Chapter 47+48
Viewers 11k

💘Chapter 47 

ဝေ့အိမ်ကနေထွက်ခွာခြင်း



ဝေ့ချန်က မနာပါဘူးဟုပြောပြီးပြီဖြစ်သော်လည်း ချန်လီ၏လက်က ဝေ့ချန်၏ပါးပေါ်ကမခွာသေးပါချေ။သူ၏လက်ချောင်းထိပ်များက ​ဝေ့ချန်၏ပါးပြင်ပေါ်မှာ ညင်သာစွာရွေ့လျားနေ၏။၎င်းနောက် သူကခြေဖျားထောက်ရပ်လိုက်ပြီး နှုတ်ခမ်းလေးစုဝိုင်းကာ ဝေ့ချန်အရိုက်ခံထားရသည့်နေရာပေါ်ကို ညင်ညင်သာသာ မှုတ်ပေးလာသည်။


သူ့မျက်နှာပေါ်က အာငွေ့နွေးနွေးကြောင့် ဝေ့ချန် သူ့တစ်ကိုယ်လုံးရှိအမွှေးများထောင်လာသလို ခံစားလိုက်ရသည်။သူ့အကြည့်တို့ကို အောက်ပို့လိုက်ချိန်မှာ ချန်လီ၏မျက်တောင်ရှည်ရှည်လေးများနှင့်နှာတံလှလှလေးကိုသူမြင်လိုက်ရ၏။​အပူလှိုင်းတစ်ခုက တစ်ကိုယ်လုံးပျံ့နှံ့လာပြီး ရေငတ်လာသလိုခံစားလိုက်ရကာ သူ့ကိုယ်ထဲမှာ လျှပ်စီးကြောင်းတစ်ခုစီးဆင်း​နေသည့်အတိုင်း တစ်ကိုယ်လုံး ထုံထိုင်းသွားခဲ့လေသည်။


'ဒါက တကယ်ကို ချိုမြိန်သောနှိပ်စက်ခြင်းပဲ'

ဝေ့ချန်တွေးလိုက်၏။


"တကယ်အဆင်ပြေပါတယ် လီလီရဲ့"


ဝေ့ချန်က မသိမသာဖြင့် နောက်ကို ခြေတစ်လှမ်းဆုတ်လိုက်သည်။သူ့နှလုံးသားထဲမှာ ၎င်းကို သူတကယ်ဆက်ပြီးခံစားချင်နေပေမဲ့ သူ၏ဆင်ခြင်တုံတရားက သူ့ကိုနောက်ပြန်ဆုတ်စေခဲ့သည်။အကြောင်းမှာ ဆင်ခြင်တုံတရားက သတိပေးချက်တစ်ခုထုတ်နေပြီဖြစ်ရာ နောက်ပြန်မဆုတ်လျှင် ဆင်ခြင်တုံတရားကလည်း သူ၏တစ်ကိုယ်ကောင်းဆန်သောလိုအင်ဆန္ဒများ၏စေရာအတိုင်းလိုက်ကာ ထွက်ပြေးသွားလိမ့်မည်ဖြစ်သောကြောင့်ပင်။


ချန်လီက ခေါင်းလေးစောင်းလိုက်ပြီး ဝေ့ချန်ဘာကြောင့်ရှောင်ချင်ရသည်ကို နားမလည်ဖြစ်နေ၏။သို့ပေမဲ့လည်း သူက ဆက်ပြီးအနားကပ်မသွားတော့ဘဲ ဝေ့ချန်ကိုပဲ တောက်လျှောက် စိုက်ကြည့်နေသည်။သူ့မျက်ဝန်းများထဲမှာ ဘာခံစားချက်မှမရှိသော်ငြား ဝေ့ချန်သူ၏ဝမ်းနည်းသွားမှုကိုခံစားရနိုင်လေသည်။


ဤအခိုက်အတန့်တွင် ဝေ့ချန်၏နှလုံးသားက ဝါဂွမ်းစိုင်တစ်ခုအလားထိပျော့ပြောင်းနူးညံ့သွားသည်ဟုဆိုနိုင်၏။၎င်းက ဖောင်းကြွကာနွေးထွေး၍နေကာ သူ့မျက်လုံးများကို မသိလိုက်ပါပဲပြုံးမိစေခဲ့လေသည်။သူက လက်ဆန့်ကာ ချန်လီ၏ ခေါင်းလေးကို ပွတ်ပြီး နူးညံ့စွာပြောလိုက်သည်။


"လီလီ ကိုယ်မင်းကို မြို့တော်ကိုခေါ်သွားမှာ...တစ်ခုခုယူစရာရှိလား"


