🚩Chapter -138
Arc_7.နေရာလွဲမှားနေသောသမီး [ 4 ]
_____
ဖုန်းဟုန်ကျောင်းတွင် ကိုယ်ပိုင်ကန်တင်းရှိသော်လည်း ကျောင်းသားများက ကျောင်းအပြင်ဘက်ရှိ စားသောက်ဆိုင်များတွင်သာ စားလေ့ရှိကြသည်။ အဆင့်မြင့်စားသောက်ဆိုင်များအားလုံးက ဤမြင့်မြတ်သည့် ကျောင်းတော်ကြီးပတ်ဝန်းကျင်တွင် တည်ရှိသည်။
နေ့လည်စာနားချိန်အတွင်း ကျောင်းပေါက်ဝတွင် လူများ ပျားပန်းခတ်အမျှလှုပ်ရှားသွားလာနေကြသည်။ ရံဖန်ရံခါတွင် ပြိုင်ကားတစ်စီးနှင့် မြို့ပတ်နေကြသော လင်ချင်းကဲ့သို့ သူများလည်းရှိသည်။ သူတို့က လှပသော မိန်းမပျိုလေးများကို တင်ခေါ်၍ ကျောင်းဂိတ်ပေါ်ကိုဖြတ်သွားသည့်အချိန်တွင် လေချွန်သွားကြလိမ့်မည်ပင်။
စုဝမ်က အခြားသူများထက်နောက်ကျ၍ ထွက်လာသည်။ ပုံမှန်ဆိုလျှင် ဤအချိန်၌ ကျောင်းပေါက်ဝတွင် ဘယ်သူမှ မရှိကြသော်လည်း ယနေ့တွင် လူအများကြီးစုအုံနေသည်။ သူတို့အားလုံးက စိတ်လှုပ်ရှားမှုဖြင့် တစ်စုံတစ်ရာကို ကြည့်နေပုံရသည်။
မူလပိုင်ရှင်ရော စုဝမ်ရောက ဤကဲ့သို့အတင်းအဖျင်းများကို စိတ်အားထက်သန်ကြသောသူများမဟုတ်ပေ။ စုဝမ်က ကျောင်းပေါက်ဝကို လှည့်ပတ်သွားရန်ပြင်လိုက်ချိန်တွင် ကျန်းယို၏ပုံရိပ်လေးက ရုတ်တရက် စုဝမ်အနောက်မှ ပြေးထွက်သွားလေသည်။
ထို့နောက် လော့ယွီ၏ အရပ်ရှည်ရှည်ကိုယ်ထည်က သူမအနောက်မှ ကပ်ပါလာသည်။ စုဝမ်အနားမှဖြတ်သွားသောအခါ လော့ယွီက စုဝမ်ကို စိုက်ကြည့်သွားသည်။
စုဝမ် : ……
ငါဘယ်သူ့ကိုရန်စလိုက်တာလဲ။
သူမနှုတ်ခမ်းတို့ကို စုဝိုင်းလိုက်သော်လည်း ကျန်းယိုထွက်သွားသည့်ဘက်သို့ စုဝမ်က မနေနိုင်ဘဲ ကြည့်မိရာ ထိုအရာက စုဝမ်အား အံ့အားသင့်သွားစေသည်။
နေ့ခင်းဘက် နေရောင်က တောက်ပနေလျက်ရှိ၏။ ထိုအချိန်တွင် ဖုန်းဟန်ကျောင်း၏ အပေါက်ဝ၌ အရပ်ရှည်ရှည် ပုံရိပ်နှစ်ခုက ဘေးချင်းယှဥ်ရပ်နေသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် ထိုလူငယ်နှစ်ယောက်က အသက်နှစ်ဆယ် ဝန်းကျင်တွင်ရှိကြောင်းသိနိုင်သည်။ သူတို့နှစ်ယောက်စလုံးက ဈေးပေါသည့် ရှပ်အင်္ကျီနှင့် ဂျင်းဘောင်းဘီတို့ကို ဝတ်ဆင်ထားသည်။ ဖိနပ်များကလည်း ဖုန်များ ၊ သဲများနှင့် ညစ်ပတ်ပေရေနေလျက်ရှိ၏။ ထိုသို့ ဝတ်စားထားပုံက လမ်းတစ်လျှောက်အခက်အခဲများကို ကြံ့ကြံ့ခိုင်သည်းခံရင်း မြို့ထဲသို့ အခုမှဝင်ရောက်လာသည့် “ရွှေ့ပြောင်းအလုပ်သမားများ”နှင့် တူနေသော်လည်း ထိုလူငယ်လေးနှစ်ယောက်စလုံးက အရပ်ရှည်ပြီး ချောမောကြသည်။ အရပ်အနည်းငယ်ပိုရှည်သည့် လူငယ်လေးက အေးစက်သောမျက်နှာထားရှိပြီး အကြည့်များက တည်ငြိမ်နေသည်။ သူကဈေးပေါသည့်အဝတ်အစားများကို ဝတ်ဆင်ထားသော်လည်း အေးစက်နေသည့် အငွေ့အသက်တို့ကိုမူ ဖုံးကွယ်မထားနိုင်ပေ။
