အပိုင်း၇
Viewers 4k

🥰 Chapter 7




မူလမင်လျိုရီနှင့် ချိုက်ရီရှီးတို့၏ ကံကြမ္မာလဲလှယ်ခံရခြင်းသည် မစ္စမင်၏ လောဘကြောင့်ဖြစ်သည်။ မစ္စမင်သည် သူမ၏ကလေးကို ကောင်းမွန်သောဘဝတွင် နေထိုင်စေလိုသည်။ ထို့ကြောင့် မီးဖွားခန်းသို့ဝင်ကာ ကလေးနှစ်ယောက်ကို နေရာလဲခဲ့သည်။ 


အစပိုင်းတွင် မူလမင်လျိုရီသည် မင်မိသားစုတွင် သာမန်မိန်းကလေးအဖြစ်နှင့် ပျော်ရွှင်အေးချမ်းစွာနေထိုင်နေရသော်လည်း မထင်မှတ်ထားသည့်အရာဖြစ်ပွားခဲ့သည်။ ချိုက်ရီရှီးက ထိုလျှို့ဝှက်ချက်ကို ရှာတွေ့သွားခြင်းပင်ဖြစ်သည်။ 


သူမသည် ချိုက်မိသားစု၏ သမီးမဟုတ်သည်ကို ချိုက်ရီရှီး သိနေသည်မှာ အချိန်ကြာမြင့်နေပြီဖြစ်သည်။ သူမသည် ထိုကိစ္စကို စုံစမ်းရင်း နောက်ဆုံးတွင် သူမက အိမ်အကူ၏သမီးဖြစ်မှန်း သိလိုက်ရသည်။ ထိုအဖြစ်အပျက်ကို သူမလက်ခံနိုင်ဖို့ မကြိုးစားလိုက်ရခင်မှာပင် နောက်ထပ်ထိတ်လန့်စရာသတင်းရောက်ရှိလာသည်။ သူမတစ်ခါမှမတွေ့ဖူးသော အင်အားကြီးပြီး ချမ်းသာသည့် ခင်ပွန်းလောင်း ယောင်ကျိကျိုးသည် မျက်လုံးမမြင်ဒုက္ခိတဘဝသို့ရောက်သွားသည်။


ထိုသို့သော အကြောင်းအရာနှစ်ခုအောက်တွင် ချိုက်ရီရှီးသည် လွတ်မြောက်ရန် စွန့်စားကြည့်ဖို့ကိုရွေးချယ်ခဲ့ပြီး သူမ၏ မိခင်အရင်းဖြစ်သော အိမ်အကူကိုသွားရှာခဲ့သည်။ ထို့နောက် သူမသည် ဒုက္ခိတတစ်ယောက်ကို လက်ထပ်ရန်ချိုက်မိသားစု၏ ခြိမ်းခြောက်မှုကိုခံနေရသည်ဟု ပြောခဲ့သည်။ မစ္စမင်က ဘယ်လိုလုပ် သူမရဲ့တစ်ဦးတည်းသောသမီးက ထိုသို့သော ဒုက္ခတွေခံစားနေရသည်ကို ထိုင်ကြည့်နေနိုင်မှာလဲ.... သူမက ချိုက်မိသားစုကို သွားပြီး ကလေးချင်းပြန်လဲချင်ခဲ့သည်။


သို့သော်လည်း ချိုက်ရီရှီးသည် ငြင်းပယ်လိုက်ပြီး သူမ၏အစီအစဥ်ကို ပြောပြခဲ့သည်။ နောက်ဆုံးတွင်တော့ မူလမင်လျိုရီသည် ချိုက်ရီရှီး၏ "ဝမ်းကွဲ" ဖြစ်လာပြီး မသန်စွမ်းသည့် ယောင်ကျိကျိုးကို သူမအစား လက်ထပ်ရဖို့ဖြစ်လာခဲ့သည်။


ထိုအစီအစဥ်လုံး၏ အောင်မြင်မှုသည် မယုံနိုင်စရာပင်။ ထိုအရာက ချိုက်ရီရှီးကို သူမက ကံကြမ္မာ၏ရွေးချယ်ခြင်းခံရသည်ဟု ယုံကြည်လာစေပြီး မင်လျိုရီ၏ ကံကြမ္မာသည်တော့ လွတ်မြောက်ရန် လမ်းမရှိတော့ပေ...


ထို့နောက် မူလမင်လျိုရိီသည် ချိုက်ရီရှီး စီစဥ်ထားခဲ့သည့် သေလမ်းကို တည့်တည့်မတ်မတ်ပင် ဝင်သွားခဲ့သည်။


မူလမင်လျိုရီ ရုန်းကန်နေရချိန်တွင် စာအုပ်ထဲမှ ဇာတ်လိုက်မဖြစ်သော ချိုက်ရီရှီး သည် ဇာတ်လိုက်နှင့် ထပ်မံတွေ့ဆုံရဖို့ဖြစ်လာခဲ့သည်။ သူမက ဇာတ်လိုက်အနားကို သူမ၏ကြင်နာမှု၊ ဆင်ခြင်နိုင်စွမ်းများနှင့် ချဥ်းကပ်ခဲ့ပြီး သူတို့နှစ်ဦးသည် ပျော်ရွှင်စွာပေါင်ဖက်သွားကြသည်...


