🥰 Chapter 5
မင်လျိုရီသည် ကောင်းမွန်စွာမအိပ်စက်လိုက်ရပေ။ သူမက အိပ်မက်တွေအများကြီးမက်နေခဲ့ပြီး မနက်ရောက်လို့ နေရောင်သူမမျက်နှာပေါ် ကျရောက်သည့်အခါမှ အတင်းအကြပ်နှိုးခြင်းခံလိုက်ရသည်။
"အား"
မင်လျိုရီ သူမမျက်လုံးအား ဖွင့်လိုက်ပြီးနောက် မျက်စိရှေ့မှမြင်ကွင်းကြောင့် အံ့အားသင့်သွားသည်။
သူမသည် ယောင်ကျိကျိုး၏ ခန္ဓာကိုယ်ပေါ် တစ်ဝက်မှီရင်းလှဲအိပ်နေသည်။ သူမ၏ လက်များသည် သူ၏ရင်ဘတ်ပေါ်တွင်ရှိနေပြီး သူမ၏ခြေထောက်က သူ၏ခြေထောက်ပေါ်တွင်ရှိနေသည်။ ပို၍ ထိတ်လန့်စရာကောင်းသည်မှာ သူမ၏လက်များသည် ကျိကျိုးအင်္ကျီအတွင်းထဲသို့ရောက်နေပြီး နွေးနေသောခန္ဓာကိုယ်ကို လက်ချောင်းလေးများနှင့် တို့ထိနေလေသည်။
မင်လျိုရီ အိပ်ရာထဲမှ ချက်ချင်းထွက်လိုက်သော်လည်း မသိစိတ်မှ သူမနှင့်အတူစောင်အား ဆွဲလိုက်မိသည်။ သူမ အားပြင်းပြင်းနှင့်ဆွဲလိုက်မိသည်မှာ ယောင်ကျိကျိုး၏ ညအိပ်ဝတ်စုံလန်သွားသည်အထိပင်။
မင်လျိုရီသည် သူမကိုယ်ခန္ဓာအား စောင်နှင့်ရစ်ပတ်ကာ မျက်လုံးများက ယောင်ကျိကျိုးအား မျက်တောင်မခက်ကြည့်နေမိသည်။ ထိုသူသည် ချောမောလွန်းလှသည်။
နွေးထွေးသောနေရောင်ခြည်သည် သူ့အား ရွှေရောင်ဝတ်ရုံကဲ့သို့ လွှမ်းခြုံထားသည်။ ယောင်ကျိကျိုး၏ ဝတ်စုံသည် လန်နေသောကြောင့် သူ၏ဝမ်းဗိုက်ကြွက်သားအမြှောင်းများမှာလည်းခပ်ဟဟ ပေါ်နေသည်။ ထို့အပြင် ခါးအောက်ပိုင်းမှ ရှည်လျားပြီးဖြောင့်တန်းနေသော ခြေတံရှည်များ
သူသည် လှဲနေရုံမျှဖြစ်သော်လည်း လူများအားအတွေးယာဥ်ကြောထဲ နှစ်မျောစေသည်အထိ စွမ်းဆောင်နိုင်လေသည်။
မင်လျိူရီ သက်ပြင်းချရုံသာ တတ်နိုင်တော့သည်။
'ဒါကဇာတ်လိုက်တစ်ယောက်ရဲ့ အရှိန်အဝါတွေများလား...'
မင်လျိုရီ၏ မျက်နှာသည် ရှင်းလင်းပြတ်သားပြီးမသင့်လျော်သောအတွေးများကြောင့် အနည်းငယ်ရဲနေလေသည်။ သူမဘဝတွင် ယောက်ျားတစ်ယောက်၏ ကြွက်သားကိုတစ်ခါမျှ မထိကိုင်ကြည့်ဖူးပေ။ သူမသည် ယောင်ကျိကျိုးနိုးမလာသေးသည်ကို သိသောကြောင့် သူမ၏အမူအရာများကိုထိန်းချုပ်မနေတော့ပေ။ နောင်တရစိတ်ကိုရင်ဝယ်ပိုက်ရင်း သူမ၏ အပြစ်ရှိသောလက်ကလေးအားထုတ်ကာ ထိုလူ့၏ ဝမ်းဗိုက်ကြွက်သားများဆီသို့တစ်ဖန်....