တစ်ဖက်မှလူငယ်လေးတွင်တော့ ကလေးဆန်ဆန်ချောမောသည့် မျက်နှာရှိပြီး သူ့မျက်လုံးများက ရေကဲ့သို့ ကြည်လင်နေပြီး သိချင်စိတ်များနှင့် မျက်တောင်တဖျတ်ဖျတ်ခတ်နေသည်။ ထိုချစ်ဖို့ကောင်းသည့် အမူအရာလေးက သူတို့အားလုံးကို သတ်နေသလိုပင်။
သူတို့နှစ်ယောက် ဘယ်အချိန်ကရောက်နေလဲမသိသော်လည်း ပတ်ဝန်းကျင်မှလူများက သူတို့ကို အချိန်အကြာကြီး စိုက်ကြည့်နေသည်ကိုပင်…… သတိထားမိကြပုံမပေါ်ပေ။
သူတို့ကို ဝိုင်းအုံနေသည့်သူများမှာ ဖုန်းဟန်ကျောင်းမှ ကျောင်းသူများပင်။ ချောမောလှသည့်လူငယ်လေး နှစ်ယောက်က ဟောင်းနွမ်းနေသော အဝတ်အစားတို့ကို ဝတ်ဆင်ထားသော်လည်း ၎င်းကသူတို့၏ အသွင်အပြင်ပေါ်တွင် သက်ရောက်မှုမရှိချေ။ အိတ်စ်ရေးအကြည့်များဖြင့် အထက်အောက်ကြည်ရှုနေကြသည့် ယောက်ျားလေးများမှာလည်း မရေမတွက်နိုင်အောင်ရှိနေသည်။ အကြည့်စူးရှသည့်သူများက သူတို့၏ပါးလွှာသော အဝတ်အောက်မှ ပြောင်မြောက်လှသည့် ခန္ဓာကိုယ်တည်ဆောက်ပုံကိုတွေ့နိုင်သည်။
Six-pack ကြွက်သားတွေ၊ ရေသူမလိုင်းတွေနဲ့ တခြား….။
အိုက်ယား ဒီလိုလိင်စိတ်ကြွစေတဲ့အသွင်အပြင်မျိုးက အရမ်းဆွဲဆောင်မှုရှိတာပဲ…။
“ရှောင်းချီ… ရှောင်းယွင်ယိ”
ကျောင်းပေါက်ဝဆီသို့ အပြေးသွားနေသော ကျန်းယိုက ရုတ်တရက် စိတ်လှုပ်ရှားမှုတို့ဖြင့် အော်ခေါ်လာသည်။ ထို့နောက် သူမက ကိုယ်လေးကိုကိုင်း၍ အမောတကောဖြင့် အသက်ရှူနေသည်။ အမောပြေသွားတော့မှ လူအုပ်ကြီး၏ ဝိုင်းအုံခံနေရသော ထိုနှစ်ယောက်ကိုကြည့်ရင်း ပြုံးပြလိုက်၏။
ကျန်းယို…။
ကျောင်းပေါက်ဝရှိ ရှောင်းညီအစ်ကိုနှစ်ယောက်က အသံကြားရာကို လှည့်ကြည့်လိုက်ကြသည်။ လူနှစ်ယောက်၏ မျက်နှာများက တစ်ချိန်တည်းမှာပင် အံ့ဩသည့်အမူအရာကို ဖော်ပြလာသည်။ ထို့အပြင် ရှောင်းချီက ကျန်းယိုရှိနေသည့်ဘက်သို့ စိတ်မရှည်သည့်အမူအရာဖြင့် အလျင်အမြန်ပြေးဝင်သွားသေးသည်။
အနောက်တွင်ကျန်ခဲ့သော ရှောင်းယွင်ယိက သူ့အစ်ကိုအနောက်သို့ လျင်မြန်စွာပြေးလိုက်လိုက်သည်။
