🥰 Chapter 12
ဒါပေါ့ မင်လျိုရီရဲ့ ရှက်သွေးဖြာနေတဲ့မျက်နှာကို လျစ်လျူရှုလိုက်ရင် လင်လင်ပြောတဲ့ စကားတွေက အမှန်တွေပင်။ သူမတွင် ရွေးချယ်စရာမရှိပေ...သူမစိတ်ထဲတွင် အပြစ်ရှိစိတ်များဖြစ်ပေါ်လာရသည်။
လင်လင်: [ ညီအစ်မရေ ရဲတင်းလိုက်စမ်းပါ...ဒါက ငါတို့ကို စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ပေးတဲ့နေရာလေ...သူ့ကို စောင့်ရှောက်ပေးတာလဲကြာပြီဆိုတော့ ခံစားချက်တွေဖြစ်ပေါ်လာတာက ပုံမှန်ပါပဲ...ပြီးတော့ လင်မယားချင်း စောင့်ထိန်းနေစရာလိုလို့လား...ကိုမာဝင်နေတဲ့လူလဲ ဂရုစိုက်ခံသင့်ပါတယ် ... သူ့ကိုချစ်တဲ့သူက သူ့ကိုအကြာကြီးစောင့်နေတယ်ဆိုတာ သိသင့်တာပေါ့...]
မင်လျိုရီ သူမနှင့်ယောင်ကျိကျိုးတို့၏ ပွေ့ဖက်နမ်းရှိုက်နေပုံကို မြင်ယောင်ကြည့်သည်...ထို့နောက် သူမရဲ့ မျက်နှာလေးသည် ရဲသထက်ရဲလာသည်။ သူမက လင်လင် ရှေ့ဆက်ပြောလာမည့်စကားများကို ကြောက်သဖြင့် ဖုန်းကို အလျင်အမြန် ပိတ်ပစ်လိုက်တော့သည်။
ထိုနေ့ညတွင် ယောင်ကျိကျိုးအား ညစာကျွေးမည့်အချိန်သို့ ရောက်ရှိလာပြန်သည်။ မင်လျိုရီ အားကြိုးမာန်တက်နှင့် ညစာကျွေးပြီးနောက် ခေါင်းမာစွာနှင့် သူမအခန်းကိုသာပြန်သွားခဲ့သည်။
သူမက ထိုလိမ္မော်ရည်သောက်ထားသည်မှာ အချိန်ကြာပြီဖြစ်သောကြောင့် အာနိသင်ပြေလောက်ပြီဟု တွေးလိုက်သည်။ အကယ်၍သူမ ဇာတ်လိုက်ဆီကနေ ထွက်သွားရင် သူမရဲ့ဝိညာဥ်စမ်းချောင်းက အသစ်ပြန်ဖြစ်ဦးမှာလား...
' ငါ့မှာရွေးချယ်စရာမရှိဘူးဆိုတော့ တချို့အရာတွေကို စမ်းကြည့််မှပဲသိတော့မယ်...'
သို့သော်လည်း သူမသည် ဇာတ်လိုက်၏အရှိန်အဝါကို လျှော့တွက်ထားမိခဲ့သည်။
သူမတစ်ယောက်တည်း အိပ်ရန်ကြိုးစားလိုက်တိုင်း ဝိညဥ်စမ်းချောင်း၏ခြောက်သွေ့လာမှုကြောင့် လောင်ကျွမ်းနေသည့်ခံစားချက်နှင့်အတူ လန့်နိုးလာရသည်။
မင်လျိုရီသည် အလွန်အမင်း စိတ်ဖိစီးလာပြီးလက်သီးဆုပ်များဖြင့် အိပ်ရာကို တဘုန်းဘုန်း ရိုက်ပုတ်နေတော့သည်။ နောက်ဆုံးမှာတော့ သူမရဲ့ကံကြမ္မာကိုလက်ခံလိုက်ပြီး ယောင်ကျိကျိုးအခန်းထဲသို့ တိတ်တိတ်လေးဝင်သွားခဲ့သည်။ လင်လင်နှင့်ပြောခဲ့သည့် စကားဝိုင်းကြောင့်ထင်သည် သူမစိတ်ထဲတွင် ပူပန်မှုများလျော့နည်းလာပြီး ယောင်ကျိကျိုး၏ အိပ်ရာပေါ်တက်ရန် တုံ့ဆိုင်းသည့်စိတ်လည်း လျော့နည်းလာသည်။
မင်လျိုရီ မအိပ်ခင်တွင် သူမက လေးလေးနက်နက်ဖြင့် ဘေးမှယောင်ကျိကျိုးကိုပြောလိုက်သည်။
"ကျွန်မရှင့်ကို နေ့ဘက်မှာ စောင့်ရှောက်ပေးထားတာဆိုတော့ ညဘက်မှာအိပ်ရာတစ်ဝက်ကိုယူလိုက်မယ်...ဒါကအရမ်းမများပါဘူးဟုတ်တယ်မလား..."
