💘Chapter 49
ဝူဇီခန်း
ဝူဇီခန်းက ဝေ့ချန်အတွက် ဘောင်းဘီတစ်ထည်အတူတူစွပ်ပြီး ကြီးလာသောငယ်သူငယ်ချင်းဟုဆိုရမည်ဖြစ်သည်။သူက ဝေ့ချန်အယုံကြည်ရဆုံးသူငယ်ချင်းဖြစ်၏။သို့ပေမဲ့ ဝေ့ချန်၏ အရင်ဘဝတုန်းက ထိုသို့သော"ယုံကြည်ရသောသူငယ်ချင်း"တစ်ယောက်က ဝေ့ချန်ကို အထိမိဆုံးရိုက်ချက်အကြီးကြီးတစ်ခုကို ပေးခဲ့လေသည်။
ဝေ့ချန် ပြန်လည်မွေးဖွားလာသည်ကနှစ်လကျော်ပြီဖြစ်သည်။ပြီးခဲ့သည့်နှစ်လအတွင်းမှာ ဝေ့ချန် ဝူဇီခန်းကို တစ်ခါမှ သူ့ဘက်ကနေ သွားမဆက်သွယ်ခဲ့ပေ။သူ့ရင်ဘက်ထဲကဒေါသကိုမထိန်းချုပ်နိုင်ဖြစ်ပြီး နောက်တရစရာကိစ္စများလုပ်မိမှာသူစိုး၍ဖြစ်သည်။
ဝူဇီခန်းကိုထိခိုက်အောင်လုပ်မိမှာစိုး၍မဟုတ်ဘဲ သူ၏ ကားမတော်မတမှုကနေ သူ၏သေဆုံခြင်းအထိ သူ့နောက်ကွယ်မှာ ဤအရာများအားလုံးဖြစ်ပျက်အောင် တိတ်တိတ်လေးတွန်းပို့နေသည့်လက်တစ်စုံရှိနေသည်ဟု ဝေ့ချန်ခံစားနေရ၍ဖြစ်လေသည်။
ပြန်လည်မွေးဖွားလာပြီးနောက် ဝေ့ချန် သူ၏တစ်ဒင်္ဂဒေါသအတွက်ကြောင့်နှင့် ဝူဇီခန်းကိုလုံးလုံးလျားလျားကြီး ဘက်ပြန်(ကန်ထုတ်)မှာမဟုတ်ပေ။သူ့အရင်ဘဝတုန်းက သူ့ကိုသတ်ချင်ခဲ့သည့်နောက်ကွယ်ကလူကို ရှာရန်လည်း ဝူဇီခန်းကို သုံးချင်သေးသည်။
ပြန်လည်မွေးဖွားလာသော်လည်း ဝေ့ချန် သူ၏အရင်ဘဝကသေဆုံးမှုကို မရှင်းမလင်းမဖြစ်စေချင်ပေ။
ဖုန်းသံက ဆက်ပြီးမြည်နေသည်။ချန်လီက ဝေ့ချန်၏စိတ်အခြေအနေပြောင်းလဲသွားသည်ကိုခံစားမိ၍ဖြစ်မည်။သူက လက်လှမ်း၍ ဖုန်းကိုချပစ်လိုက်လေသည်။
ချန်လီ၏လုပ်ရပ်က ဝေ့ချန်ကိူအသိစိတ်ပြန်ဝင်လာစေခဲ့သည်။သူက ကျသွားသောဖုန်းကိုကြည့်ပြီး ချန်လီကိုကြည့်လိုက်၏။ချန်လီကလည်း သူ့ကိုကြည့်နေသည်။ချန်လီ၏မျက်လုံးများထဲမှာဘာခံစားချက်မှမရှိပေမဲ့ ဝေ့ချန် ချန်လီဘာကိုဆိုလိုသည်ကို တန်းသိလိုက်လေသည်။
သူ မထိန်းနိုင်ဘဲ ပြုံးလိုက်မိကာ နူးညံ့စွာပြောလိုက်သည်။
"ကောင်းပြီ ကိုယ်မပျော်လို့ မကိုင်တော့ဘူးဟုတ်ပြီလား"
ချန်လီက သူ့အကြည့်ကိုပြန်ရုတ်သိမ်းသွားပြီး ခေါင်းငုံ့ကာ ခြေချောင်းများကိုဆက်ကြည့်နေ၏။
ချန်လီ၏ခုနကလုပ်ရပ်ကြောင့် ဝေ့ချန်၏ဝူဇီခန်းကောင်းမူနှင့်လေးလံနေသောစိတ်အခြေအနေက ရုတ်ချည်း ပြောလျော့သွားခဲ့လေသည်။ယခုအချိန်မှာ သူစိတ်ကောင်းဝင်နေ၏။