ကျန်းယိုက နေရာတွင်သာရပ်နေပြီး ရက်အတော်ကြာအောင်မတွေ့ခဲ့ရသည့် သူမ၏ငယ်သူငယ်ချင်းများကို ကြည့်နေသည်။ သူတို့နှစ်ယောက်ကိုသိခဲ့သည်မှာ ဆယ်နှစ်ပင်ကျော်ပြီဖြစ်သည်။ သူတို့သုံးယောက်တွင် နက်ရှိုင်းသည့် ခံစားချက်များရှိနေသည်မှာ သဘာဝကျသော်လည်း ရှောင်းချီ၏တည်ငြိမ်သည့်မျက်နှာက ထိုကဲ့သို့ စိတ်မရှည်ဖြစ်နေသည့်အမူအရာကို ကျန်းယိုပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။
အစ်ကိုကြီးရှောင်းက တကယ်ပဲ…
ကျန်းယိုက အကူအညီမဲ့နေသည့်ပုံစံဖြင့် ပြုံးလိုက်သည်။ ရှောင်းချီရဲ့ ကျစ်လစ်သည့်ပုံရိပ်က သူမရှေ့သို့ ရောက်လာသည်ကိုကြည့်ရင်း ပါးစပ်ဖွင့်၍ စကားပြောမည်ပြင်လိုက်ချိန်တွင် လာနေသည့်သူက သူမအရှေ့တွင် ရပ်မသွားဘဲ သူမအနောက်သို့ဆက်ပြေးသွားလေသည်။
ကျန်းယိုကနေရာ၌ပင် တောင့်ခဲသွားပြီး သူ့အစ်ကို၏ခြေလှမ်းနောက်သို့ပြေးလိုက်နေသော ရှောင်းယွင်ယိသည်လည်း တောင့်ခဲသွားသည်။
အစ်ကိုကြီး အဆင်ပြေရဲ့လား…။
ဒီအချိန်လုံး ထူးထူးဆန်းဆန်းတွေတောက်လျှောက်ပြုမူနေပေမယ့် ကျန်းယိုကိုတော့ မေ့မသွားသင့်ဘူးလေ…။
ရှောင်းယွင်ယိက သူ့အစ်ကိုကိုပြန်ခေါ်ရန်တွန့်ဆုတ်နေချိန်တွင် သူ့ပတ်လည်က လူအုပ်ကြီးက ကြိမ်နှုန်းမြင့်နေသည့် အသံများဖြင့်အော်လာသည်ကိုကြားလိုက်ရသည်။
ထိုအချိန်တွင် ရှောင်းချီက စုဝမ်ရှေ့တွင်ရပ်သွားသည်။ သူက သူမအားစကားပြောရန်ပင် အခွင့်အရေးမပေးလိုက်ပေ။ သူကကုန်းချလိုက်ပြီး စုဝမ်၏နှုတ်ခမ်းများကို ပြင်းပြင်းထန်ထန်နမ်းလိုက်တော့သည်။
သူ့လက်များကအလွန်သန်မာပြီး စုဝမ်အား သူ့ကိုယ်ထဲသို့ ဆွဲသွင်းချင်နေသည့်ပုံပေါက်နေသည်။
စုဝမ်က သူ့လက်မောင်းကြားထဲတွင် ပိတ်မိနေပြီး အသက်ရှူမရတဲ့အထိ အနမ်းခံနေရသည်။
ပတ်ဝန်းကျင်လူများစုအုံလာပြီး အချိုလူများက သူတို့၏ဖုန်းများကိုထုတ်၍ ဗီဒီယိုများပင်ရိုက်လာကြသည်။ ရှောင်းယွင်ယိက ရူးသွားသလိုခံစားလိုက်ရသည်။ သူ့မျက်လုံးများက ပြူးကျယ်နေပြီး သူအရှေ့တွင် ပွေ့ဖက်ကာ နမ်းရှုံ့နေကြသော လူနှစ်ယောက်ကို ကြည့်နေမိသည်။ ထို့နောက် အတွေးတစ်ခုက ခေါင်းထဲပေါ်လာသည်။
မဟုတ်ဘူး မဟုတ်ဘူး အစ်ကိုကြီးတကယ်ရူးသွားပြီလား….။
ဘယ်လိုလုပ်ပြီး တစ်ယောက်ယောက်ကို ပွေ့ဖက်နမ်းရှုံ့နေရတာလဲ…။
သူအဲ့လိုလုပ်လိုက်တာ ရဲတွေဆီကနေ အဖမ်းခံရတော့မှာလား…။
ရှောင်းယွင်ယိ စိုးရိမ်နေသည်အချိန်တွင် စုဝမ်ကိုမှတ်မိသွားကြသည့် ဘေးမှလူများက ပို၍ပင် ဆူညံလာကြတော့သည်။
