🥰 Chapter 9
ယောင်ကျိကျိုး၏ ဒဏ်ရာနှင့် ကိုမာကြောင့် ယောင်ကုမ္ပဏီတစ်ခုလုံး ဆုံးဖြတ်ရခက်သည့် အခြေအနေသို့ရောက်ရှိနေသည်။ မင်လျိုရီ သူမဖတ်ခဲ့သောစာအုပ်အကြောင်း မှတ်ဉာဏ်ထဲပြန်တွေးလိုက်တော့ ယောင်ကျိကျိုး၏ဝမ်းကွဲ ယောင်ကျိရန်သည် ဥက္ကဌနေရာယူရန် အလျင်လိုနေခဲ့ပြီး ယောင်ကျိကျိုးကို လုပ်ကြံဖို့ကြိုးစားခဲ့သည်။
မင်လျိုရီ ကိုမာဝင်နေသည့်ဇာတ်လိုက်ကိုကြည့်ကာ သက်ပြင်းချမိလိုက်သည်။ အားလုံးက ဇာတ်လိုက်ဖြစ်ရင် ကောင်းချီးခံရတယ်ထင်နေကြတာ ကျိကျိုးလောက် စိတ်မချမ်းမြေ့စရာများ ကြုံတွေ့ရသည့်ဇာတ်လိုက်ကို သူမ မမြင်ခဲ့ဖူးပါချေ။
မင်လျိုရီ ရှောင်ဖန်းကိုခေါ်ရန် နောက်သို့လှည့်လိုက်သည်။ မူလဇာတ်ကြောင်းကို ပြန်တွေးမိတော့ ယောင်ကျိကျိုးကို ပြုစုရသည့် ဒီအိမ်အကူလေး ရှောင်ဖန်းက ဘာအကြံအစည်မှမရှိခဲ့ပေ။ ထို့ကြောင့် မင်လျိုရီသည် မျက်နှာစိမ်းအိမ်အကူနှင့်အဆက်အသွယ်လုပ်နေသည့်လူကို စုံစမ်းရန် သူမအား တာဝန်ပေးလိုက်သည်။
အမှန်တကယ်တော့ မီးဖိုချောင်မှ လိမ္မော်ရည်နှစ်ခွက်ပြင်ဆင်ပေးခဲဲ့ပြီး ဘာမှမသိသည့်ရှောင်ဖန်းက နှစ်ခွက်လုံးကို သူမက ကျိကျိုးအတွက်ဖျော်ခိုင်းသည်ထင်ပြီး ပထမခွက်ကိုအရင်ယူလာခြင်းဖြစ်သည်။
ဒါကိုမြင်သွားသော နောက်ထပ်အိမ်အကူက ကျန်နေခဲ့သည့် ဖန်ခွက် ကိုယူကာ အပေါ်သို့လာပေးသည်။ နောက်ဆုံးတွင် မင်လျိုရီသည် ယောင်ကျိကျိုး၏ တရားဝင်ဇနီးအဖြစ်ရှိနေဆဲပင်။ ယောင်ကျိကျိုး ဆုံးပါးသွားခဲ့လျှင်တောင် မင်လျိုရီတွင် လုပ်ပိုင်ခွင့်အာဏာရှိသည်။ ထို့ကြောင့် တစ်ချို့က သူမနှင့် မျက်နှာမပျက်ချင်ကြပေ။
ရှောင်ဖန်းကို လမ်းပြပေးပြီးနောက် မင်လျိုရီသည် မီးဖိုချောင်သို့သွားကာ လိမ္မော်ရည်နှစ်ခွက်ဖျော်ပြီး ကျိကျိုးအခန်းသို့ နေ့စဥ်ပို့ပေးရန် ပြောလိုက်သည်။ ယခု ရန်သူက အရိပ်ထဲတွင်ပုန်းနေပြီး သူမက ကွင်းလယ်သို့ရောက်နေသည်။ သူမအဖို့ အခွင့်ကောင်းစောင့်ရုံသာတတ်နိုင်ပြီး အကယ်၍ လိမ္မော်ရည်ဇာတ်လမ်းကို ဒီမှာရပ်လိုက်မယ်ဆိုလျှင် တစ်ဖက်လူက ဘယ်လိုဒုက္ခထပ်ပေးမယ်ကို မသိနိုင်တော့ဘဲ ကာကွယ်ဖို့လဲ မဖြစ်နိုင်တော့ပေ။
လိမ္မော်ရည်နှင့် ပတ်သက်ပြီး သူမ စိတ်ထင်သည်က သေချာလား မသေချာလား မင်လျိုရီမသိပေ။ စာအုပ်ထဲတွင် ထိုကိစ္စများကို အကြမ်းဖျင်းသာရေးထားသောကြောင့် သူမသံသယရှိသော လိမ္မော်ရည်ကို သွန်ပစ်ရုံမှလွဲ၍မတတ်နိုင်ပေ။
မင်လျိုရီသည် ခုခံနိုင်စွမ်းကင်းမဲ့ကာ ထိလိုက်ရုံဖြင့်ပျက်စီးသွားနိုင်သည့်ပုံပေါက်နေသည့် ယောင်ကျိကျိုးတစ်ယောက် ကုတင်ထက်တွင်လဲလျောင်းနေသည်ကို ကြည့်နေမိသည်။
