အပိုင်း၁၀
Viewers 5k

🥰 Chapter 10 



မင်လျိုရီ သည်းမခံနိုင်တော့ဘဲ နွမ်းနယ်စွာဖြင့် မျက်လုံးများဖွင့်လိုက်သည်။ အမှန်တကယ်တော့ နွမ်းနယ်သည်ဆိုတာထက် သူမရဲ့ အသက်ရှူသံသည် တိုးမျှင်းနေပြီး အချိန်မရွေး သေဆုံးသွားနိုင်မည့်ပုံဖြစ်နေသောကြောင့်ပင်။ စိတ်သက်သာစေရန် မင်လျိုရီ အသက်ဝဝရှူလိုက်သည်။ သူမ ခန္ဓာကိုယ်တွင် ဘာဖြစ်နေလဲသိရှိရန် အချိန်အတော်ကြာယူပြီးနောက်တွင်မူ မကြာသေးခင်မှ ပြန်ကောင်းလာသော ဝိဥာဏ်စမ်းချောင်းသည် ယခုတွင် မူလအတိုင်းခြောက်ခန်းလုနီးပါးအခြေအနေသို့ရောက်ရှိနေပြီး သူမကို ဖျားနာစေခြင်းဖြစ်သည်။


ဇာတ်လိုက်ရဲ့တည်ရှိမှုက ဘယ်လိုပါလိမ့်...အကယ်၍ သူမသာ ဇာတ်လိုက်နှင့်ဝေးဝေးနေမည်ဆိုလျင် သူမ​၏ ဝိညာဉ်စမ်းချောင်းသည် တဖြည်းဖြည်းခြောက်သွေ့သွားပေလိမ့်မည်...


ထိုအရာကိုတွေးမိတော့ မင်လျိုရီခေါင်းပင်မူးနောက်လာသည်။ စာအုပ်ထဲမှ စိတ်ကူးယဥ်ဇာတ်ကောင်သည် တခြားကမ္ဘာမှလာသော 

သူမ​၏ ဝိညာဉ်စမ်းချောင်းကို သက်ရောက်နိုင်မည်ဟု မယုံကြည်နိုင်ပေ။ ထိုသို့ဖြင့် ယခုကိစ္စသည် လိမ္မော်ရည်ကြောင့်ဖြစ်မည်ဟု တွေးလိုက်ပြီး မင်လျိုရီ ရေတစ်ခွက်သောက်ကာ ပြန်အိပ်လိုက်သည်။


သို့သော် နောက်တစ်ခေါက်တွင် မင်လျီရီသည် နှစ်မိနစ်ထက်နည်းသော အချိန်မျှသာ အိပ်လိုက်ရပြီး မျက်လုံးများပွင့်လာသည်။ သူမကိုယ်သူမ လောင်ကျွမ်းနေပြီဟု ခံစားနေရပြီး သူမသောက်လိုက်သော ရေတစ်ခွက်သည်လည်း မကူကယ်နိုင်တော့ဘဲ ပို၍ပိုဆိုးလာသည်။


ရွေးချယ်စရာမရှိတော့သော မင်လျိုရီသည် အိပ်ရာမှထပြီး အဝတ်စားဝတ်ကာ ယောင်ကျိကျိုးအခန်းသို့ စိတ်ပျက်လက်ပျက်လျှောက်သွားတော့သည။


ထို့နောက် အံ့ဖွယ်ကိစ္စရပ်တစ်ခု ဖြစ်ပွားခဲ့သည်။ သူမကိုယ်ထဲမှ ဝိညာဉ်စမ်းချောင်းသည် ဇာတ်လိုက်၏ အင်အားကြီးမားသောအရှိန်အဝါကိုခံစားမိသည်နှင့် ခြောက်သွေ့နေရာမှရုတ်တရက် ပြောင်းလဲလာသည်။ သူမ ယောင်ကျိကျိုးအနားသို့ကပ်လေ ဝိညာဉ်စမ်းချောင်း၏ ပျော်ရွှင်နေမှုကိုခံစားရလေဖြစ်သည်။ သူမခန္ဓာကိုယ်သည် သက်တောင့်သက်သာဖြစ်လာပြီး ကိုယ်အပူချိန်လည်း ကျသွားပြီဖြစ်ကာ လည်ချောင်းသည်လည်းမပူလောင်တော့ဘဲ နှုတ်ခမ်းလဲမကွဲအက်တော့ပေ။


မင်လျိုရီ ယောင်ကျိကျိုး၏ အိပ်ပျော်နေသော မျက်နှာကိုကြည့်ရင်း အကူအညီမဲ့စွာ ဆိုဖာပေါ်သို့ပစ်လှဲချလိုက်သည်။ သူမ​၏ ထွက်ပြေးရန်အစီအစဥ်သည် အစသို့ပြန်လည်ရောက်ရှိသွားသည်ဟု ခံစားလိုက်ရသည်။


.........