တက္ကစီက ၎င်း၏ဦးတည်ရာပန်းတိုင်ဆီသို့ မောင်းနှင်နေဆဲဖြစ်ပြီး ယင်းကတိုက်တိုက်ဆိုင်ဆိုင်မြို့တော်၏အထွတ်အထိပ်အချိန်နှင့်ဆုံသွားခဲ့သည်။မထင်မရှားအဝါရောင်တက္ကစီလေးက နဂါးတစ်ကောင်၏အစိတ်အပိုင်းဖြစ်လာပြီး ရှေ့တူရှူကို ဖြည်းညှင်းစွာမောင်းနှင်နေခဲ့လေသည်။
(တက္ကစီက ၎င်း၏ဦးတည်ရာပန်းတိုင်ဆီသို့ မောင်းနှင်နေဆဲဖြစ်ပြီး ယင်းက တိုက်တိုက်ဆိုင်ဆိုင်မြို့တော်၏အစည်ကားဆုံးအချိန်/ယာဥ်အသွားအလာအရှုပ်ဆုံးအချိန်နှင့်ဆုံသွားခဲ့သည်။မထင်မရှားအဝါရောင်တက္ကစီလေးက ယာဥ်ကြောပိတ်ဆို့မှု၏တစ်စိတ်တစ်ပိုင်းဖြစ်လာပြီး ရှေ့တူရှူကိုဖြည်းညှင်းစွာမောင်းနှင်နေခဲ့လေသည်။)
*
တစ်ဖက်တွင် မီးများပိတ်ထားသောလူသူကင်းမဲ့နေသည့်ဘားတစ်ခုမှာ ဝူဇီခန်းက သူ့ဖုန်းကိုပြန်သိမ်းလိုက်၏။ဝေ့ချန်က ဘာကြောင့်သူဖုန်းကိုချပစ်သလဲဆိုသည်ကို သူအနည်းငယ် နားမလည်ဖြစ်နေခဲ့သည်။
"ဘာလဲ...ဝေ့ချန်က မင်းဖုန်းကိုမဖြေဘူးလား"
ချန်ချင်းက ဘားမှာထိုင်ကာ လေးနက်သောအမူအရာနှင့်ဝိုင်စပ်နေ၏။ဝူဇီခန်းရောက်လာသည်ကိုမြင်သောအခါ သူကဝူဇီခန်းကို သူလောလောလတ်လတ်စပ်ထားသည့်ကော့တေးကိုကမ်းပေးကာ မေးလိုက်လေသည်။
"ဟုတ်တယ်...သူအလုပ်ရှုပ်နေတာဖြစ်မယ် ဖုန်းချလိုက်တယ်"
ဝူဇီခန်းက ကော့တေးကိုတစ်စုပ်သောက်ကာဆိုသည်။
ချန်ချင်း၏လွှဲယမ်းမှုအောက်မှာ ဝိုင်စပ်သည့်ဖန်ခွက်က ကလောက်ကလောက်မြည်ကာလှုပ်ယမ်းနေသည်။
"သူ့ခေါင်းထဲမှာ အခု သူ့မိန်းမအရူးနဲ့ပဲပြည့်နေတာလေ ...တခြားအတွေးတွေ တွေးဖို့ဘယ်အာရုံရပါ့မလဲ"
ချန်ချင်းက စက်ဆုပ်ရွံရှာမှုတချို့ဖြင့်ပြောလိုက်၏။
ဝူဇီခန်းက ထိုခေါင်းစဥ်ကိုဆက်မသွားပေ။သူကချန်ချင်း၏လှုပ်ရှားမှုများကိုကြည့်ပြီး လေချွန်လိုက်၏။
"ချန်ချင်း ဘားမှာလာအလုပ်လုပ်ပါ့လား...မင်းစပ်တဲ့ဝိုင်ကဒီလောက်ကောင်းတာ ဒီကိုလာပြီးအလုပ်မလုပ်ရင် နှမြောစရာကောင်းတယ်"
"တော်ပါကွာ"
ချန်ချင်းက ကော့တေးခွက်ကိုအောက်ချပြီး အကြည်ရောင်အရည်များကို ဖန်ခွက်ထဲလောင်းထဲ့လိုက်၏။
"အိမ်ကအဘိုးကြီးသာ ငါဘားမှာအလုပ်လုပ်နေမှန်းသိသွားရင် ရှန်ဟိုင်းကိုပြန်ခေါ်လိမ့်မယ်"
