Chapter 141
Viewers 4k

🚩Chapter - 141

Arc_7.နေရာလွဲမှားနေသောသမီး [ 7 ]


_____



Dမြို့က ပထမတန်းစားမြို့များထဲမှ တစ်မြို့ဖြစ်သည်။ မြို့ပြဧရိယာတစ်ဝိုက်ရှိ အိမ်များရဲ့ တန်ဖိုးမှာ ယွမ်တစ်သန်းကျော်၏။ ဖုန်းဟန်ကျောင်းအနီးရှိ သင်တင့်လျောက်ပတ်သော တိုက်ခန်းတစ်ခု ငှားရန်ဆိုလျှင် လစဥ် ငှားရမ်းခက အနည်းဆုံး ယွမ်လေးထောင်ရှိသည်။ 


ကျောင်းဆင်းချိန်၌ စုယွမ်က စုရွေ့နှင့်အတူထွက်သွားသည့်အခါ လူအုပ်ကြီး၏ ဝိုင်းအုံကြည့်ရှုခြင်းကို ခံလိုက်ရသေးသည်။ 


အတူလျှောက်နေရင်း သူမကိုကိုင်ထားသည့် စုရွေ့၏လက်များက အတော်လေး ကြီးမားသည်ဟု စုဝမ် ပထမဆုံးခံစားမိ၏။


ကောင်းပြီလေ… မူလပိုင်ရှင်ကို သေးသေးကွေးကွေးကျောင်းပန်းကလေးဖြစ်အောင် ဘယ်သူလုပ်ထားတာလဲ… ပြီးတော့ ၁၇နှစ်အရွယ် မိန်းကလေးက သိပ်မထွားသလိုဘဲ….


ယခုတွင် စုဝမ်က စုရွေ့၏ ပခုံးကိုသာ မှီနိုင်လုနီးလေးရှိရာ ထိုအရပ်ကွာခြားချက်က သမီးရည်းစားများအတွက် အလွန်အဆင်ပြေသည်။


ကျန်းယိုက စုမိသားစုအိမ်သို့ရောက်လာပြီးနောက် မူလပိုင်ရှင်မှာ အိမ်မှထွက်သွားရန် စီစဥ်နေခဲ့ရာ ဖုန်းဟန်ကျောင်း အနီးမှ အဆင့်မြင့်တိုက်ခန်းများကို ရှာဖွေစုံစမ်းထားခဲ့သည်။ သို့သော် သူမအကောင်မထည်မဖော်ဖြစ်ခဲ့ပေ။


ယခုတွင် စုရွေ့ရောက်လာသည့်အတွက် စုဝမ်က ထပ်မံတွန့်ဆုတ်မနေချင်တော့ချေ။ သူမက ချက်ချင်း စုရွေ့နှင့် ရှောင်းယွင်ယိတို့ကို သူမ ကြည့်ထားပြီးသားဖြစ်ကာ နှစ်ဝက်ငှားရမ်းခပါပေးထားသည့် အိပ်ခန်းနှစ်ခန်းပါ တိုက်ခန်းဆီသို့ ခေါ်သွားလိုက်သည်။ 


တိုက်ခန်းက ကောင်းမွန်စွာ ပြင်ဆင်ထားပြီး အဆင့်သင့်နေထိုင်၍ရနိုင်သည့် အဆောင်ပုံစံမျိုးဖြစ်သည်။ စုဝမ်က မည့်သည့်နေရာတွင် နေရမည်ဆိုသည်နှင့်ပတ်သက်၍ ဘယ်သောအခါမှ ဂျေးမများဖူးချေ။ ထို့အပြင် စုရွေ့ကလည်း သူမနှင့်အတူ တိုက်ခန်းများတွင် အကြိမ်ပေါင်းများစွာ အဖော်ပြုနေပေးခဲ့ဖူးသည်။ ယခုတစ်ကြိမ်တွင် တိုက်ခန်း၌ မီးသီးလုံး (တတိယလူ) ရှိနေသော်လည်း စုရွေ့အတွက် အကျေနပ်ရဆုံးအချိန် ဖြစ်နေဆဲပင်။


လွန်ခဲ့သည့်အချိန်တွေတုန်းက အိပ်ခန်းနှစ်ခန်းပါတိုက်ခန်းများတွင် သူတို့နှစ်ယောက်က တစ်ယောက်တစ်ခန်းစီ ခွဲနေခဲ့ကြသည်။ ယခုတွင်တော့ သေချာပေါက် ရှောင်းယွင်ယိက တစ်ခန်းယူပြီး သူနှင့်စုဝမ်က နှစ်ယောက်တစ်ခန်းနေရလိမ့်မည်။