"ဟင်"
သူမလက်များက ဝမ်းဗိုက်ကြွက်သားများဆီမရောက်ခင် သူ့ခန္ဓာကိုယ်နှင့်အရင်ထိမိသည်နှင့် ဝိညာဥ်စမ်းချောင်းသည် စတင်ပြောင်းလဲလာသည်။
မင်လျိုရီသည် သူမ၏စွန့်စားခန်းကို ခေတ္တရပ်ကာ မျက်လုံးများမှိတ်ရင်းအသက်ရှူနေရသည်။
တစ်ညတာနားလိုက်သော်လည်း သူမ ယောင်ကျိကျိုး လက်မောင်းကြားတွင် အချိန်မည်ဘယ်နှစ်နာရီမျှ အိပ်ခဲ့သည်ကို မမှတ်မိပေ။ သူမ၏ဝိညာဥ်စမ်းချောင်းသည်လည်း နောက်ဆုံးတွင် ပြန်လည်လည်ပတ်၍လာပြီ။ စမ်းချောင်းသည် အဆက်မပြတ်စီးဆင်းနေသည် မဟုတ်သော်ငြား အမြန်နှုန်းကို မင်လျိုရီ ခံစားမိသည်။ သူမ၏ ဝိညာဥ်စမ်းချောင်းသည် သေချာပေါက် ဇာတ်လိုက်ပြန်လည်မနိုးထလာခင်မှာပင် ပြန်ကောင်းလာလိမ့်မည်။ ထိုအကြောင်းအရာသည် သူမအား ပြုံးမိစေသည်။
မင်လျိုရီသည် အလွန်အမင်းစိတ်လှုပ်ရှားနေသောကြောင့် အိမ်အကူလေး အခန်းထဲဝင်လာသည်ကိုပင် သတိမပြုမိပေ။
အိမ်အကူ ရှောင်ဖန်းသည် တံခါးဝ၌ရပ်ကာ မျက်မှောင်ကြုတ်နေလေသည်။ သခင်ယောင်၏ ဝတ်စုံသည် အထပ်သို့လှန်တင်ထားခြင်းခံရပြီး သခင်မ၏လက်သည် ဝတ်စုံတွင်းထဲသို့ ထည့်ထားကာ ပီတိအပြုံးကြီးနှင့် ပြုံးနေလေသည်။ သခင် အသိရှိစဥ်ကလည်း သခင်မက ကောင်းကောင်းဆက်ဆံသည်ကို ရှောင်ဖန်းတွေ့ခဲ့ရသည်။ ဘာလို့များ သခင် သစ်ပင်လူသားလိုဖြစ်နေချိန်မှာ သူမက အရမ်းတက်ကြွနေရတာလဲ...
သခင်နဲ့ သခင်မအနားတွင်နေပြီး စောင့်ရှောက်ပေးလာသည့် အချိန်အကြာကြီးအတွင်းတွင် ယခုကဲ့သို့သောအခြေအနေမျိုးနှင့် ရင်ဆိုင်ရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ သခင်မယောင်သည် ပုံမှန်အားဖြင့် အိပ်ရာထဲ၌သာ နေလေ့ရှိပြီး သခင်ယောင်ကဖြင့် စောစောထလေ့ရှိသည်။ ထို့ကြောင့် သူ့ကိုနံနက်စောစော ဝေရာဝစ္စပြုလုပ်ပေးဖို့ ဩဝါဒခြွေလေ့ရှိသည်။
မင်လျိုရီ ဝိဥာဏ်စမ်းချောင်းအား စစ်ဆေးပြီးနောက်တွင် သူမပိုမိုနေလို့ကောင်းလာကာ မျက်လုံးများအား ဖွင့်လိုက်သည်။ သူမနောက်လှည့်ကြည့်သောအခါ အိမ်အကူလေး ရှောင်ဖန်းသည် နေရာတွင် ကျက်သေသေနေကာ စကားလုံးများပျောက်ရှနေသည်ကို တွေ့လိုက်ရသည်။
ချက်ချင်းဆိုသလို မင်လျိုရီသည် သူမထိနေသောလက်အား လျင်မြန်စွာဖယ်လိုက်ပြီး ကသိကအောက် ဖြစ်စွာဖြင့် ယောင်ကျိကျိုး၏ အဝတ်များကို ပြန်ပြင်ပေးပြီး သူမကိုယ်ပေါ်မှ စောင်အားကြည့်မိလေသည်။ ထို့နောက် သူမ ခပ်မြန်မြန်ဆွဲခွာလိုက်ပြီး ယောင်ကျိကျိုးအား စောင်ဖြင့်ခြုံပေးလိုက်လေသည်။ နောက်ဆုံးတွင်တော့ သူမကိုယ်သူမ သပ်သပ်ရပ်ရပ်ဖြစ်အောင်ပြုလုပ်ပြီး ကုတင်ခေါင်းရင်းကိုမှီကာ အထက်တန်းလွှာ မိန်းကလေးများကဲ့သို့ သန်းဝေလိုက်သည်။
