Chapter 142
Viewers 4k

🚩Chapter -142

 Arc_7.နေရာလွဲမှားနေသောသမီး [ 8 ]


_____



ည ခုနစ်နာရီခွဲအချိန်က မိသားစုအများစု တီဗီရှေ့တွင် ထိုင်ကြသည့်အချိန်ဖြစ်ရာ ကြည့်ရှုနှုန်းအမြင့်ဆုံးအချိန် ဖြစ်သည်။ 


ပုံမှန် အိမ်နေရင်းအဝတ်အစားများလဲပြီးသွားသော စုယွီသည် အလွန်အမင်း ပျင်းရိမှုကြောင့် တီဗီကိုဖွင့်လိုက်သော်လည်း သူ့မျက်လုံးများက အရှေ့ရှိ ၅၀လက်မ LCD တီဗီပေါ်တွင် ရှိမနေပေ။ စုယွီမျက်လုံးများက အခန်းတစ်လျှောက် ဝေ့ဝဲနေပြီး သူ့စိတ်ထဲတွင် အတွေးအချို့ရှိနေသည်မှာ သိသာလှ၏။


အခန်း၏လေအေးပေးစက်က ၂၈ဒီဂရီတွင်ရှိနေသောကြောင့် လူကို သက်တောင့်သက်သာရှိနေစေသည်။ 


ရုတ်တရက် စုယွီက ဆိုဖာပေါ်မှထလိုက်ပြီး အခန်းထောင့်ရှိ လေအေးပေးစက်ကို စူးရှစွာ ကြည့်လိုက်သည်။ လေအေးပေးစက်၏ မျက်နှာပြင်တွင် ၂၈ဒီဂရီကိုသာပြနေသော်လည်း သူက ခဏလောက် အပြင်ဘက်မှ ညလေပြေလေးနှင့်အတူ အေးစိမ့်မှုကို ခံစားလိုက်ရသည်။ 


စုယွီက သတိရှိရှိနှင့် သူ့လက်ကောက်ဝတ်မှ အင်္ကျီစကိုထိကိုင်လိုက်ရာ တောက်ပပြီးချွန်ထက်သည့် ခွဲစိတ်ခန်းသုံးဓားက သူ့လက်ထဲသို့ ရောက်လာ၏။ 


၎င်းက သူ့လက်ထဲတွင်အမြဲရှိနေသည့် လက်နက်ဖြစ်ပြီး တစ်ခါတရံ သေနတ်များထက် ပို၍ စိတ်ချရသေးသည်။ 


ထိုအချိန်တွင် ဧည့်ခန်းထဲ၌ တီဗီမှလာနေသော မိသားစုဒရာမာကားမှ အသံများကိုသာ ကြားနိုင်သည်။ ယောက္ခမနှင့် ချွေးမတို့က ပြင်းပြင်းထန်ထန်ရန်ဖြစ်နေကြပြီး စုယွီက ဧည့်ခန်းထဲမှ တိတ်တဆိတ် ထွက်လာလိုက်သည်။ သူက လွင့်မျောနေသည့် ဝိညာဥ်ကဲ့သို့ပင် ခြေသံတစ်သံလေးမှ မထွက်ချေ။ 


အိပ်ခန်းဆီသို့လာသည့်အချိန်တွင် စုယွီက တံခါးကိုဖြတ်၍ တိုးထွက်လာသည့် သတ်ဖြတ်လိုစိတ်များကို ခံစားမိလိုက်၏။


တစ်ဖက်လူက ရည်ရွယ်ချက်ရှိရှိ သူ့တည်ရှိမှုကို မဖုံးကွယ်ထားသည်မှာသိသာလှ၏။ စုယွီက သူခုဏက ခံစားလိုက်ရသည့် အေးစိမ့်မှုကပင် တစ်ဖက်လူက တမင်လွှတ်ထုတ်လိုက်သည်ဟု သံသယဝင်မိသည်။ 


