Chapter 139
Viewers 4k

🚩Chapter -139

 Arc_7.နေရာလွဲမှားနေသောသမီး [ 5 ]


_____


ယိကျန်းနန်သည် ဖုန်းဟန်ကျောင်း၏ ညာဘက်ဘေးတွင်တည်ရှိသော ထူးခြားသည့်ကိုယ်ပိုင်စားသောက်ဆိုင် တစ်ခုဖြစ်သည်။ ထိုစားသောက်ဆိုင်က စုမိသားစု၏ စားသောက်ဆိုင်အခွဲများအောက်မှ နာမည်ကြီးသည့် ဆိုင်ခွဲတစ်ခုလည်းဖြစ်သည်။


နေ့လည်ခင်း ၁၂နာရီတွင် စားသောက်ဆိုင်၌ လူကျလျက်ရှိသော်လည်း စားသောက်ဆိုင်၏သုံးလွှာရှိ Platinum VIP ဧရိယာက အောက်ထပ်နှင့်ယှဥ်လျှင် ပို၍တိတ်ဆိတ်နေသည်။ 


အဖိုးတန်ပစ္စည်းများနှင့် ကျယ်ဝန်းသော သီးသန့်အခန်းထဲတွင်ထိုင်နေသည့် ရှောင်းယွင်ယိသည် သိချင်စိတ်များနေသော ကလေးတစ်ယောက်ကဲ့သို့ မျက်တောင်များတဖျတ်ဖျတ်ခတ်ရင်း အခန်းထဲရှိ အရာအားလုံးအား အဆက်မပြတ် လှည့်ပတ်ကြည့်နေသည်။ ဆန့်ကျင်ဘက်တွင်‌တော့ ကျန်နေသည့်လူလေးယောက်မှာ တိတ်ဆိတ်နေသည်။ 


စုဝမ်နှင့် စုရွေ့က အတူထိုင်နေကြသည်။ သူမဘေးတွင်တော့ ကျန်းယိုထိုင်နေပြီး ကျန်းယို၏တစ်ဖက်တွင် တစ်ချိန်လုံး အေးစက်သည့်မျက်နှာထားဖြစ်နေသည့်လော့ယွီရှိနေသည်။ 


ဤအမျိုးသားနှင့် အမျိုးသမီး ဇာတ်လိုက်အတွဲနှင့်ပတ်သက်၍ စုဝမ်က ပြောစရာစကားမဲ့နေသည်။ အခြားသူများ ထမင်းစားထွက်သည့်အနောက်ကို သူတို့က အရှက်မရှိ မီးကျွမ်းနေသော မီးသီးလုံးများပမာ တကောက်ကောက်လိုက်လာလေသည်။ 


ဒါကဘာလဲ… နင်တို့နှစ်ယောက်သဘောထားကြီးကြီးနဲ့ ကျောင်းမှာ ဝေးဝေးနေပေးလို့မရဘူးလား…။


“သခင်မလေးစု”


စားသောက်ဆိုင်၏ မန်နေဂျာက သက်လတ်ပိုင်းအရွယ် ဝဖိုင့်ဖိုင့်နှင့်လူဖြစ်သည်။ သူက စုဝမ်နှင့် ကျန်းယိုတို့ သူငယ်ချင်းများနှင့်ရောက်နေကြောင်း ကြားသောအခါ ဝန်ဆောင်မှုပေးရန် ချက်ချင်းရောက်ရှိလာခဲ့သည်။


စုမိသားစု၏ ဝန်ထမ်းတစ်ယောက်အနေနှင့် ဤမန်နေဂျာသည် စုမိသားစုမှ ကျင်းပသည့် ကျန်းယိုကို ကြိုဆိုသည့်အနေဖြင့် ကျင်းပသောပွဲအား ဂုဏ်ယူဝမ်းမြောက်စွာ တက်ရောက်ခွင့်ရခဲ့သည်။ ထိုပွဲတွင် ကျန်းယိုက စုဟိုင်ချန်းနှင့် ဝမ်ရှူးကျယ်တို့၏ သမီးအရင်းဖြစ်ကြောင်း စုဟိုင်ချန်းကကြေညာခဲ့သည်။ သို့သော် စုဝမ်၏ခံစားချက်များကို ဂရုစိုက်ပေးသည့်အနေနှင့် သူတို့က စုဝမ်ရဲ့ဘဝအမှန်ကိုတော့မပြောခဲ့ပေ။ ကျန်းယိုက သူတို့၏ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့သော သမီးအကြီးဆိုသည်ကိုသာ ပြောကြားခဲ့သည်။