ချန်လီက ပြန်မဖြေဆဲဖြစ်သော်လည်း ကုတင်ဘေးက စားပွဲဘက်သို့လှည့်ကာ သစ်သားဘူးလေးကိုဆွဲထုတ်လိုက်ပြီး ကလေးတစ်ယောက်လိုမျိုး သူ့ရင်ခွင်ထဲမှာပိုက်ထားလေသည်။အဓိပ္ပါယ်ကလည်း သိသာ၏။သူထွက်သွားသည့်အခါ ပန်းချီနှင့်ဆက်စပ်သည့်ပစ္စည်းများကို ဘာတစ်ခုမှမယူလျှင်ပင် ဤသစ်သားလူးလေးကိုယူသွားမည်ဟူ၍ဖြစ်သည်။


ချန်အိမ်ကနေ ဝေ့ချန်နှင့်အတူတူရွှေ့လာချိန်ကလည်း ချန်လီကဤသစ်သားဘူးလေးကိုပဲယူခဲ့သည်။ယခု သူချန်လီကိုမြို့တော်သို့ခေါ်သွားချင်ပြန်သည့်အခါလည်း ချန်လီ လက်မလွှတ်နိုင်သည်က ဤသစ်သားဘူးလေးပဲဖြစ်နေသည်။ချန်လီကို ဤမျှမခွဲနိုင်ဖြစ်စေရအောင် ဤသစ်သားဘူးလေးထဲမှာဘာပါလဲဆိုသည်ကို ဝေ့ချန် ခဏလောက် အင်မတိအင်မတန်သိချင်သွားသည်။ဒါမှမဟုတ် ဖြစ်နိုင်တာက ဒီသစ်သားဘူးလေးထဲကပစ္စည်းက ဘယ်လိုပုံ​ပြင်ဇာတ်လမ်းမျိုးကို ကိုယ်စားပြုနေတာလဲ...


"ဒီသစ်သားဘူးလေးပဲလား"

ဝေ့ချန် စိတ်ထဲမှာသိချင်နေပေမဲ့ ချန်လီ၏ခွင့်ပြုချက်မရဘဲ သစ်သားဘူးလေးကို လုံးဝဖွင့်ကြည့်မှာမဟုတ်ပေ။


ချန်လီက ဝေ့ချန်ကိုကြည့်ပြီး ဝေ့ချန်ကသူ့ကိုယူသွားခွင့်မပြုမှာစိုးသည့်အတိုင်း သစ်သားဘူးလေးကို တင်းတင်းကြပ်ကြပ်ဖက်ထားလေသည်။


"ကောင်းပါပြီကွာ...ဒါ​လေးကို မြို့တော်ကိုအတူတူယူသွားကြတာပေါ့"

.

ထိုမှသာ ချန်လီကစိတ်အေးသွား​လေသည်။


ဝေ့ချန်က နဂါးလှေပွဲတော်မတိုင်ခင်ကမြို့တော်မှာနေခြင်းဖြစ်သည်။သူ့ပစ္စည်းအများစုကမြို့တော်မှာဖြစ်၍ ပစ္စည်းများထုပ်ပိုးခြင်းဟုဆိုရန်ထက် အရေးကြီးသောပစ္စည်းတချို့ကိုယူရုံဟုပြောလျှင်ပိုမှန်လိမ့်မည်။ချန်လီကမူ ပြောမ​နေပါ​တော့နှင့်၊သူက သူ့အရင်အဝတ်အစားများကို မဝတ်တော့ပေ။ပြီးခဲ့သောရက်အနည်းငယ်အတွင်း ဝေ့အိမ်တွင်နေစဥ်အခိုက်မှာလည်း ဝေ့ချန်ဝယ်ပေးသည့် အဝတ်အစားအနည်းငယ်သာရှိလေသည်။ထို့ကြောင့်ထုပ်ပိုးခြင်းကမြန်၏။


ချန်လီ၏ပန်းချီပစ္စည်းများအတွက်မူ ဝေ့ချန်ယူသွားမှာမဟုတ်ပေ။ဤပစ္စည်းများက မြို့တော်မှာလည်းဝယ်၍ရသည်။ချန်လီအတွက် မြို့တော်က နောက်ဆုံးပေါ်ပစ္စည်းအစုံလိုက်တစ်စုံဝယ်ထားရန် ဝေ့ချန် တစ်ယောက်ယောက်ကို ခိုင်းပြီးပြီဖြစ်သည်။