စုဝမ်က စုရွေ့ကို ကြိုဆိုသည့်အနေနှင့် ညစာကျွေးချင်သောကြောင့် သူတို့သုံးယောက်က ယိကျန်းနန်သို့ စားသောက်ရန် သွားလိုက်ကြသည်။ ထို့နောက် ဗိုက်ပြည့်အောင်စားသောက်ပြီးသည့်အခါ တိုက်ခန်းဆီသို့ ပြန်လာကြသည်။ စုရွေ့က ခရီးဆောင်အိတ်တစ်ခုတည်းဖြင့်သာ ရိုးရိုးရှင်းရှင်းလာခဲ့တာပင်။ ကံကောင်းစွာဖြင့် သူက သူကိုယ်တိုင်နှင့် ရှောင်းယွင်ယိအတွက် အဝတ်အစားအစုံအနည်းငယ်နှင့် အသစ်စက်စက်ညအိပ်ဝတ်စုံနှစ်စုံကို ဝယ်ယူခဲ့သည်။ 


သို့သော်လည်း စုဝမ်က ဘာမှမပြင်ဆင်ခဲ့ရပေ။ ညဘက်တွင် စုမိသားစုအိမ်သို့ ပြန်သွား၍ ပစ္စည်းများကို ထုတ်ပိုးပြီး နောက်နေ့မှ ပြောင်းရွှေ့လာမည်ဟု စီစဥ်ထားခဲ့သည်။ 


ဒါပေမယ့် စစ်သူကြီးစုက သူ့ဇနီးလေးကို ဘယ်လိုလုပ်ပြန်ခွင့်ပြုတော့မှာလဲ…


“ရှောင်ဝမ် ကိုယ်မင်းကိုလွမ်းနေတာ”


အိပ်ခန်းဆီသို့ ဝင်လိုက်သည်နှင့် စုရွေ့က စုဝမ်ကိုအနောက်မှ ပွေ့ဖက်လိုက်ရင်း သူ၏ကြီးမားကျယ်ပြန့်သည့် ရင်ခွင်ထဲသို့ သန်မာသည့်လက်များဖြင့် ဆွဲကပ်ထားတော့သည်။ 


“ဒီည ကိုယ်နဲ့နေပေးမယ်မလား”


“ကောင်းပြီ”


စုဝမ်က စုရွေ့ရင်ခွင်ထဲတွင် သက်တောင့်သက်သာ မှီနေလိုက်သည်။ 


“ကျွန်မ ရှင်နဲ့ နည်းနည်းကြာကြာလေး နေပေးမယ်…ဒီမှာ ကျွန်မ ညအိပ်ဝတ်စုံမရှိဘူးလေ…ညအိပ်နေဖို့ အဆင်မပြေဘူးမလား”


သူတို့နှစ်ယောက်တည်းသာဆိုလျှင် အဆင်ပြေနိုင်သော်လည်း ယခုတွင် ဤတိုက်ခန်း၌ ရှောင်းယွင်ယိကလည်း ရှိနေသေးသည်။ ထို့အပြင် တိုက်ခန်း၌ ရေချိုးခန်းတစ်ခန်းသာပါရာ ညအိပ်နေရန် အဆင်မပြေနိုင်ပေ။


“ကိုယ့်အင်္ကျီအသစ်ကို ဝတ်လို့ရတယ်လေ”


စုရွေ့က ကျွမ်းကျင်စွာနှင့် သူ့မျက်နှာကို လှည့်ကာ နွေးထွေးနေသည့်နှုတ်ခမ်းများနှင့် စုဝမ်၏ နားသန်သီးလေးကို နမ်းလိုက်သည်။ နေ့လည်က အမျိုးသားဝတ်အင်္ကျီအသေးလေးအား ရည်ရွယ်ချက်ရှိရှိဝယ်လာသည်ကိုတော့ သေချာပေါက် ဝန်ခံမည်မဟုတ်ချေ။


“ကောင်းပြီလေ”


လျှပ်စီးကြောင်းဖြတ်စီးသွားသလို ခံစားချက်ကြောင့် စုဝမ်ညည်းလိုက်မိသည်။ စုရွေ့က စုဝမ်၏ ကျောင်းယူနီဖောင်းကို ချွတ်ရန် အခွင့်အရေးယူလိုက်ပြီး ညာဘက်လက်က စုဝမ်၏နူးညံ့နေသည့် ပခုံးပေါ်သို့ ဖြေးညင်းစွာ လျှောဆင်းသွားလေသည်။ 