"ရှင့်လိုလူက ကျွန်မလိုမိန်းမငယ်လေးဆီက ကာကွယ်မှု လိုအပ်တဲ့နေ့ ရှိလာလိမ့်မယ်လို့ တွေးတောင်မတွေးမိခဲ့ဘူး...ရှင်က ဇာတ်လိုက်လေ ရှင့်ရဲ့ဇာတ်လိုက်အရှိန်အဝါတွေ ဘယ်ရောက်ကုန်တာလဲ...ဒါပေမဲ့ ရှင့်ရဲ့ကံကြမ္မာက ကျွန်မနဲ့ ထူးမခြားနားပါပဲ"
မင်လျိုရီ ယောင်ကျိကျိုး၏ ခြေထောက်များကိုနှိပ်ပေးကာ စာအုပ်ထဲမှ ကျိကျိုးကြုံခဲ့ရသည်များကို တွေးမိပြီး သက်ပြင်းချနေတော့သည်။
သို့သော်လည်း ယောင်ကျိကျိုး၏ မျက်တောင်ဖျားများ လှုပ်ခတ်သွားသည်ကိုတော့ မင်လျိုရီသတိမထားမိချေ။
ယောင်ကျိကျိုးသည် သေးငယ်ပြီး နူးညံ့အိစက်သည့် လက်တစ်စုံက ခံစားမှုကင်းမဲ့နေသင့်သည့် သူ့ခြေထောက်ကို လာထိနေမှန်း ခံစားလိုက်ရသည်။ မင်လျိုရီ သူ့ခြေထောက်ကိုလာထိစဥ် ကျိကျိုးအသိစိတ်အနည်းငယ် ပြန်ရလာသည်။ သူသည် ထထိုင်လိုက်ဖို့ရုန်းကန်ချင်သော်လည်း ယခုထက်ထိ လှုပ်ရှားမရသေးဘဲ သူ့ခြေထောက်နှင့် လက်များကို ကြိုးနှင့်တုတ်ထားသကဲ့သို့ခံစားရပြီး သူ့ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်ပေ။
စွမ်းဆောင်နိုင်စွမ်းကင်းမဲ့မှုနှင့် မျှော်လင့်ချက်မဲ့မှုတို့က သူ့ကိုနေရာယူထားသည်။ ဒါကသေတာနဲ့ ဘာထူးတော့မှာလဲ ... အခုလိုမျိုး တန်ဖိုးမရှိသည့်ဘဝတွင် သူ မရှင်သန်ချင်လိုပေ။
တစ်ခဏအကြာတွင် သူ့ဘေးမှ နူးညံ့ညင်သာသည့် မိန်းကလေးတစ်ယောက်အသံကို ကြားလိုက်ရသည်။
"ယောင်ကျိကျိုး ကျွန်မက ရှင့်ကို အသားယူနေတာမဟုတ်ဘူးနော် နှိပ်ပေးနေတာ ...ဒါမှ ရှင့်ကြွက်သားတွေ တောင့်တင်းမနေတော့မှာ"
မင်လျိုရီတစ်ယောက်တည်း ရေရွတ်နေသည်။
ယောင်ကျိကျိုး ပြောစရာစကား မဲ့သွားသည်။
'သူမက ငါ့ရဲ့ရုပ်ဆိုးတဲ့ ဒုက္ခိတခြေထောက်တွေကို ထိနေတာပဲ ငါဘယ်လိုလုပ်ရမလဲ'
"အစကတော့ ကျွမ်းကျင်တဲ့ နာ့စ်တွေကို ငှားချင်တာ...ဒါပေမဲ့အခုတော့ သူတို့အားလုံးက သံသယဝင်စရာကောင်းနေတယ် အဲ့တော့မေ့လိုက်ကြရအောင်...ရှင့်မှာ ကျွန်မလိုမကျွမ်းကျင်တဲ့သူကို ခွင့်ပြုဖို့ပဲရှိတော့တယ်"
မင်လျိုရီသည် သစ်ပင်နှင့်စကားပြောနေသကဲ့သို့ အဆက်မပြတ်ရေရွတ်နေလေသည်။
ယောင်ကျိကျိုး တကယ်ပင်ရှုပ်ထွေးလာပြီဖြစ်သည်။ ဒီအသံက ဘယ်သူ့အသံလဲ...သူ အနည်းငယ်မျှကြာအောင် ထိုအသံအား စိတ်အားထက်သန်စွာနှင့်လိုက်နားထောင်နေခဲ့ပြီး နောက်ဆုံး သက်ရှိတစ်ယောက်၏အသက်ရှူသံကိုမကြားရတော့ပေ။ သူ့လိုကိုမာဝင်နေတဲ့လူတစ်ယောက်ကို ဘယ်သူကဒီလောက် ကြင်နာယုယပြိး ဂရုစိုက်နေတာလဲ...