ရှောင်ဖန်းအိပ်ခန်းတံခါးကို လာခေါက်သည်


"သခင်မ ဥက္ကဌယောင်ဆီက ဖုန်းလာပါတယ်"


အခန်းထဲမှ မင်လျိုရီသည် ဖုန်းကိုတစ်ချက်ကြည့်ကာ ကိုင်လိုက်သည်။


"အဖေ ဘာဖြစ်လို့လဲ"


"နင်ဘာတွေလုပ်နေတာလဲ နင်ဒီလောက်တုံးအမှန်း အစကငါဘာလို့မသိခဲ့တာပါလိမ့်...စပယ်ရှယ်နာ့စ်ကို မောင်းထု​တ်လိုက်မှတော့ ကျိကျိုးကဘယ်လိုစားသောက်မှာလဲ နင်ဘာတွေလုပ်နေတာလဲ ဟမ်"


ယောင်ကွေသည် သူမကိုချက်ချင်းမေးမြန်းလာခဲ့သည်။


မင်လျိုရီ စိတ်မဆိုးပါ။ သူမအစောကြီးကတည်းက ယောင်ကွေဖုန်းခေါ်မည်ကို ကြိုသိပြီးသားဖြစ်ပေမဲ့ ထိုမျှလောက် မြန်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ တစ်ရက်တောင်မရှိသေးဘူးမဟုတ်လား...သူမ ခံစားချက်များ ထိန်းညှိပြီး ပြန်ဖြေလိုက်သည်။


"အဖေ မမြင်လို့နော် အဲ့အစာပိုက်ကကြောက်စရာကြီး ... ကျိကျိုးရဲ့ပါးစပ်ထောင့်ဆို သွေးတောင်ထွက်သွားတာ...ကျွန်မကဘယ်လိုလုပ် ကြည့်နေနိုင်မှာလဲ"


ထင်သည့််အတိုင်းပင် ယောင်ကွေ၏ အပြစ်တင်ချင်စိတ်သည် အနည်းငယ်အားပျော့သွားသည်။


"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...မစ္စကျူးက ယောင်မိသားစုအတွက် အလုပ်လုပ်ပေးနေတာ နှစ်ပေါင်းအတော်ကြာပြီ...သူက စိတ်လဲရှည်ပြီး အရည်အချင်းလဲရှိတယ်...နင်အထင်မမှားတာသေချာရဲ့လား"


မင်လျိုရီ နှုတ်ခေါင်းရှုံ့လိုက်မိသော်လည်း သူမ​၏အသံအနေအထားကတော့ ဆို့နင့်မှုအပြည့်ပင်။


"ကျိကျိုးက အစားအသောက်စားတာနဲ့အစာချက်တာမှာ ချို့ယွင်းနေတာမရှိဘူး အဲ့တာကြောင့် ပိုက်တပ်ရလောက်တဲ့အထိ မလိုအပ်ဘူးထင်တယ်...ကျွန်မသူ့ကိုအခုကစပြီး စားဖို့ခွံ့ပေးမှာမလို့ စိတ်ချထားလို့ရပါတယ်"


"သူ့ကိုဂရုစိုက်ပေးမယ်တဲ့လား နင်က လူနာကိုဘယ်လိုပြုစုရလဲဆိုတာတောင် သိလို့လား..."


ယောင်ကွေသည် သူ၏ သံယသများကို ကွယ်ဝှက်မထားပေ။ 


မင်လျိုရီ ရုတ်တရက် မှားသွားပြီ ဟုခံစားလိုက်ရပြီး မတတ်သာတော့ပဲ အနည်းငယ်ပျော့ပြောင်းသည့်လေသံနှင့်ပြောလိုက်သည်။ 


"ကျွန်မ သင်ယူလို့ရပါတယ်..."


