🥰 Chapter 6
ယောင်ကျိကျိုး၏ မျက်နှာသည် သူမရင်ဘတ်ပေါ် တွင်ရှိနေပြီး သူထံမှအသက်ရှူထုတ်လိုက်သည့် လေငွေ့နွေးနွေးသည် သူမညှပ်ရိုးထံ ရိုက်ခတ်လာသည်။
"ရှောင်ဖန်း မြန်မြန်လာကူဦး"
သခင်မ၏အသံသည် ပျော့ပျောင်းနူးညံ့နေကာ ကြားရသူများအဖို့ သာယာနာပျော်ဖွယ်ရှိစေသည်။နောက်ဆုံးတွင် ရှောင်ဖန်း တုံ့ပြန်ရန်အသိဝင်ပြီး သခင့်အား ကူမပေးကာ သခင်မကို အောက်မှလွတ်မြောက် လာစေသည်။
သူတို့နှစ်ဦးသည် ယောင်ကျိကျိုး အောက်မှအခင်းအား လျင်မြန်စွာလဲပေးလိုက်လေသည်။
အဖြစ်အပျက်ငယ်လေးတစ်ခုဖြစ်သော်ငြား မင်လျိုရီ၏ ရှက်သွေးဖြာမှုသည် မရပ်တန့်သွားဘဲအချိန်ကြာမြင့်စွာ နီရဲနေလေသည်။ သူမခန္ဓာကိုယ်သည် လောင်ကျွမ်းနေသကဲ့သို့ ခံစားနေရသည်။
"ရှောင်ဖန်း သွားလို့ရပြီ ကျန်တာငါ့ဘာသာဆက်လုပ်လိုက်မယ်"
"သခင်မ အဆင်ပြေလို့လား တစ်ခါမှဒါမျိုးမလုပ်ဖူးဘူးမဟုတ်လား..."
မင်လျိုရီ ချက်ချင်းပင် ခေါင်းငြိမ့်လိုက်သည်။ အခု သူမတစ်ယောက်တည်းရှိနေချင်ကာ အသိစိတ်ကပ်ရန်လုပ်ရမည်ဖြစ်သည်။
ရှောင်ဖန်းထွက်သွားပြီးနောက် မင်လျိုရီသည် သတိလစ်သည့်လူလို ပစ်လဲချလိုက်သည်။
ရှက်ဖို့သိပ်ကောင်းတာပဲ....
သူမစိတ်ငြိမ်သွားသောအခါ တဘတ်အားကောက်ယူပြီး ထို ယောက်ျား၏ခန္ဓာကိုယ်ကို ပွတ်တိုက်ပေးလိုက်သည်။
'ငါ့မှာရွေးချယ်စရာမှမရှိတာ အိမ်အကူကိုပြန်လွှတ်လိုက်မှတော့ ကျန်တဲ့အလုပ်ကိုငါ့ဟာငါပဲ ဆက်လုပ်ရတော့မှာပဲ ...အော်ငိုချင်ရင်တောင်မှပေါ့'
သူမတစ်ယောက်တည်း သန့်ရှင်းရေးလုပ်ပေးသည့်အခါ ယောင်ကျိကျိုး၏ခန္ဓာကိုယ်သည် အေးစက်ပြီး ဖွေးစွတ်နေသည်ကိုတွေ့ရသည်။ သူ၏ လည်ဇလုတ်သည်ထင်ရှားနေပြီး ခန္ဓာကိုယ်အစိတ်အပိုင်းများသည် လှပစွာဖွဲ့စည်းတည်ဆောက်ထားသည်။
လည်ပင်းတဝိုက်အား သန့်ရှင်းပေးပြီးနောက် ခန္ဓာကိုယ်ပိုင်းကိုဆက်ရမည်ပင်။ မင်လျိုရီ ခပ်တိုးတိုးရေရွတ်လိုက်သည်။
"ခွင့်ပြုပါဦး"
ထို့နောက် ဂရုတစိုက်နှင့် ယောင်ကျိကျိုး၏ အပေါ်အင်္ကျီအား ချွတ်ကာ ခန္ဓာကိုယ်အပေါ်ပိုင်းကို သန့်ရှင်းပေးလေသည်။
သို့သော်လည်း ဘောင်းဘီကိုတော့ သူမ မထိခဲ့ပေ။ အကယ်၍ယောင်ကျိကျိုးနိုးလာလို့ သူမက သူသတိမေ့နေစဥ်မှာ သူ့ဘောင်းဘီကိုကိုင်မှန်းသိသွားခဲ့လျှင် သူမကိုသေချာပေါက် အရေခွံစုတ်ပေလိမ့်မည်။