စုတ်ပြတ်နေတဲ့ လူငယ်လေးက ကျောင်းရဲ့အပြည့်စုံဆုံးအလှလေး၊ ကျောင်းပန်းကလေးကိုနမ်းလိုက်တယ်… ဒါတန်ပြန်တိုက်ခိုက်တာများလား။
စစ်သူကြီးစု : ……
မင်းသာအစုတ်အပြတ်…. မင်းမိသားစုကသာအစုတ်အပြတ်…
“ဝူး ဝူး”
ထိုအချိန်တွင် စုဝမ်က အနမ်းကြောင့် နီမြန်းလာပြီး အသက်ရှူကြပ်လာသည်။ သူမရုန်းကန်နေရတာကိုတွေ့သောကြောင့် သူမအရှေ့မှလူက နောက်ဆုံး၌ တွ့န်ဆုတ်စွာနှင့် လွှတ်ပေးလာသည်။
“စုဝမ်”
ရှောင်းချီ စုဝမ်ကို လွှတ်လိုက်သည့်အချိန်တွင် ကျန်းယိုကချက်ချင်း စုဝမ်ဆီသို့ပြေးလာပြီး လက်မြှောက်၍ စုဝမ်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။
“ရှောင်ဝမ် သူကငါ့ရဲ့သူငယ်ချင်းပါ… သူ..သူက အဲ့ဒါကို ရည်ရွယ်ချက်ရှိရှိလုပ်လိုက်တာမဟုတ်ဘူး… နင်… သူ့ကိုမရိုက်ပါနဲ့နော်”
စုဝမ် : ……
သူမခဏကြာအောင် မှင်သက်မိနေပြီး စိတ်လှုပ်ရှားနေသည့်ကျန်းယိုအား အထူးအဆန်းဖြင့်ကြည့်လာသည်။
“ငါသူ့ကိုရိုက်မယ်လို့ပြောလို့လား… ပြီးတော့ ရည်ရွယ်ချက်ရှိရှိလုပ်တာမဟုတ်ဘူးဆိုတာကရောဘာလဲ… သူကငါ့ကို လူတွေအများကြီးရှေ့မှာနမ်းလိုက်တာ… အဲ့ဒါကငါ့ရဲ့ပထမဆုံးအနမ်း”
စုဝမ်၏စကားကိုကြားသောအခါ ပတ်ဝန်းကျင်မှလူများက ပို၍တီးတိုးပြောလာကြတော့သည်။ အချို့လူများက တစ်ချိန်လုံး လူအုပ်ထဲတွင်ရပ်နေခဲ့သည့် လော့ယွီကို ခိုးခိုးကြည့်လာကြသည်။
အိုက်ယားယား ဒီအကြောင်းက မတော်တဆပေါ်သွားတဲ့ပုံပဲ…
ဥပမာ ပထမဆုံးအနမ်းဆိုတာပေါ့…
ကျန်းယိုက စုဝမ်၏စကားကိုကြားသောအခါ တွ့န်ဆုတ်သွားသည်။ သူမအရှေ့ရှိ အခြေအနေကို ဘယ်လိုဖြေရှင်းရမှန်းမသိပေ။
ရှောင်းချီဘာတွေးနေလဲ ဘုရားသာသိလိမ့်မယ်…ဘာလို့သူက ရုတ်တရက်ကြီး…
မဟုတ်မှ စုမိသားစုအကြောင်းကိုသိနေလို့ သူမကိုကူညီပြီး စုဝမ်ကိုအရှက်ရအောင် တမင်လုပ်လိုက်တာလား…
“ကိုယ်တာဝန်ယူပါ့မယ်”
ထိုအချိန်တွင် တစ်ချိန်လုံးတိတ်နေခဲ့သော ထိုလူက နောက်ဆုံးတော့ ဖျော့တော့စွာ စကားပြောလာသည်။ သူ့ဘေးနားတွင် ဖက်တွယ်နေသော ကျန်းယိုကို အာရုံစိုက်ရမည့်အစား သူ့အကြည့်များက စုဝမ်မျက်နှာပေါ်တွင်သာ ကျရောက်နေသည်။
“ကိုယ်မင်းကို တာဝန်ယူပါ့မယ်”
မင်းအမေ… ဒီဒရာမာက အထွတ်အထိပ်ကို ခဏခဏရောက်နေတာပဲကွ…
အစုတ်အပြတ်ကောင်လေးက ကျောင်းပန်းကလေးကို အတင်းအကြပ်ဖက်နမ်းတာနဲ့တင် တော်တော်လေးပြင်းထန်နေပြီလေ... ရလဒ်အနေနဲ့ အဲ့ဒီချောမောတဲ့ကောင်လေးက ကျောင်းပန်းကလေးပြိုင်ဘက်ရဲ့ သူငယ်ချင်းဖြစ်နေတယ်တဲ့လား...
