🚩Chapter -143 Arc_7.နေရာလွဲမှားနေသောသမီး [ 9 ]
_____
စုရွေ့အပြင်မှ တိုက်ခန်းသို့ပြန်လာသောအခါ ခေါင်းမှခြေဖျားအထိ အဝတ်အစားတို့ လဲဖယ်လာခဲ့သည်။ စစ်သူကြီးစုအား ဘယ်လိုလဲလိုက်လဲ သွားမမေးနှင့်။ မေးလျှင်တောင် ပြောပြမည်မဟုတ်ချေ။
အိပ်ခန်းတံခါးကိုဖွင့်လိုက်သောအခါ စုဝမ်ကကုတင်ဘေးတွင်ထိုင်နေတာကိုတွေ့လိုက်ရသည်။ သူမက အမျိုးသားဝတ်အင်္ကျီလေးကိုဝတ်ထားသည်။ စုရွေ့ပြန်လာသောအခါ စုဝမ်က ရုတ်တရက်ထလိုက်သောကြောင့် သူမ၏ သေးသွယ်ပြီး ဖြူဖွေးနေသည့် ခြေထောက်တစ်စုံက စုရွေ့အား မျက်စိကန်းသွားအောင် လုပ်ဆောင်နေလေသည်။
“ပြန်လာပြီလား”
စုဝမ်က စုရွေ့အား အပေါ်အောက်အစုန်အဆန်ကြည့်လိုက်သည်။ သူ့အသွင်အပြင်က အတော်လေး ကောင်းမွန်နေသည်။ ကြည့်ရတာ ထိခိုက်လာသည့်ပုံမပေါ်ပေ။ စုဝမ်ကနှလုံးသားထဲတွင် စိတ်သက်သာရာရသွားသဖြင့် အသက်ရှူထုတ်လိုက်သည်။
“ကိုယ့်ကိုစောင့်နေတာလား”
ယခုတွင် စုရွေ့က သတ်ဖြတ်လိုစိတ်များကို ဖုံးကွယ်ထားပြီးဖြစ်သည်။ စုဝမ်အရှေ့တွင်တော့ သူကအမြဲ သူမကို ညင်သာစွာ ပြုံးပြတတ်သည့် လူတစ်ယောက်သာသာပင်။
စုဝမ်ဆီသို့ ဖြေးညင်းစွာလျှောက်လာပြီး စုရွေ့က လက်မြှောက်၍ သူမ၏ ဆံပင်ရှည်များကို ပွတ်သပ်လိုက်သည်။
“ဘာလို့ ရေမချိုးထားနှင့်တာလဲ”
သူမ၏ဆံနွယ်များက ခြောက်သွေ့နေပြီး ယခုလေးတင်မှ လျှော်ထားသည့်ပုံပေါ်မနေချေ။
စုရွေ့၏စကားကိုကြားသောအခါ စုဝမ်ကမျက်လွှာချလိုက်ပြီး သူမအသံကတော့ အားနည်းနေသည်။
“ရှင်ပြန်မလာရင်... ကျွန်မကို ဘယ်သူက ရေကူချိုးပေးမှာလဲ ဒါပေမယ့် ရှင်.... ဒါပေမယ့်ရှင်က ဒီသခင်မလေးရဲ့ ဖက်တာကို...အု”
စုရွေ့က စုဝမ်၏စကားလုံးများကို အနမ်းဖြင့်ပိတ်ပင်လိုက်သည်။ သူက သူမကို ပြင်းပြင်းထန်ထန် နမ်းရှိုက်နေပြီး တစ်ချိန်တည်းမှာပင် စုဝမ်ကို သူ့လက်ထဲသို့ မြှောက်ချီလိုက်ကာ အိပ်ခန်းထဲမှ ထွက်လာ၍ ရေချိုးခန်းဆီသို့ လျှောက်သွားလိုက်သည်။