မင်လျိုရီ ထိုအကြောင်းအရာကို ပြန်စဥ်းစားမိတော့ သူမ၏ ကျောရိုးတစ်လျှောက်အေးစက်မှုက ဖြတ်သန်းသွားခဲ့သည်။ ဒါကြီးက ဘယ်လိုတောင် လူအမြောက်အများဖတ်ရှုတဲ့ စုတ်ပျက်နေတဲ့ဇာတ်ကြောင်းလဲ...အခုတော့ သူမက ထိုကံဆိုးရှာသည့် အမြှောက်စာနေရာသို့ ရောက်ရှိလာသည်။ 


မင်လျိုရီသည် မူလမင်လျိုရီ ပြုလုပ်ခဲ့သည့်အမှားမျိုးကို ထပ်မံမပြုလုပ်ချင်ပေ။ နောက်ပြီး ဇာတ်လိုက်မနှင့်လည်း မတိုက်ခိုက်ချင်ပေ။ သူမက မူလမင်လျိုရီ မဟုတ်သည့်အတွက် သူမတွင် ကြီးမားသည့်ရည်မှန်းချက်လည်းရှိမနေသလို ဤနေရာနှင့်လည်း မသက်ဆိုင်ပေ။ သူမက တိတ်တိတ်လေး သူမရဲ့ကြေကွဲဖွယ်အဆုံးသတ်ကိုပြောင်းလဲကာ အေးချမ်းသည့်ဘဝတွင် နေထိုင်ချင်တာဖြစ်သည်။


"အာ့"


မင်လျိုရီ ထိုအကြောင်းအရာများကို စဥ်းစားနေချိန်တွင် ရုတ်တရက်နာကျင်မှုကိုခံစားလိုက်ရသည်။ တစ်ယောက်ယောက်က သူမရဲ့ နှလုံးကို ထိုးကြိတ်လိုက်သလိုပင် အလွန်အမင်းနာကျင်လှသည်။ အကြောင်းတစ်ချို့ကြောင့် ယောင်ကျိကျိုး တစ်ခုခုဖြစ်ခဲ့သည်ကို သူမသိလေသည်။ ထို့ကြောင့်ထိုအသိသည် အသုံးဝင်လေသည်။


တွေးတောရင်းပင် မင်လျိုရီ သူမ၏ ရင်ဘတ်ကိုဆုပ်ကိုင်ထားပြီး ကျိကျိုးအခန်းထဲသို့ပြေးဝင်သွားခဲ့သည်။ သူမတံခါးဖွင့်လိုက်ချိန်တွင် ရှော့ရသွားသည်။


လွန်ခဲ့သည့် ဆယ်မိနစ်ခန့်က ကိုမာဝင်နေခဲ့သည်ဆိုသော်လည်း ယောင်ကျိကျိုးသည် အစာလည်းမျိုချနိုင်ပြီး အညစ်အကြေးလဲစွန့်နိုင်သေးသည်။ မစ္စကျူးသည် ကျိကျိုးအတွက် ပြင်ဆင်ပေးထားခဲ့သည့် ပိုက်များကိုကိုင်ထားခဲ့သည်။ ပုံမှန်အားဖြင့် ပိုက်တပ်ဆင်မှုသည် မိနစ်အနည်းငယ်မျှသာ ကြာသော်လည်း အံ့ဩဖို့ကောင်းစွာပင် စပယ်နာ့စ်ဆိုသူ၏ လုပ်ဆောင်ချက်များသည် မအောင်မြင်ပေ။ မစ္စကျူးသည် အနည်းငယ်စိတ်မရှည်ဖြစ်လာပြီး သူမရဲ့ လှုပ်ရှားမှုများသည်လည်း ကြမ်းတမ်းလာသည်။


မင်လျိုရီသည် အပေါ်သို့တက်လာခဲ့သောကြောင့် မစ္စကျူးက ယောင်ကျိကျိုးကို အတင်းအကြပ် ပိုက်တပ်ဆင်နေသည်ကိုတွေ့လိုက်ရသည်။မစ္စကျူးသည် မင်လျိုရီကိုတွေ့သည့်အခါ သူမ၏လုပ်ရပ်များကို ဖုံးကွယ်ရန်မကြိုးစားသည့်အပြင် သူမက ပြုံးပြကာပြောလေသည်။


"သခင်မကြည့်ရတာ နေလို့မကောင်းတဲ့ပုံပဲ... ပြန်သွားလိုက်တာကပိုပြီးအဆင်ပြေပါလိမ့်မယ် ကျွန်မက ကျွမ်းကျင်တဲ့လူပါ အဲ့တာကြောင့် စိတ်မပူပါနဲ့ ... အကယ်၍ ဒီလိုမျိုးသာ အားမသုံးရင် သခင်ယောင်ပိုပြီး မသက်မသာဖြစ်ရမှာပါ..."