အလည်ရောက်လာသူက သန်မာသည့်သူဖြစ်ပြီး သိပ်မဆိုးလှပေ။ 


စုယွီက အကြည့်များကို အာရုံစိုက်၍ အိပ်ခန်းတံခါးကိုလျင်မြန်စွာဖွင့်လိုက်သည်။ ထို့နောက် လက်ထဲမှ ခွဲခန်းသုံးဓားလေးက အိပ်ခန်းထဲရှိ ပြတင်းပေါက်ဆီသို့ တည့်တည့်ပစ်ဝင်သွားသည်။ 


မှောင်နေသည့် အခန်းထဲတွင် အေးစက်နေသည့်မျက်စိကျိန်းစရာအလင်းတစ်ခုက ဖြတ်ပြေးသွားတော့သည်။


မျှော်လင့်ထားသည့်အတိုင်း အိပ်ခန်းပြတင်းပေါက်က ပွင့်နေပြီး လေအေးများတိုက်ခတ်နေကာ ခန်းဆီးများက တဖျတ်ဖျတ်လွင့်နေသည်။ 


ပွင့်နေသည့် ပြတင်းပေါက်အလယ်တည့်တည့်၌ ကျော့ရှင်းသည့်ပုံရိပ်တစ်ခုက ထိုင်နေသည်။ သူက ရိုးရှင်းသည့် ရှပ်အင်္ကျီနှင့် ဘောင်းဘီများကိုသာ ဝတ်ဆင်ထားသည်။ ထိုအချိန်တွင် ညလေပြည်လေးက သူ့ရှပ်အင်္ကျီအနားစကို ဖြတ်တိုက်သွားရာ ပျော့ပျောင်းနူးညံ့သည့် သစ်အယ်သီးရောင်ဆံနွယ်များက လွင့်သွားလေသည်။ 


စုယွီ၏ ပစ်ခတ်မှုက နှေးကွေးသည်ဟု မဆိုနိုင်ချေ။ သူက တံခါးအပြင်ဘက်ကနေပင် ပြိုင်ဘက်၏ အားနည်းချက်နေရာကို ချိန်ထားခဲ့ပြီး တံခါးပွင့်သွားသည့်အချိန်၌ပင် ခွဲခန်းသုံးဓားက ထိုနေရာကို တိတိကျကျ တည့်တည့်ပစ်ဝင်သွားသည်။ 


ထိုအချိန်၌ သူ တစ်ဖက်လူ၏ မျက်နှာကိုမြင်လိုက်ရသည်။ 


သူက ကျော့ရှင်းပြီးချောမောသည့် လူငယ်လေးတစ်ယောက်ဖြစ်ပြီး အမှောင်ထဲတွင် သူ့မျက်လုံးများက အုံ့မှိုင်းနေသည့် အလင်းရောင်လေးသဖွယ်တောက်ပနေသည်။ 


အဆုံးမရှိသည့်သတ်ဖြတ်လိုသည့် အငွေ့အသက်များနှင့် ခွဲခန်းသုံးဓားအား ရင်ဆိုင်ရချိန်တွင်ပင် စုရွေ့က နှုတ်ခမ်းထောင့်လေးကို အေးဆေးစွာ ကွေးညွှတ်နိုင်သေးသည်။ နောက်အသက်ရှူသည့်အချိန်ခဏလေး၌ပင် သူ့ပုံရိပ်လေးက ပြတင်းပေါက်မှ ပျောက်ကွယ်သွားတော့သည်။ 


ဤကမ္ဘာတွင် စုရွေ့ထက် မည်သူကမှ ပိုမမြန်ချေ။ ၎င်းက စုယွီ၏ ခွဲခန်းသုံးဓားဖြစ်နေလျှင်တောင်မှ စုရွေ့အတွက်က အသာလေးသာဖြစ်သည်။ 


စုရွေ့က စုယွီ၏မျက်စိရှေ့တွင် ပေါ်လာသောအခါ စုယွီရဲ့သူငယ်အိမ်များ တုန်လှုပ်သွား၏။


ထိုကဲ့သို့အရည်အချင်းနှင့်လူအား သူ တစ်ယောက်တည်းသာတွေ့ဖူးသည်။ ထိုသူက အမှောင်လောက၏ လုပ်ကြံသူဘုရင်ဖြစ်သည်။