ရေချိုးခန်းထဲတွင် ရေပူများက အဆက်မပြတ် စီးဆင်းနေသည်။ စုရွေ့ကလက်တစ်ဖက်ထဲသို့ ခေါင်းလျှော်ရည်ကိုထည့်၍ နောက်လက်တစ်ဖက်ဖြင့် စုဝမ်၏ဆံပင်ရှည်များကို ညင်သာစွာ ပွတ်သပ်ပေးနေသည်။ ဖောင်းကြွနေသည့် အမြှုပ်များက သူမ၏ရေတံခွန်ကဲ့သို့ ဖြောင့်စင်းနေသည့် ဆံပင်မှ နောက်ကျောအထိ စီးဆင်းသွား၏။ ထိုအချင်းအရာက စုဝမ်၏ ဖြူဖွေးနူးညံ့သည့် ကျောပြင်ထက်တွင် အဖြူရောင်အတန်းလေး တစ်ခုကိုချန်ထားခဲ့ရာ မြင်ကွင်းက အလွန်လှုံ့ဆော်နိုင်လွန်းသည်။
“ဇနီးလေး... မင်းကအရမ်းလှတာပဲ”
စုရွေ့က စုဝမ်၏ဆံပင်များကို မနမ်းဘဲမနေနိုင်ချေ။ ရေအခိုးများကြောင့် စုဝမ်ပါးများက နီမြန်းနေသည်။
“စုရွေ့ ရှင်.... ရှင်လိုချင်လား”
စုယွီ၏ အဆုံးသတ်ကို မမေးသော်လည်း စုရွေ့က သူ့ဘာသာသူ လှုပ်ရှားလိုက်သည်ဖြစ်ရာ စုယွီက အခု ဤကမ္ဘာပေါ်မှ ပျောက်ကွယ်သွားပြီဖြစ်ကြောင်း စုဝမ်ခံစားမိသည်။
စုရွေ့ ဖုံးကွယ်ရန် အကောင်းဆုံးကြိုးစားလျှင်တောင်မှ ယခုလေးတင် လူတစ်ယောက်ကို သတ်ခဲ့သောကြောင့် သူ့ကိုယ်တွင် သွေးဖုံးလွှမ်းနေသည့် လေအလွှာလေးတစ်ခုက မလွှဲမရှောင်နိုင်ဘဲ စွန်းထင်းနေလေသည်။
“ပြန်မပေးဆပ်နိုင်လျှင် နှလုံးသားကိုပေးအပ်လိုက်ပါ”
ဆိုသည့်စာတိုလေးကို စုဝမ်သတိရမိသည်။ စုရွေ့ကိုချစ်ရန် သူမ၏ခွန်အား အကုန်လုံးကို အသုံးပြုနေသော်လည်း အချိန်အများစု၌ သူမ ပေးအပ်နေသည်မှာ မလုံလောက်ဟု ခံစားရသည်။ အကြောင်းမှာ စုရွေ့က သူ့အတွက်တစ်စုံတစ်ရာ ပြုလုပ်ပေးရန် ဘယ်သောအခါ မလိုအပ်သောကြောင့်ဖြစ်၏။
သူ မည်သည့်အရာမှမလိုအပ်ပေ။ သူလိုအပ်သည်က စုဝမ်သူ့ကို ချစ်ပေးရန်သာဖြစ်သည်။
ထိုကဲ့သို့သော ချစ်သူကို ပိုင်ဆိုင်ထားရသောအခါ စုဝမ် ပြန်မပေးဆပ်နိုင်သည့် အမှတ်တစ်ခုသို့ သူရောက်ရှိသွားကြောင်း သူမခံစားမိသည်။
“ဇနီးလေး”
စုရွေ့ကရေပန်းအောက်တွင် စုဝမ်၏ဆံပင်များကို လျှော်ပေးနေရင်း သူမကိုယ်လေးကို တင်းကြပ်စွာ ပွေ့ဖက်လာသည်။ ယောက်ျားများက အထူးသဖြင့် သူတို့အနှစ်သက်ရဆုံး မိန်းမများ အရှေ့တွင် သူတို့၏အောက်ပိုင်းများကို မထိန်းနိုင်သော သားရဲများဖြစ်ကြသည်။ သို့သော်.......
