🥰Chapter 3
မင်လျိုရီ ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။
“အဖေ… ကျိကျိုး ရဲ့ဆေးစစ်ချက်ကပုံမှန်ဖြစ်နေပြီ ... ကျွန်မလဲအဆင်ပြေနေပြီဆိုတော့ ဆေးရုံကနေဆင်းရအောင် … အိမ်မှာက ဆေးရုံထက်ပိုပြီး သက်တောင့်သက်သာဖြစ်တယ်ဆိုတော့ ကျိကျိုးကိုဂရုစိုက်ရတာ ပိုပြီးအဆင်ပြေတာပေါ့ … “
ယောင်ကွေ တာဝန်ကျဆရာဝန်ကိုကြည့်လိုက်သည်။
“ မစ်စတာယောင်ရဲ့အခြေအနေက ဆေးရုံမှာထက်အိမ်မှာနေတာက ပိုကောင်းပါတယ် … သူနဲ့ရင်းနှီးတဲ့ပတ်ဝန်းကျင်က သူ့ကိုပြန်သတိရအောင် အကူအညီဖြစ်စေပါတယ် .. “
ထို့နောက် ယောင်ကွေက ဆေးရုံဆင်းရမည့် ကိစ္စများကိုဆောင်ရွက်ပြီးနောက် ယောင်ကျိကျိုးနှင့် မင်လျိုရီတို့ အိမ်ပြန်နိုင်ရန် စီစဉ်ပေးသည်။
ထို့နောက် ယောင်ကွေဦးဆောင်ကာ တခြားသူများနှင့်အတူ ထွက်ခွာသွားကြသည်။ နောက်ဆုံးတွင် အခန်းထဲ၌ မင်လျိုရီ နှင့် ယောင်ကျိကျိုးသာကျန်ခဲ့တော့သည်။
မင်လျိုရီ ဖိနပ်ပါးကိုစီးပြီးနောက် ယောင်ကျိကျိုးအနားသို့ ဖြည်းညှင်းစွာလျောက်သွားသည်။ မူရင်းဇာတ်လမ်းမှဖော်ပြချက်များကို သူမဖတ်ထားသော်လည်း အပြင်လက်တွေ့ရှိ ယောင်ကျိကျိုး၏ အသွင်အပြင်ကြောင့် သူမအထိတ်တလန့်ဖြစ်သွားသည်။ သူ၏မျက်လုံးအစုံမှာ ပိတ်ထားသည်တိုင် အသားအရည်ဖျော့တော့နေသော်လည်း အေးစက်သည့်မျက်နှာအသွင်အပြင်သည် သေလောက်အောင် ကျက်သရေရှိကာ ကြည့်ကောင်းနေသည်။
မင်လျိုရီ စိတ်မထိန်းနိုင်ဘဲ သူမ၏လက်ချောင်းများဖြင့် သူ၏အေးစက်နေသည့် မျက်နှာကောက်ကြောင်း တစ်လျောက်အား ထပ်ခါထပ်ခါ ထိတွေ့နေမိသည်။
သူ့ရဲ့မျက်လုံးအိမ်ကနက်ရှိုင်းပြီး မျက်လုံးထောင့်ကအပေါ်ဘက်ကိုထောင်တက်သွားတာပဲ … နှာတံကလဲမြင့်တယ် … မေးရိုးကလဲ လုံးဝပြီးပြည့်စုံတယ်…
“အား… “
မင်လျိုရီ ရုတ်တရက် ထအော်မိလိုက်သည်။ ယောင်ကျိကျိုးအား ထိတွေလိုက်သည်နှင့် သူမ၏ ခြောက်သွေ့နေသာ ဝိညဏ်စမ်းချောင်းသည် မမျှော်လင့်စွာဖြင့် စတင်လှုပ်ရှားလာသည်။ သူမလက်များဖယ်လိုက်သည်နှင့် ထိုလှုပ်ရှားမှုသည် ချက်ချင်းပင်ရပ်တန့်သွားသည်။
မင်လျိုရီ ခံစားချက်များမြင့်တက်သွားသည်။ အဓိကဇာတ်လိုက်ဆိုသည်မှာ ဘုရားသခင်၏ ကောင်းချီးပေးမှုကို ခံရသူတွေပဲဖြစ်မည်။ တွေးကြည့်မည်ဆိုလျင် ယခုနေရာနှင့် ဘာမှမသက်ဆိုင်သည့်သူမ၏ ဝိညဏ်စမ်းချောင်းကိုပင် လှုပ်ခတ်စေနိုင်သည်မဟုတ်ပါလား…
ထိုအချက်သည် ဒီနေရာမှ တတ်နိုင်သမျှ ချက်ခြင်းထွက်ပြေးမည့် မင်လျိုရီ၏ အတွေးများကိုရပ်တန့်သွားစေသည်။ သူမ၏ ဝိညဏ်စမ်းချောင်းလေး ပြန်လည်ကောင်းမွန်လာရန် အမျိုးသားဇာတ်လိုက်ကို အားကိုးရန်မှလွဲ၍ ရွေးစရာမရှိတော့ပေ။ ထို့အပြင့် ယောင်ကျိကျိုး ကိုမာအခြေအနေမှ ပြန်လည်နိုးထရန် အချိန် ၃ လကျန်သေးသည်။ သူမတွင် လုံခြုံစိတ်ချရသည့်အချိန် ၃ လရှိသေးသည်မဟုတ်ပါလား...