လူသတ်သမားကြား ထိပ်တိုက်ရင်ဆိုင်မှုက လျင်မြန်ကာရက်စက်သည်။ ယခုအချိန်တွင် စုယွီအတွက် စိတ်ပျံ့လွင့်နေရန် အချိန်မရှိချေ။ စုရွေ့ပျောက်သွားသည်နှင့် စုယွီက လျင်မြန်စွာနှင့် အိပ်ခန်း၏အရှေ့ဘက် ထောင့်ဆီသို့ ပြေးသွားပြီး လက်ချောင်းများကို နံရံပေါ်သို့ ပြင်းထန်စွာ ထိကပ်လိုက်သည်။ နံရံကိုဖိလိုက်သည်နှင့် နံရံထဲမှ သေတ္တာငယ်လေးတစ်ခုက ချက်ချင်းပေါ်လာသည်။ ထိုသေတ္တာထဲတွင် ကန္တာရလင်းယုန် ရှိနေသည်။ 


လက်ထဲတွင် ပစ္စတိုကိုကိုင်ရင်း စုယွီနှုတ်ခမ်းများက ကွေးတက်သွားသည်။ ထို့နောက် အိပ်ခန်း၏ ထောင့်တစ်နေရာအား ချိန်၍ အသံနက်နက်နှင့် ပြောလိုက်သည်။


 “ထွက်လာခဲ့ မဟုတ်ရင် ပစ်လိုက်မယ်”


အမှောင်ထဲမှ ခြေသံများ ထွက်ပေါ်လာသည်။


ပုံရိပ်တစ်ခုက ငရဲမှ သေခြင်းတရားနတ်ဘုရားကဲ့သို့ အမှောင်ထဲမှ ဖြေးညင်းစွာထွက်လာသည်။ ထိုလူ၏ မျက်နှာ၌ လူများကို အကြောက်တရားတို့ဖြင့်တုန်လှုပ်သွားစေနိုင်သည့် အပြုံးတစ်ခုကို ချိတ်ဆွဲထား၏။


“ဒီတော့ မင်းက သေနတ်သုံးရတာ ကြိုက်နေတုန်းပဲကိုး”


စုရွေ့က ပစ္စတိုဖြင့်အချိန်ခံထားရတာကို စိတ်မရှိသည့်အလား အေးဆေးစွာပင် စုယွီကို ကြည့်နေသည်။


“အဖွဲ့အစည်းက မင်းကို လွှတ်လိုက်တာလား”


စုယွီက စုရွေ့ကို ကြည့်လိုက်သည်။ သူ့မျက်လုံးများက ပိုအေးစက်ပြီး ပိုစူးရှလာ၏။ 


“မင်းကို ငါမပစ်ရဲဘူးလို့ ထင်နေလား”


“စမ်းကြည့်လိုက်လေ”


စုယွေ့ကမျက်ခုံးပင့်လိုက်ပြီး လက်ကို အသာလေးမြှောက်လိုက်ရာ သူ့လက်မှ ကျည်ဆံများက ကြမ်းပြင်ပေါ်သို့ တစ်တောင့်ချင်းဖြေးညင်းစွာ ကျသွားတော့သည်။


“အာ...”


စုရွေ့၏ အကြောက်အလန့်ကင်းမဲ့နေသည့် အသွင်အပြင်ကိုကြည့်ရင်း စုယွီက မလှောင်ဘဲ မနေနိုင်ချေ။ 


“မင်းက တကယ်ကိုတော်တာပဲ...ဒါပေမယ့် ကံမကောင်းစွာဘဲ...ဒါကငါ့အိမ်ဖြစ်နေတယ်”


ရုတ်တရက် စုယွီက လက်ထဲမှပစ္စတိုကို လွှင့်ပစ်လိုက်ပြီး လက်ထဲမှ အသေးစားရီမုကွန်ထရိုးလေးကို ပြလာသည်။ ရီမုကွန်ထရိုးပေါ်မှ အနီ‌ရောင်အလင်းရောင်လေးက မှိတ်တုတ်မှိတ်တုတ်ဖြစ်နေပြီး အမှောင်ထဲတွင် တမျိုးတဖုံ တောက်ပနေသည်။ 