ထို့နောက် သဘောတူလိုက်သည့်ပုံစံဖြင့် စောင်အားတိတ်တိတ်လေး မ ကာ ဝင်လှဲလိုက်သည်။
အစပိုင်းတွင်တော့ သူမအနည်းငယ် တောင့်နေပြီး သက်တောင့်သက်သာမရှိသော်လည်း ခဏအကြာတွင်အသားကျသွားသည်။
အမှန်တော့ သူမဒီနေ့မနက်တွင် ယောင်ကျိကျိုး၏ ဝမ်းဗိုက်ကြွက်သားများကို ခိုးထိခဲ့ပြီး ကိုင်လို့အလွန်ကောင်းသည်။ ဒါပေမဲ့ နမ်းတာနဲ့ ပွေ့ဖက်တာကတော့ အရမ်းများလွန်းနေသလားလို့ ...ဟုတ်တယ်မလား...
သူမသည် ယောင်ကျိကျိုး၏ဇနီးဟု အမည်ခံထားသော်လည်း သူတို့နှစ်ယောက်၏ ဆက်ဆံရေးမှာ ကျိုးပဲ့နေသည်။ ထို့အပြင် ယောင်ကျိကျိုးသည် ယခုမင်လျိုရီက မူလမင်လျိုရီနှင့်မတူညီကြောင်းကိုလဲ မသိပေ။ အကယ်၍ ယောင်ကျိကျိုး သတိပြန်ရလာချိန်တွင် သူ့အားအခွင့်ကောင်းယူခဲ့သည်ကိုသာသိလျှင် ဒေါသထွက်လွန်း၍သူမအား သတ်ပစ်ပေလိမ့်မည်။
မင်လျိုရီသည် ယောင်ကျိကျိုး၏နည်းလမ်းများကို ပြန်တွေးမိပြီး တကိုယ်လုံးတုန်တက်သွားမိသည်။ မေ့ထားလိုက်တာကောင်းမည်ဟု မင်လျိုရီထင်သည်။ ဒါကစိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ခြင်းမဟုတ်ခဲ့ဘူး...စိတ်ပိုင်းဆိုင်ရာခြိမ်းခြောက်ခြင်းပဲ။
ထိုအကြောင်းအား တွေးမိရုံနဲ့တင် သူမခေါင်းမွှေးများ ထောင်လာသည်။
မင်လျိုရီ စဉ်းစားရင်းနှင့်ပင် သူမ၏အတွေးများသည် တဖြည်းဖြည်းပျောက်ကွယ်သွားပြီး အသက်ရှူသံလည်း တည်ငြိမ်သွားသည်။ ထို့နောက် ယောင်ကျိကျိုး၏ဘေးတွင်လှဲနေရင်း အိပ်မက်ကမ္ဘာထဲသို့ ရောက်သွားတော့သည်။
အချိန်မည်မျှကြာသွားသည်မသိသော်လည်း ယောင်ကျိကျိုးသည် တစ်စုံတစ်ယောက်၏ ခြေထောက်သည် သူ့ကိုယ်ပေါ်သို့ရောက်နေသကဲ့သို့ခံစားရပြီး သူ့ခြေထောက်သည် အဖိခံထားရသည်။ အကယ်၍ အခုချိန် သူသာလှုပ်ရှားလို့ရလျှင် ထိုသူအား အဝေးသို့လွှင့်ပစ်မိမည်ဖြစ်သည်။
သို့သော် ခဏအကြာတွင် သူ့၏စိတ်အခြေအနေအား စစ်ဆေးလိုက်သည်။ သူဘယ်လိုလုပ်ပြီး အသိစိတ်ပြန်ရလာတာလဲ...သူ၏ နားကိုအသုံးပြုကာ ပတ်ဝန်းကျင်မှအသံများကို နားစွင့်ကြည့်သည်။ ပတ်ပတ်လည်တွင် အလွန်တိတ်ဆိတ်နေပြီး ပြတင်းပေါက်အပြင်ဘက်မှ အင်းဆက်အော်သံများကိုကြားရ၍ ညဘက်ရောက်နေကြောင်းအလွယ်တကူ သိနိုင်သည်။
သို့သော် ယောင်ကျိကျိုး ကျော်သွားလို့မရသည်က သူ၏ကပ်လျက်မှထွက်ပေါ်နေသော အသက်ရှူသံပင်။ ထိုလူ၏ ကိုယ်သင်းနံ့ကြောင့် မိန်းကလေးတစ်ဦးဟု ခန့်မှန်းမိသည်။
ဘယ်လိုမိန်းကလေးက အရှက်မရှိ သူ့ကိုယ်ပေါ်ကို ခြေထောက်တင်ထားတာလဲ...ပြီးတော့ သူမရဲ့လက်တွေက သူရဲ့ရင်ဘတ်ပေါ်မှာ...