သူမစိတ်အားပြင်ဆင်ပြီးနောက် မင်လျိုရီ လေသံတိုးလေးဖြင့် ပြောလိုက်သည်။
“ကျွန်မတောင်းပန်ပါတယ်… ယောင်ကျိကျိုးရေ … ရှင်ကျွန်မကိုသတ်ပစ်ချင်လောက်အောင် မုန်းနေမယ်ဆိုတာ သိပါတယ် … ဒါပေမယ့် ရှင်နိုးမလာခင် ကျွန်မပျောက်ကွယ်သွားပါ့မယ်လို့ ကတိပေးပါတယ် … အဲ့ဒါကြောင့် ခဏလေးစောင့်ပေးနော် … “
ယခု ယောင်ကျိကျိုး အခြေအနေကြောင့် ယောင်မိသားစုသည် သူ့အား အဓိကအိမ်သို့ပြန်မခေါ်သေးပေ။ ထို့အစား တိတ်ဆိတ်ငြိမ်သက်သည့်ဗီလာတစ်ခုတွင် သူသက်သာလာသည်အထိ နေနိင်ရန် စီစဉ်ပေးခဲ့သည်။ ယောင်ကျိကျိုးအား ပြုစုစောင့်ရှောက်မည့် အိမ်အကူများကိုလည်း စေလွှတ်ထားပေးသည်။
ထိုအချိန်တွင် အထူးနပ်စ်မှ ယောင်ကျိကျိုးအား အိပ်ခန်းကျယ်ကြီးအတွင်းရှိ အိပ်ယာပေါ်တွင် စနစ်တကျချထားခဲ့သည်။ လက်ကောက်ဝတ်တွင်စိုက်ထားသည့် အပ်များကိုသာ လျစ်လျူရှုထားမည်ဆိုလျင် သူသည် အိပ်ပျော်နေသောမင်းသားလေးပင်။
သို့သော် မင်လျိုရီ၏စိတ်အစဉ်မှာ မတည်ငြိမ်နိုင်ပေ။ သူမတို့သည် တရားဝင်လက်ထပ်ထားသည့်အတွက် အိပ်ယာတစ်ခုတည်းတွင်အိပ်သည်မှာ ပုံမှန်ဖြစ်သည်။ သို့သော် သူမအနေဖြင့် တစ်စိမ်းတစ်ယောက်နှင့် အိပ်ယာတစ်ခုတည်းအား မျှဝေမအိပ်ချင်ပေ။
ဒီဗီလာသည် ယောင်ကျိကျိုး ပြန်လည်နာလန်ထူနိုင်ရန်အတွက် နောက်ဆုံးပိတ် ဆုံးဖြတ်ချက်ဖြစ်သည်။ အတော်လေးညနက်နေပြီဖြစ်၍ တခြားအခန်းအားသန့်ရှင်းရေးလုပ်ရန် အချိန်မရှိတော့ပေ။ မင်လျိုရီ သည် ပင်ပန်းနေကြသောအိမ်အကူများကိုကြည့်ပြီး သက်ပြင်းချကာ အနားယူရန်ပြောလိုက်သည်။
အခန်းကျယ်ထဲတွင် တစ်ခုတည်းရှိသော ကြီးမားလှသည့်ကုတင်ကိုကြည့်ပြီးနောက် ရေချိုးခန်းထဲသို့ သူမလျောက်သွားသည်။ ရေချိုးရင်း သူမကိုယ်သူမ နှစ်သိမ့်လိုက်သည်။ သူသည် မလှုပ်ရှားနိုင်ဘဲ သတိလစ်သည့်အခြေအနေတွင်ရှိသည်။ ထို့ကြောင့် တကယ့်လူတစ်ဦးဟု မသတ်မှတ်နိုင်ပေ။ သေချာသည်မှာ သူ့အခြေအနေနှင့် မိန်းကလေးတစ်ယောက်အပေါ်တွင် အခွင့်ကောင်းမယူနိုင်ပေ။ ထို့အပြင့် ဒီညတစ်ညတည်းသာ သူနှင့်အိပ်ရမည်မဟုတ်ပါလား …
ထို့အပြင့် သူမတို့သည် လက်ထပ်ထားသည့် ဇနီးမောင်နှံဖြစ်သည်။ ထို့ကြောင့် ဒီကုတစ်သည် လင်မယားနှစ်ယောက် ပူးတွဲပိုင်ဆိုင်သည့်အရာဟုယူဆနိုင်သည့်အတွက် သူမ တစ်ဝက်သုံးပိုင်ခွင့်ရှိသည်မဟုတ်လား …