“ရေချိုးပြီးရင် အိပ်ကြရအောင်”
စုရွေ့က စုဝမ်၏နားနားသို့ကပ်၍ တီးတိုးလေးရေရွတ်လိုက်သည်။ ယောက်ျားတော်တော်များများက ငယ်ရွယ်နုပျိုပြီး မရင့်မှည့်သေးသော ခန္ဓာကိုယ်များကို ကြိုက်နှစ်သက်ကြသော်လည်း စုရွေ့က သူ့အခြေအနေကို သူသိသည်။ တစ်ဖက်လူက စုဝမ်ဖြစ်နေသရွေ့ သူ့ကိုယ်သူ မထိန်းနိုင်ပေ။ သူမကို နာကျင်သွားစေလိမ့်မည်။
ထို့အပြင် ဤကမ္ဘာမှ သူမခန္ဓာကိုယ်လေးက သူ၏ပြင်းထန်သည့် လုပ်ဆောင်ချက်များကို မခံနိုင်မှန်းသိသာလှသည်။
ထို့ကြောင့် ဤကမ္ဘာတွင် စစ်သူကြီးစုက အသားမစားရန် ဆုံးဖြတ်လိုက်သည်။
ဘဝတွင် ကောင်းမွန်သည့်အရာများက စောင့်ရကျိုးနပ်၏။ သူစောင့်ပြီး နောက်ကမ္ဘာကျမှ ပြန်ယူမည်ဟု စစ်သူကြီးစု တွေးတောလိုက်သည်။
ရေချိုးခန်းထဲမှ ထွက်လာကြပြီးနောက် စုရွေ့က စုဝမ်ခေါင်းကို ကူ၍ အခြောက်ခံပေးသည်။ ထို့နောက် နှစ်ယောက်သား အိပ်ရာထက်တွင် တစ်ယောက်နှင့်တစ်ယောက် တင်းကြပ်စွာ ဖက်အိပ်လိုက်ကြသည်။ ဤကမ္ဘာ၏ ပထမဆုံးညတွင် သူတို့နှစ်ယောက်လုံးက နှစ်ခြိုက်စွာ အိပ်ပျော်သွားကြတော့သည်။
နောက်တစ်ရက်က အားလပ်ရက်ဖြစ်၏။ မူလတွင် စုဝမ်က စုရွေ့နှင့်သာ အိပ်ရာထဲ၌ ပျင်းရိနေချင်ခဲ့သည်။ သို့သော်လည်း မနက်စောစောတွင် ရှောင်းယွင်ရိက အိပ်ခန်းတံခါးကို ဖျော့ဖျော့လေးခေါက်လာသည်။
“အစ်ကိုကြီး...မ....မရီး မင်းတို့နိုးကြပြီလား”
‘မရီး’ဆိုသော မရင်းနှီးသည့်အသုံးအနှုန်းက ရှောင်းယွင်ယိအတွက် အသားမကျသေးသော်လည်း စုဝမ်ကိုတော့ မငြင်းပယ်ပေ။ သူ့ကို အစားအသောက် လိုက်ဝယ်ကျွေးသည့်သူများက လူဆိုးများမဖြစ်နိုင်ပေ။
“ရှောင်းယွင်ယိ မင်းသေချင်လို့လား” စုရွေ့၏ သတ်ဖြတ်ချင်နေသည့် ဟိန်းဟောက်သံကြီးက အိပ်ခန်းထဲမှ ထွက်ပေါ်လာသည်။
ရှောင်းယွင်ယိက မသိစိတ်ကြောင့် ပခုံးလေးကျုံ့သွားပြီး သူ့မျက်လုံးဝိုင်းကြီးများကို တဖျတ်ဖျတ်ခတ်လိုက်ရင်း သူ့ဘေးနားမှလူကို သနားကမားကြည့်လိုက်သည်။
“ကျန်းယို....မင်းကြားတဲ့အတိုင်း....”
