🚩Chapter - 162
Arc_7.နေရာလွဲမှားနေသောသမီး [ 28 ]
_____
မှေးမှိန်နေသော မြေအောက်ခန်းထဲတွင် သွေးနံ့ဖျော့ဖျော့က ပျံ့လွင့်နေ၏။
ကျန်းယိုက တဖြည်းဖြည်းနှင့် သတိပြန်ရလာသည်။ သူမက တုန်တုန်ယင်ယင်နှင့် မျက်လုံးဖွင့်လိုက်သော်လည်း ဝမ့်ဝမ်ဟောက်၏ သွေးချင်းနီနေသည့် မျက်လုံးများနှင့် ဆီးကြိုခံလိုက်ရသည်။
“ဆရာဝမ့်......ဝမ်ဟောက် ရှင်...ရှင်ဘာလုပ်နေတာလဲ”
ကျန်းယိုက ရုန်းကန်လာသည်။ ထိုအချိန်၌ သူမကထိုင်ခုံတစ်လုံးတွင် ကြိုးနှင့် ပူးကပ်ချည်နှောင်ခံထားရကြောင်း သတိထားမိသွားသည်။ သူမ ပြင်းပြင်းထန်ထန်ရုန်းကန်လိုက်သောကြောင့် ထိုင်ခုံက ကြမ်းပြင်ပေါ်သို့ လဲကျသွားကာ သူမခေါင်းက ကြမ်းပြင်နှင့် ဆောင့်မိလေသည်။ စေးကပ်နေသည့်အရည်အချို့က ကျန်းယို၏ မျက်နှာတစ်ဖက်ပေါ်တွင် ရှိနေသည်။ ထိုအနီရောင်အရည်များက အေးစက်နေပြီး ထူပျစ်၏။
ဒါက...သွေးတွေ...။
“အား”
ကျန်းယို၏မျက်လုံးတစ်ခုလုံး ဖြူဖျော့သွားကာ အော်ဟစ်လာတော့သည်။
“ဘာတွေလန့်နေတာလဲ”
ဝမ့်ဝမ်ဟောက်၏အသံက ခပ်နိမ့်နိမ့်နှင့် ကြမ်းရှရှဖြစ်နေသည်။
“အဲ့ဒါတွေက ငါ့ရဲ့သွေးတွေ”
ဝမ့်ဝမ်ဟောက်က ဆောင့်ကြောင့်ထိုင်ချရင်းပြောလိုက်သည်။ ထို့နောက် သူ၏လက်ချောင်းများဖြင့် ကျန်းယို၏ မေးကိုဖျစ်ညှစ်လိုက်ပြီး သူ့ကိုကြည့်စေသည်။
ထိုအခါမှသာ ကျန်းယိုက ဝမ့်ဝမ်ဟောက်၏အပေါ်ပိုင်းသည် အဖြူရောင်ရှပ်နှင့် သန့်စင်နေသော်လည်း အောက်ပိုင်းတွင်တော့ သွေးချင်းနီနေသည်ကို မြင်လိုက်ရ၏။
“ရှင်....”
ကျန်းယို၏ မျက်လုံးများက ချက်ချင်းပြူးကျယ်သွားကာ ဖြူဖျော့နေသည့်နှုတ်ခမ်းများက တုန်ယင်လာသည်။
“ဒါတွေအကုန်လုံးမင်းကြောင့်ပဲ”
ဝမ့်ဝမ်ဟောက်၏အသံက ထူးဆန်းစွာ ကျယ်လောင်လာသည်။ “စုဝမ်ကိုလုပ်ကြံမလို့ စီစဥ်ထားတာမလား အခုငါမင်းကို တိုက်ထားတဲ့ဆေးက မင်းစုဝမ်အတွက်ပြင်ဆင်ထားတဲ့ဆေးပဲ ပြီးတော့....”
