္ဓာကိုယ်ပေါ်၌ ဒဏ်ရာများရှိနေခြင်းဖြစ်သည်။ ဤအချိန်များအတွင်း လူငယ်လေးက ဝေ့ချန် နောက်သို့ လိုက်ကာ သဘာဝအလျောက်ပင် ဒဏ်ရာများ ထပ်မံမရရှိတော့ဘဲ ယခင်ဒဏ်ရာများကပါ တဖြည်းဖြည်း မှိန်ပျောက်သွားခဲ့သည်။ သို့သော်လည်း လူငယ်လေးက အသားဖြူသောသူဖြစ်၍ အနက်ရောင်နှင့် အနီရောင် အကွက်များက မှိန်ဖျော့သွားလျှင်ပင် ၎င်းတို့ကိုမြင်ရချိန်တိုင်း အလွန်ကြောက်စရာကောင်းနေသေးသည်။


ဝေ့ချန်က အနည်းငယ် စိုးရိမ်နေ‌ကာ ဒေါသလည်း အနည်းငယ် ထွက်နေပြီး ချန်လီကို နောက်မှ အများကြီး ကျွေးရမည်ဟု စိတ်ထဲတွင် တိတ်တဆိတ်တွေးလိုက်သည်။ ထို့နောက် သူက မကြာသေးမီက ဘောလုံးထိမှန်ခဲ့သော ဒဏ်ရာကိုစစ်ဆေးရန် ချန်လီကို တပတ်လှည့်ခိုင်းခဲ့သည်။ 


ချန်လီက ဝေ့ချန်၏ စကားကို နားထောင်ပြီး ဝေ့ချန်ကို အလွန် ယုံကြည်သည်။ ယခုအချိန်ထိ သူစကား တစ်ခွန်းမျှ မပြောခဲ့သေးသော်လည်း သူက ဝေ့ချန် လုပ်ခိုင်းသမျှကို ယေဘုယျအားဖြင့် နာခံလေ့ရှိပြီး ဤတစ်ကြိမ်ကလဲ ခြွင်းချက်မဟုတ်ပေ။ သူက လှည့်လိုက်ကာ ကုတင်ပေါ်တွင် လှဲလျောင်းရင်း ကျောကို မြင်သာအောင် ပြခဲ့သည်။ 


ချန်လီ၏ နောက်ကျောက သူ့ရင်ဘတ်ကဲ့သို့ပင် ပိန်လှီကာ အရိုးများရှိပြီး သူ့အသားအရေက ကြီးမားသော အမာရွတ်များဖြင့် ဖုံးလွှမ်းထားသည်။ ၎င်းတို့ထဲမှ ခါးအနီးတဝိုက် ဘယ်ဘက်မှ တစ်ခုမှာ သိသာထင်ရှားပြီး ဝေ့ဝေ့၏ ဘောလုံးဖြင့် ထိမှန်ခဲ့တာဖြစ်သည်။


ဝေ့ချန်က အံဆွဲထဲမှ သွေးလှည့်ပတ်မှုကောင်းစေသော ဆေးစပရေးဗူးကို ထုတ်ယူလိုက်ပြီး သူ၏ သွယ်လျသော လက်ချောင်းများဖြင့် ချန်လီ၏ အတွင်းကြေနေပြီဖြစ်သည့် အနက်ရောင် အဝိုင်းကွက်အား ညင်သာစွာ ထိလိုက်သည်။ သူက ဒေါသထွက်လာကာ ဘောလုံးက ဝေ့ဝေ့ကို ကြီးကြီးမားမား ထိခိုက်မှု မဖြစ်စေခဲ့သည်ကိုပင် နောင်တရမိသည်။


ဝေ့ချန်က မျက်နှာသုတ်ပုဝါ နွေးနွေးတစ်ထည်ကို ယူ၍ ဒဏ်ရာကို သုတ်လိုက်သည်။ သူက အရေပြားကို အရင်စိုစွတ်စေခဲ့သော်လည်း အနီ အနက် အစိမ်း အရောင်များဖြင့် ဒဏ်ရာ၏ အသားအရေပေါ်သို့ မပွတ်တိုက်ဝံ့ ဖြစ်နေခဲ့သည်။ အားမညီမျှခဲ့လျှင် ချန်လီ၏ နာကျင်မှုအား ပို၍ ‌ဆိုးစေမည်ကို သူကြောက်ရွံ့နေခဲ့သည်။


"နာသွားလား...လီလီ..."