ကျိကျိုးသည် သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်မရသေးပေ။ ထို့အပြင့် အဖိခံထားရသည့်အတွက် အလွန်သက်တောင့်သက်သာမဖြစ်သည်ကိုတော့ ခံစားရသည်။
ထို့နောက် ခဏအကြာတွင် ပို၍သည်းမခံနိုင်စရာကိစ္စဖြစ်လာတော့သည်။ ထိုမိန်းမ၏ ဆံပင်များသည် သူ့လည်ပင်းပေါ်ရောက်နေပြီး သူမအသက်ရှူထုတ်လိုက်တိုင်း ဆံစများသည် သူ့လည်ပင်းသို့လာထိနေသည်။ ဆံစများသည်သူ့အား ငှက်မွှေးဖြင့် ကလိထိုးနေသကဲ့သို့ခံစားရသည့်အတွက် သည်းမခံနိုင်လောက်အောင် ယားယံလာသည်။
ထိုအချိန်တွင် အလင်းရောင်ကို မြင်လိုက်ရပြီး တည်ငြိမ်အေးချမ်းသည့် အငွေ့အသက်ကိုရ
လိုက်သည်။ ထို့အရာက တောင်ကျစမ်းချောင်းလိုပင်။ တစ်ခါမှ ထိုအငွေ့အသက်မျိုးကို မခံစားဖူးသော်လည်း ကျိကျိုးအသေအချာကိုသိသည်။ ထိုအရာက သိမ်မွေ့ပြီး ရစ်ဝဲနေသည့် တောင်ကျစမ်းချောင်း၏ အငွေ့အသက်ပင်ဖြစ်သည်။
ယောင်ကျိကျိုးသည် ပုံမှန်အားဖြင့် အသားချင်းထိသည်ကို မုန်းသူဖြစ်သည်။ ချောမောသည့်အသွင်အပြင်နှင့် မြင့်မားသည့်အဆင့်အတန်းရှိသည့် သူ့အတွက် ပတ်ဝန်းကျင်တွင် မိန်းမလှများမပြတ်လတ်ခဲ့ပေ။ တစ်ခါက မိန်းမတစ်ယောက်သည် သူ့အပေါ်အခွင့်ရေးယူရန် ကြိုးစားခဲ့သောကြောင့် သူမလက်အား ချိုးပစ်ခဲ့သည်။ ထိုအချိန်မှစ၍ မည်သူမှသူ့အား မချဥ်းကပ်ရဲတော့ပေ။
ယောင်ကျိကျိုးသည် မင်လျိုရီနှင့် လက်ထပ်ပြီးနောက် သူမကို လက်ခံချင်သော်လည်း မင်လျိုရီ၏ အကြမ်းဖက်မှုနှင့် အေးစက်မှုများကြောင့် ယောင်ကျိကျိုး၏ နှလုံးသားတံခါးသည် ထပ်မံပိတ်သွားစေတော့သည်။
သူ့ဘေးမှာ လှဲနေတဲ့မိန်းမက ဘယ်သူလဲ...သူမကြည့်ရတာ သူ့ကိုသတိထားပြီး အရိပ်အခြေကြည့်သည့်ပုံမပေါ်ပေ။ သူမခန္ဓာကိုယ်က သက်တောင့်သက်သာဖြစ်ပြီး စိတ်ချလက်ချအိပ်နေသည်ကို ကျိကျိုး ခံစားလို့ရသည်။
🥰