“အခန်းတစ်ခုလုံးကို ခလုတ်နဲ့ထိန်းချုပ်လို့ရတဲ့ ဗုံးတွေဆင်ထားတယ် အတူတူသေချင်ရင် ငါ့ဆီကို အချိန်မရွေးလာခဲ့”


စုယွီက စုရွေ့ကိုမျက်ခုံးပင့်ပြလိုက်သည်။ သူ့မျက်နှာတွင် ယုံကြည်မှုအပြည့် ထင်ဟပ်နေ၏။


“အိုး...ဗုံးတွေလား”


စုရွေ့က ချဲ့ကားနေသည့်ပုံစံဖြင့် မျက်လုံးများကိုပြူးကျယ်လိုက်ကာ စုယွီအား အပြုံးမမည်သည့် အပြုံးတစ်ခုဖြင့် ကြည့်၍ဆိုလိုက်၏။


“ငါ မင်းရဲ့ သေနတ်ကိုတောင်ရှာတွေ့နိုင်တာနော်...မင်းလက်ထဲက ရီမုကွန်ထရိုးက ကောင်းသေးတယ်ဆိုတာ သေချာရဲ့လား”


ဒါက......


ပထမဆုံးအကြိမ်အဖြစ် စုယွီမျက်နှာက မသေမချာဖြစ်သွားသည်။ ရီမုကွန်ထရိုးကို နှိပ်လိုက်ချင်သော်လည်း ဗုံးတွေတကယ်ပေါက်ကွဲသွားမည်ကိုလည်း စိုးရိမ်နေသည့်အလား သူ့လက်ချောင်းများက တွန့်ဆုတ်နေ၏။


‌ပြောရလျှင် ဤကမ္ဘာလောကကြီးရှိ လူသားတိုင်းက သူတို့အသက်ကို တန်ဖိုးထားကြသည်။ လူသတ်သမားများလည်း ခြွင်းချက်မရှိချေ။ 


သူတို့က အခြားသူများရဲ့အသက်ကို နှလုံးသားမဲ့စွာဖြင့် ဇီဝိန်ချုပ်နိုင်ကြပြီး အားနည်းသည့်သူများကို ပုရွက်ဆိတ်များပမာ ဆက်ဆံနိုင်သော်လည်း သူတို့၏အသက်ကိုတော့ တန်ဖိုးအထားဆုံးဖြစ်ကြသည်။ 


“မနှိပ်ရဲဘူးလား ငါကူပေးရတာပေါ့”


စုရွေ့မျက်လုံးများက အေးစက်စွာ တောက်ပသွားသည်။ သူက စုယွီအရှေ့သို့ တစ္ဆေသရဲကဲ့သို့ပေါ်လာပြီး နောက်တစ်စက္ကန့်တွင် စုယွီလက်ကိုကိုင်၍ တောက်ပနေသည့် အနီ‌ရောင်ခလုတ်လေးကို ပြင်းထန်စွာ နှိပ်ချလိုက်တော့သည်။


“ဝုန်း”


ပြင်းထန်သည့် ပေါက်ကွဲသံနှင့်အတူ အခန်းတစ်ခုလုံးက ခဏလေးအတွင်း မီးတောက်များဖြင့် ပြည့်သွားလေသည်။ 


ပထမဆုံးအကြိမ်အဖြစ် စုယွီ၏မျက်နှာတွင် ကြောက်လန့်နေသည့် အရိပ်အယောင်များပေါ်လာသည်။ ပြတင်း‌ပေါက်ကိုမီးမကူးမီ စုရွေ့ကအပြေးသွားကာ ရှစ်လွှာ၏ပြတင်းပေါက်မှ ခုန်ထွက်လိုက်တာကို စုယွီကြည့်နေမိသည်။ လားရာက အောက်ဘက်သို့မဟုတ်ပေ။ သူဦးတည်နေသည့်နေရာက ခေါင်မိုးထပ်ကိုဖြစ်သည်။