ပထမ၌ အချို့လူများက ထိုအကြောင်းကို မယုံခဲ့ကြချေ။ လူတိုင်းက ထိုကလေးမလေးသည် အပြင်မှခေါ်လာသော စုဟိုင်ချန်း၏ တရားမဝင်သမီးသာဖြစ်လိမ့်မည်ဟု တွေးထင်ခဲ့ကြသော်လည်း ကျန်းယိုက ဝမ်ရှူးကျယ်နှင့် အလွန်တူသည်ကိုတွေ့ကြသောအခါ လူတိုင်းက စုဟိုင်ချန်းပြောသည့်စကားများကို ယုံကြည်သွားကြတော့၏။


ယခုလက်ရှိတွင် သူတို့က စားသောက်ဆိုင် သီးသန့်ခန်းထဲတွင်ထိုင်နေကြပြီး မန်နေဂျာက အပြေးအလွှား ရောက်လာသည်။ သူဝင်လာသည်နှင့် စုဝမ်နှင့်ကျန်းယိုကို စိတ်အားထက်သန်စွာနှင့် နှုတ်ဆက်သည်။ ကျန်းယိုဘေးတွင်လော့ယွီကိုတွေ့သောအခါ မန်နေဂျာ၏ သေးငယ်သောမျက်လုံးများက ကျဥ်းမြောင်းသွားပြီး သူ့မျက်နှာပေါ်က အပြုံးက ပို၍တောက်ပသွားသည်။ 


“သခင်လေးလော့လည်း ဒီကိုရောက်နေတာပဲကိုး… ကျွန်တော်တို့ဆိုင်မှာ လေကြောင်းကနေ အခု‌လေးတင်မှ တင်သွင်းရောက်ရှိထားတဲ့ အလတ်ဆတ်ဆုံးမှိုတွေရှိပါတယ်… သခင်လေးလော့ အနည်းငယ်များမြည်းကြည့်ချင်လားခင်ဗျ”


လော့မိသားစုက အလွန်ထင်ရှားသည့်မိသားစုဖြစ်ပြီး စုမိသားစုတောင်မှ တစ်ခါတရံ သူတို့မျက်နှာကိုကြည့်ရသည်။ ထိုအကြောင်းကြောင့်သာလျှင် မန်နေဂျာက သူ့ကို မျက်နှာချိုသွေးနေခြင်းဖြစ်သည်။ 


“အဟမ်း အဟမ်း”


စုဝမ်က ချောင်းဟန့်လိုက်ပြီး သူမလက်ထဲမှ မီနူးစာအုပ်ကိုပိတ်လိုက်သည်။


“ဒီနေ့ ကျွန်မကျွေးမှာ… မန်နေဂျာဝမ် ကျွန်မကောင်လေး ဗိုက်ဆာနေတာမမြင်ဘူးလား”


မန်နေဂျာဝမ် : ……


သခင်မလေးစုရဲ့ ကောင်လေးက သခင်လေးလော့မဟုတ်ဘူးလား… ဒီလူသေချာမသိလိုက်တဲ့အတွက် ခွင့်လွှတ်ပါ… ရက်အနည်းငယ်အကြာက သခင်မလေးစုက သခင်လေးလော့ဆီက စွန့်ပစ်ခံလိုက်ရမှန်း တကယ်မသိခဲ့ဘူး…


သို့သော်လည်း မန်နေဂျာဝမ်က လုပ်ငန်းကျွမ်းကျင်သူတစ်ဦးဖြစ်သည်။ သူလှည့်လိုက်သည်နှင့် စုဝမ်ဘေးမှ စုရွေ့ကိုတွေ့လိုက်သည်။ ထိုလူငယ်လေးဝတ်ဆင်ထားသော အဝတ်အစားများကိုသာမကြည့်လိုက်နှင့်။ သွားလေရာနေရာတိုင်းတွင် သူပေးစွမ်းနေသော အငွေ့အသက်၊ အပြုအမူတို့ကိုသာကြည့်ပါက ထိုလူငယ်လေးမှာ သာမန်မဟုတ်ကြောင်း မြင်နိုင်သည်။


“ဒီသခင်လေးကမှ သခင်မလေးစုရဲ့ အထူးဧည့်သည်ဖြစ်ရမယ်… ဒီနိမ့်ကျတဲ့လူက ဝမ်လော့လို့ခေါ်ပါတယ်” 


