🥰 Chapter 8
အိမ်အကူ ရှောင်ဖန်းသည် သခင်မ၏ အလျင်စလိုအပြုအမူများကိုတွေ့ပြီး နောက်မှလိုက်သွားခဲ့သည်။ မျက်ခမ်းသားများပင် နီနေသော သခင်မကိုတွေ့သောအခါ သူမက ချက်ချင်းပင်ပြောလိုက်သည်။
"ကျွန်မ သခင့်အတွက် ဆန်ပြုတ်သွားယူလိုက်ဦးမယ်"
မင်လျိုရီ ခေါင်းငြိမ့်ကာ ယောင်ကျိကျိုးပါးစပ်ထောင့်မှ သွေးစများကို လက်ကိုင်ပုဝါနှင့် သုတ်ပေးလိုက်သည်။
ကြက်သွန်ဖြူဆန်ပြုတ်ချိုသည် လျင်မြန်စွာပဲ ပြုလုပ်ပြီးသွားသည်။ ဆန်ပြုတ်သည် အလွန်ပင်မွှေးကြိုင်ကာ ဆန်ပြုတ်ဖတ်များကနူးအိနေသည်။
မင်လျိုရီသည် ဇွန်းနှင့် အနည်းငယ်ခပ်ကာ မပူအောင် မှုတ်ပြီး ဂရုတစိုက်နှင့် ယောင်ကျိကျိုးကို ခွံ့ကျွေးလိုက်သည်။
ကံကောင်းထောက်မစွာနှင့် ယောင်ကျိကျိုးသည် အစာမြိုချရာတွင် အခက်အခဲမရှိဘဲ ပထမတစ်လုပ်ကို ချောချောမွေ့မွေ့ မြိုချလိုက်နိုင်သည်။
ထိုအရာကြောင့် အားတက်သွားသော မင်လျိုရီသည် အစာဝင်ရပ်သွားမည်စိုးသဖြင့် အရှိန်မြင့်လိုက်တော့သည်။ သူမအတိတ်ဘဝတွင်ရော ယခုဘဝတွင်ရော လူတစ်ယောက်ကို ဂရုတစိုက်နှင့် အစာခွံ့ကျွေးရသည်မှာ ပထမဆုံးအကြိမ်ဟုပင် ဆိုနိုင်လေသည်။
သူမ၏ လုပ်ဆောင်မှုများသည် အရမ်းမကောင်းသော်လည်း ကံကောင်းသည်က သူမသည် စိတ်ရှည်လေသည်။ ထို့ကြောင့် နည်းနည်းချင်းစီ ခွံ့ကျွေးလေသည်။
အကယ်၍ ဆန်ပြုတ်ကပြန်ထွက်လာရင်တောင် မင်လျိုရီက အလျင်မလိုခဲ့ပေ။ သူမက ညင်သာစွာဖြင့် ယောင်ကျိကျိုး၏ပါးစပ်ကိုသုတ်ပေးပြီး ဆက်ခွံ့ကျွေးပေလိမ့်မည်။
ထိုဆန်ပြတ်တစ်ပန်းကန်လုံး ကုန်ရန်အချိန်သည် တစ်နာရီနီးပါးမျှကြာသည်။
မင်လျိုရီသည် ကျေနပ်သွားပြီး ပြုံးလိုက်ကာ
"မစ္စယောင် ... ရှင်ဒီနေ့တော့ ကြက်သွန်ဖြူဆန်ပြုတ်ပဲ စားနိုင်ဦးမယ်...ဒီနေ့မှပြန်ကောင်းကာခါစဆိုတော့ ရှင့်အစာအိမ်က အစာပျော့ပဲလက်ခံနိုင်မှာ...စိတ်မပူပါနဲ့ ကျွန်မ နောက်ကျရင် ဒီထက်ပိုအရသာရှိတဲ့ အစားအစာတွေပြင်ဆင်ပေးမယ်နော်"
ရှောင်ဖန်း ယခုလိုမျိုး သာယာအေးချမ်းသည့်လေထုကို အိမ်တွင် မခံစားရသည်မှာ ကြာပြီဖြစ်သည်။ ထို့ကြောင့် သူမ မတတ်နိုင်ဘဲ အတူတူလိုက်ပြုံးနေမိတော့သည်။ ဒီအိမ်တွင် အိမ်ရှင်မတစ်ယောက်ရှိလာခဲ့ပြီ။ နောက်ဆုံးတော့ "အိမ်" ဟုခံစားရပြီဖြစ်သည်။