ယောင်ကွေ သက်ပြင်းအရှည်ကြီးချလိုက်ကာ 


"ကောင်းပြီလေ နင့်မှာဒီလိုဆန္ဒရှိတာတော့ ကောင်းပါတယ်...လိုအပ်တာရှိရင် ပြောလိုက် တစ်ယောက်ယောက်ကိုစီစဥ်ခိုင်းလိုက်မယ်"


ထိုစကားကြားတော့ မင်လျိုရီ လိမ္မော်ရည်ကိစ္စ ယောင်ကွေကိုပြောသင့်မပြောသင့် တွေဝေမိသွားသည်။ သို့သော် ရန်သူကို သတိပေးသလိုဖြစ်မည်စိုး၍ မပြောဖို့ဆုံးဖြတ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် ယောင်ကွေသာ ယောင်ကျိကျိုးကို အမှန်တကယ်ဂရုစိုက်လျှင် ဘာကိစ္စမှဖြစ်လာနိုင်မည်မဟုတ်ပေ။


သူမ အလေးအနက်ထားသည့် အသံဖြင့်ပြောလိုက်သည်။


"အဖေ ဒီအိမ်က အိမ်အကူတွေက သိပ်မကောင်းလို့ လူလဲလိုက်လို့ရလား"


"အဲ့တာ ပြောနေစရာလား မကြိုက်ရင်တန်းအလုပ်ဖြုတ်လိုက်ပေါ့...နင်ကဒီအိမ်ရဲ့ အိမ်ရှင်မလေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသင့်တယ် ယောင်မိသားစုအပေါ် အားနာမနေနဲ့ ... သိမ်ငယ်စရာလဲ

မလိုဘူး"


ယောင်ကွေက မကျေနပ်စွာပြောသည်။ အိမ်ကြီးရှင်တစ်ယောက်က ဘယ်လိုလုပ် အလုပ်သမားကိုတောင် အလုပ်မထုတ်နိုင်ရမှာလဲ...


မင်လျိုရီ၏ နှုတ်ခမ်းထောင့်သည် ကွေးညွတ်သွားပြီး


"အဖေက ဒီလိုပြောလာတော့လဲ စိတ်ထဲမထားတော့ပါဘူး"


ယောင်ကွေသည် ဘာမှထပ်မပြောတော့ဘဲ ဖုန်းချသွားတော့သည်။


မင်လျိုရီ အပြုံးလေးနှင့် ဖုန်းချလိုက်သည်။ ယောင်ကွေ၏စကားများအား နားထောင်ပြီးနောက် သူမဘာဆက်လုပ်ရမလဲဆိုတာ အကြံရသွားသည်။ သူမ ရှောင်ဖန်းကိုခေါ်လိုက်ကာ မနက်ဖြန် စတင်မည့်အလုပ်အကြောင်းပြောပြလိုက်သည်။


ရှောင်ဖန်းကြားသောအခါ စိတ်လှုပ်ရှားစွာဖြင့်ခေါင်းညိတ်ပြီး


"သခင်မ ... ကျွန်မတာဝန်ထားလိုက်ပါ"


ဤနေရာတွင် သူမ မကိုင်တွယ်နိုင်သောလူအနည်းငယ်ရှိပြီး သူတို့အားထိန်းချုပ်နိုင်ရန် အခွင့်ရေးရပြီဖြစ်သည်။ ထိုသို့တွေးမိပြီး သူမလည်းပျော်ရွှင်လာသည်။


မင်လျိုရီသည် ရှောင်ဖန်း၏ အပြုံးကြီးအားကြည့်ပြီး တည်ငြိမ်ရန်ကြိုးစားသော်လည်း မတတ်နိုင်ဘဲ လိုက်ပြုံးမိသွားသည်။ သို့သော်လည်း သူမဖုန်းအား ခပ်သွက်သွက်ထုတ်ကာ ကိုမာဝင်နေသူတစ်ဦးအား မည်သို့ပြုစုစောင့်ရှောက်ရမည်ကို စတင်ရှာဖွေတော့သည်။ သူမ ထိုတာဝန်ကိုယူပြီးပြီဆိုတော့ဘယ်လိုအကြောင်းပဲရှိရှိ ကောင်းမွန်စွာထမ်းဆောင်ရမည်ပင်ဖြစ်သည်။


ဤကမ္ဘာသည် စာအုပ်ထဲမှကမ္ဘာဖြစ်သော်လည်း သူမအနားမှလူများကို စိတ်ကူးယဥ်ဇာတ်ကောင်များဟု မခံစားရတော့ပေ။ ထို့အပြင် အကြောင်းအရာတော်တော်များများသည် စာအုပ်ထဲတွင်အသေးစိတ်ဖော်ပြခြင်း မရှိပေ။ ဥပမာ ယောင်ကျိကျိုး၏ သုံးလတာ ကိုမာဝင်မှုကို ဖော်ပြထားသော်လည်း ထိုသုံးလအတွင်း သူမည်သို့ရုန်းကန်ခဲ့ရသည်ကိုတော့ မဖော်ပြထားပေ။


🥰