“ဇနီးလေး”


သူက စွဲမက်ဖွယ်ကောင်းသော အသံနှင့် တီးတိုးလေးခေါ်လိုက်သည်။ သို့သော် နောက်တစ်စက္ကန့်တွင် စုရွေ့ မျက်လုံးများက ရုတ်တရက် အေးစက်သွားပြီး စုဝမ်၏ပခုံးကို လေးလေးနက်နက် ကြည့်လိုက်သည်။


သူမ၏ ဖြူဖွေးနေသည့်ပခုံးပေါ်တွင် ကြက်သွေးရောင် လက်ချောင်းရာများရှိနေသည်။ ထိုအရာများက အတော်လေး ဖျော့နေပြီဖြစ်သော်လည်း တစ်ချက်ကြည့်လိုက်ရုံနှင့် ၎င်းက ယနေ့မှရလာသော ဒဏ်ရာဖြစ်ကြောင်းနှင့် တစ်ဖက်လူက ရှေးခေတ်ကိုယ်ခံပညာကျွမ်းကျင်သူတစ်ယောက်ဖြစ်ကြောင်း စုရွေ့သိလိုက်သည်။


“ဘယ်သူလုပ်တာလဲ”


အခန်းထဲရှိလေက အလွန်အေးစက်သွား၏။ စုရွေ့က သိသိသာသာကို စိတ်အနှောင့်အယှက်ဖြစ်သွားသည်။ သူ့လက်ချောင်းများက ညင်သာစွာဖြင့် စုဝမ်ပခုံးမှ အမှတ်ကို ပွတ်သပ်နေသည်။ ထိုအချိန်တွင် သူ့မျက်လုံးအောက်ရှိ အကြမ်းဖက်ချင်သည့်စိတ်များက ထိန်းချုပ်မရအောင် ကျော်လွန်သွားလေသည်။


“အဆင်ပြေပါတယ် မနာတော့ဘူး”


စုဝမ်က စုရွေ့ခန္ဓာကိုယ်မှ တိုးထွက်နေသည့် ပြင်းထန်သည့် သတ်ဖြတ်ချင်စိတ်များကို ခံစားမိသည်။ သူမက ချက်ချင်းလက်မြှောက်၍ စုရွေ့ကို ညင်ညင်သာသာလေး လှည့်ဖက်လိုက်သည်။


 “ဒီ ဒဏ်ရာသေးသေးလေးက ဘာမှမဟုတ်ပါဘူး… ကျွန်မက တစ်ချက်ထိလိုက်ရုံနဲ့ကွဲတတ်တဲ့ ကြွေထည်မှမဟုတ်တာ”


“စုယွီလား”


စုရွေ့က စိတ်ထဲတွင် မူလဇာတ်ကြောင်းကိုအမြန်လေး စဥ်းစားလိုက်သည်။ မူလပိုင်ရှင်စုဝမ်က ကျန်းယိုဘဝတွင် အမြှောက်စာဖြစ်သောကြောင့် စုဝမ်နှင့် အတွင်းဆက်ဆံရေးရှိသည့်သူများက အလွန်ရိုးရှင်းပြီး သူမဘေးနားရှိ ထိုကဲ့သို့အရည်အချင်းနှင့်လူက စုယွီတစ်ဦးတည်းသာဖြစ်သည်။


စုယွေ့အမေးကိုကြားပြီးနောက် စုဝမ်ကခေါင်းညိတ်ကာ ပြောလိုက်သည်။


 “အင်း...သူပဲ… သူကအရမ်းစူးရှပြီး ကျွန်မအပေါ်မှာ သံသယတချို့ရှိနေတာ… ဒါပေမယ့် စိတ်ပူစရာမရှိပါဘူး” 


“အဲ့ဒါက သေချာပေါက် စိတ်ပူစရာမဟုတ်ဘူးပေါ့”


စုရွေ့က မျက်လွှာချလိုက်ပြီး သူ့မျက်လုံးများတွင်တော့ သွေးဆာနေသည့် သတ်ဖြတ်လိုစိတ်များက ဖြတ်ပြေးသွားသည်။ 


လူသေတွေကို စိတ်ပူစရာမှမလိုတာ…


“ဇနီးလေး… အရင်ရေချိုးနှင့်”


သူ့စိတ်ထဲတွင် အစီအစဥ်ရှိပြီးသားဖြစ်သည်။ စုရွေ့က သူ့ခါးမှ စုဝမ်၏လက်များကို ဖယ်ရှားလိုက်ပြီး လှည့်၍ သူဝယ်လာသည့် အဖြူရောင်အင်္ကျီလေးကို ပေးလိုက်သည်။ 