မင်လျိုရီ စပယ်ရှယ်နာ့စ်ရဲ့ မသင့်တော်သော အမူအရာနှင့် လုပ်ဆောင်ချက်များကိုကြည့်နေရင်း သူမ၏ ​ခေါင်းမွှေးများပင်ထောင်လာသည်။ သူမ စပယ်ရှယ်နာ့စ်ကို ဘေးသို့တွန်းလိုက်သည်။


"ဒါမျိုး ထပ်မလုပ်တော့နဲ့ ကျွန်မပဲသူ့ကို နေ့တိုင်း အာဟာရရည်ကျွေးလိုက်မယ်...ရှင်ထွက်သွားနိုင်ပါပြီ"


မစ္စကျူးသည် အနည်းငယ်အံ့အားသင့်ကာ ဒေါသလည်းဖြစ်လာသည်။ သို့သော် သူမ မျက်နှာပေါ်မှ ကြင်နာတတ်သည့်အပြုံးကား မပြောင်းလဲသွားပေ။


"သခင်မ မသိတာဖြစ်ပါလိမ့်မယ်...ဒီအစာပိုက်တွေက ကြည့်လိုက်ရင် ကြောက်စရာကောင်းနေတာ ... အာစာရရည်ထည့်ကျွေးဖို့ အတွက်တော့ အရမ်းသင့်တော်ပါတယ်... နောက်ပြီး သခင်မက ဒီလိုအခြေခံအချက်အလက်တွေတောင်မသိတာ သခင့်ကိုဘယ်လိုမျိုးပြုစုစောင့်ရှောက်နိုင်မှာလဲ...ပြီးတော့ ဒါက ဥက္ကဌယောင် စီစဥ်ပေးထားခဲ့တဲ့..."


"ငါပြောတယ် ထွက်သွားနိုင်ပြီလို့... မကြားလိုက်ဘူးလား နင့်ပစ္စည်းတွေအကုန်ယူပြီး ထွက်သွား... ဥက္ကဌယောင်ကို ငါရှင်းပြလိုက်မယ် နင်စိတ်ပူစရာမလိုဘူး" 


ထိုအခိုက်အတန့်တွင် မင်လျိုရီသည် ဒေါသထွက်နေသည့်နတ်ဆိုးကဲ့သို့ ဖြစ်နေပြီး အမှန်တကယ်လည်း ဒေါသထွက်နေတာဖြစ်သည်။ ထိုစပယ်ရှယ်နာ့စ်က သူ့ရဲ့အရည်အချင်းတွေ ထုတ်ကြွားပြနေသည်ကို မမြင်ချင်ယောင်ဆောင်ဖို့က သူမမျက်လုံးတွေ ကန်းသွားမှပဲရမယ်....


မစ္စကျူး သက်ပြင်းချကာ ဟန်ဆောင်မျက်နှာဖုံးတပ်လိုက်ပြီး


"သခင်မဘာဖြစ်ချင်နေလဲဆိုတာ ကျွန်မမသိတော့ပါဘူး "


ထို့နောက် သူမပစ္စည်းများကို တိတ်တဆိတ် ထုတ်ပိုးကာ သူမကို တစ်စုံတစ်ယောက်က စိတ်သောကပေးလိုက်သည့်ပုံနှင့် ထွက်ခွာသွားတော့သည်။


မင်လျိုရီသည် စပယ်ရှယ်နာ့စ်၏ အမူအရာများကို လိုက်ကြည့်နေဖို့မအားဘဲ အလျင်အမြန် ယောင်ကျိကျိုး၏ အခြေအနေကိုစစ်ဆေးခဲ့သည်။


ယောင်ကျိကျိုး၏ ပါးစပ်ထောင့်သည် အနည်းငယ် ပေါက်ပြဲနေပြီး သွေးစမှိန်မှိန်လဲရှိသည်။ ဒါပေမဲ့ ဒီသွေးတွေက ပါးစပ်ထောင့်ကထွက်လာသည်လား သူ့ရဲ့အစာပြွန်ပျက်စီးသွားသည်ကထွက်လာသည်လား ဆိုတာတော့မသိနိုင်ပေ။ မင်လျိုရီ နှလုံးပင်နာလာသည်။


သူမနှင့် ဇာတ်လိုက်ကြားက ဆက်နွှယ်မှုကို မသိသော်လည်း သူ့နေရာတွင် အခြားသူစိမ်းတစ်ယောက်ထိုသို့ဆက်ဆံခံရသည်ကို မြင်ရင်လည်း မင်လျိုရီ သည်းခံနိုင်မည်မဟုတ်ပေ။ ဖော်ပြစရာပင်မလို သူမနှလုံးသည် ပြောမပြတတ်အောင် နာနေခဲ့သည်။



🥰