ဝမ့်ဝမ်ဟောက်၏ လက်ချောင်းများက ကျန်းယို၏မေးကို ပို၍ဖျစ်ညှစ်ပြီး ပွတ်သပ်လာသည်။
“ဒီမြေအောက်ခန်းထဲမှာလည်း ပြင်ဆင်ထားတာလေးတွေရှိတယ် မင်းကြိုက်မယ်လို့ငါထင်တယ် မင်းသေချာပေါက်ကြိုက်လိမ့်မယ်”
ဝမ့်ဝမ်ဟောက်က ရုတ်တရက် မတ်တပ်ရပ်လိုက်ကာ ကြမ်းပြင်ပေါ်မှ ကြာပွတ်ကိုကောက်ယူ၍ ကျန်းယို၏ မျက်နှာကို လွှဲရိုက်လာသည်။
“အား”
ပြင်းထန်စွာလွှဲရိုက်လာသည့် ကြာပွတ်နှင့်အတူ ပြင်းရှသည့်နာကျင်မှုကအတူ လိုက်ပါလာသည်။ ကျန်းယိုက ချက်ချင်း နာကျင်မှုကြောင့် အော်ဟစ်ငိုယိုလာတော့သည်။ သူမ၏ဖြူဖွေးချောမွတ်နေသည့် မျက်နှာတွင်လည်း သွေးနီရောင်အရှိုးရာတစ်ချက် ထင်ကျန်နေလေသည်။
“ခွေးမ ခွေးမ အကုန်လုံးကမင်းကြောင့်ပဲ မင်းကြောင့်အကုန်လုံးပျက်စီးကုန်တာ”
ဝမ့်ဝမ်ဟောက်သည် သူ၏စိတ်ပျက်အားလျော့နေမှုများနှင့် ထိတ်လန့်နေမှုများကို အရူးအမူးလွှတ်ထုတ်ရင်း ကျန်းယိုကို ရိုက်နှက်နေတော့သည်.....။
စုမိသားစုဗီလာ၌...။
စုဝမ်နှင့် စုရွေ့ အိမ်ပြန်ရောက်လာချိန်တွင် သန်းခေါင်ယံသို့ရောက်နေပြီဖြစ်သည်။ မှောင်မိုက်နေသောအခန်းထဲတွင် စုရွေ့က စုဝမ်အား ပွေ့ဖက်လာသည်။
“အချစ်လေး ဒီကမ္ဘာကနေ မြန်မြန် ထွက်သွားကြရအောင်”
စုရွေ့ ဤကမ္ဘာကိုမကြိုက်ချေ။ ဤကမ္ဘာ၌ စိတ်ပိုင်းဆိုင်ရာအခြေအနေမကောင်းသည့်သူများရှိသလို ရူးနှမ်းနေသည့်သူများလည်းရှိသေးသည်။
ထို့အပြင် မြင်နေရသော်လည်း စားမရဖြစ်နေသေးသည်။ သူလုံးဝပျော်မနေပေ။
“အင်း...”
စုဝမ်က စုရွေ့၏ရင်ဘတ်ကို ပွတ်သပ်လိုက်၏။
“စုရွေ့ ကျန်းယိုကို ဖြေရှင်းလိုက်ပြီလား”
ကျန်းယိုဘာကြောင့် အလျင်စလိုပြေးထွက်သွားသည်ကို သူမမသိသော်လည်း စုရွေ့လက်ချက်မှန်းတော့ သိသာ၏။
“ကိုယ့်ကိုကိုယ်အပေါ် ကိုယ်တိုင်ကျရောက်လာစေတဲ့ မကောင်းမှုတွေက သည်းခံနိုင်ဖို့အခက်ခဲဆုံးပဲ ဆိုတဲ့စကားရှိတယ်မလား သူမနဲ့ ဝမ့်ဝမ်ဟောက်လိုလူမျိုးတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အခြားသူတွေမလိုပါဘူး သူတို့ကိုယ်တိုင် ဖျက်ဆီးကြလိမ့်မယ်”
မှန်သည်။ စစ်သူကြီးစု ဘာမှမလုပ်ခဲ့ပေ။
သူက ဝမ့်ဝမ်ဟောက်ကို သင်းကွပ်ပေးခဲ့ပြီး သူ၏အပ်စိုက်အမှတ်ကို ပိတ်ထားခဲ့ရုံသာ။ ဝမ့်ဝမ်ဟောက်က လေးနာရီကြာအောင် နာကျင်မှုကို ခံစားရမည်မဟုတ်ချေ။
အဲ့ဒီသားရဲကောင်က သူ့ရဲ့ရှောင်ဝမ်ကို လိုချင်တပ်မက်ရဲတယ် အသက်ရှင်ရတာ ပင်ပန်းနေပြီပဲ...