ဝမ်လော့က လျင်မြန်စွာနှင့် စုရွေ့ဆီသို့လျှောက်သွားပြီး တောက်ပစွာပြုံးပြနေသောကြောင့် သေးငယ်တဲ့ မျက်လုံးများက မမြင်နိုင်တော့လောက်အောင် ကျဥ်းမြောင်းသွားသည်။ 


“သခင်လေးကို ဘာညွှန်းပေးရမလဲ ကျွန်တော်သေချာမသိဘူး… သုံးဆောင်ချင်တာကိုသာ ပေါ့ပေါ့ပါးပါးလေးရွေးလိုက်ပါ… ကျွန်တော်တို့ဆီမှာ အကုန်လုံးရှိပါတယ်”


ပြုံးရယ်နေသောသူအား ဘယ်သူကမှမရိုက်နှက်ဟုပြောကြသည်။ ထို့ကြောင့်ပင် အနှီဝမ်လော့က စိတ်အနှောင့်ယှက်ဖြစ်စေသော်လည်း လူများကသူ့ကိုအပြစ်မတင်နိုင်ကြပေ။


စုရွေ့က ရှောင်းယွင်ယိကို လမ်းတစ်လျှောက်လုံးခေါ်လာခဲ့သောကြောင့် သူကခရီးပန်းနေပြီး ဒီကိုရောက်လာသည့်အချိန်တွင် သူတကယ်ဗိုက်ဆာနေပြီပင်။


“ယွင်ယိ ဘာစားချင်လဲ”


အခြားအမေတစ်ယောက်မှ မွေးဖွားလာသော ဤကမ္ဘာမှ သူ့ညီလေးကိုလှည့်ကြည့်ရင်း စုရွေ့က ဖျော့တော့စွာ မေးလိုက်သည်။


ရှောင်းယွင်ယိက ကြီးမားသည့်မျက်လုံးများကို တဖျတ်ဖျတ်ခတ်လိုက်ရင်း မျက်စိကျိန်းစရာကောင်းသည့် ရွေးချယ်မှုအတန်းလိုက်ကြီးကို ကြည့်လိုက်သော်လည်း မီနူးတွင်ပါဝင်သည့်အရာများကို နားမလည်သောကြောင့် အပြစ်ကင်းစင်စွာနှင့် ခေါင်းခါပြသည်။ 


“အစ်ကိုကြီး… ကျွန်တော်မသိဘူး”


ကလေးအရွယ်တည်းက ဒီလိုအဆင့်မြင့်စားသောက်ဆိုင်ကြီးကို တစ်ခါမှမရောက်ခဲ့ဖူးတဲ့အတွက် ခွင့်လွှတ်ပါ… ဘာစားရမလဲ တကယ်မသိတော့ဘူး…


အစ်ကိုကြီး ကူပါဦး…


“ငါကူကြည့်ပေးမယ်”


ထိုအချိန်၌ပင် စုရွေ့လည်း ရှောင်းမိသာစုဝင်တစ်ယောက်အနေနှင့် ယခုလို အဆင့်မြင့်စားသောက်ဆိုင်ကြီးသို့ သူ မရောက်ဖူးကြောင်း ခန့်မှန်းမိလိုက်သည်။ သူကလက်မြှောက်လိုက်၍ မီနူးစာအုပ်ကိုယူ၍ ပေါ့ပေါ့ပါးပါးပင် လှန်လှောကြည့်နေသည်။ 


ဟင်းလျာတွေကြည့်ရတာ သိပ်မဆိုးပါဘူး…


သူကသိပ်မစဥ်းစားဘဲ စုဝမ်အကြိုက်ဆုံး ဟင်းလျာနှစ်ခုကိုမှာလိုက်ပြီး သူ့ညီလေး၏ အစားကြီးသည့် သဘာဝကို တွေးမိသောကြောင့် မနေနိုင်ဘဲ နောက်ထပ် ဟင်းပွဲအနည်းငယ်ထပ်မှာလိုက်သည်။ 


ဟင်းလျာများမှာပြီးနောက် စုရွေ့ကအကျင့်ဖြစ်နေသည့်အတိုင်း ခေါင်းကိုလှည့်၍ စုဝမ်အား နူးညံ့ ညင်သာတဲ့ မျက်နှာထားလေးဖြင့် ကြည့်ပြီးမေးလိုက်သည်။ 


“တခြားဘာစားချင်သေးလဲ… သောက်ချင်သေးလား”


