🚩Chapter - 140
Arc_7.နေရာလွဲမှားနေသောသမီး [ 6 ]
_____
ဒုတိယနှစ် အတန်းချိန်များကပြည့်ကျပ်နေသည်။ စုဝမ်က အတန်းပြေးရန်အတွက် စိတ်ဖိစီးမနေသော်လည်း အေသုံးလုံးကျောင်းသူဖြစ်ပြီး ဒုက္ခလည်းများစေနိုင်သော အမျိုးသမီးဇာတ်လိုက်၏ အဖော်ပြုခြင်းခံနေရသည်။
စုရွေ့၊ ရှောင်းယွင်ယိတို့နှင့် အချိန်ဖြုန်းရန် စုဝမ်အတန်းပြေးချင်နေတာကို တွေ့သောကြောင့် ကျန်းယိုကပထမဆုံး သူမကို စိတ်ရှည်လက်ရှည်နှင့် ဖျောင်းဖျနေပြီး နောက်ဆုံးတွင်တော့ ရှောင်းယွင်ယိကို သူမနားတွင်ခေါ်ထားလိုက်သည်။ ဖျောင်းဖျမှုအတော်လေးလုပ်ပြီးသည့်တိုင် စုဝမ်ကို မကယ်တင်နိုင်သောကြောင့် သူမက ခံစားနေရသည့်ပုံစံဖြင့်နေ နေသည်။
စုဝမ်ကလည်း ထို”ကြင်နာပြီးခေါင်းမာ”တတ်သည့် အမျိုးသမီးဇာတ်လိုက်ကြောင့် ခေါင်းကိုက်လာရသည်။
နောက်ဆုံးတွင် စုဝမ်ကရွေးချယ်စရာမရှိသဖြင့် အတန်းသို့ ပြန်သွားလိုက်ရသည်။ စုရွေ့က စုဝမ်ကို ကျောင်းပေါက်ဝအထိ ပြန်လိုက်ပို့သည်။ သူထွက်မသွားခင်တွင် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသောကြောင့် စုဝမ်ထံသို့ လက်ဆန့်ထုတ်လိုက်သည်။
“အခု မင်းကကိုယ့်ကို ဂရုစိုက်ရတော့မယ်ဆိုတော့ မုန့်ဖိုးမပေးချင်ဘူးလား.... ဘဏ်တိုက်လေး”
စစ်သူကြီးစုကတော့ အစအနောက်သန်နေပြန်ပြီ.....။
“အစ်ကိုကြီးရှောင်း”
ကျန်းယိုက မျက်လုံးများပြူးကျယ်သွားပြီး စုရွေ့အား မယုံနိုင်မှုတို့ဖြင့်ကြည့်လာသည်။
“အစ်ကိုကြီးရှောင်း... အခု ပိုက်ဆံပြတ်သွားလို့လား....ညီမ...ညီမမှာ နည်းနည်းရှိသေးတယ်”
ပြောပြီးသည်နှင့် ကျန်းယိုက သူမအိတ်ထဲကို မွှေနှောက်ရှာနေသည်။ အတော်လေးကြာအောင် မွှေနှောက်ပြီးသည့်နောက် သူမက ၃၁၅ယွမ် ထုတ်ပေးလာသည်။
စစ်သူကြီးစု : ..........
ဒီငွေလေးက ဒီဗိုလ်ချုပ်ကြီး နက်တိုင်လေးတစ်ခုဝယ်ဖို့တောင် မလောက်ဘူး သိရဲ့လား...