“အစ်ကိုကြီးရှောင်း ရှောင်ဝမ် ငါပါ”
ကျန်းယိုက လည်ချောင်းရှင်းလိုက်ပြီး တံခါးအပြင်မှ အော်ပြော၏။
မနေ့ညက စုဝမ်လုံးဝအိမ်ပြန်မလာခဲ့ပေ။ ၎င်းက စုဟိုင်ချန်းကို အတော်လေး မကျေမနပ်ဖြစ်စေခဲ့သည်။ စုဟိုင်ချန်းက စုဝမ်နှင့်အတူနေနေသည့် ရှောင်းညီအစ်ကိုအပေါ်သို့ ဒေါသများပုံချလိုက်မည်ကို စိုးရိမ်သောကြောင့် ကျန်းယိုက စုဝမ်နှင့် ရှောင်းချီတို့ တွဲနေသည့်အကြောင်းကို ဝန်ခံလိုက်လေသည်။
ထိုအကြောင်းကိုသိသောအခါ စုဟိုင်ချန်းက အလွန်အမင်းဒေါသထွက်သွားခဲ့သည်။ စုဝမ်က အခုလေးတင်သိသည့် ယောက်ျားတစ်ယောက်နှင့် အိမ်တစ်လုံးကိုအတူငှားဖို့တောင် ထွက်သွားခဲ့သည်။ ထိုကလေးမလေးက သူမကိုယ်သူမ ဂရုစိုက်မှုနည်းလွန်းသည်ဟု စုဟိုင်ချန်းတွေးလိုက်သည်။ ၎င်းက ပျက်စီးခြင်း၏ အစပင်။ သူမက သူမကိုယ်သူမ ဖျက်ဆီးနေခြင်းသာဖြစ်သည်။
စုဟိုင်ချန်း၏ဒေါသက ချက်ချင်း သူ့အဆက်အသွယ်များမှတဆင့် စုဝမ်၏လိပ်စာကို ရှာဖွေစေခဲ့သည်။ မနေ့ညက တစ်စုံတစ်ယောက်ကို လာခေါ်ရန်ပြင်ခဲ့သော်လည်း စုယွီ၏ တိုက်ခန်းက ရုတ်တရက် ပေါက်ကွဲခဲ့သည်။ စုယွီ၏ မိဘများက စောစောစီးစီး ကွယ်လွန်သွားကြသောကြောင့် Dမြို့ရှိ သူ၏တစ်ဦးတည်းသော ဆွေမျိုးက စုဟိုင်ချန်းသာဖြစ်သည်။ ထိုကိစ္စကြီးဖြစ်လာသောကြောင့် စုဟိုင်ချန်းက စုဝမ်၏ကိစ္စကို ယာယီရွှေ့ဆိုင်းထားလိုက်သည်။
စုဟိုင်ချန်းက စုယွီကိစ္စကို ကိုင်တွယ်နေသည့်အတွက် တစ်ညလုံး အိမ်ပြန်မလာခဲ့ပေ။ ထို့ကြောင့် ဒီနေ့က အားလပ်ရက်ဖြစ်နေသည်ကို အခွင့်ကောင်းယူ၍ ကျန်းယိုက ဝမ်ရှူးကျယ်ဆီမှ ပိုက်ဆံယူ၍ ဤနေရာသို့ တန်းလာခဲ့သည်။
အိပ်ခန်းထဲကလူနှစ်ယောက်က ကျန်းယို၏အသံကိုကြားသောအခါ အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားကြသည်။ ကျန်းယိုက တံခါးအပြင်ဘက်တွင် တော်တော်ကြာအောင်လျှောက်နေရင်း နောက်တစ်ခါ ထပ်ပြောရန်ပြင်လိုက်ချိန်တွင် အိပ်ခန်းတံခါးက ရုတ်တရက် ပွင့်လာလေသည်။
“တစ်ခုခုရှိလို့လား”
စုရွေ့က ညအိပ်ဝတ်စုံကိုဝတ်ရင်း အခန်းအပြင်ဘက်မှ ကျန်းယိုအား သနားနေသည့်ပုံစံဖြင့် ကြည့်နေသည်။
ကျန်းယိုက စုရွေ့၏ ညအိပ်ဝတ်စုံကို တစ်ချက်ကြည့်လိုက်ပြီး အခန်းထဲရှိ ရှုပ်ပွနေသည့် အိပ်ရာကြီးကိုလည်း ကြည့်လိုက်သည်။