“နေ့လည်ဘက် အတန်းတွေရှိသေးတယ်… သောက်လို့မဖြစ်ဘူး”


စုဝမ် ပြန်အဖြေကိုတောင်မစောင့်ဘဲ ကျန်းယိုက ဦးစွာတုံ့ပြန်လာသည်။


စုရွေ့မျက်နှာက မည်းမှောင်သွားသည်။ 


စကားအများဆုံးမီးသီးက ရွံဖို့အကောင်းဆုံးပဲ… 


စုဝမ်က အကူအညီမဲ့နေသည့်ပုံဖြင့် ပခုံးတွန့်ပြလိုက်ပြီး စုရွေ့ကို စိတ်မရှည်မဖြစ်ရန် အချက်ပြလိုက်သည်။


တစ်ဖက်တွင်တော့ အေးစက်သည့်မျက်နှာထားနှင့် ထိပ်တန်းကျောင်းသားလော့ယွီက စုဝမ်နှင့် စုရွေ့ကိုသာ ကြည့်နေသည်။ သူတို့နှစ်ယောက်ထိုင်နေရင်းပြုမူနေသည့် အပြုအမူတစ်ခုချင်းစီတိုင်းက သူတို့နှစ်ယောက် ပထမဆုံးတွေ့ဆုံခြင်းမဟုတ်သည့်ပုံပင်။


ရုတ်တရက် လော့ယွီစိတ်ထဲတွင် စုရွေ့အား စုဝမ် ပွေ့ဖက်ပြီး နမ်းရှုံ့နေသည့်မြင်ကွင်းပြန်ပေါ်လာသည်။ ထိုမြင်ကွင်းက သူ့ကို နားမလည်နိုင်လောက်အောင် ဒေါသထွက်စေသည်။


မူလစုဝမ်က ကျိုးကြောင်းမဆီလျော်ပြီး ပွင့်ပွင့်လင်းလင်းမရှိသူဖြစ်သည်။ သူမရဲ့မင်းသမီးရောဂါက အလွန်ပြင်းထန်သော်လည်း အလွန်ကျော့ရှင်းသည့်မိန်းမပျိုဟု ခေါ်ဆိုရန်ထိုက်တန်သည်။ ထို့အအပြင် ကျောင်း၌ သူမရဲ့ မြင့်မြတ်သည့်ပုံရိပ်ကိုထိန်းသိမ်းနိုင်ရန်အတွက် စုဝမ်က ကောင်းကောင်းမွန်မွန် ပြုမူနေထိုင်ပြီး သူမ လော့ယွီနှင့် နှစ်ယောက်တည်းအတူရှိလျှင်တောင် သူ့အင်္ကျီလက်အစွန်းကိုသာ ညင်ညင်သာသာနှင့် ဆုပ်ကိုင်ပြီး သူ့လက်ချောင်းများကိုသာထိကိုင်သည်။


ထိုအချိန်တွင် လော့ယွီက စုဝမ်ရဲ့ သခင်မလေးတစ်ယောက်လိုဒေါသကြီးမှုအပေါ် မပင်ပန်းခဲ့သော်လည်း တကယ်တမ်းတွင် သူမက ပွင့်ပွင့်လင်းလင်းမရှိဘဲ ပျင်းစရာကောင်းသည်ဟု ခံစားနေခဲ့ရ၏။


ယနေ့တွင် သူ့မျက်စိရှေ့၌ စုဝမ်နှင့် ဘယ်ကမှန်းမသိပေါ်လာသည့် ယောက်ျားတစ်ယောက်က အများအရှေ့တွင် နမ်းခဲ့ကြသည်။ ထိုမြင်ကွင်းက တကယ်ကို ထင်မှတ်မထားသည့်အရာဖြစ်ခဲ့ပြီး သူ့ကိုအနည်းငယ်ထိချက်ပြင်းစေသွားသည်။


ထို့အပြင် စုဝမ်နှင့်ထိုလူက တစ်ယောက်နှင့်တစ်ယောက် အချိန်အတော်ကြာအောင် သိနေပြီး သူမ သူနှင့်ချစ်နေကြသည့်အချိန်ကတည်းကပင် သိနေခဲ့လောက်သည်ဆိုသောအတွေးကြောင့် လော့ယွီ၏ မျက်နှာက ပို၍ဆိုးလာတော့သည်။


“စုဝမ်.... မင်းတို့နှစ်ယောက် အခုမှပထမဆုံးတွေ့ဖူးတာမဟုတ်ဘူးလား”