သေချာပေါက် အဲ့ဒါကအဆုံးသတ်မဟုတ်သေးဘူး အခု အဲ့ချောမောတဲ့ကောင်လေးက ကျောင်းပန်းကလေးကို တာဝန်ယူပါ့မယ်လို့ ရူးရူးနှမ်းနှမ်းပြောနေသေးတယ်
ငါ့ကောင် မင်းရုပ်ချောတယ်ဆိုတာဝန်ခံပါတယ် ဒါပေမယ့်ကောင်မလေးကိုရဖို့ အဲ့ဒါကိုပဲ မှီခိုနေလို့မရဘူးလေ... ငါတို့ ကျောင်းပန်းကလေးစုရဲ့ ရည်းစားဟောင်းကိုတွေ့ဖူးလား... ဟုတ်တယ် အဲ့ဒါက လူအုပ်ထဲက အဲ့ဒီ့အရပ်ရှည်ရှည်နဲ့ ချောမောပြီးချမ်းသာတဲ့တစ်ယောက်ပဲ... အခုလိုရူးကြောင်ကြောင်စကားတွေပြောဖို့ မင်းမှာ ထိပ်တန်းကျောင်းသားလော့ရဲ့ ချမ်းသာကြွယ်ဝမှုနဲ့ အရည်အချင်းတွေ အနည်းဆုံးတစ်ဝက်လောက်တော့ ရှိသင့်တယ်ကွ ဟုတ်ပြီလား...
မရေမတွက်နိုင်သည့်ကြည့်ရှုသူများက ထိုချောမောသည့်ကောင်လေး ကျောင်းပန်းကလေးထံမှအရိုက်ခံရရန် ထိုင်စောင့်နေကြချိန်တွင် စုဝမ်ကမျက်လုံးများကို ကျဥ်းမြောင်းလိုက်ပြီး သူမအရှေ့ရှိလူကို သရော်လိုက်သည်။
“ကောင်းပြီလေ ရှင်တာဝန်ယူချင်နေမှတော့ အခုကစပြီး ရှင်က ကျွန်မ ၊ စုဝမ်ရဲ့ လူပဲ”
စောင့်ကြည့်နေသူများ : ကျောင်းပန်းကလေး ကျောင်းပန်းကလေး ဒီစကားကမှန်မနေဘူးလေ
လူအုပ်ထဲရှိ ခါးခါးသီးသီးဖြစ်နေကြသည့်ယောကျ်ားလေးများ : ဆိုတော့ ဒါက ကျောင်းပန်းကလေးတွေကို လိုက်ရတဲ့နည်းမှန်ပေါ့... ဒီနေ့ ဒီသခင်လေးက အသစ်အဆန်းတစ်ခုသင်ယူလိုက်ရပြီကွ...
စစ်သူကြီးစု : .......
မင်းတို့အားလုံးက ဘယ်လိုဖြစ်လို့ “နွားချေးထဲ ပန်းပွင့်ထိုးစိုက်” နေသလို မျက်နှာတွေဖြစ်နေကြတာလဲ...
မှန်သည်။ ရှောင်းချီက စုရွေ့ပင်။
တာဝန်ကျကမ္ဘာထဲသို့ ဝင်လာပြီးနောက် သူကဇာတ်လိုက်မ၏ “ငယ်ချစ်”ဖြစ်လာပြီး တုံးအနေသောကလေးတစ်ယောက်ကိုလည်း သူနှင့်အတူ သွားလေရာနေရာခေါ်သွားရသေး၏။
“ကိုယ်ခံပညာအစားထိုးသူ”ဆိုသည့် သူ၏အသစ်စက်စက်ဇာတ်ကောင်နှင့်ပတ်သက်၍ စစ်သူကြီးစုက သတိမထားမိဘဲဖြစ်နေခဲ့သေးသည်။ အာရုံပြန်လည်စုစည်းမိသောအခါတွင်မှ သူကချက်ချင်းအဖွဲ့ထဲမှထွက်၍ စာရွက်စာတမ်းအားလုံးကိုထုတ်ပိုးကာ ရှောင်းယွင်ယိကိုခေါ်ပြီး Dမြို့သို့သွားသည့် လေယာဥ်ပေါ်သို့ ခုန်တက်လိုက်လာခဲ့တော့၏။
____🚩