စုရွေ့က ထူးဆန်းသည့်အကြည့်တစ်ချက် ပေးလာသည်ကိုတွေ့သောကြောင့် ကျန်းယိုက သူမလက်ထဲမှ ယွမ်ရာတန်လေးများကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လိုက်မိသည်။
“ဒါကမလောက်လို့လား... အစ်ကိုကြီးမိသားစုမှာ တစ်ခုခုဖြစ်ခဲ့လို့လား... ညီမ...ညီမအိမ်ပြန်ပြီး ပိုက်ဆံသွားတောင်းလို့ရတယ်”
“အိုး”
ကျန်းယို၏စကားများကြောင့် စုရွေ့မျက်လုံးများလက်သွားပြီး ရုတ်တရက် လက်ကိုဆန့်ထုတ်၍ သူမလက်ထဲမှ ယွမ်သုံးရာကျော်ကို ယူလိုက်သည်။
“မင်းဒီလိုပြောတာကိုကြားတော့ အန်တီကျောင်းဆေးရုံတက်ရပြီး ဆုံးသွားတုန်းက ငါမင်းကို ယွမ်သုံးသောင်းချေးလိုက်တာကို သတိရသွားတယ်..... မင်းကအခု စုမိသားစုရဲ့ အကြီးဆုံးသခင်မလေးဖြစ်နေပြီ... ငါ့လို ဆင်းရဲသားတစ်ယောက်ဆီက အကြွေးကို ပြန်မဆပ်ဘဲ နေမှာတော့ မဟုတ်ဘူးမလား”
စုရွေ့က အတိတ်မှအကြောင်းများကို ပြောလာသည့်အခါ ကျန်းယို၏မျက်နှာက ချက်ချင်းဖြူဖျော့သွားသည်။
“အစ်ကိုကြီးရှောင်း...အထင်မလွဲပါနဲ့.... ညီမတမင်မင်သက်သက် ပိုက်ဆံကိုပြန်မဆပ်တာမဟုတ်ပါဘူး.... ညီမ တကယ်တော့.....ညီမ....”
ကျန်းယိုကစိုးရိမ်တကြီးနှင့် ရှင်းပြချင်သော်လည်း စုရွေ့က စိတ်မရှည်စွာနှင့် သူမစကားကို ဖြတ်ပြောလာသည်။
“ဒီပိုက်ဆံလေးကို အတိုးလို့သဘောထားလိုက်မယ်.....ကျန်နေတဲ့ပိုက်ဆံကိုတော့ စုဝမ်ကိုပဲပေးလိုက်”
သူ့လက်ထဲရှိ ပိုက်ဆံကိုပင်မကြည့်ဘဲ စုရွေ့ကပိုက်ဆံကို သူ့အနောက်ရှိ ရှောင်းယွင်ယိထံ ပစ်ပေးလိုက်သည်။
“ယူလိုက်....နောက်ကျပန်းသီးဝယ်စားဖို့ သိမ်းထား”
ရှောင်းယွင်ယိ : ………
အစ်ကိုကြီး ကျွန်တော် ပန်းသီးကိုမုန်းတယ်လို့ပြောလို့ရမလား...
နှေးကွေးသည့်သူဖြစ်သော်လည်း သူ့အစ်ကိုကြီးက ကျန်းယိုအပေါ် အပြုအမူများပြောင်းလဲသွားတာကို ရှောင်းယွင်ယိသတိထားမိသည်။ အစတွင်တော့ ရှောင်းယွင်ယိက သူ့ကိုယ်သူ အမြင်မှားသည်ဟု ထင်မိသေး၏။
အခုတော့ ကြည့်ရတာ သူ့အစ်ကိုကြီးက..... ကျန်းယိုကို တကယ်မုန်းနေတဲ့ပုံပဲ....။
ဘာကြောင့်လဲ...