ကျန်းယိုက စုဝမ်၏ဖုန်းကို စောင့်ကြည့်နေသော်လည်း သူမ၏ဖုန်းကလည်း စုရွေ့၏စောင့်ကြည့်ခံနေရသည်ကို သူမ မသိခဲ့ပေ။
စစ်သူကြီးစုနှင့် ယှဥ်လျှင် အမျိုးသမီးဇာတ်လိုက်က ကလေးသာသာဖြစ်နေတုန်းပင်....။
စုရွေ့ သူကိုယ်တိုင်လုပ်စရာမလိုပေ။ သူ့ကြောင့် စိတ်အခြေအနေလှုပ်လှုပ်ရှားရှားဖြစ်နေသော ဝမ့်ဝမ်ဟောက်က သေချာပေါက် ကျန်းယိုကို ကောင်းကောင်းဖျော်ဖြေပေးလိမ့်မည်။
ပြီးလျှင် လေးနာရီကျော်သွားသည်နှင့်......။
စုရွေ့၏ နှုတ်ခမ်းထောင့်လေးက ကွေးညွှတ်သွား၏။ ဝမ့်ဝမ်ဟောက်နှင့်ကျန်းယို သူတို့နှစ်ယောက်လုံး ပြေးမလွတ်နိုင်ချေ။
.............
ကျန်းယိုက တစ်ညလုံး အိမ်ပြန်မလာခဲ့ချေ။ နောက်တစ်နေ့တွင် Dမြို့၏ ရဲဌာနခေါင်းဆောင်က မနက်စောစောတွင် စုမိသားစုအိမ်သို့ ရောက်လာခဲ့သည်။ ဝမ့်ဝမ်ဟောက်အား ယနေ့မနက်စောစောတွင် သူ့အိမ်၏မြေအောက်ခန်း၌ သေဆုံးနေလျက်တွေ့ကြောင်းနှင့် သူ၏အလောင်းအား အချိန်ပိုင်းသန့်ရှင်းရေးသမားမှ ရှာတွေ့ခဲ့ကြောင်း ပြောလာသည်။ ထိုရဲခေါင်းဆောင်က အခင်းဖြစ်ပွားနေရာနေရာတွင် အခြားလူတစ်ယောက်၏ သွေး၊ အသားစနှင့် ဆံပင်မွေးတို့ကိုလည်းရှာတွေခဲ့သည်။ ကျန်းယိုကိုလည်း ဗီလာ၏စောင့်ကြည့်ကင်မရာတွင် ရိုက်ကူးမိထားရာ ကျန်းယိုက ဝမ့်ဝမ်ဟောက်ကို သတ်လိုက်သည်ဟု ရဲများက သံသယရှိကြသည်။
ထိုအကြောင်းများကိုကြားသောအခါ ဝမ်ရှူးကျယ်မှာ ချက်ချင်း မေ့လဲသွားတော့သည်။ ကျန်းယိုပျောက်ဆုံးသွားခြင်းနှင့် ဝမ့်ဝမ်ဟောက်၏ ကြေကွဲဖွယ်ရာသေဆုံးမှုတို့နှင့်အတူ သူတို့နှစ်ယောက်၏ မရှင်းမလင်းဆက်ဆံရေးနှင့် ရေပန်းစားခဲ့သည့် ဗီဒီယိုမှာ တစ်ဖန်ပြန်၍ လူပြောများစရာဖြစ်လာတော့သည်။ အတွင်းဘက် အချက်အလက်များကလည်း ဝမ့်ဝမ်ဟောက်၏ ဖုန်းထဲတွင် ဖုန်းခေါ်ဆိုမှု အသံမှတ်တမ်းများစွာတွေ့ခဲ့ပြီး ထိုမှတ်တမ်းများက ကျန်းယိုနှင့် ဝမ့်ဝမ်ဟောက်တို့ စုဝမ်ကို “အကောက်ကြံ” ရန် စီစဥ်နေသည့် ဖုန်းခေါ်ဆိုမှုများဖြစ်နေသည်ဟု ဆိုလာသည်။ အကြိုပြစ်မှုစစ်ဆေးချက်အရ ဝမ့်ဝမ်ဟောက်က ရည်ရွယ်ချက်ရှိရှိ အသံသွင်းထားခဲ့ခြင်းဖြစ်ပြီး အနာဂတ်တွင် ကျန်းယိုကို ခြိမ်းခြောက်ရာ၌ အသုံးပြုရန် စီစဥ်ထားခဲ့ပုံရသည်ဟု ကောက်ချက်ချလိုက်၏။