ထို့ကြောင့် နာရီဝက်အကြာမှာ ဝေ့ချန်ချန်လီကိုလက်တစ်ဖက်ကဆွဲကာ ခရီးဆောင်အိတ်ကို တခြားလက်တစ်ဖက်မှာဆွဲပြီးအခန်းထဲကထွက်လာခဲ့သည်။


သူတို့အောက်ထပ်ကိုဆင်းပြီး ဧည့်ခန်းထဲကဖြတ်သွားသောအခါ ဖန်းယွင်နှင့်ဝေ့ကျန်းရှုန်းတို့နှစ်ယောက်လုံး ထို​နေရာမှာရှိနေကြ၏။ဝေ့ချန်က သူ့ခရီးဆောင်အိတ်ကိုဆွဲလာ​သော်ငြား နှစ်ယောက်စလုံးက စကားတစ်ခွန်းမှမပြောဘဲ မမြင်ချင်ယောင်ဆောင်နေကြသည်။


ဝေ့ချန်ကလည်း သူတို့နှစ်ယောက်နားကနေ စကားတစ်ခွန်းမှမ​ပြောဘဲဖြတ်သွားခဲ့သည်။ဧည့်ခန်းက အလွန်ကိုတိတ်ဆိတ်နေပြီး ခရီးဆောင်အိတ်၏ဘီးများ ကြမ်းပြင်ပေါ်လှိမ့်၍ဖြတ်သွားသည့်အသံပဲထွက်၍နေခဲ့သည်။


တံခါးကနေထွက်လာပြီးနောက် ဝေ့မိသားစု၏ဒရိုင်ဘာက သူတို့ရှေ့ကိုကားမောင်းလာသည်။သခင်ကြီးက သူ့ကို ဝေ့ချန်ကိုလေဆိပ်လိုက်ပို့ရန် အမိန့်ပေးလိုက်၍ဖြစ်သည်။


ဝေ့ချန်ကခရီးဆောင်အိတ်ကို ကားပေါ်တင်ကာ ချန်လီနှင့်အတူကားထဲဝင်ထိုင်လိုက်သည်။ကားက စက်နှိိုးကာ မောင်းထွက်သွားပြီး ဝေ့မိသားစုအိမ်တော်မှတဖြည်းတဖြည်းဝေးလာပေမဲ့ ဝေ့ချန်ကနောက်ပြန်လှည့်မကြည့်ခဲ့ပေ။



<< >>



💘Chapter 48

 á€œá€€á€şá€á€ťá€ąá€Źá€„်းမဝဏးသွယ်ယသက်ခဟင်း



ရှန်ဟိုင်းကနေ ပေကျင်းကိုလေယာဥ်ဖြင့်ဆိုလျှင် နှစ်နာရီခန့်ကြာ၏။ဤနှစ်နာရီအတွင်းမှာ ချန်လီ၏မျက်လုံးများက ပြတင်းပေါက်အပြင်ဘက်ကိုပဲ တောက်လျှောက်ကြည့်နေခဲ့သည်။


ယနေ့တွင် ကောင်းကင်းက ကြည်လင်ပြီး တိမ်ကင်းစင်နေ၏။လေယာဥ်ကကောင်းကင်ပေါ်တက်သွားပြီးနောက် ကောင်းကင်ပြာကြီးက ပို၍ပင်အဆုံးအစမဲ့လာပြီး လှပသောကျောက်စိမ်းတစ်ခုနယ်ပါပင်။


ချန်လီအတွက် ယခုကပထမဆုံးအကြိမ် ရှန်ဟိုင်းကနေခွာခြင်းဖြစ်သလို ပထမဆုံးအကြိမ်လေယာဥ်စီးဖူးခြင်းလည်းဖြစ်လေသည်။လေယာဥ်စတက်သည့်အခိုက်မှာ ချန်လီ၏နှလုံးသားထဲမှာ အနည်းငယ်ကြောက်နေသေးပေမဲ့ လေယာဥ်ငြိမ်သွားချိန်မှာ ချန်လီ၏ ဝေ့ချန်၏လက်ကိုဆုပ်ကိုင်ထားမှုက တဖြည်းဖြည်းချင်း ပြေလျော့သွားခဲ့၏။ သူ့အကြည့်များက ကောင်းကင်ပြာကြီးပေါ်ရောက်သွားကာ လုံးဝပြန်ခွာမလာတော့ပါချေ။