ဝူဇီခန်း၏နှုတ်ခမ်းများ တင်းတင်းစေ့သွားသည်။သူခုနကပြောသည့် ဘားမှာဝိုင်လာစပ်မည့်ကိစ္စက ချန်ချင်းအတွက် 100%မဖြစ်နိုင်မှန်းလည်း သူသိပါသည်။ချန်ချင်းက သူလိုမျိုးမိသားစုကမျက်နှာသာမပေးသည့်မိမစစ်ဖမစစ်တစ်ကောင်နှင့်မတူဘဲ ချန်မိသားစု၏တစ်ဦးတည်းသောမျိုးဆက်ဖြစ်၏။ချန်ချင်းသာ အနည်းငယ်လမ်းမှားသည့်ပုံစံပြလိုက်လျှင် ချန်မိသားစုကပျာယာခတ်သွားမှာဖြစ်သည်။ပြီးလျှင် ချန်ချင်းကို"လမ်းမှားပို့"သည့်လူအနေဖြင့် သူက သူ၏ပူပင်အကြောင့်ကြမဲ့သောဘဝကိုဆုံးရှုံးပြီး မိသားစု၏အပြစ်တင်ခြင်းကိုခံရမှာဖြစ်သည်။
"သူ မင်းကို ပြီးရင် ပြန်ခေါ်မလားကြည့်ရအောင်...အချိန်ကိုကြည့်ကြည့်လိုက်...အခုချိန်လောက်ဆိုသူမြို့တော်ရောက်နေပြီ"
ချန်ချင်းက စပ်ထားသောကော့တေးကိုဝူဇီခန်းရှေ့တွန်းပို့ကာဆိုလိုက်၏။
ဝူဇီခန်းက ကော့တေးကိုထပ်ပြီးကောက်ယူလိုက်ကာ သိချင်စိတ်တချို့ဖြင့်ဆိုလိုက်သည်။
"မင်းက ဝိုင်စပ်ရတာဒီလောက်ကြိုက်တာ ဘာလို့ ကိုယ်စပ်ထားတဲ့ဝိုင်ကျကိုယ်မသောက်တာလဲ"
ချန်ချင်းက ပြုံးလိုက်သည်။
"ဝိုင်စပ်တဲ့လုပ်ငန်းစဥ်ကိုခံစားရတာကို ပိုကြိုက်လို့"
"ဟားဟား"
ဝူဇီခန်းက အဓိပ္ပါယ်ပါသောအပြုံးတစ်ပွင့်ကို လှစ်ဟလိုက်၏။
"မင်းအတွက် ဒီလုပ်ငန်းက တကယ်အရသာတွေ့ဖို့ထိုက်တန် ပါတယ်လေ"
သူပြောသည့်လုပ်ငန်းစဥ်က ဝိုင်စပ်သည့်လုပ်ငန်းစဥ်လား တချို့တချို့သောကိစ္စများ၏လုပ်ငန်းစဥ်လားဆိုသည်ကိုကား သူတို့နှစ်ဦးစလုံး ထုတ်မပြောလည်း နားလည်ကြလေသည်။
ချန်ချင်းက ခပ်ဖျော့ဖျော့ပြုံးကာဆိုလိုက်၏။
"မင်းကရော...အရသာမတွေ့ဘူးလား"
ဝူဇီခန်းက ခေါင်းမော့ကာ ဖန်ခွက်ထဲကကော့တေးကိုသောက်လိုက်လေသည်။သူ့အပြုံးက ပျောက်ပြယ်သွားပြီး သူက ယုတ်မာသည့်ပုံစံဖြင့်ဆိုလိုက်၏။
"ဝေ့ချန်က အင်မတန်ကိုတော်ပြီး ကောင်းကင်ဘုံရဲ့ချစ်သားလေးလို့လူတိုင်းကပြောကြတယ်...ဟားဟား ဘာကိုကောင်းကင်ဘုံရဲ့ချစ်သားလေးလဲ"
ချန်ချင်းက ဝူဇီခန်း၏စကားများထဲမှ မနာလိုမှုများကို ကြားနိုင်လေသည်။သူက သူ့နှုတ်ခမ်းထောင့်စွန်းများကိုပင့်လိုက်ကာ ဘာမှဆက်မပြောပေ။