အေးစက်လုနီးပါးဖြစ်နေသော ပုဝါကို ဖယ်ရှားလိုက်ကာ ဝေ့ချန်က ဆေးစပရေးဖြင့် ဖြန်းရင်း စိတ်ပူပန်စွာ မေးမြန်းရုံမှတပါး အခြား သူလုပ်နိုင်သည့်အရာ မရှိခဲ့ပေ။


ချန်လီက မတုံ့ပြန်ခဲ့ပေ။ ဝေ့ချန်က ဒဏ်ရာကိုကုသပြီးသည်နှင့် ချန်လီကို ထရန်ပြောလိုက်သည်။ သို့သော်ချန်လီက အိပ်ပျော်နေခဲ့ပြီး ‌အနည်းငယ်ပင် ဟောက်နေခဲ့သေးသည်။


တနေကုန် အပြင်ထွက်ပြီးနောက် ချန်လီလည်း ပင်ပန်းနေခဲ့သည်။


ဝေ့ချန်က ချန်လီကို မနှိုးခဲ့ပေ။ သူက အဝေးထိန်းရီမုကို ကောက်ကိုင်လိုက်ပြီး အခန်းထဲမှ လေအေးပေးစက်ကို ချိန်ညှိလိုက်သည်။ ချန်လီ၏ ကျောပြင်ပေါ်ရှိ ဆေးများက ခြောက်သွေ့ခါနီးတွင် ဝေ့ချန်က စောင်ကိုယူကာ ချန်လီကို ညင်သာစွာ ခြုံပေးလိုက်၏။ ထို့နောက် ဝေ့ချန်က သူ၏ အဝတ်အစားများကို လဲလိုက်ပြီး ချန်လီ၏‌ ဘေး၌ ဝင်လှဲကာ သူ၏ အိပ်ပျော်နေသော မျက်နှာကို ငေးကြည့်ရန် ခေါင်းကိုလှည့်လိုက်သည်။


အိပ်မောကျနေသော ချန်လီက အေးချမ်းသော မျက်နှာလေးရှိပြီး နေ့အချိန်က ရှိခဲ့သော သတိနှင့် ကြောက်ရွံ့မှုတို့က ကိန်းဝပ်ပျောက်ကွယ်နေခဲ့သည်။ ဤအခိုက်အတန့်တွင် သူက ကမ္ဘာကြီးကို မသိနားမလည်သော မြင့်မြတ်သောမိသားစု၏ သခင်ငယ်လေးနှင့် တူပြီး ဂရုမစိုက်သောအမူအရာရှိနေခဲ့သည်။


သူ အိပ်ပျော်ခါနီးတွင် ဝေ့ချန် တွေးနေခဲ့မိသည်။ တစ်နေ့တွင် သူက ချန်လီ၏ စိုးရိမ်ပူပန်မှုအားလုံးကို ဖယ်ထုတ်ပြီး အမှောင်ထုထဲ၌ ကိန်းဝပ်နေသော မကောင်းသည့် စိတ်ခံစားချက်များအား နေရောင်ခြည်ဖြင့် ဖြည့်ဆည်းပေးမည်ဖြစ်သည်။ နေ့ရော ညပါ သူက သူ့လီလီကို ဤကဲ့သို့ ပေါ့ပေါ့ပါးပါး ဖြစ်စေချင်ခဲ့သည်။


မှန်ပါသည်။ ၎င်းက သူ၏လီလီဖြစ်ပြီး လီလီကို အလိုလိုက်ရန် သူတတ်နိုင်သမျှအားလုံး လုပ်ဆောင်မည်ဖြစ်သည်။


ဝေ့ချန်က သူ့နှလုံးသားထဲမှ ပျော့ပျောင်းမှုကို ခံစားရပြီး တဖြည်းဖြည်းချင်း ချိုမြိန်သော အိပ်မက်ထဲသို့ ကျရောက်သွားခဲ့လေသည်။


*****


နောက်တစ်နေ့ မနက်စောစောတွင် နေအလင်းရောင်က ကမ္ဘာကြီးပေါ် ဖြန့်ကျက်နေခဲ့သည်။ မနက်ခင်းနှင်းစက်များ မပျောက်ကွယ်ခင် သစ်ရွက်အဖျားများ၌ ကြည်လင်နေသော ရေစက်လေးများချိတ်ဆွဲထားပြီး  သစ်ကိုင်းများပေါ်မှ ငှက်ကလေးများ၏ တေးသီသံများဖြင့် တစ်ညလုံး တိတ်ဆိတ်နေခဲ့သည့် ကမ္ဘာကြီးက အသက်ဝင်လာခဲ့သည်။


ဝေ့ချန်က မျက်လုံးများ ဖွင့်ကြည့်လိုက်ပြီးနောက် ယခင်ညက သူ၏ ဝမ်းဗိုက်ပေါ်၌ အိပ်ပျော်နေခဲ့သော ချန်လီက သူ့လက်မောင်းများကြားထဲသို့ လိမ့်ဝင်လာခဲ့သည်ကို တွေ့လိုက်ရသည်။ သူ၏ ကျောကို ကွေးထားပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲပင်။


ဝေ့ချန်က အလျင်စလိုမထဘဲ ချန်လီ၏ ခါးပေါ်သို့ လက်တင်ကာ သူ၏လက်များဖြင့် ရစ်ပတ်ထားခဲ့သည်။


အိမ်အကူက တံခါးလာမခေါက်ခင်အထိ မနက်ခင်းက တိတ်ဆိတ်ပြီး လှပနေခဲ့သည်။


"သခင်ငယ်...အိပ်ယာထရန်အချိန်‌ရောက်ပါပြီ...သခင်ဟောင်းက သခင်ငယ်ကို ခေါ်ခိုင်းခဲ့ပါတယ်..."



💘