သူမတွင် အသက်ရှင်လိုစိတ်ရှိသေးသောကြောင့် မင်လျိုရီသည် ဘောင်းဘီကို လိတ်တင်ရုံသာလုပ်ခဲ့သည်။ ထို့နောက် သူမမြင်လိုက်သောအရာကြောင့် အေးခဲသွားတော့သည်။ ယောင်ကျိကျိုးသည် လမ်းမလျှောက်နိုင်တော့ပေ။ ထို့ကြောင့် သူ၏ ခြေထောက်များသည် ပိန်သေးပြီး အားနည်းလှကာ ဒူးခေါင်းတွင်လည်း ခွဲစိတ်မှုမှရလာသည့် ချုပ်ရိုးရာများနှင့်ပြည့်နေလေသည်။
ထိုမြင်ကွင်းကြောင့် မင်လျိုရီသည် ထိတ်လန့်သွားကာ ယောင်ကျိကျိုးအတွက် စိတ်မကောင်းဖြစ်မိသွားသည်။
သူသည် တင့်တောင်းတင့်တယ် နေနိုင်ခဲ့သော်လည်းခက်ခဲသည့်နေ့ရက်များကို ဘယ်လောက်တောင်ကျော်ဖြတ်ခဲ့ရမှန်း သူမ မသိခဲ့ရပေ။
မင်လျိုရီ ထိုအကြောင်းအားတွေးလေလေ ဝမ်းနည်းလေလေဖြစ်သည်။ သူမ၏မျက်ရည်များသည် ထိန်းချုပ်မှုကင်းမဲ့စွာကျဆင်းလာပြီး ယောင်ကျိကျိုး၏ ဒူးပေါ်သို့ကျရောက်သွားကြသည်။ ဖုံးမရသည့် အမာရွတ်များပေါ်သို့ သူမလက်ဖြင့်ထပ်ခါထပ်ခါ ပွတ်ပေးနေမိသည်။ တစ်ဖက်တွင်လည်း ထိုဒဏ်ရာများ ပျောက်ကွယ်သွားနိုင်ရန်မျှော်လင့်ရင်းနှင့်ပင်...
သို့သော်လည်း မင်လျိုရီ မသိလိုက်သည်က ယောင်ကျိကျိုး၏ မျက်တောင်များ အနည်းငယ်တုန်ရီနေခဲ့သည်ကိုပင်။ ဒါပေါ့ သေချာပေါက် ထိုအချိန်မှာ ယောင်ကျိကျိုး၏ နှလုံးသားက အံ့အားသင့်နေခဲ့သည်ကိုလည်း မင်လျိုရီတစ်ယောက်မသိခဲ့ပေ။
နှစ်ပေါင်းများစွာ သူ့ခြေထောက်၏ တည်ရှိမှုကို မခံစားခဲ့ရသော်လည်း ယခုတွင်တော့ အိပ်ရာဘေးရှိအမျိုးသမီးဆီမှ မျက်ရည်ပေါက်များက ခြေထောက်ဆီသို့ ကျဆင်းလာသည်ကိုခံစားလိုက်ရသည်။
ထိုခံစားချက်သည် စစ်မှန်လွန်းသည်။ ယောင်ကျိကျိုးသည် မျက်လုံးများဖွင့်ကာ မည်သူကသူ့အတွက်မျက်ရည်ကျပေးနေသည်ကို သိချင်သော်လည်း သူ၏မျက်ခွံများသည် ပိတ်စို့ခြင်းခံထားရသကဲ့သို့ဖွင့်မရချေ။
"ယောင်ကျိကျိုး ကျွန်မရှင့်ကို နောက်သုံးလ လုံးလုံး ကောင်းကောင်းဂရုစိုက်ပေးပါ့မယ် ရှင်နိုးလာတဲ့အခါကျရင် ကျွန်မကိုကူပေးရမယ်နော်"
ယောင်ကျိကျိုး နူးညံ့သောအသံအားကြားလိုက်ရပြီး ထိုအသံတွင် မှော်စွမ်းအင်များပါဝင်နေသည်ဟုပင်ထင်ရလောက်အောင် သူ့၏နွမ်းနယ်နေသော နှလုံးသားကို ပျော့ပျောင်းလာစေသည်။ ထိုအသံသည် မင်လျိုရီ့အသံနှင့် ဆင်သည်ဟုခံစားမိသော်လည်း မင်လျိုရီသည် အော်ဟစ်ပြောဆိုသည်ကလွဲ၍ ထိုကဲ့သို့တစ်ခါမှမပြောဖူးသောကြောင့် အသံအားမမှတ်မိပေ။