ရှောင်းယွင်ယိက ဆိတ်ဆိတ်နေရင်းနှင့်ပဲ ပိုက်ဆံကိုယူထားလိုက်သည်။ သူ့နှလုံးသားတွင် ‘ဘာကြောင့်လဲ”ဟူသည့် စကားလုံးက အကြိမ်တစ်ထောင်ထပ်နေသော်လည်း တိတ်တဆိတ်နှင့် အစားကြီးသူဆိုသည့်ဇာတ်ကောင်ကိုသာ သရုပ်ဆောင်နေလိုက်သည်။
“ကျွန်မဝင်တော့မယ်..... အတန်းစတော့မှာ”
ထိုအချိန်တွင် စုဝမ်ကနာရီကိုကြည့်ရင်း မနက်ကအိမ်ပြန်ပြီးယူလာခဲ့သည့် လွယ်အိတ်ထဲမှ ဘဏ်ကတ်ကိုထုတ်၍ ပြောလာသည်။
“ရှင့်ကို ကျွန်မပိုင်ဆိုင်သမျှအကုန်ပေးလိုက်ပြီ..... ကုတ်က ခြောက်ခြောက်လုံး... ပထမဆုံး ယွင်ယိကို အဝတ်အစားလဲပေးဖို့ ခေါ်သွားလိုက်...ပြီးရင် ကျောင်းဆင်းမှာကိုစောင့်နေ... ပြီးတော့မှ တိုက်ခန်းသွားကြည့်ကြတာပေါ့”
စုဝမ်ကပြောပြီး လှည့်ထွက်တော့မည့်အချိန်တွင် စုရွေ့က ဘဏ်ကတ်ကိုယူလိုက်ပြီး စုဝမ်လက်ကောက်ဝတ်ကိုပါ ဆုပ်ကိုင်ကာ အားအနည်းငယ်ထည့်၍ စုဝမ်တစ်ကိုယ်လုံးအား သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။
သူက စုဝမ်၏နှုတ်ခမ်းပါးများကို ညင်သာစွာ နမ်းလိုက်သည်။ ထို့နောက် နဖူးချင်းကပ်ထားပြီး စုဝမ်အား ညင်သာစွာ ပြုံးပြ၍ ပြောလိုက်သည်။
“ကျောင်းဆင်းရင်တွေ့ကြမယ်”
“အင်း”
စုဝမ်က နှုတ်ခမ်းထောင့်လေးများ ကွေးတက်သွားပြီး ခေါင်းညိတ်ပြသည်။ ထို့နောက် စုရွေ့ ရင်ခွင်ထဲမှ ထွက်၍ ကျောင်းထဲသို့ ဝင်သွားတော့သည်။
အစမှအဆုံးအထိ ကျန်းယိုက ဘေးတွင်သာရပ်နေပြီး သူတို့ကို တုံးအအဖြင့်သာ ကြည့်နေနိုင်သည်။
သူတို့နှစ်ယောက်ကြားမှ တစ်ခုခုကို ယခုထိ မမြင်နိုင်သေးပါက သူမ အမှန်တကယ်ရူးနေ၍သာဖြစ်သည်။
“အစ်ကိုကြီးရှောင်း.... အစ်ကိုကြီးနဲ့ ရှောင်ဝမ်က....”
“မင်းမြင်တဲ့အတိုင်းပဲလေ”
စုရွေ့က သူ့လက်ထဲမှ ဘဏ်ကတ်ကို မြှောက်ပြသည်။
“မြင်မြင်ချင်းအချစ်ဆိုတာ ဘာလဲသိလား... ကောင်းပြီ မင်းလည်းအတန်းထဲသွားတော့.... အိုး ဟုတ်သားပဲ စုဝမ်ကိုပိုက်ဆံပြန်ပေးဖို့မမေ့နဲ့နော်”
စုရွေ့က လက်ထဲမှဘဏ်ကတ်နှင့် ရှောင်းယွင်ယိခေါင်းလေးကို တောက်လိုက်သည်။
“ယွင်ယိ သွားရအောင်... အစ်ကိုကြီးက မင်းကို ဈေးဝယ်ထွက်ရအောင်ခေါ်သွားမယ်...မင်းယောင်းမလေးက ရှင်းပေးမှာ”
ရှောင်းယွင်ယိ : ဈေးဝယ်ထွက်တာလည်းကောင်းပါတယ်... Dမြို့က ဈေးဝယ်စင်တာအနီးမှာ လမ်းဘေးအစားအစာတွေ ရောင်းတဲ့အထူးစပါယ်ရှယ် လမ်းရှိတယ်လို့ ပြောကြတယ်...