ဒီလူနှစ်ယောက်က အဲ့ဒီအတွက် အခုလိုတွေဖြစ်သွားတာလား….။
ပြင်းထန်သည့်ထိုးနှက်ချက်များအား မခံနိုင်တော့သည့်နှယ် ဝမ်ရှူးကျယ်၏ ခန္ဓာကိုယ်က ပို၍ ဆုတ်ယုတ်လာတော့သည်။ သူမက တစ်ခါတရံသတိလည်လာပြီး တစ်ခါတရံတွင်သတိမေ့နေကာ သူမနိုးလာသည့်အချိန်တိုင်းတွင် ငိုယိုပြီး သူမသမီး၏အမည်ကိုသာ ခေါ်နေတတ်သည်။ သူမထိုကဲ့သို့ ပြုမူလေ၊ စုဟိုင်ချန်းပိုမိုနာကျင်ခံစားရလေဖြစ်ပြီး သူ့သမီးကို ပို၍စိတ်ပျက်မိလေသည်။
အိပ်မပျော်သော ညပေါင်းများစွာတွင် စုဟိုင်ချန်းက ကျန်းယိုကိုသာ သူတို့ပြန်မတွေ့ခဲ့လျှင် သူတို့မိသားစု၏ ကံကြမ္မာမည်သို့ဖြစ်နေနိုင်ကြောင်းကို အမြဲတွေးမိ၏။
သူ၊ ဝမ်ရှူးကျယ်နှင့် စုဝမ် မိသားစုသုံးယောက်က ယခင်ကကဲ့သို့ပင် အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နှင့် ဖြတ်သန်းနေထိုင်နေကြလိမ့်မည်။
ထို့အပြင် ငယ်စဥ်ကတည်းက စာကြိုးစားပြီး အမှီအခိုကင်းမဲ့သည့် ကျောင်းသူလေး ကျန်းယိုလည်း စုမိသားစုမရှိဘဲ ဘွဲ့ယူကာ အေးအေးချမ်းချမ်းနှင့် အလုပ်လုပ်ပြီး ဆက်လက်နေထိုင်သွားလိမ့်မည်။
ကံမကောင်းစွာနှင့် ယခုတွင် အရာအားလုံးက ပြောင်းလဲသွားခဲ့၏…….။
ဝမ်ရှူးကျယ်က အလွန်အားနည်းသောကြောင့် ကျောင်းပြန်ဖွင့်သည့်အချိန်မှာပင် စုဝမ်က စာသင်ကြားမှုကို ရပ်နား၍ ဆေးရုံတွင်သာ ဝမ်ရှူးကျယ်ကို အဖော်ပြုပေးနေသည်။
“အပြစ်ရှိသလိုခံစားနေရလား”
စုရွေ့ ဆေးရုံကုတင်ပေါ်မှ သတိမေ့နေသော အမျိုးသမီးကိုကြည့်ရင်း ပင်ပန်းနွမ်းနယ်နေသည့် စုဝမ်ကို ကြည့်လာသည်။
“အပြစ်လား”
စုဝမ် ပြုံးလိုက်၏။ “အပြစ်ရှိစိတ်မခံစားရလို့ဘဲ လူယုတ်မာတွေကို လူယုတ်မာတွေလို့ ခေါ်တာလေ”
နှလုံးသားနူးညံ့သူတစ်ယောက်က အေးဂျင့်တစ်ယောက်ဖြစ်မလာနိုင်ချေ။
ဝမ်ရှူးကျယ်၏ လက်ရှိအခြေအနေက ကျန်းယို၏ကိစ္စကြောင့်ဖြစ်ပျက်သွားပြီး ကျန်းယို၏ကိစ္စကလည်း စုဝမ်၊ စုရွေ့တို့နှင့် မကင်းပေ။ သို့သော်…….
