🥰 Chapter 11
မင်လျိုရီ အွန်လိုင်းပေါ်တွင် ကိုမာဝင်နေသည့် လူအား စောင့်ရှောက်နည်းများရှာနေစဥ် ကိုမာဝင်သည့်လူများ၏ မိသားစုဝင်များဖွဲ့စည်းထားသည့် ဖိုရမ်တစ်ခုကိုတွေ့လိုက်သည်။ သူတို့အကုန်လုံးတွင် ကိုမာဝင်သည့်မိသားစုဝင်ကိုယ်စီရှိကြသည်။ သူတို့၏ အတွေ့အကြုံများကို အချင်းချင်းဖလှယ်ကြပြီး အရေးအကြီးဆုံးမှာ ထိုအခက်အခဲအားကျော်လွှားနိုင်ရန် စိတ်ဓာတ်ပိုင်းဆိုင်ရာပြင်ဆင်နေကြခြင်းပင်။
မင်လျိုရီ ဖိုရမ်ကို ခေတ္တလျှောက်ကြည့်ရင်း လင်လင် ဆိုသည့်တရုတ်လူမျိုးတစ်ယောက် တင်ထားသည့်ပို့စ်ကို တွေ့လိုက်သည်။ သူမ၏ခင်ပွန်းလောင်းသည် ကားအက်စီးဒန့်ဖြစ်ကာ ကိုမာဝင်သွားခဲ့ပြီး သူမ၏မိသားစုက ထိုလူနှင့်အဆက်အသွယ်ဖြတ်ရန် အကြိမ်ပေါင်းများစွာပြောဆိုခဲ့သော်လည်း သူမကတော့ ထိုလူဆီသို့သာပြန်သွားပြီး အနားတွင်နေကာတွင်ပြုစုပေးခဲ့သည်။
မင်လျိုရီ၏ မျက်လုံးများ နီရဲလာသည်။ ထိုလူတွေ ကြုံတွေ့ခဲ့ရသည်နှင့်ယှဥ်လျှင် သူမ၏ပြန်လည်မွေးဖွားလာမှုသည် ဘာမှမဟုတ်ပေ။ အနည်းဆုံးတော့ သူမသည် အနာဂတ်တွင်ဖြစ်လာမည့်အကြောင်းများကို သိထားသည်။ ကျိကျိုးသည် နောက်သုံးလအကြာတွင် နိုးထလာပေလိမ့်မည်။ သူမက အရာအားလုံးကိုသိ၍ မျှော်လင့်ချက်ရှိသော်လည်း တခြားမိသားစုဝင်များကတော့ နှေးကွေးပြီး မဆုံးနိုင်အောင် စောင့်မျှော်ရုံသာတတ်နိုင်ကြသည်။
တကယ်တမ်းတော့ မင်လျိုရီသည် အတွင်းစိတ်ပျော့ပျောင်းသူဖြစ်သည်။ သူမသည် ငယ်စဉ်ကတည်းက မိသားစု၏ ကြင်နာယုယခြင်းကိုခံကာ ကြီးပြင်းလာသည့်အတွက် နူးညံ့ပြီး ကြင်နာစိတ်ရှိသည်။ သို့သော် သူမသည် သူတော်စင်တော့မဟုတ်ပေ။ သူမတွင် ပြဿနာဖြေရှင်းရန် ကိုယ်ပိုင်နည်းလမ်းများ ထားရှိသည်။
မင်လျိုရီသည် ခံစားချက်မကောင်းတော့ဘဲ သူမ၏ဖုန်းကိုပိတ်ရန် ပြင်နေစဥ် မတော်တဆ friend request တစ်ခုမှားပို့မိလိုက်သည်။ တစ်ဖက်လူသည် အလွန်ကိုမြန်ဆန်စွာ ပြန်ဖြေလာသည်။
မင်လျိုရီ အကြောင်းစုံနားလည်လိုက်ချိန်တွင်သူမသည် လင်လင် ဆိုသူအား friend add မိသွားပြီဖြစ်သည်။ သူမဖုန်းအားကြည့်ကာ ဘာပြန်ပြောရမှန်း မသိတော့ချေ။
သို့သော် လင်လင် က သူမအားအရင်ဦးစွာ စာပို့လာသည်။
လင်လင်: [ ကံကောင်းပါစေ သူငယ်ချင်းလေးရေ အားမလျှော့နဲ့ မကြာခင်ရောင်ခြည်လာတော့မှာပါ ]