သို့သော်လည်း ချက်ချင်းဆိုသလို ယောင်ကျိကျိုးသည် ဟာသဆန်သည်ဟုခံစားလာရသည်။ ဘာလို့ မင်လျိုရီက သူ့အတွက်ငိုပေးနေမှာလဲ....သူ့ရဲ့ ဒီပုံစံကိုမြင်ရင် သူမက ပျော်လွန်း၍ လက်ခုပ်လက်ဝါးပါထတီးပေလိမ့်မည်။ ဒါမှမဟုတ်...သူမ ရွည်ရွယ်ချက်အသစ်ပြောင်းသွားတာလား။ ဟုတ်လောက်မည်။ ယောင်ကျိကျိုးသည် အနည်းငယ်မျှ ဆက်စဥ်းစားလိုက်သော်လည်း သူသည်အတော်လေးပင်ပန်းနေ၍ဖြစ်လိမ့်မည်...နောက်တစ်ဖန် အိပ်ပျော်သွားလေသည်။
မင်လျိုရီ သူ၏ခြေထောက်ပိုင်းကို ပွတ်တိုက်ပေးပြီးနောက် သူမအဝတ်များပြန်လဲရန် ထွက်သွားတော့သည်။ သူမ မူလမင်လျိုရီ၏ ဗီဒိုအားဖွင့်လိုက်ချိန်တွင် မိုးကြိုးပစ်ချခံရသကဲ့သို့ ခံစားလိုက်ရသည်။
'မူလ မင်လျိုရီရဲ့အကြိုက်က ဘယ်လိုတောင်လား'
အဝတ်ဗီဒိုတစ်ခုလုံး အရောင်တောက်တောက်ဝတ်စုံများဖြင့်ပြည့်နေပြီး မသိသည့်လူဆိူလျှင် ဗီဒိုထဲကို ဆေးခြယ်သည့်ခွက်မှောက်ကျသည်ဟု ထင်လောက်သည်။ သူမ အချိန်အတော်အတန်ကြာ ရှာဖွေပြီးနောက်တွင် အဆင်ပြေလောက်သည့်တစ်စုံအားရွေးလိုက်သည်။
ရှောင်ဖန်းဝင်လာသောအခါ အရင်ကနှင့်မတူဘဲ ကွဲထွက်နေသော သူ့သခင်မကိုမြင်သောအခါ မျက်လုံးများလက်သွားတော့သည်။ သခင်မသည် ပိုပြီးချောလာသည်ဟုထင်မိသည်။ သို့သော်လည်း သူမကဲ့သို့ အိမ်အကူသည် ထိုအရာအားထုတ်မပြောသင့်ပေ။ သူမပြောလိုက်သည်က
"သခင်မ နံနက်စာအဆင်သင့်ဖြစ်ပါပြီ... ခဏနေရင် စပယ်ရှယ်နာ့စ်က သခင့်ကို အစာပိုက်လာတပ်ပါလိမ့်မယ်"
မင်လျိုရီ ခေါင်းငြိမ့်လိုက်သည်။ ခဏအကြာတွင်ေဆးရုံများ၌တွေ့ရသော အစာပိုက်များနှင့် နှာခေါင်းပိုက်သယ်လာသော သူအားတွေ့ရသည်။
"အဲ့တာတွေက သူ့ကိုနာကျင်စေမှာလား"
သူမ သတိလက်လွတ်ဖြင့် မေးလိုက်မိသည်။
"စိတ်မပူပါနဲ့ သခင်မ ဒါတွေက လူနာအတွက်ပါ... သခင့်အတွက်လဲ ပိုပြီး သက်တောင့်သက်သာရှိစေမှာပါ... မနာကျင်ပါဘူး"
စပယ်ရှယ်နာ့စ်သည် အသက်သုံးဆယ်ဝန်းကျင် သက်လတ်ပိုင်းအမျိုးသမီးတစ်ဦးဖြစ်ပြီး အတွေ့အကြုံရှိသည့်ပုံပေါ်သည်။
မင်လျိုရီ ဘာမှထပ်မပြောတော့ဘဲ ထမင်းစားခန်းထဲသို့ဝင်သွားလေသည်။ သူမ စားပြီးနောက်စာအုပ်၏မူလဇာတ်ကြောင်းကို ပြန်စဥ်းစားမိသည်။ ဇာတ်ကြောင်းတစ်ခုလုံးကိုသိသော်ငြား သူမသည် မူလမင်လျိုရီကဲ့သို့ ရည်မှန်းချက်ပန်းတိုင်မရှိဘဲ နေမသွားချင်ပေ။ သူမသေမည်ဆိုရင်တောင် အကျိုးအကြောင်းတော့ ရှိရမည်။
မူလမင်လျိုရီသည် သူမကသာ ချိုက်မိသားစု၏ သမီးအရင်းဆိုတာကို သေသည်အထိ သိမသွားခဲ့ပေ။ ထို့အပြင် ချိုက်ရီရှီးဆိုသည့် စာအုပ်ထဲမှ ဇာတ်လိုက်မကမှသာ အိမ်အကူ၏သမီးဖြစ်သည်။
🥰