ဝေ့ချန်က တလျှောက်လုံး ချန်လီ၏တုံ့ပြန်မှုကိုအာရုံစိုက်နေခြင်းဖြစ်သည်။ချန်လီ၏မျက်ဝန်းများထဲရှိစိုးရိမ်ပူပန်မှုများ တဖြည်းဖြည်းပြေလျော့သွားသည်ကိုမြင်လျှင် ဝေ့ချန်၏နှလုံးသားလည်းပြေလျော့သွားခဲ့ပြီး ချန်လီ ကောင်းကင်ပြာကြီးကြည့်နေသည်အား တလျှောက်လုံးသွားမနှောက်ယှက်ခဲ့ပါချေ။


ဖြစ်နိုင်သည်က၊အနှီကြည်လင်သောကောင်းကင်ပြာကြီးက ချန်လီ၏နှလုံးသားထဲရှိ မှုန်မှိုင်းမှုတချို့ကို ဆေးကြောပစ်နိုင်၍ဖြစ်မည်။


လေယာဥ်မယ်တစ်ဦးက သူတို့နှစ်ယောက်နားကဖြတ်သွား၏။သူမက ဝေ့ချန်ကို သူဘာအလိုရှိသလဲမေးတော့မည့်အချိန်မှာပဲ ဘေးကိုလှမ်းကြည့်မိလိုက်ပြီး သူမ ပါးစပ်နားရောက်​လာသည့်စကားများကို ပြန်မျိုချလိုက်၏။


နွေးထွေးသောနေရောင်ခြည်တစ်တန်းက ပြတင်းပေါက်အပြင်ဘက်မှာတောက်ပနေပြီး ပြတင်းပေါက်ဘေးမှာထိုင်နေသည့်လူငယ်လေး၏မျက်ခုံးများပေါ်မှာ ​ဖြာကျနေသည်။လူငယ်လေးက အနည်းငယ်ပိန်ပါးပြီး သူ့အမူအရာကအနည်းငယ်တောင့်တင်းနေသော်လည်း သူ့၏မျက်လုံးဝိုင်းကြီးများက ပြတင်းပေါက်အပြင်ဘက်က ကောင်းကင်ပြာ​ကြီးတစ်ခုလုံးဝင်ဆန့်ပုံရကာ ကြည်လင်ပြီးတောက်ပနေခဲ့လေသည်။


လူငယ်လေး၏ဘေးမှာထိုင်နေသောလူက အေးစက်စက်မျက်နှာနှင့်ဖြစ်ပေမဲ့ သူ့အကြည့်ကလူငယ်လေးပေါ်ကိုကျရောက်နေ၏။သူ့မျက်နှာကအေးစက်မာကျောနေပေငြါး သူ့မျက်လုံးများထဲရှိ နူးညံ့မှုက လျှံထွက်နေကာ နွေးထွေးသောသောနေရောင်ခြည်နှင့်အတူ လူငယ်လေးကိုလွှမ်းခြုံ၍ ထားလေသည်။


သူမရှေ့ရှိမြင်ကွင်းက သာမန်မြင်နေကျမြင်ကွင်းတစ်ခုမှန်းသိသာသော်လည်း အနှီကမ္ဘာငယ်လေး၏ ငြိမ်သက်​အေးချမ်းမှုကို သူမ မဖျက်ဆီးသင့်သလိုမျိုး လေယာဥ်မယ်​လေးခံစားရ၏။


လေယာဥ်မယ်လေးက သူတို့နှစ်ဦး၏တွဲထားသောလက်များကို နောက်ဆုံးအကြိမ်ကြည့်ပြီး တိတ်တိတ်လေးထွက်သွားခဲ့သည်။


နှစ်နာရီခရီးက ရှည်လည်းမရှည် တိုလည်းမတိုပါချေ။မကြာမီ လေယာဥ်က ဝေါခနဲမြေပေါ်ဆင်းတော့သည်။


မြေပြင်ထက်ကနေ အမြင့်ကြီးကိုထိုးတက်နေသော အထပ်မြင့်အဆောက်အဦးများကို မြင်သောအခါ ချန်လီက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး ဝေ့ချန်ဘက်ကိုခေါင်းလှည့်ကာ ဝေ့ချန်ကို​ငေးကြောင်ကြောင်ကြည့်လိုက်၏။


"ကိုယ်တို့ရောက်ပြီ"

ဝေ့ချန်က ချန်လီ၏ခေါင်းထိပ်လေးပွတ်လိုက်ပြီး ပြောလိုက်သည်။


"ဒါကပေကျင်းပဲ...ကိုယ်တို့အခုကနေစပြီး ဒီမှာနေ​ကြမှာ"