မီးတောက်များနှင့် ပြင်းထန်သည့်‌ပေါက်ကွဲမှုများက အဆောက်အဦးတစ်ခုလုံးရှိ သွားလာနေကြသည့်သူများနှင့် အနီးအနားလမ်းများမှလူများကို အံ့ဩထိတ်လန့်သွားစေသည်။ အချိန်တိုလေးအတွင်း၌ မြို့လယ်ခေါင်၏ လမ်းမများထက်တွင် အဆုံးမသတ်သည့်ငိုကြွေးသံများ ထွက်ပေါ်လာသည်။ 


“ငါ့ကိုဘာလို့ကယ်လိုက်တာလဲ”


ထိုအချိန်တွင် စုယွီက ခေါင်မိုးထပ်အလယ်တွင် ရပ်နေပြီး သူ့အရှေ့ရှိ အမူအရာမဲ့နေသော လူငယ်လေးအား ကြည့်နေသည်။ သူ့မျက်နှာရှိ အမူအရာများက တစ်နည်းနည်းဖြင့် ရှုပ်ထွေးနေ၏။


ယခုတွင် သူ့ထက်သာသည့်သူတစ်ယောက်ရှိနေတာကို ဝန်ခံရမည်ပင်။ သူ့ရှေ့ရှိ လူငယ်အား သူနှင့်အဆင့်အတူတူဟု ယူဆ၍မရတော့ပေ။ သူသိသည့် လုပ်ကြံသူဘုရင်တောင်မှ ထိုလူငယ်လေးနှင့် ယှဥ်နိုင်သည့်ပြိုင်ဘက် မဟုတ်ပေ။ 


“မင်းကိုကယ်တယ်လို့ ဘယ်သူပြောလဲ”


စုရွေ့က စုယွီကိုကြည့်၍ နှာခေါင်းရှုံ့လိုက်သည်။ သူကနောက်ဆက်တွဲ ပြဿနာများမရှုပ်လာစေရန် စုယွီ၏ အိမ်ကိုပေါက်ကွဲစေခဲ့သည်။ 


ထိုသို့ဖြင့် စုယွီက ပေါက်ကွဲသည့်မီးတောက်များအကြား သေလူဖြစ်သွားလေသည်။


“မင်းလေ”


စုရွေ့က မှုန်မှိုင်းသည့်မျက်နှာဖြင့် တစ်လှမ်းချင်းနီးကပ်လာလေ သတ်ဖြတ်ချင်သည့် အငွေ့အသက်များက သိပ်သည်းလာလေဖြစ်သည်။ လူများ၏အသက်များအား ယင်ကောင်ကိုသတ်သလို သတ်ခဲ့သော စုယွီက ယခု၌ ကြက်သီးများထလာတော့၏။


သူ့အရှေ့ကလူက လူဘယ်နှ‌လောက်တောင် သတ်ခဲ့ပြီးပြီလဲ...ဒီလောက် သိပ်သည်းတဲ့ သတ်ဖြတ်လိုစိတ်တွေ ဘယ်လိုလုပ်ရှိနေတာလဲ...။


သေချာပေါက် စုယွီက စုရွေ့တစ်ယောက် အလောင်းတောင်ပုံကြီးနှင့် သွေးပင်လယ်ဘယ်လောက်များများ ဖြတ်သန်းလာခဲ့သလဲဆိုတာကို သိမည်မဟုတ်ပေ။ သို့သော် ယခုအချိန်တွင် သူက အင်အားမဲ့နေသလို ခံစားနေရသည်။ 


ယှဥ်ပြိုင်၍မရနိုင်တဲ့ ပြိုင်ဘက်နှင့်ရင်ဆိုင်ရသည့်အခါ ကြုံတွေ့ရတတ်တဲ့ အင်အားမဲ့ခြင်းမျိုး....။


“အခု မြန်မြန်‌လေး အဆုံးသတ်လိုက်ရအောင်”


စုရွေ့က စုယွီအရှေ့တွင်ရပ်၍ မထီမဲ့မြင်ပြုံးလျက်ဆိုလိုက်သည်။ 


“အိမ်မှာ ငါ့ဇနီးလေးက ငါရေချိုးဖို့စောင့်နေတယ်”


စုယွီ : ……..