မင်လျိုရီပြောလိုက်သည်။
"အိမ်ဟောင်းကနေ စားဖိုမှူးကိုခေါ်လာမိလို့တော်သေးတယ်...ရှောင်ဖန်းကိုပဲ နေ့လယ်စာအတွက် ညွှန်ကြားပြီးလာပို့ခိုင်းလိုက်မယ်"
ထိုတွင် ယောင်ကျိကျိုးသည် သူ၏အစာအိမ်မှ နွေးထွေးပြီး သက်တောင့်သက်သာရှိမှုကိုခံစားလိုက်ရသည်။ သူ့အတွက် ထိုသို့မခံစားရသည်မှာ ကြာပြီဖြစ်သည်။ သူမ သူ့ကိုခွံ့ကျွေးနေတာပဲ ...ဘာလို့လဲ...
သူက ကိုမာဝင်နေပြီပဲကို သူမက ဘာလို့ဒီလောက် တောင် အားကြိုးမာန်တက်ပြုစုပေးနေတာလဲ...ဒါမှမဟုတ် လစာက အရမ်းများလို့များလား...
ထိုအချိန်တွင် ယောင်ကျိကျိုးတစ်ယောက် ချမ်းသာသည့်မိသားစုတွင် မွေးဖွားလာရသည်ကို ကံကောင်းသည်ဟုခံစားလိုက်မိသည်။ အကယ်၍ ပိုက်ဆံနဲ့သာ လူတစ်ယောက်ရဲ့ ရက်ရောမှုတွေ၊ စေသနာတွေ ဝယ်လို့ရမယ်ဆိုရင် သူ့မှာရှိသမျှ တစ်ပြားမကျန် အကုန်ပေးလိုက်ချင်ပါသည်။
အသံပိုင်ရှင်သည် မောပန်းလာပုံရကာ အသံတဖြည်းဖြည်း တိုးဝင်သွားပြီး နှိပ်နှယ်ခြင်းလည်း ပြီးဆုံးသွားလေပြီ။ နူးညံ့သည့်လက်တစ်စုံ ဖယ်ရှားသွားသည်နှင့် သူ့၏အသိစိတ်လည်း တဖြည်းဖြည်းချင်းမျောလွင့်လာပြီး နှစ်ခြိုက်စွာအိပ်ပျော်သွားတော့သည်။
ထိုအချိန်တွင် မင်လျိုရီသည်လည်း အမှန်တကယ်ပင်ပန်းပြီးအိပ်ငိုက်နေသည်။ ယောင်ကျိကျိုး၏ ဘေးနေရာလွတ်ကို ကြည့်လိုက်ပြီး သူမပါ ဝင်လှဲချင်လာသည်...
ယောင်ကျိကျိုးသည် ယခုအချိန်တွင် အရုပ်တစ်ရုပ်လိုဖြစ်နေသော်လည်း မင်လျိုရီကတော့ ထိုသူက မည်သူဖြစ်ခဲ့သည်ဆိုတာကို မေ့လျော့မသွားပေ။ စိတ်ပြတ်သား၊ ရက်စက်ပြီး အန္တာရာယ်ရှိသည့် ဇာတ်လိုက်... သူမ အနည်းငယ်မျှစဥ်းစားပြီးနောက်
ဧည့်ခန်းတွင်သာ အိပ်ရန်ဆုံးဖြတ်လိုက်လေသည်။
အိမ်အကူများသည် ဧည့်ခန်းကို သန့်ရှင်းရေးလုပ်ထားပြီးဖြစ်သည်။ ကျိကျိုး၏ မာစတာအခန်းလောက် မခမ်းနားသော်လည်း သူမတစ်ကိုယ်ရည်စာအတွက်တော့ လုံလောက်လေသည်။ ဒါကပဲ မင်လျိုရီကို သဘောကျစေသည်။ သူမ ညအိပ်ဝတ်စုံလဲကာ အိပ်ရာကျယ်ပေါ်သို့ မှောက်ခုံပစ်လှဲလိုက်တော့သည်။ သူမနောက်ဆုံးတော့ ကောင်းမွန်စွာအိပ်စက်နိုင်ပြီဖြစ်သည်။ သူမ ဘယ်လောက်အိပ်မိလိုက်လဲမသိ သူမခန္ဓာကိုယ်မှ အပူချိန်မြင့်တက်လာသည်ကို ခံစားမိသည်။ လည်ချောင်းအတွင်းတွင် ဆေးလိပ်သောက်နေရသကဲ့သို့ ပူလောင်နေပြီး သူမနှုတ်ခမ်းများသည် အပူကြောင့် အက်ကွဲမတက်ဖြစ်နေသည်...
🥰