ဝူဇီခန်း၏စိတ်ကိုသူမည်သို့နားမလည်ဘဲနေမည်နည်း။ဝေ့ချန်က တော်လွန်းသည်၊သူ၏ထက်မြက်မှုက သူတို့မျိုးဆက်ကလူများကို နိမ့်ကျသယောင်ဖြစ်စေသည်။ဝူဇီခန်း ဝေ့ချန်ကိုမနာလိုဖြစ်သည်က နားလည်၍ရနိုင်သည်။မည်သို့ပင်ဖြစ်စေ ဝေ့ချန်နောက်ကတစ်လျှောက်လုံးပါလာသည့်ဂုဏ်သတင်းကိုကြည့်ပြီး သူပင်မနာလိုဖြစ်မိပေလိမ့်မည်။
ဝူဇီခန်းက ဝိုင်တစ်ခွက်သောက်ပြီးနောက် မကျေနပ်သေးဘဲရှိနေသည်။ထို့ကြောင့်သူက ချန်ချင်းစပ်ထားသော နောက်ဝိုင်တစ်ခွက်ကိုထပ်ယူလိုက်၏။ဤတစ်ခေါက်မှာ သူကခေါင်းမော့ကာ တစ်ခွက်လုံးကိုတစ်ကျိုက်တည်းသောက်လိုက်ပြီး သူ့မျက်လုံးများထဲမှာ အတော်လေးယုတ်မာရက်စက်သောအကြည့်များရှိနေသည်။
သူနှင့်ဝေ့ချန်က ရှန်ဟိုင်းရှိအထင်ကရမိသားစုနှစ်စုမှ သားများဖြစ်၏။သူက လူပေါကြော့သူဌေးသားဟု နာမည်ကြီးသူဖြစ်ပြီး မျော်လင့်ချက်မရှိသောသားဖြစ်သည်။ဝေ့ချန်ကမတူပေ။သူက စံပြ'သူများမိသားစုက ကလေး'ဖြစ်ပြီး ကောင်းကင်ဘုံ၏ဂုဏ်ယူဖွယ်ချစ်သားလေးဖြစ်ကာ ကလေးတည်းက အလွန့်အလွန်ကို တော်ခဲ့သူဖြစ်လေသည်။
(T/N— သူများမိသားစုက ကလေးဆိုတာက ရပ်ထဲရွာထဲက မိဘတွေကိုယ့်သားသမီးကိုယ် ဆုံးမရင် နှိုင်းပြီးဆုံးမခံရတဲ့သူကိုပြောတာပါ၊'ဘယ်သူ့သားကို ကြည့်စမ်း အမှတ်ဘယ်လောက်ရတယ်...သူများသားသမီးတွေများ ငါတို့အိမ်ကဟာတွေနဲ့တခြားစီ'ဆိုတာမျိုး)
ကျောင်းမှာ ဝူဇီခန်းနှင့်ဝေ့ချန်က တစ်နှစ်တည်းကျောင်းအပ်ခဲ့ကြခြင်း ဖြစ်သည်။သူတို့ အထက်တန်းကိုရောက်သည့်အခါ ဝေ့ချန်က သူ့ထက် နှစ်တန်းပိုကြီးသောစီနီယာတစ်ယောက်ဖြစ်နေပြီဖြစ်သည်။ယင်းက သူကပြဿနာရှာပြီး အတန်းကျ၍မဟုတ်ပါဘဲ ဝေ့ချန်ကတစ်လျှောက်လုံးအတန်းကျော်တက်ခဲ့၍ဖြစ်လေသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲအပြီးမှာ သူက သူ့မိသားစု၏အဆက်အသွယ်ကိုသုံး၍ ပိုနာမည်ကြီးသောတက္ကသိုလ်ရှာနိုင်ခဲ့သည်။ထိုအချိန်မှာ ဝေ့ချန်က နိုင်ငံခြားက ဂုဏ်သတင်းကြီးသောကျောင်းများစွာက လိုချင်နေသော လူရည်ချွန်ကျောင်းသားတစ်ယောက်ဖြစ်နေပြီဖြစ်သည်။ဝေ့ချန်ကိုရရန်အတွက် တစ်ကျောင်းထက်တစ်ကျောင်း ပိုရက်ရောသောအခွင့်အရေးများကိုအပြိုင်အဆိုင်ကမ်းလှမ်းကြလေသည်။