ရှန်ဟိုင်းကနေ ပေကျင်းလာခြင်းက နိုင်ငံတကာမြို့ကြီးတစ်​မြို့မှ နောက်တစ်မြို့ကိုလာခြင်းပင်ဖြစ်ကာ တူညီသောအထပ်မြင့်အဆောက်အဦးများနှင့် တူညီသော ထောင်နှင့်ချီသောအဆောက်အဦးများရှိကြသည်။သို့ပေမဲ့ ဤအခိုက်အတန့်မှာ ဝေ့ချန် အနှီစကားများကိုပြောလိုက်ချိန်တွင် စိတ်ရောကိုယ်ပါငြိမ်းချမ်းသွားသလို ရုတ်ချည်းခံစားလိုက်ရပြီး တစ်ကိုယ်လုံး ပြေလျော့သွားခဲ့လေသည်။


ချန်လီက ဝေ့ချန်၏စိတ်ခံစားချက်အပြောင်းအလဲများကို ခံစားမိလိုက်သဖြင့် မြို့ကြီးကိုပြန်ကြည့်လိုက်၏။သူ့မျက်လုံးထဲမှာ ယခင်နေရာနှင့်လက်ရှိနေရာက ဘာကွာခြားချက်မှမရှိဘဲ အတူတူပဲဖြစ်လေသည်။သွားလာလှုပ်ရှားနေသောလူများက သူတို့၏​အစွယ်တဖွားဖွားများကိုလှစ်ဟပြထားကြဆဲဖြစ်ကာ ပတ်ပတ်လည်ရှိ အထပ်မြင့်အဆောက်အဦးများကလည်း သူ့အားမြံမြဲစွာအကျဥ်းချထားသည့် အကျဥ်းထောင်းတစ်ခု၏သံတိုင်များနှင့်တူ၏။ဤလောကကြီးက ချန်လီအတွက် အန္တယ်ရာယ်များဖြင့်ပြည့်နေဆဲဖြစ်သည်။ဝေ့ချန်၏အနားကခွာသည်နှင့် ချန်လီ အပြင်ကို တစ်လှမ်းမှမထွက်ရဲပေ။သို့ပေမဲ့ ဝေ့ချန်၏ခံစားချက်အပြောင်းအလဲများကို ခံစားမိလိုက်သည့်အခိုက်မှာ ချန်လီ၏အနှီစိမ်းသက်သောမြို့ကြီးအပေါ်ထားသည့်ခုခံလိုစိတ်များက တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည်။


"သွားကြမယ်...အိမ်ကိုသွားကြရအောင်"


ဝေ့ချန်က သူ့ခရီးဆောင်အိတ်ကိုပြန်ထုတ်ပြီး ချန်လီ၏လက်ကိုဆွဲလိုက်၏။


ချန်လီက ဝေ့ချန်အားသူ့လက်ကိုဆွဲခွင့်ပြုထားသည်။သူ့မျက်လုံးများက သူ့ခြေချောင်းများကိုပဲကြည့်နေကာ ဝေ့ချန်အား သူ့ကိုဆွဲခေါ်ခွင့်ပြုထားလေသည်။ဆုပ်ကိုင်ခြင်းခံထားရသည့် သူ့လက်က နေရာပြောင်းကာ ဝေ့ချန်၏လက်ချောင်းများနှင့်သွယ်ယှက်သွား၏။


ဝေ့ချန်က ခဏလောက်ကြက်သေသေသွား​ပြီး ​ထို့နောက်မှာ ရှေ့ကိုဆက်လျှောက်သွားလေသည်။သို့ပေမဲ့ သူက ချန်လီ၏လက်ကိုပို၍တင်းကြပ်စွာဆုပ်ကိုင်လိုက်၏။


လေဆိပ်ထွက်ပေါက်ကိုရောက်ချိန်မှာ ဝေ့ချန်က တက္ကစီတစီးတားလိုက်သည်။ခရီးဆောင်အိတ်ကိုနောက်ခန်းထဲမှာ တင်ပြီးနောက် သူကချန်လီနှင့်အတူကားထဲဝင်လိုက်၏။ခုံပေါ်မှာကောင်းကောင်းမထိုင်ရသေးခင်မှာ သူ့အိတ်ကပ်ထဲက ဖုန်းက မြည်လာသည်။


ဝေ့ချန် သူ့ဖုန်းကိုထုတ်ပြီး ဖုန်းမျက်နှာပြင်ပေါ်ကခေါ်ဆိုသူIDကိုကြည့်လိုက်၏။အခုလေးတင်ပြုံးနေသောသူ့မျက်လုံးများ ချက်ချက်နက်မှောင်သွားခဲ့​လေသည်။


ဖုန်းပေါ်မှာ စာလုံးအကြီးနှစ်လုံးပေါ်နေခဲ့သည်က–


ဝူဇီ။



<< >>


💘