မင်လျိုရီ၏ နှုတ်ခမ်းများ မတတ်နိုင်စွာ ကွေးညတ်သွားရင်း ပြန်ဖြေလိုက်သည်။
မင်လျိုရီ: [ အတူတူ အကောင်းဆုံးလုပ်ကြတာပေါ့...ငါက အခုမှ ကိုမာဝင်တဲ့လူကို စောင့်ရှောက်ရမှာဆိုတော့ မသိတာတွေအများကြီးရှိသေးတယ်...နင့်ဆီကအကြံအဥာဏ်တောင်းလို့ရမလား ]
လင်လင်: [ ရတာပေါ့...ငါ့ရဲ့ ခင်ပွန်းလောင်းပြန်နိုးထလာမယ်လို့ ယုံကြည်တယ် ဒီလိုပဲ နင်ပြုစုနေတဲ့လူလဲ ပြန်ကောင်းလာမယ်လို့ ငါယုံတယ်... ]
လင်လင်သည် အမှန်တကယ် နူးညံ့ကြင်နာတတ်ပြီး တက်ကြွသည့်စရိုက်ရှိမည်ဟု မင်လျိုရီ ခန့်မှန်းမိသည်။ ထိုအရာသည် သူမ လိုက်မတုနိုင်သည့် စရိုက်မျိုးဖြစ်သည်။
လင်လင်: [ လူနာကို စောင့်ရှောက်တော့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်အရင် ဂရုစိုက်တတ်ဖို့လိုတယ်...ဘဝကိုအရှုံးမပေးနဲ့ ကိုယ့်ကိုယ်ကိုယ်ချစ်ပါ... ]
မင်လျိုရီ: [ ကျေးဇူးတင်ပါတယ်...နင်လိုအပ်တာရှိရင်လည်းပြောပါ ကူညီပေးပါ့မယ် ]
လင်လင်: [ ငါ့ရဲ့ page က ကိုမာဝင်တဲ့လူတွေအတွက် အလှူငွေထည့်လို့ရတဲ့ ဖောင်ဒေးရှင်းလေ...ဒုက္ခရောက်နေတဲ့ မိသားစုတွေကို ကူညီပေးတာ...နင့်မှာ အပိုငွေရှိရင် ထောက်ပံ့ပေးလို့ရတယ် A မြို့အနီးအနားကဆို လာကူညီပေးဖို့ ဖိတ်ခေါ်ပါတယ် ]
မင်လျိုရီ အံ့အားသင့်သွားပြီ ပြန်ဖြေခဲ့သည်။
မင်လျိုရီ: [ ငါလည်း A မြို့ကပဲ ... အဲ့ဒီတော့ အပြင်မှာ ပရဟိတလုပ်ဖို့ ငါပါဝင်ချင်ပါတယ်... ]
ထို့နောက် သူမ link ထဲသို့ဝင်လိုက်သည်။ သူမအတွက် ငွေသုံးစရာမလိုဟု ထင်ထားခဲ့သော်လည်းသူမလက်ထဲတွင် ယောင်ကျိကျိုး၏ အကန့်အသတ်မဲ့ ခရက်ဒစ်ကတ်ရှိသေးသည်...ထို့ကြောင့် လွှဲလို့ရသည့်ပမာဏအားလုံးကို လှူလိုက်တော့သည်။
သို့သော် ငွေလွှဲနိုင်သည့်ပမာဏသည် အကန့်အသတ်ရှိသည်။
လင်လင်: [ ..... ယွမ်နှစ်သိန်းတောင်လှူလိုက်တယ်... ပထမဆုံးအကြိမ်မှာတင်လေ... ]
မင်လျိုရီ: [ တောင်းပန်ပါတယ် အရမ်းနည်းသွားလားဟင်... ဒီကတ်က အခုမှလုပ်ထားလို့ အများဆုံး ယွမ်နှစ်သိန်းပဲပို့လို့ရသေးတာ... မနက်ဖြန်ကျရင် နောက်ထပ်လှူမယ်နော် ]
လင်လင်တစ်ယောက် စိတ်ရှုပ်ထွေးသွားသည်။ ဒီလို ချမ်းသာပြီးဖြူစင်တဲ့လူက ဘယ်ကမ္ဘာလာတာလဲ...