“ကိုယ်အရင်ဆုံးပစ္စည်းတချို့ကို သန့်ရှင်းရေးလုပ်လိုက်ဦးမယ်… မင်းပြီးမှပဲကိုယ်လက်ဆေးကြောတော့မယ်” 


စုဝမ်က စုရွေ့တစ်ယောက် သူမလက်ထဲသို့ ထည့်လာပေးသည့် သိသိသာသာကိုသေးနေသော အင်္ကျီကိုကြည့်လိုက်မိသည်။ ယခုအချိန်တွင် သူမက ဤအင်္ကျီအသေးလေးအား ဂရုစိုက်ရန် အချိန်မရှိချေ။


 “စုရွေ့ ရှင်ဘာလုပ်မလို့လဲ”


သူမက ကလေးမဟုတ်ချေ။ သူမကို သူလွယ်လွယ် မလှည့်စားနိုင်ပေ။ 


“လိမ်လိမ်မာမာနေလေ”


စုရွေ့က စုဝမ်အား လက်တစ်ဖက်တည်းနှင့် ပွေ့ဖက်လိုက်ပြီး သူမရဲ့မျက်နှာလေးအား သူ့ရင်ခွင်နှင့် ဖိကပ်စေလိုက်သည်။ 


“ကိုယ်ကဘာလုပ်ရမှာလဲ… တကယ် ဒီတိုင်း… ပစ္စည်းတချို့ကို သန့်ရှင်းရေးလုပ်မလို့ပါ”


အကယ်၍သာ စုယွီက ထို “ပစ္စည်းတချို့”ဆိုလျှင်……


စုဝမ်၏မျက်လုံးများက ကျဥ်းမြောင်းသွားသည်။ 


“ပြီးရော…ရှင်…မြန်မြန်လုပ်”


သူမက တကယ်တမ်း “ဂရုစိုက်” ဟုပြောချင်ခဲ့သော်လည်း စကားလုံးများက သူမနှုတ်ခမ်းဆီသို့ ရောက်လာသောအခါ “မြန်မြန်လုပ်” ဟူ၍သာထွက်သွားသည်။ 


သူက သူမကိုမသိစေချင်မှတော့ တစ်ခါတရံတွင်လည်း သူမ ဝင်မပါဘဲနေလိုက်မည်။ 


စုရွေ့ ရှင်ဂရုစိုက်မှဖြစ်မယ်…


စုယွီက ရင်ဆိုင်ရလွယ်တဲ့သူမဟုတ်ဘူး…


စုရွေ့၏ကွန်ဖူးကို သူမယုံကြည်ချက်ရှိသော်လည်း စုယွီကလည်း အလိုရှိနေသည့် Sအဆင့် ရာဇဝတ်သား ဖြစ်သည်။ သူက ရှေးခေတ်ကိုယ်ခံပညာတွင်သာ ကျွမ်းကျင်သည်မဟုတ် ၊ အမျိုးမျိုးသော သေနတ်များနှင့် အဆိပ်ဓာတ်ငွေ့များကို အသုံးပြုရာတွင်လည်း ကျွမ်းကျွမ်းကျင်ကျင်ရှိသည်။ 


စုဝမ်က စုရွေ့နှင့်စုယွီကို တစ်ယောက်ချင်း ရင်မဆိုင်စေချင်သည့် အကြောင်းအရင်းက စုရွေ့ထိခိုက်မှာကို မမြင်ချင်သောကြောင့်ဖြစ်သည်။ စုရွေ့က စုဝမ်၏ဒဏ်ရာကိုမြင်သည်နှင့် စိတ်ဓာတ်ကျသွားသလိုမျိုး သူမလည်း စုယွေ့ ထိခိုက်အနာတရ သေးသေးလေးဖြစ်တာကိုပင် မကြည့်နိုင်ချေ။


သို့သော် စုရွေ့က တစ်ခုခုကိုဆုံးဖြတ်ပြီးသည်နှင့် လုံးဝလက်လျှော့တတ်သည့်သူမဟုတ်ကြောင်းကိုလည်း စုဝမ်သိ၏။


သူမလုပ်နိုင်တာက သူ့ကို ယုံကြည်ရန်ပင်ရှိတော့သည်။


အကူအညီမပေးနိုင်သော်လည်း ဝန်ထုပ်ဝန်ပိုးတော့ မဖြစ်စေချင်။


“ဒါဆို ကျွန်မ ရေချိုးနှင့်မယ်”