သူမ၏ အစာခွံ့ကျွေးသည့်အပိုင်းပြီးဆုံးသွားပြိးနောက် မင်လျိုရီသည် လေ့ကျင့်ခန်းလုပ်ရန် ထွက်ခွာသွားတော့သည်။ တစ်နာရီလောက် မလှုပ်မယှက်နေပြီး သူမ အနည်းငယ်ပင်ပန်းသလို ခံစားရသည်။ သို့သော်လည်း လမ်းလျှောက်နေစဥ် သူမ ယောင်ကျိကျိုးအကြောင်း တွေးနေခဲ့သည်။
ကိုမာဝင်နေသောသူသည် သာမန်လူကောင်းတစ်ယောက်ကဲ့သို့ အစာမချက်နိုင်သော်လည်း ခန္ဓာကိုယ်အာဟာရ ရရှိရန် လိုအပ်သည်။ နေ့တိုင်း ဆန်ပြုတ်သောက်ရုံဖြင့် မလုံလောက်ပေ။
ထိုအချိန်တွင် အစားအသောက်လာပို့သည့် ထရပ်ကားငယ်လေးသည် အပြင်မှ မောင်းဝင်လာသည်။
ဒရိုက်ဘာသည် ရှောင်လင်း ဖြစ်ပြီး လိုအပ်သည့်ဟင်းအမယ်များ ဝယ်ရန်တာဝန်ယူရသူဖြစ်သည်။ နေ့စဥ်နှင့်အမျှ ဗီလာသို့ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ ပို့ဆောင်ပေးတတ်သည်။ ဒါပေါ့ ... ဒါတွေအကုန်လုံးက ယောင်ကျိကျိုးတစ်ယောက်တည်းအတွက် မဟုတ်ပေ။ သူက ယောင်မိသားစုရဲ့ အဓိကအိမ်တော်ကို အရင်ပို့ဆောင်ပြီး ကျန်တာတွေကိုတော့ ဒီကိုပို့ပေးသည်။
မင်လျိုရီ၏ မျက်လုံးများသည် ရှောင်လင်းသယ်လာသော လတ်ဆတ်သည့်လိမ္မော်သီးပုံးကို မြင်သောအခါ တဖြက်ဖြက်လက်လာသည်။ လိမ္မော်သီးတွင်ပါဝင်သော ဗီတာမင်ဓာတ်သည် အလွန်မြင်မားပြီး ယောင်ကျိကျိုး၏အခြေအနေနှင့် အတော်လေးသင့်တော်သည်။
မင်လျိုရီသည် ချက်ချင်းပင် မီးဖိုချောင်သို့ ယောင်ကျိကျိုးအတွက် လိမ္မော်ရည်ဖျော်ခိုင်းလိုက်သည်။
မင်လျိုရီ အခန်းသို့ပြန်ရောက်လာသောအခါ နာစ့်များသည် ယောင်ကျိကျိုးကို ညအိပ်ဝတ်စုံပင် လဲပေးပြီးလေပြီ။ သူမ ကုတင်ဘေးတွင်ဝင်ထိုင်ကာ ကျိကျိုးကို ကြည့်နေမိသည်။ သူမလူပေါင်းများစွာကိုတွေ့ဖူးသော်လည်း ယောင်ကျိကျိုး၏ အိပ်ပျော်နေသည့်မျက်နှာကတော့ သူမကို အသက်ရှူမှားစေသည်။
ယောင်ကျိကျိုးသည် အလွန်အမင်းချောမောလွန်းသည်။ မင်လျိုရီ သူမ၏ ပန်းနုရောင်သန်းလာသော မျက်နှာပိုးကိုထိန်းကာ ကျိကျိုးကိုစိုက်ကြည့်လိုက်သည်။
သူ၏မကျန်းမာမှုကြောင့် နဂိုရှိသည့် အေးစက်ပြီးဖြူဖွေးသော အသားအရည်က ယခုတွင်မူ သွေးပင်မရှိတော့ဘဲ တစ်ဖက်သို့ဖောက်မြင်နိုင်တော့မည့်ပုံ ပေါ်နေသည်။ ချောင်ကျနေသော မျက်ကွင်းများ...နှာတံမြင့်မြင့်...ထင်းနေသော မေးရိုးနှင့် နှုတ်ခမ်းပါးများက.....