စုရွေ့စကားဆုံးသွားသည်နှင့် စုယွီက ရုတ်တရက် တိုက်ခိုက်လာသည်။ ထိုထိုးချက်က သူ့အင်အားအကုန်ထုတ်သုံးထားပြီး စုရွေ့၏ရင်ဘက် သေစေနိုင်သည့်နေရာကို တည့်တည့်တိုးဝင်သွားသည်။ 


အကွာအဝေးကတိုတောင်းသဖြင့် လူအများက မရှောင်နိုင်ကြပေ။ 


စုရွေ့က ထိုထိုးချက်ကို မရှောင်လိုက်သော်လည်း.....။


“ဂျွတ်”


စုယွီအောင်မြင်ခါနီးတွင် သူ့လက်မောင်းက ရုတ်တရက် စုရွေ့၏ချုပ်နှောင်ခြင်းခံရလိုက်သည်။ နောက်စက္ကန့်တွင် စုယွီက သူ့လက်မောင်းမှ မခံမရပ်နိုင်‌သည့် နာကျင်မှုကိုခံစားလိုက်ရ၏။ သူ့လက်မောင်းက စုရွေ့ထံတွင် ထင်မှတ်မထားဘဲ လိမ်ချိုးခံလိုက်ရသည်။ 


စုယွီမျက်နှာက မည်းမှောင်သွားသည်။ အနိုင်ရရန် ဆုံးဖြတ်ချက်သေချာနေခဲ့သည့် ထိုမျက်လုံးများကလည်း ယခု သူ့အရှေ့မှလူနှင့် ရင်ဆိုင်ရသည့်အခါ အံ့ဩတုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားတော့သည်။


“ငါ့ဇနီးလေးကို ဒီလက်နဲ့နာကျင်စေခဲ့တာလား... မဟုတ်သေးဘူး ဒီတစ်ဖက်ဖြစ်နိုင်တယ်”


စုရွေ့က သူ့လက်ကောက်ဝတ်ကိုခါလိုက်ပြီး စုယွီရဲ့နောက်လက်တစ်ဖက်ကိုလည်း ပုံစံတူလိမ်ချိုးလိုက်သည်။ ယခုတွင် စုယွီ၏လက်နှစ်ဖက်လုံးက တွဲလောင်းဖြစ်နေပြီး သူ့ရဲ့တိုက်ခိုက်သည့်စွမ်းရည်ကို သိသိသာသာ ဆုံးရှုံးသွားစေတော့သည်။ 


သို့သော် စုရွေ့က သူ့ကိုလွယ်လွယ်နှင့် လွှတ်မပေးနိုင်ချေ။


“ဘန်း”


စုယွီအား မြေပေါ်သို့ ကန်ချလိုက်ပြီးနောက် စုရွေ့က သူ့ကိုငုံ့ကြည့်၍ စုယွီ၏လက်ချောင်းတစ်ချောင်းစီအား သူ၏တောက်ပြောင်နေသည့် အနက်ရောင်ဖိနပ်များဖြင့် နင်းခြေလိုက်လေသည်။ 


“မင်းရဲ့လက်တစ်ဖက်လုံးကို နုပ်နုပ်စဥ်းပြီးခွေးကိုကျွေးရင်ကောင်းမလား ဒါမှမဟုတ် လက်တစ်ဖက်လုံးကို စတူးလုပ်ပြီးခွေးကိုကျွေးရင်ကောင်းမလား ဘယ်ဟာပိုကောင်းလဲ”


စုယွီ : ……..