စုဝမ်က ကျောင်းယူနီဖောင်းကို သေသပ်အောင်ပြန်လုပ်လိုက်ပြီး သူမလက်ထဲမှ အဝတ်အစားများကို ကျစ်ကျစ်ပါအောင် ကိုင်ထားမိသည်။ အိပ်ခန်းထဲမှ မထွက်ခင် သူမက ရုတ်တရက် လှည့်လာပြီး စုရွေ့ဆီသို့ ပြေးဝင်ကာ ခြေဖျားထောက်၍ အကြမ်းပတမ်းနမ်းလိုက်လေသည်။ 


“ရှင်က ဒီသခင်မလေးရဲ့လူ... ရှင့်ရဲ့ အရာအာလုံးကို ကျွန်မပိုင်တယ်... ကျွန်မခွင့်ပြုချက်မရှိဘဲ ဆံပင်တစ်မျှင်လေးတောင် ထိခိုက်ခွင့်မရှိဘူး” 


စုဝမ်၏ရုတ်တရက်အတိုက်ခိုက်ခံလိုက်ရသော စုရွေ့က နေရာ၌သာတောင့်ခဲနေမိသည်။ စုဝမ်ထွက်သွားပြီးနောက် သူ့နှုတ်ခမ်းကို ပွတ်ဆွဲလိုက်မိသည်။ 


ဒီကောင်မလေး အတော်လေးကြမ်းတာပဲ။ 


အနမ်းတစ်ခုဟုဆိုရခြင်းထက် ကိုက်သွားတာဟု ဆိုသည်က ပိုမှန်ပေမည်။ 


ညင်သာစွာနှင့် လက်များကိုချလိုက်ပြီးနောက် စုရွေ့မျက်လုံးထဲမှ နူးညံ့မှုများက တဖြည်းဖြည်းပျောက်ကွယ်သွားသည်။ သူက အိပ်ရာဆီသို့သွား၍ အိပ်ရာဘေးသို့ပစ်တင်ထားသည့် စုဝမ်၏ ဖုန်းကိုယူလိုက်သည်။ ထို့နောက် ဖုန်းနံပါတ်အမည်စာရင်းမှ စုယွီနံပါတ်ကိုရှာ၍ စာတစ်‌စောင်ပို့လိုက်သည်။


ဘယ်မှာလဲ... အရေးတကြီးပြောစရာရှိတယ်...။


စာပို့လိုက်သည်နှင့် ပြန်စာကချက်ချင်း‌ရောက်လာသည်။ ပါဝင်သည့်အချက်အလက်က ရိုးရှင်းသည်။ 


လိပ်စာတစ်ခုပင်။


ဉာဏ်နီဉာဏ်နက်များသောသူတွင် ပုန်းခိုစရာနေရာကတစ်ခုမကရှိသည်။ Dမြို့တွင် စုယွီ၏ နေရာများစွာရှိသည်။ ယနေ့စောစော ခွဲစိတ်မှုအကြီးကြီး ပြီးစီးသွားပြီးနောက် သူက ဆေးရုံအနီး၌ ယာယီငှားထားသော အဆင့်မြင့်တိုက်ခန်းသို့ ပြန်လာခဲ့သည်။ 


သူ ‘စုဝမ်’ထံမှ စာလက်ခံရရှိသည့်အခါ စုယွီကရေချိုးပြီး၍ ‌ရေချိုးခန်းထဲမှ ထွက်လာရုံလေးရှိသေးသည်။ သူက ချက်ချင်း သူ့လိပ်စာကိုပေးလိုက်သည်။ စုယွီက ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင်ထိုင်နေရင်း ဝိုင်နီတစ်ခွက်လောင်းထည့်လိုက်သည်။ 


စုဝမ် သူ့ကို ဘာပြောမလဲမသိသော်လည်း ခန့်မှန်းရန်မလိုအပ်ပေ။


သူ့အမြင်တွင် အနှီမိန်းကလေးက နှံကောင်တစ်ကောင်ထက်ပင်မပိုချေ။ နေရာအနှံ့ခုန်ပေါက်သွားနိုင်သော်လည်း အချိန်မရွေးလက်နှင့်ဖျစ်၍ သတ်လိုက်နိုင်သည်။ 


ထိုအချိန်တွင် စုယွီက သူ ယနေ့ညကြုံတွေ့ရမည်မှာ သူ့အတွေးထဲမှ ပုရွက်ဆိတ်လေးမဟုတ်ဘဲ သွေးဆာနေသည့် သတ်ဖြတ်ခြင်း နတ်ဘုရားတစ်ယောက် ဆိုတာကိုမူ မသိခဲ့ချေ။



___🚩