လင်လင်: [ ယွမ်နှစ်သိန်းက များနေပါပြီ...မနက်ဖြန်ထပ်လှူစရာမလိုဘူး လူတိုင်းမှာခက်ခဲတဲ့အခြေအနေဆိုတာ ရှိတယ်...နင့်မှာလှူချင်တဲ့စိတ်ကလေးရှိနေသ၍ အဆင်ပြေတယ်..ဒါနဲ့ နင်ကယောက်ျားလေးလား မိန်းကလေးလား ]
မင်လျိုရီ ခေါင်းငြိမ့်လိုက်သည်။ သူမက တကယ်ပင် ထိုပမာဏကို များသည်ဟုမထင်ပေ။ အမှန်အတိုင်းဝန်ခံရရင် မူလမင်လျိုဖြစ်ဖြစ် လက်ရှိမင်လျိုရီဖြစ်ဖြစ် ငွေပြတ်လက်မှုမျိုး မကြုံခဲ့ရပေ။ မူလမင်လျိုရီသည် ချုပ်နှောင်ခြင်းခံခဲ့ရပြီး သူမတွင် ဖြစ်ချင်တာ ကြီးကြီးမားမားမရှိခဲ့ဘဲ လက်ရှိမင်လျိုရီကတော့ ချမ်းသာသည့်မိသားစုမှ သခင်မလေးဖြစ်ပြီး ပိုက်ဆံအတွက် စိတ်ပူစရာမလိုခဲ့ပေ။ ထို့ကြောင့် သူမဖုန်းပေါ်မှ သုညအရေအတွက်ကိုကြည့်စဥ် ဘာအမူအရာမှမရှိဘဲ ယွမ်နှစ်သိန်းသည် သူမတတ်နိုင်သည့်ပမာဏ၏ သေးငယ်သောအစိတ်အပိုင်းလောက်သာဖြစ်သည်။
မည်သို့ပင် ဆိုစေကာမူ သူမလျင်မြန်စွာပဲ ပြန်ဖြေကြားလိုက်သည်။
မင်လျိုရီ: [ မိန်းကလေးပါ ]
လင်လင်: [ ညီမလေးပေါ့...လှူတန်းချင်စိတ်ဆိုတာ နှလုံးသားကနေဖြစ်တည်လာတာဆိူပေမဲ့ တခြားကိစ္စတွေကြောင့်နဲ့ ငွေတွေအရမ်းမသုံးပါနဲ့...ဂရုတစိုက်နဲ့ စိစစ်တတ်ရမယ်လေ ]
မင်လျိုရီ: [ ဟုတ် သတိပေးလို့ကျေးဇူးပါပဲ ]
လင်လင်သည် ပျော်ပျော်နေတတ်သူဖြစ်ပြီး သူမက နောက်ထပ်မေးလာသည်။
လင်လင်: [ ကိုမာဝင်သွားတဲ့လူနဲ့က နင်နဲ့ဘာတော်လဲ မေးလို့ရမလားဟင် ]
မင်လျိုရီ တစ်ခဏမျှတုန့်ဆိုင်းသွားပြီး အဆုံးတွင်တော့ အမှန်အတိုင်းသာဖြေခဲ့သည်။
မင်လျိုရီ: [ ခင်ပွန်းဖြစ်သူပါ ]
လင်လင်: [ ငါတို့အခြေအနေတွေက ဆင်တူတာပဲ...ဒီရက်ပိုင်း ရာသီဥတုကပူလာပေမဲ့ ခင်ပွန်းလောင်းရဲ့ ခန္ဓာကိုယ်က တစ်ချိန်လုံးအေးနေတာ...သူ့လက်မောင်းတွေကြားထဲမှာ အိပ်ရတာသက်တောင့်သက်သာရှိချက်ပဲ...]
မင်လျိုရီ: [ ..... ]
လင်လင်: [ ရှက်စရာမလိုပါဘူး သူ့မိန်းမတောင်ဖြစ်နေပြီပဲ ဒီလောက်တော့ရှိရမှာပေါ့...နောက်ပြီး ခင်ပွန်းလောင်းက သူ့ဆံပင်ကို အရင်က ပစ္စည်းမျိုးစုံနဲ့ အတော်လေးဂရုစိုက်ခဲ့တာ အခုတော့ အပြားလိုက်ကြီးလှဲနေရပြီလေ...ငါကြိုက်သလောက် သူ့ဆံပင်တွေကို ကလိလို့ရတယ် ]
မင်လျိုရီ ပြုံးလိုက်မိသည်။
မင်လျိုရီ: [ အဲ့လိုလုပ်လို့ရတယ်လား... ]
လင်လင်သည် ဂုဏ်ယူဝင့်ကြွားစွားပြန်ဖြေသည်။
လင်လင်: [ ဒါပုံမှန်ပဲလေ...နင့်ယောက်ျားကို တစ်စက်မှမထိဘဲနေတယ်လို့တော့ မပြောနဲ့နော်...ပွေ့ဖက်တာနဲ့ နမ်းရှိုက်တာလောက်က ရှိသင့်တယ်မဟုတ်ဘူးလား ]
မင်လျိုရီ၏မျက်နှာသည် အနီရောင်သို့ပြောင်းလဲသွားသည်။ သူမကတော့ မထင်ပါဘူး....
🥰