“ အစ်ကိုကြီးရှောင်း....ရှောင်ဝမ်နဲ့....အတူ.....အတူအိပ်ခဲ့တာလား”
“သူကငါနဲ့မအိပ်လို့ နင်နဲ့အိပ်ရမှာလား”
ယခုလေးတင် အဝတ်အစားလဲပြီးထွက်လာသော စုဝမ်က စုရွေ့နောက်မှထွက်လာပြီး စုရွေ့လက်ကို ချိတ်လိုက်ရင်း မျက်နှာပေါ်တွင် လှောင်ပြောင်နေမှုများနှင့်အတူ ကျန်းယိုကိုကြည့်လိုက်သည်။
ကျန်းယိုမျက်နှာက ချက်ချင်း ရှက်ရွံ့သွား၏။
“ရှောင်ဝမ်....ငါ....ဘာပဲဖြစ်ဖြစ် ငါကနင့်ရဲ့ အစ်မဖြစ်နေတုန်းပဲလေ ဘာလို့အဲ့လိုပြောရတာလဲ”
သိသိသာသာကိုပင် ဖြူစင်မြင့်မြတ်သည့် အမျိုးသမီးဇာတ်လိုက်လေးက စုဝမ်ရဲ့ စူးရှလွန်းသည့် ရွဲ့စောင်းမှုကို လက်ခံနိုင်စွမ်းမရှိချေ။
စုဝမ်က ရယ်ရုံသာရယ်နိုင်တော့သည်။
နင်က ယောက်ျားအများကြီးနဲ့လည်း ဟိုလိုလိုဒီလိုလိုနေနိုင်တယ်။ အခုလဲနောက်ဆုံးတော့ မေရီဆူးအမျိုးသမီး ဇာတ်လိုက်ပုံစံ ငါ့ရှေ့မှာ လာသရုပ်ဆောင်နေပြန်တယ်...နင်ကတကယ်ကို ကောင်းကင်ကို ထိုးဖောက်နိုင်တာပဲ။
“အစ်မလား ငါ့မှာအစ်မမရှိဘူး”
စုဝမ်က ကျန်းယိုကိုအေးစက်စွာပြောလိုက်သည်။
“နင်ဒီနေရာကို ဘယ်လိုရှာတွေ့တာလဲ ရှောင်းချီနဲ့ငါ့အကြောင်းကို အဖေ့ကိုပြောလိုက်တာလား”
ကျန်းယို၏ဦးနှောက်နှင့်ဆိုလျှင် စုဝမ်၏လက်ရှိနေရာကို လုံးဝရှာမတွေ့နိုင်ချေ။ မိသားစုထဲတွင် ထိုကဲ့သို့လုပ်နိုင်သည့်သူတစ်ဦးတည်းမှာ စုဟိုင်ချန်းသာဖြစ်သည်။
စုဝမ်က စုဟိုင်ချန်းအကြောင်း ထုတ်ပြောလာသည်အခါတွင်မှ ကျန်းယိုက သူမလာရသည့် အကြောင်းအရင်းကို ရုတ်တရက်သတိရသွား၏။
“ရှောင်ဝမ် အစ်ကိုကြီးရှောင်း အဖေက နင်တို့နှစ်ယောက်အကြောင်းကိုသိသွားပြီ သူအခုလောလောဆယ် ကိစ္စတစ်ခုကို ဖြေရှင်းနေတယ် ပြန်ရောက်တာနဲ့ နင်တို့နှစ်ယောက်ကို သေချာပေါက် ပြဿနာရှာလိမ့်မယ်”
ကျန်းယိုက အလျင်စလိုနှင့် အိတ်ထဲမှ ဘဏ်ကတ်ကိုထုတ်လိုက်သည်။
“အစ်ကိုကြီးရှောင်း ဒီထဲမှာ ယွမ်တစ်သိန်းရှိတယ် ဒါနဲ့မလောက်သေးဘူးဆိုရင် ညီမနောက်ကျ ထပ်ပို့လိုက်မယ် အိမ်မှာတစ်ခုခုဖြစ်နေရင် အရင်ပြန်နှင့်လိုက်ပါ ဒီမှာမနေပါနဲ့ အန္တရာယ်များတယ်”
“အိုး”
ကျန်းယို၏ စကားများကိုကြားသောအခါ စုရွေ့ကမျက်ခုံးပင့်လိုက်ပြီး ဘဏ်ကတ်ကို လက်နှစ်ချောင်းဖြင့် ညှပ်ယူလိုက်သည်။