စုဝမ်တွင် ရှင်းလင်းသည့် အသိစိတ်ရှိသည်။ သူမက ကျန်းယိုကဲ့သို့ ကိစ္စရပ်များကို တွန်းအားပေးခံရခြင်းကြောင့် လုပ်ခဲ့ရသည်ဟု တွေးလေ့မရှိချေ။ ကျန်းယိုတွေးသည်က သူမအပြစ်ကင်းသည်၊ သူမက တွန်းအားပေးခံခဲ့ရခြင်းဖြစ်ပြီး အခြားသူများက သူမကို ခွင့်မလွှတ်၍မရချေ ဟူ၍ဖြစ်သည်။
၎င်းက သူတို့ကိုယ်သူတို့ သူရဲဘောကြောင်စွာ လှည့်စားကြသည့်နည်းလမ်းများဖြစ်သည်။
စုဝမ်၏မျက်လုံးများက လေးနက်နေပြီး တောက်ပနေသည်ကို တွေ့သောအခါ စုရွေ့ စိတ်သက်သာရာရသွားသည်။ စုဝမ်က ဝမ်ရှူးကျယ်အား နေ့ရောညပါ ပြုစုစောင့်ရှောက်နေခဲ့သည်။ ဤကမ္ဘာက သူမနှလုံးသားထဲတွင် အရိပ်မည်းကြီးတစ်ခုအဖြစ် ကျန်နေခဲ့မည်ကို သူစိုးရိမ်မိ၏။ ကံကောင်းစွာနှင့် စုဝမ်၏နှလုံးသားက ယခင်အတိုင်းရှိနေဆဲပင်။ သူမက အညှာအတာမဲ့သင့်သည့်အချိန်များတွင် နှလုံးသားနူးညံ့နေလိမ့်မည်မဟုတ်ပေ။
“ဒါဆို ကိုယ်တို့ ဘယ်အချိန်ထွက်သွားကြမလဲ”
ကျန်းယိုက ဝမ့်ဝမ်ဟောက်ကို သတ်ခဲ့ပြီး အလိုရှိနေသည့်စာရင်းတွင် ပါသွားပြီဖြစ်ရာ စုရွေ့သည် မစ်ရှင်ကျဆုံးသွားကြောင်း အသိပေးချက်ရလိုက်သည်။ တစ်နည်းအားဖြင့် စုဝမ်၏မစ်ရှင်က အောင်မြင်သွားပြီဖြစ်သည်။
စုရွေ့စိတ်ကူးထားသည်များအရ သူ့ကုမ္ပဏီမှရှယ်ယာများအားလုံးကို စုမိသားစုသို့ပေးအပ်ကာ စုဝမ်ကို လက်ထပ်ခွင့်ပန်မည်။ ထိုအခါမှသာ သူဤကမ္ဘာမှ နောင်တမရှိဘဲ ထွက်သွားနိုင်မှာဖြစ်သည်။
ဤကမ္ဘာမှ စုဝမ်၏အသက်အရ သူထိုမျှသာလုပ်နိုင်သည်။ လက်ထပ်ဖို့အတွက်ကတော့… နောက်နှစ်များမှသာ လုပ်နိုင်မည်။
ထို့အပြင် ဤကမ္ဘာ၌ သူက ရူးနှမ်းနေသည့် ကျန်းယိုကိုတွေ့ခဲ့ရသည်။ စစ်သူကြီးစုက ထိုမျှနှင့် တော်လောက်ပြီဟု ထင်မိသည်။ သူဤကမ္ဘာတွင် တစ်မိနစ်လေးတောင် ပိုမနေချင်တော့ပေ။
သို့သော် စုဝမ်က ဤကမ္ဘာမှ ချက်ချင်းထွက်သွားချင်ပုံမရချေ။
စုရွေ့၏မေးမြန်းမှုကိုကြားပြီးနောက် သူမက မတ်တပ်ရပ်၍ ဝမ်ရှူးကျယ်ကို စောင်ခြုံပေးလိုက်သည်။ ထို့နောက် စုရွေ့ကိုပြုံး၍ လှည့်ကြည့်လိုက်သည်။
“ရှင်အခုလေးတင် မပြောလိုက်ဘူးလား ကျွန်မကတကယ်ကို ဆိုးယုတ်တဲ့ သူပဲလေ”
ပြောပြီးသည်နှင့် စုဝမ်၏မျက်နှာပေါ်မှအပြုံးသည် ပို၍လျှို့ဝှက်ဆန်းကြယ်သွားတော့၏။
“စုရွေ့ ကျန်းယိုဘယ်မှာလဲ သိချင်လား”
ကျန်းယိုလား…။
စုရွေ့ မျက်မှောင်ကြုတ်လိုက်သည်။ ထိုမိန်းမက ကောင်းကောင်းပုန်းနေနိုင်၏။ ရဲများပင် သူမကို ဖမ်းမမိကြသေးပေ။
“မနက်ဖြန် ကျွန်မနဲ့နေရာတစ်ခုကိုလိုက်ခဲ့ ကျန်းယိုဘာလုပ်နေလဲသွားကြည့်ကြရအောင်…”
စုဝမ်ပြောလိုက်သောအခါ စုရွေ့က စိတ်ပါလက်ပါနှင့် ခေါင်းညိတ်လိုက်သည်။
မနက်ဖြန်လား……မနက်ဖြန်က မဟုတ်မှ……။
___
Translated By IQ-Team.🚩