သူ့မျက်လုံးထဲတွင် အေးစက်မှုတို့ကို ဆက်လက်ထိန်းထားရင်း လော့ယွီက မျက်နှာကိုမသိမသာလေး ပင့်လိုက်သည်။ သူက စုဝမ်ကိုမေးလိုက်သော်လည်း သူ့မျက်လုံးများက စုရွေ့၏မျက်နှာအပေါ်ကိုသာ မြဲမြံစွာ ကျရောက်နေသည်။ 


လော့ယွီက အကုန်ထုတ်မပြသော်လည်း စုရွေ့က အလွန်နက်ရှိုင်းလှသောဖော်ရွေပျူငှာမှုထက် ကျော်လွန်နေသည့် ခံစားချက်တို့ကို ဖမ်းမိလိုက်သည်။


စုရွေ့က လော့ယွီကို မသိမသာ တစ်ချက်ကြည့်လိုက်ပြီး စုဝမ်၏ပခုံးပေါ်သို့ လက်တင်လိုက်ပြီးနောက် စုဝမ်၏ဘေးတစ်ဖက် မျက်နှာကိုလေးကြည့်ရင်း ပြုံးလျက်ဆိုလိုက်သည်။ 


“အချစ်လေး.... သူကဘယ်သူလဲ”


“အပြင်လူတစ်ယောက်”


စုဝမ်က အေးအေးလူလူပင်ပြန်ဖြေလာသည်။ ထို့နောက် သူမပခုံးမှ စုရွေ့လက်ကို ခါလိုက်သည်။ 


“ကောင်းကောင်းနေပြီးစား.... စားပြီးရင် ရှင်နေဖို့နေရာရှာပေးမယ်”


လော့ယွီ : ……….


စုဝမ်၏လျစ်လျူရှခြင်းခံလိုက်ရသည့် အပြင်လူလေးမှာ မပျော်မရွှင်ဖြစ်နေကြောင်း ဖော်ပြနေတော့သည်။


စုဝမ်က လော့ယွီကိုမဖြေလိုက်သော်လည်း လော့ယွီနှလုံးသားထဲတွင် သူသိချင်သည့် အဖြေရှိနေပြီးသားဖြစ်သည်။ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် သိနေခဲ့ကြတာလားဆိုသည့် အတွေးနှင့်ပတ်သက်၍ ယနေ့ ကျောင်းပေါက်ဝမှ စုဝမ်၏အပြုအမူများနှင့် လက်ရှိအခြေအနေများက သူ့ကိုသိသိသာသာပြနေလေသည်။ 


ဒါက ကိုယ့်ကိုကိုယ် အရှက်ခွဲမိလိုက်တာမဟုတ်ဘူးလား...


တစ်ချိန်တည်းမှာပင် သူ့ဘေး၌ထိုင်နေသော ကျန်းယိုကလည်း လော့ယွီကဲ့သို့ပင် စိတ်အခြေအနေ ရှုပ်ထွေးနေ၏။


ကျန်းယို၏မှတ်ဉာဏ်ထဲတွင် ရှောင်းချီက လုံခြုံမှုကိုခံစားစေနိုင်သည့် တည်ငြိမ်ရင်းနှီးသော အစ်ကိုကြီးဖြစ်သည်။ သူမ၏ မွေးစားအမေကို ဆုံးရှုံးလိုက်ရသည့်အချိန်အတွင်း ရှောင်းချီက ကျန်းယိုကို အဆက်မပြတ်နှစ်သိမ့်ပေးခဲ့သည်။ ထို့ကြောင့်သာ သူမက ပူဆွေးဝမ်းနည်းမှုကနေ ရုန်းထွက်နိုင်ခဲ့တာပင်။


ယခုတော့.......။


သူမအရှေ့ရှိ ရှောင်းချီက ကျန်းယိုကို ထူးထူးဆန်းဆန်းခံစားမိစေသည်။ သူမကို ညင်ညင်သာသာနှင့် ပြုံးပြနေကျ အစ်ကိုကြီးက ယခုတော့ သူစိမ်းတစ်ယောက်ကဲ့သို့ အေးစက်စက်သာကြည့်နေ၏။


သူမတို့ဝေးကွာနေတဲ့အချိန်အတွင်း ဘာတွေဖြစ်ခဲ့တာလဲ....။


အစ်ကိုကြီးရှောင်းကဘာလို့ တခြားလူတစ်ယောက်လို လုံးလုံးပြောင်းလဲသွားရတာလဲ.....။


_____🚩