ရှောင်းညီအစ်ကိုနှစ်ယောက် ထိုကဲ့သို့ ထွက်သွားတာကိုကြည့်ရင်း ကျန်းယိုက သူမ၏ကျောင်းယူနီဖောင်း အစကို ဆုပ်လိုက်သည်။ သူမမျက်နှာတွင်တော့ ဝမ်းနည်းမှုများနှင့် ပြည့်နေ၏။
အစ်ကိုကြီးရှောင်းက ပိုက်ဆံအသည်းအသန်လိုနေတဲ့ပုံပဲ... သူမက ချမ်းသာတဲ့မိသားစုက သခင်မလေးဖြစ်သွားတာကို သိသွားပြီး သူ့ကိုဆန့်ကျင်သွားတယ်လို့ အထင်လွဲသွားတာများလား... အဲ့ဒါကြောင့် တမင်သက်သက် သူနဲ့သူမကြားမှာ မျဥ်းတစ်ကြောင်းဆွဲလိုက်တာလား...
ထိုအချိန်တွင် ခေါင်းလောင်းသံမြည်လာသည်။ သတိပြန်ကပ်သွားသော ကျန်းယိုက နေ့လည်ပိုင်း၏ ပထမဆုံး စာသင်ချိန်က အတန်းပိုင်ဆရာရဲ့အချိန်ဖြစ်ကြောင်း သတိရသွားသည်။ သူမက အသက်ပြင်းပြင်းရှူလိုက်ပြီး လှည့်၍ စာသင်ခန်းဆီသို့ပြေးတော့သည်။ ကျန်းယို၏အရှိန်က အလွန်မြန်သောကြောင့် ပန်းခင်းထောင့်ကို အကွေ့တွင် သူမအရှေ့မှ ပုံရိပ်တစ်ခုနှင့် ဝင်တိုက်တော့မလိုဖြစ်သွားသည်။ ကံကောင်းစွာနှင့် ကျန်းယို၏ အရည်အချင်းများက ကောင်းမွန်ပြီး ပျော့ပြောင်းသည့်ခန္ဓာကိုယ်လည်းရှိသည်။ တစ်ဖက်လူကို ဝင်မတိုက်မိခင်မှာပင် ကျန်းယိုက ပန်းခင်းပေါ်သို့လက်ထောက်၍ ကိုယ်ကိုလှည့်လိုက်ပြီး တစ်ဖက်လူအပေါ်မှ ကျော်လိုက်သည်။
လှပသောခြေအစုံက မြေပေါ်သို့ လုံခြုံစွာကျရောက်သည်။ ကျန်းယိုက အသက်ပြင်းပြင်းရှူလိုက်ပြီး ခေါင်းကိုလှည့်၍ တောင်းပန်လာသည်။
“အတန်းဖော် ငါ.... ဆရာဝမ့်”
သူမအရှေ့မှလူက ရွှေရောင်းကိုင်းမျက်မှန်ကိုတပ်ထားပြီး သူ့ကိုယ်ပေါ်တွင် နှင်းကဲ့သို့ဖြူစွတ်နေသည့် အင်္ကျီကိုဝတ်ထားသည်။ အင်္ကျီလက်များကို သပ်သပ်ရပ်ရပ်လိပ်တင်ထားပြီး ညာဘက်လက်ထဲတွင်မူ သင်ခန်းစာစာအုပ်ကိုကိုင်ထားသည်။
သူမအရှေ့တွင်ရှိနေသည့် ချောမောခန့်ညားသည့်လူက ကျန်းယို၏ အတန်းပိုင်ဆရာ ဝမ့်ဝမ်ဟောက်ဖြစ်သည်။
“ကျန်းယို”
ဝမ့်ဝမ်ဟောက်က ကျန်းယိုကိုကြည့်၍ နူးညံ့စွာပြုံးပြသည်။
“ကောင်းလိုက်တဲ့ကွန်ဖူးပဲ”
အာ......