ဝေ့ချန်က အနည်းဆုံး တက္ကသိုလ်တစ်ခု၏ဖိတ်ခေါ်မှုကိုလက်ခံလိမ့်မည်ဟု ဝူဇီခန်းထင်ခဲ့သော်လည်း ဝေ့ချန်က အကုန်လုံးကိုငြင်းပယ်ပြီး သူ့ဂျူနီယာနှစ်အတွင်းမှာ မဟာဘွဲ့နှင့်ဒေါက်တာဘွဲ့အတွက် စာလေ့လာခဲ့သည်။နှစ်နှစ်အတွင်းမှာ သူက Qတက္ကသိုလ်ကနေ စျေးကွက်စီမံခန့်ခွဲမှုပညာ နှင့်ဘဏ္ဍာရေး စီမံခန့်ခွဲမှုပညာတို့မှာ Ph.Dနှစ်ခုကိုရခဲ့၏။
ပြီးလျှင် ယခု ဝူဇီခန်းက သူ၏ဘွဲ့သုတေသနစာတမ်းအတွက် လုံးပန်းနေချိန်မှာ ဝေ့ချန်က ကမ်းလှမ်းချက်တစ်ခုပြီးတစ်ခုနှင့်အတူ မြို့တော်ရှိအရေးပါသော ကုမ္ပဏီကြီးများကြားမှာ အပြိုင်လိုချင်နေသောလူတော်တစ်ယောက်ဖြစ်လာပြီဖြစ်သည်။
ဝူဇီခန်းသည် ဝူမိသားစုမရှိလျှင် သူက ဘာမှမဟုတ်သည်ကိုသိသည်။သို့ပေမဲ့ ဝေ့မိသားစုမရှိလျှင် ဝေ့ချန်ကဝေ့ချန်ပဲဖြစ်နေဦးမှာ ဖြစ်လေသည်။
သူမည်သို့ဒေါသမထွက်ဘဲနေပါမည်နည်း။
သူမည်သို့မနာလိုမဖြစ်ဘဲနေပါမည်နည်း။
သူတကယ် ဝေ့ချန်ပလ္လင်ပေါ်ကပြုတ်ကျသည်ကိုမြင်ချင်သည်။ဝေ့ချန်ဆိုးဆိုးရွားရွားပြုတ်ကျလေ သူခံစားရပိုကောင်းလေဖြစ်လိမ့်မည်။
ဤတစ်ခေါက်မှာ ဝေ့ချန်က အရူးတစ်ယောက်ကိုလက်ထပ်လိုက်သည်။ထိုအချိန်တုန်းက ရှန်ဟိုင်းကိုပြန်မသွားခဲ့သည်အား ယခုသူနောင်တရနေပြီဖြစ်သည်။ဝေ့ချန်၏ပါးစပ်ကနေမည်သို့ငြင်းဆန်ပြီး နောက်ဆုံးမှာအကူအညီမဲ့စွာသဘောတူလက်ခံလိုက်ရသည်ကို သူတကယ်မြင်ချင်သည်။ထိုသို့သောအမူအရာမျိုးက သေချာပေါက် အလွန်ကို ကြည့်ကောင်းလိမ့်မည်ပင်။
မဟုတ်ဘူး၊သူမေ့သွားသည်။ဝေ့ချန်၏မျက်နှာပေါ်မှာ ဘာအမူအရာမှရှိလိမ့်မည်မဟုတ်ပေ၊သူက အသေးငယ်ဆုံးသောအပြုံးလေးပင်ပြုံးနိုင်သူမဟုတ်။ယင်းကတကယ်ကို စိတ်မကောင်းစရာပင်။
ဝူဇီခန်း၏စိတ်အခြေအနေက ရုတ်ချည်းတိုးတက်လာသည်။အမှန်တွင် သေသေချာချာစဥ်းစားကြည့်ပါက ဝေ့ချန်၏ ဤတစ်ခေါက်လက်ထပ်ပွဲက တကယ်ကို အတော်လေး ကောင်းလေသည်။မျက်နှာအကြောသေနေသူနှင့်အရူးတို့က လုံးဝကိုလိုက်ဖက်ညီ၏။
ဟားဟားဟား...
ဝူဇီခန်း ထိုအကြောင်းကို တွေးလေလေ
သူ့စိတ်များလန်းဆန်းလာလေလေဖြစ်ပြီး မနေနိုင်ဘဲ ရယ်လိုက်မိလေသည်။
ချန်ချင်းက ဝူဇီခန်းကိုကြည့်ပြီး နှုတ်ခမ်းတွန့်လိုက်၏။
<< >>
💘