“ဦးလေးစုက ငါနဲ့ရှောင်ဝမ်အကြောင်းကိုသိတယ်ပေါ့ ကျန်းယို.... သူ့ကိုပြောပြလိုက်တာ မင်းလေ ဘာလို့ဒီကိုလာပြီး လူကောင်းဟန်ဆောင်နေတာလဲ”
“မဟုတ်ဘူး မဟုတ်ဘူး...ညီမ မဟုတ်ဘူး....ညီမအဖေက အစ်ကိုကြီးကို ထိခိုက်စေမှာကြောက်လို့ပါ ညီမမရည်ရွယ်ပါဘူး”
စုရွေ့၏ အေးစက်နေသည့်စကားများကိုကြားသောအခါ ကျန်းယိုက နောက်တစ်ကြိမ်၏ အစ်ကိုကြီးရှောင်း၏ အထင်လွဲခြင်းခံလိုက်ရသည်ဟု ခံစားလိုက်ရပြန်သည်။ သူမက အသည်းအသန်ရှင်းပြချင်သော်လည်း သူမစိုးရိမ်တကြီးဖြစ်လာလေ သူမစကားအမှားများပြောမိလေဖြစ်နေသည်။
“ကျန်းယို နင်ကဘယ်တော့မှ ရည်ရွယ်ချက်ရှိရှိမလုပ်ဘူး နင်ကအမြဲအပြစ်ကင်းတယ် မှားနေတာကနင်မဟုတ်ဘဲ တစ်ကမ္ဘာလုံးကသာ မှားနေတာ ဟုတ်တယ်မလား”
စုဝမ်က အမျိုးသမီးဇာတ်လိုက်နှင့် ဤရူးမိုက်သည့်စကားဝိုင်းအား ရှေ့ဆက်ရန် သူမအချိန်များကို ဆက်မဖြုန်းချင်တော့ပေ။ သူမကအရှေ့တိုးလာပြီး တံခါးဝတွင်ရှိနေသည့် ကျန်းယိုကို တွန်းလိုက်ကာ ဧည့်ခန်းသို့ခြေလှမ်းကျဲများဖြင့် လျှောက်သွားလိုက်သည်။
“ကျွန်မဗိုက်ဆာနေပြီ ရှောင်းချီ မနက်စာချက်ပေး”
“နားလည်ပါပြီ”
စုရွေ့၏ သူ့ဇနီးလေး၏အမိန့်ကိုကြားသည်နှင့် ချက်ချင်းအေးစက်နေသည့်မျက်နှာထားကို ဖယ်ပစ်လိုက်ကာ မီးဖိုခန်းထဲသို့ အပြုံးလေးနှင့် ဝင်သွားလေ၏။
ရှောင်းယွင်ယိနှင့် ကွယ်လွန်သွားသည့် အဖေရှောင်းကို သူကျေးဇူးတင်ရမည်။
သူနှင့်သူ့ဇနီးသာ ကွယ်လွန်မသွားပါက ရှောင်းညီအစ်ကိုနှစ်ယောက်လည်း မိဘမဲ့များ ဖြစ်လာလိမ့်မည်မဟုတ်ပေ။
မိဘမဲ့တစ်ယောက်အနေနှင့် ရှောင်းချီက နောက်အိမ်ထောင်တစ်ခုမှ ကလေးတစ်ယောက်ဖြစ်သည့် ရှောင်းယွင်ယိကို သူနှင့်အတူ ခေါ်ထားခဲ့သည်။ သို့သော် နောက်အိမ်ထောင်တစ်ခုမှ ထိုကလေးလေးက အစားကြီးသူလေးဖြစ်သည်။
ထို့ကြောင့် အဖေရှောင်းနှင့် ရှောင်းယွင်ယိတို့၏ ကျေးဇူးကြောင့် ရှောင်းချီကငယ်စဥ်ကပင် ကိုယ့်ကိုကိုယ်အားကိုးတတ်၍ အလွန်ကောင်းမွန်သည့် ဟင်းချက်စွမ်းရည်များကို တတ်မြောက်နေခဲ့သည်။
စစ်သူကြီးစု နောက်ဆုံးတော့ မီးခိုခန်းထဲသို့ ဝင်ရဲခဲ့ပြီ ဟက်...ဟက် သူ့ဇနီးကို တခြားလူတွေရဲ့ ဟင်းလျာတွေနဲ့ သိမ်းပိုက်သွားမှာ မစိုးရိမ်ရတော့ဘူး.....
__🚩