မင်လျိုရီ ရေချိုးပြီးနောက် သူမစိတ်သည်လည်း အနည်းနှင့်အများ အဆင်သင့်ဖြစ်နေပြီဟု ခံစားမိသည်။ သူမခေါင်းကိုလှည့်ကာ မှန်ထဲကိုလှမ်းကြည့်လိုက်သည်။ မူလ မင်လျိုရီ ၏အသွင်အပြင်သည် သူမ၏နဂိုရုပ်ရည်နှင့် အတော်လေးဆင်တူသည်။ သူမတွင် သေးငယ်သည့်သဲပုံမျက်နှာ, ချစ်စရာကောင်းသည့် အယ်လ်မွန်စေ့ပုံစံမျက်ဝန်း, ကြည်လင်သည့်အဖြူရောင်အသားအရည်, ဖြောင့်စင်းသောနှာတံ နှင့် နီရဲသောနှုတ်ခမ်း တို့ရှိသည်။ မည်သို့ပင်ဆိုစေကာမူ သူမ၏ရုပ်ရည်သည် လှပ၍ကြည့်ကောင်းနေဆဲပင်။
သို့သော်လည်း မူလ မင်လျိုရီသည် သူမ၏ရုပ်ရည်ကို သေချာဂရုမစိုက်တတ်မှန်း ကြည့်ရုံနှင့်သိသာစေသည်။ သူမ၏ ရိုးရှင်းသောဆံပင်ရှည်ကြီးမှာ ရှုပ်ပွနေသည်။ သို့သော်လည်း သူမ၏အသွင်အပြင်ကိုဖယ်ရှားလျင်တောင် သူမ၏နှလုံးသားမှာ အတော်လေးဆိုးရွားသည်။
မင်လျိုရီ သူမမျက်လုံးကို အသာမှိတ်လိုက်သည်။ သူမ၏ရှည်လျားသော မျက်တောင်များကြောင့် မျက်ဝန်းအောက်တွင် အရိပ်တစ်ခုပင်ထင်နေသည်။ အရာအားလုံးအဆင်ပြေသွားမည်ဟု သူမကိုယ်သူမ ယုံကြည်မိသည်။
‘သူက အခုဆိုရင် ရုပ်သေးရုပ်လိုပဲ ... သူက မလှုပ်ရှားနိုင်တဲ့သူပဲ ...သူက ယောကျာ်းတစ်ယောက်မဟုတ်ဘူး ... သူက…… အဲ့ဒါကြောင့် ငါအခုအရမ်းလုံခြုံနေပြီ ... ဘာဖြစ်ဖြစ်သူက ဘာမှသိမှာမဟုတ်ဘူး ... အဲ့ဒီတော့ သူနဲ့အတူတူအိပ်ရင်တောင် ဘာမှဖြစ်မှာမဟုတ်ဘူး …. တကယ်လို့ သူက ငါ့ကိုဆွဲဆောင်နေရင်တောင် ငါထွက်ပြေးလို့ရတယ် … ‘
နောက်ဆုံးတွင် မင်လျိုရီ သူမရင်ဘတ်ကိုလက်ဖြင့် တဖတ်ဖတ်ပုတ်ရင်း ယုံကြည်မှုအပြည့်ဖြင့် ရေချိုးခန်းထဲမှထွက်လာတော့သည်။
တဖက်တွင် ယောင်ကျိကျိုးသည် မူလအတိုင်းပင် မပြောင်းလဲဘဲ အိပ်ယာထက်တွင် လဲလျောင်းနေသည်။ ဆေးရုံတွင်မဟုတ်တော့သည့်အတွက် သူ၏ အသွင်အပြင်သည်လည်း အရင်ကလောက် မတင်းမာတော့ဘဲ အေးချမ်းသည့်ပုံပေါက်နေသည်။
ထို့ကြောင့်ပင် သူ၏ပုံစံက အရင်ကလောက်ကြောက်စရာမကောင်းတော့ပေ။ မင်လျိုရီ ကုတင်တဖက်ခြမ်းတွင် လဲလျောင်းလိုက်သည်။ သို့သော် သူမ၏ဆံပင်မှာ သိပ်မခြောက်သေးသည့်အတွက် အရမ်းဖိမအိပ်သေးပေ။ သဘာဝအတိုင်း ဆံပင်ကို အခြောက်ခံတာကပိုကောင်းမည်ဟု သူမထင်သည်။ စာအုပ်ထဲကူးပြောင်းပြီး ပထမဆုံးနေ့ကိုစိုးရိမ်စိတ်များဖြင့်ဖြတ်သန်းခဲ့ရပြီးနောက် အဆုံးတွင် သူမ အိပ်ပျော်သွားတော့သည်။
🥰