အဲ့လောက်ထိ မရက်စက်လို့ရမလား။


“အိုက်ယား”


မီးသတ်ကားသံနီးကပ်လာကြောင်းကို ကြားသောအခါ စုရွေ့ကရုတ်တရက် စိတ်ညစ်ညူးမှုဖြင့် သက်ပြင်းချလိုက်သည်။ 


“ကြည့်ရတာအချိန်အများကြီးဖြုန်းလိုက်မိတဲ့ပုံပဲ... ငါနောက်ကျမှပြန်‌ရောက်ရင် ငါ့ဇနီးလေက သေချာပေါက် ဒေါသထွက်နေလိမ့်မယ်...သူမဒေါသထွက်ရင် ငါဘယ်လိုချော့သင့်တယ်လို့ မင်းထင်လဲ”


ရုတ်တရက် စုရွေ့က ငုံ့ချလာပြီး မြေပေါ်သို့ သွေးအဆက်မပြတ်အန်နေသည့် စုယွီကို စိုက်ကြည့်လိုက်သည်။ 


“ငါ သူမကို အချစ်စာတစ်စောင်ရေးပေးချင်တယ်... သွေးနဲ့ရေးထားတဲ့စာ‌ပေါ့”


စုရွေ့ကပြောနေရင်းနှင့်ပင် လက်ကောက်ဝတ်ကိုခါလိုက်ရာ လက်ထဲတွင် တောက်ပနေသည့် ခွဲခန်းသုံးဓားလေး ပေါ်လာသည်။ 


၎င်းက နှစ်ပေါင်းများစွာကြာအောင် စုယွီအမြဲသယ်သွားနေကျ လက်နက်ဖြစ်သည်။


“မင်းရဲ့သွေးတွေကို ဖောက်ထုတ်ပြီး စာလုံးတစ်ထောင်ပါတဲ့ အချစ်စာတစ်စောင်ရေးမယ် ပြီးရင် ဒီဓားကို သုံးပြီး မင်းရဲ့အသားကို တစ်လွှာချင်းလှီးထုတ်မယ် အကြောမျှင်တွေကိုဖြတ်မယ် အရိုးတွေမှာ ကပ်နေတဲ့ အသားတွေကို ခြစ်ထုတ်မယ် ပြီးတော့ အဲ့ဒါတွေအကုန်လုံးကို လေလုံတဲ့ဘူးထဲမှာ ထည့်သိမ်းထားမယ် ပြီးရင်‌တော့ လေလွင့်ခွေးတွေကို ကျွေးပစ်မယ်”


စုယွီ : ……..


ဒီအရူးဘယ်ကလာလဲဆိုတာ တစ်ယောက်ယောက်ပြောပြပေးလို့ရမလား...။


“မင်း......မင်း....မင်းဘယ်သူလဲ”


ထိုအချိန်တွင် စုရွေ့က ခွဲခန်းသုံးဓားဖြင့် စုယွီ၏သွေးများကို စတင်ဖောက်ထုတ်နေပြီဖြစ်သည်။ တစ်သက်တာလုံး ခွဲစိတ်မှုများနှင့် သတ်ဖြတ်မှုများကို လုပ်ဆောင်ခဲ့သော စုယွီက နောက်ဆုံးတွင် သေခြင်းတရားကို ရင်ဆိုင်ရသည့် သူများ၏ ဝမ်းနည်းမှုများနှင့် စိတ်ပျက်အားငယ်မှုများကို ပထမဆုံးအကြိမ်အဖြစ် ခံစားနေရတော့သည်။ 


မင်းဘယ်သူလဲ။


၎င်းက ယခုအချိန်တွင် သူသိချင်နေတဲ့တစ်ခုတည်းသောအရာပင်။


“အဟက်...”


စုရွေ့ကမသိမသာလေးလှောင်ရယ်လိုက်ပြီး ဓားသွားပေါ်မှ သွေးများကို ကြောက်မက်ဖွယ်ရာ သွေးနီရောင် မျက်လုံးများဖြင့် ကြည့်လိုက်၏။ 


ငါဘယ်သူဆိုတာအရေးမကြီးဘူး အရေးကြီးတာကမင်း၊ မင်းက ငါဂရုအစိုက်ရဆုံး ဇနီးလေးကို နာကျင်စေခဲ့တယ်...


စုဝမ်၏ လက်ချောင်းလေးတစ်ချောင်းသာ ထိခိုက်သွားခဲ့လျှင်တောင်မှ စုရွေ့က တစ်ဖက်လူအား အဆုံးမသတ်နိုင်သည့် နာကျင်မှုတို့ဖြင့် သေဆုံးစေလိမ့်မည်ပင်။


___🚩