ကျန်းယို၏ မျက်နှာနီမြန်းသွားသည်။ ထို့နောက် ရှက်ရွံ့စွာ ဆံပင်များကို ပွတ်လိုက်မိသည်။
“ဆရာဝမ့် ကျွန်မ.... ကျွန်မ မရည်ရွယ်ပါဘူး... ဟုတ်သားပဲ ကျွန်မနောက်ကျတော့မယ်... ဆရာဆူတာခံရတော့မယ်.... နောက်မှတွေ့တာပေါ့ ဆရာဝမ့်”
ကျန်းယိုက ပြာပြာသလဲနှင့် အလောတကြီးပြေးထွက်သွားသည်ကိုကြည့်ရင်း ဝမ့်ဝမ်ဟောက်က နှာခေါင်းပေါ်မှ မျက်မှန်ကိုတွန်းတင်ရင်း ရယ်လိုက်သည်။
သူမ ပြောတဲ့ ဆရာဆိုတာ သူပဲလေ...
ဒီကျန်းယိုဆိုတဲ့ကောင်မလေးက ဗရုတ်သုတ်ခနိုင်တာပဲ...
မွန်းလွဲနှစ်နာရီတွင် ဖုန်းဟန်ကျောင်းမှ ကျောင်းသားများအားလုံး အတန်းထဲတွင် ရှိနေကြဆဲဖြစ်သည်။ ထိုအချိန်တွင် ကျောင်းဖိုရမ်၌ အမည်မသိ ပို့စ်အတော်များများ ရုတ်တရက် တက်လာသည်။ ထိုပို့စ်များအားလုံး၏ ခေါင်းစဥ်များမှာ အလွန်မျက်စိဖမ်းစားစေပြီး ပို့စ်များအားလုံးတွင်လည်း အဓိကလူက စုဝမ်ဖြစ်နေသည်။
ကျောင်းပန်းကလေး စုဝမ်က လျှို့ဝှက်ဆန်းကြယ်သည့်အမျိုးသား၏ နှုတ်ခမ်းများကို နမ်းရှိုက်နေခြင်း...
ကျောင်းပန်းကလေးရဲ့ ပထမဆုံးအနမ်းကိုပေးလိုက်ရတဲ့သူက ဘယ်သူဖြစ်မလဲ...
ဒီလိုမျိုးလည်းရှိသေးတာလား ကျောင်းပန်းကလေးက ချောမောတဲ့ကောင်လေးကို ထောက်ပံ့မယ်တဲ့....
သီအိုရီကိုအခြေခံထားသည့် ကျောင်းပန်းကလေးများအားလိုက်နည်း နည်းလမ်းတစ်ရာ...
ကျောင်းတွင် လျှို့ဝှက်ချက်ဟူ၍မရှိ။ ကျောင်းဖိုရမ်က မရေမတွက်နိုင်သည့် ကောလာဟလများနှင့် အတင်းအဖျင်းများကို ထုတ်လွှင့်နေကျဖြစ်သည်။ စုဝမ်နှင့်စုရွေ့အကြောင်းကတော့ သက်သေများနှင့် လက်တွေ့ကြုံလိုက်ရသည့်သူများလည်းရှိရာ ဖုန်းဟန်ကျောင်းတွင် ရေပန်းအစားဆုံး အကြောင်းအရာဖြစ်လာတော့သည်။ ထို့ကြောင့် ကျောင်းဆင်းချိန်တွင် စုရွေ့က ယခုလေးတင်မှ ဝယ်ထားသည့် အသစ်စက်စက်ဝတ်စုံများဖြင့် ရောက်နေချိန်၌ ဖြတ်သွားသည့်သူတိုင်းက သူ့ကိုကြည့်သွားကြသည်မှာ မဆန်းတော့ပေ။
ကျော်ကြားလှသည့် စစ်သူကြီးစုမှာ ဖိအားများအောက်တွင် ကျရောက်နေတော့၏။
____🚩