"ဂလု"
မင်လျိုရီ သတိလက်လွတ် တံတွေးမျိုချမိသွားသည်။
သူမ ဘာလုပ်နေသည်ကို သတိထားမိသွားသောအခါ ချက်ချင်းထရပ်လိုက်လေသည်။ မဖြစ်သေးပါဘူး သူမအပြုအမူတွေက အန္တရာယ်များလွနးတယ်။ ဘယ်လိုလုပ်ပြီး ဇာတ်လိုက်ရဲ့မျက်နှာကို စွဲလမ်းသွားရတာလဲ...မင်လျိုရီတစ်ယောက် အနာဂတ်တွင် စိတ်ကျန်းမာရေးဆရာဝန်နှင့်ပြဖို့ ဆုံးဖြတ်လိုက်လေသည်။
ကံကောင်းစွာနှင့် ထိုသို့တွေးပြီးနောက်တွင် မင်လျိုရီ၏ ထိန်းသိမ်းမရသောနှလုံးသားသည် တည်ငြိမ်စပြုလာသည်။ သူမ၏ ရဲနေသောမျက်နှာကိုသာ လက်ဖြင့်ပုတ်နေမိလေသည်။
ထိုအချိန်တွင် ရှောင်ဖန်းသည် လိမ္မော်ရည်ခွက်အား သယ်ကာအပေါ်သို့တက်လာသည်။ ထို့နောက် သူ့သခင်မ၏ ကိုယ့်မျက်နှာကိုယ် ရိုက်နေခြင်းအား မြင်လိုက်ရသည်။
'သခင်မက ဒီနေ့အရမ်းထူးဆန်းတာပဲ...ဆေးရုံသွားပြဖို့လိုနေပြီလားမသိဘူး ... သခင် ကိုမာဝင်သွားတာကို အခုထိ ထိတ်လန့်နေတုန်းများလား...'
မင်လျိုရီသည် မျက်လုံးထောင့်မှ လူတစ်ယောက်ကိုမြင်လိုက်သည်။ သူမကိုယ်သူမ သတ္တိမေးကာ ပြောလိုက်သည်။
"လိမ္မော်ရည် ငါ့ကိုပေး"
"ဟုတ်ကဲ့ သခင်မ"
ရှောင်ဖန်း အလျင်အမြန် ကမ်းပေးလိုက်သည်။
"အခုလေးတင်မှ မီးဖိုချောင်ကနေ ဖျော်လာတာပါ"
သို့ရာတွင် ရှောင်ဖန်းထွက်သွားသည်နှင့် မရင်းနှီးသည့် နောက်ထပ်အိမ်အကူတစ်ယောက် ဝင်လာကာ
"သခင်မလည်း လိမ္မော်ရည်ကို နှစ်သက်တာ သတိရလို့ ကျွန်မနောက်တစ်ခွက်ဖျော်လာတာပါ"
မင်လျိုရီ များများစားစား မစဥ်းစားဘဲလက်ခံလိုက်သည်။ အမှန်တော့ လိမ္မောရည်ကြိုက်တာ မူလမင်လျိုရီဖြစ်သည်။ သို့သော် ထုတ်ပြောဖို့မလိုသောကြောင့် မျက်တောင်ပင်မခတ်ဘဲ တန်းလက်ခံလိုက်သည်။
အိမ်အကူသည် လိမ္မောရည်ပေးပြီးသည်နှင့် ကြာကြာမနေဘဲထွက်သွားတော့သည်။ မင်လျိုရီသတိမထားမိချိန်တွင် အိမ်အကူသည် ယောင်ကျိကျိုးအား တစ်ချက်စိုက်ကြည့်ပြီးမှ ထွက်သွားသည်။
လိမ္မော်ရည်အား ကြည့်ကာ အရသာရှိမည်ဟုခံစားမိသည်။ မင်လျိုရီ ရေဆာလာသောကြောင့် တစ်ကျိုက်မော့ချလိုက်သည်...ထို့နောက် မျက်မှောင်ကျုံ့သွားမိသည်။
'ဒါက လတ်လတ်ဆတ်ဆတ် ညှစ်ထားတဲ့ လိမ္မော်ရည်မှမဟုတ်တာ...ကြည့််ရတာ လိမ္မောသီးအများကြီးကိုကြိတ်ထားသလိုပဲ...တစ်ခုခု ဖုံးကွယ်ဖို့အတွက်လား...'
ထို့နောက် ယောင်ကျိကျိုး၏ခွက်ကိုယူလိုက်သည်။ အရသာက အတူတူပင်။
မင်လျိုရီ၏ အမူအရာသည်အနည်းငယ် ပြောင်းလာသည်။ သူမဒီတစ်ကြိမ်တွင် သတိလက်လွတ်ဖြစ်သွားမိသည်။ အိမ်အကူအများစုသည် အဓိကအိမ်တော်မှလာသည်ဆိုသော်ငြား အိမ်အတွက် တာဝန်ကျသည့်လူကများပြီး တော်တော်များများသည် မျက်နှာစိမ်းများဖြစ်သည်။
🥰