ထိုအရာများအားလုံးလုပ်ပြီးကာမှ ရှောင်ဖန်း၏ တည်ရှိမှုကို သတိထားမိဟန်ဆောင်လိုက်သည်။
"ရောက်နေပြီလား...မြန်မြန် နင့်သခင်ကိုဆေးကြောသန့်ရှင်းကူပေးလိုက်တော့လေ"
သခင်မသည် ယနေ့အနည်းငယ် ကွဲပြားနေသည်ဟု ရှောင်ဖန်း ရိပ်စားမိသည်။ သူမ၏အသံတောင်မှ ပိုမိုညင်သာပြီးနူးညံ့လာကာ လူတိုင်းကို သက်တောင့်သက်တာဖြစ်စေသည်။
'သခင်မအနေနဲ့ ကြိုးကြိုးစားစား သရုပ်ဆောင်ပြနေစရာမလိုပါဘူး ကျွန်မ မကန်းသေးဘူးလေ'
ဒီနေ့သည် အားလုံးအတွက် နေ့သစ်ဖြစ်သည်။
မင်လျိုရီ၏ ယောင်မိသားစုအိမ်တွင် ပထမဆုံးလာနေသည့်ရက်ဖြစ်ပြီး ယောင်ကျိကျိုး၏ ပထမဆုံး သစ်ပင်လူသားဖြစ်သွားသောနေ့လည်းဖြစ်သည်။
ရှောင်ဖန်းအတွက်တော့ ပထမဆုံး သစ်ပင်လူသားအား ဂရုစိုက်ပေးရခြင်းဖြစ်သည်။
မင်လျိုရီတော့ ရှောင်ဖန်းသည် အခက်ခဲဆုံးဖြစ်မည်ဟုထင်မိသည်။ သူမသည် သစ်ပင်လူသားတစ်ယောက်ကို ဂရုစိုက်ပေးရမည်ဖြစ်သည်။ သူမ ရှောင်ဖန်း ရေနွေးအားသယ်လာကာ ယောင်ကျိကျိုး၏မျက်နှာအား တဘတ်ဖြင့် ညင်သာစွာတိုက်ပေးနေသည်ကို ကြည့်နေလိုက်သည်။ သို့သော်လည်း တစ်ခတ္တအတွင်း ရှောင်ဖန်း၏ မျက်ခုံးသည်အနည်းငယ်ကျုံ့လာသည်။
သူမကြည့်သည့်နေရာသို့ မင်လျိုရီကြည့်မိသောအခါ ယောင်ကျိကျိုးအနားတစ်ဝိုက်မှ အိပ်ရာခင်းသည် ချွေးများဖြင့်ရွှဲနစ်နေသည်။
ရှောင်ဖန်းသည် သိသိသာသာပင် ဘာလုပ်ရမည်ကိုမသိဘဲဖြစ်နေလေသည်။
"ဒီလိုမျိုး ချွေးတွေက အိပ်ရာနာဖြစ်လိမ့်မယ်"
မင်လျိုရီ တည့်တိုးပြောလိုက်လေသည်။
"သူ့ကို မှောက်ရအောင်"
"ဟုတ်ကဲ့ သခင်မ။ ကျွန်မလူသွားခေါ်လိုက်မယ်"
ရှောင်ဖန်း နောက်လှည့်ကာ လူခေါ်မည့်ဆဲဆဲ...
မင်လျိုရီတားလိုက်ကာ ယောင်ကျိကျိုး၏ ပုခုံးအားထိန်းထားလိုက်သည်။
"ငါဒီကနေ သူ့ပုခုံးကိုထိန်းပေးထားမယ် နင်ကအနောက်ကနေတွန်းထားပေး ... ဖြည်းဖြည်းလုပ်"
သို့သော် မင်လျိုရီမထင်ထားသည်က ပိန်ပါးသည့်ရှောင်ဖန်းသည် အမှန်တကယ် သန်မာလေသည်။ အားအနည်းငယ်သုံးလိုက်ရုံဖြင့် သူမသည် ယောင်ကျိကျိုးအား မှောက်ခုံလှန်လိုက်နိုင်သည်။
မင်လျိုရီ မဆွဲထားလိုက်နိုင်မှာပင် ယောင်ကျိကျိုး၏ တစ်ကိုယ်လုံးသည် သူမရင်ဘတ်ပေါ်သို့ ပိကျလာကာ သူမအား ကုတင်အောက်တွင်ဖိထားမိလေသည်။
မင်လျိုရီ၏ မျက်နှာသည် အနီရောင်သို့ပြောင်းသွားတော့သည်။
🥰