Chapter 163
Viewers 8k

🚩Chapter - 163

Arc_7.နေရာလွဲမှားနေသောသမီး [ 29]


_____



နွေဦးအစောပိုင်း၏ညများက အေးစိမ့်နေဆဲပင်…။


Dမြို့၏မြောက်ဘက်ရှိ အိုဟောင်းနေသောမြို့လေးတွင် ရှစ်နာရီမတိုင်ခင်တည်းကပင် မှောင်နေပြီဖြစ်သည်။ လမ်းပေါ်တွင် သွားလာလှုပ်ရှားနေသည့်သူများက အနည်းအကျဥ်းလေးသာရှိနေပြီး လမ်းဘေးနှစ်ဖက်မှ ဆိုင်များကလည်း ညနေပိုင်းတွင် စောစောသိမ်းကြ၏။ လမ်းမထက်၌ ဝါကျင့်ကျင့်လမ်းမီးရောင်များကသာ အထီးကျန်ဆန်စွာနဲ့ တဖြတ်ဖြတ်လက်၍ ရှိနေသည်။


မှောင်မိုက်နေသောညကိုအခွင့်ကောင်းယူ၍ သေးငယ်သောအရိပ်လေးတစ်ခုက တိတ်ဆိတ်‌နေသော လမ်းမထက်တွင် အလျင်စလိုပြေးလာသည်။ ထိုအချိန်တွင် လမ်းထောင့်မှ ကိုယ်ပိုင်ကားတစ်စီးက ဖြေးညင်းစွာမောင်းထွက်လာ၏။ ထိုကားကိုမြင်သောအခါ အရိပ်လေးက ကြောက်လန့်သွားပုံရပြီး အဆုံးမရှိသော လမ်းကြားထဲဝင်ပြေးဝင်သွားလေသည်။


ဟူထုံလမ်းကြားတွင် အလင်းရောင်တစိုးတစိမျှမရှိဘဲ နေ့စဥ်စွန့်ပစ်ထားသည့်အမှိုက်များက နံရံတွင် ပုံထပ်နေကာ ထိုအမှိုက်ပုံနားတွင် ယာယီနေနေကြသော ခွေးလေခွေးလွင့်နှစ်ကောင်လည်းရှိ၏။


“ဝုတ် ဝုတ်…ဝုတ် ဝုတ် ဝုတ်”


ဟူထုံလမ်းကြားထဲသို့ ရုတ်တရက် မဖိတ်ခေါ်ဘဲရောက်ရှိလာသည့် ဧည့်သည်က အိပ်နေသော ခွေးလေခွေးလွင့်နှစ်ကောင်ကို နှောင့်ယှက်လိုက်ရာ သူတို့က ဟောင်လာကြ၏။ အရိပ်လေးက စိုးရိမ်တကြီးဖြစ်သွားပုံရကာ ခြေထောက်ကိုမြှောက်၍ အမှောင်ထုထဲသို့ အကြိမ်အနည်းငယ် ကန်လိုက်လေသည်။ 


“မဟောင်နဲ့ မဟောင်နဲ့”


အသံကိုတမင်တကာ နှိမ့်ပြောနေသော မိန်းကလေးအသံက အက်ရှရှနှင့်…။


အကန်ခံလိုက်ရသော ခွေးနှစ်ကောင်က မြေပေါ်သို့လဲကျသွားပြီး ညည်းတွားလာသည်။ 


“မဟောင်နဲ့လို့ပြောနေတယ်လေ”


ကျန်းယိုက သူမ၏အပေါ်ထပ်ကုတ်ကို တင်းကျပ်စွာ ဆွဲယှက်လိုက်သည်။ သူမစိတ်တည်ငြိမ်သွားချိန်၌ တစ်ခုခုကို တက်နင်းမိလိုက်သကဲ့သို့ ခံစားလိုက်ရ၍ မျက်မှောင်ကြုတ်လိုက်၏။


ဒါက……


ဟူထုံလမ်းကြားမှ အမှောင်ထုနှင့် ကျန်းယို၏မျက်လုံးများ ကျင့်သားရလာသောအခါ သူမခြေထောက်ကို ငုံ့ကြည့်လိုက်သည်။ ထိုအခိုက် ကျန်းယို၏ မျက်လုံးများပြူးကျယ်သွားလေသည်။ 


သူမ…လူတစ်ယောက်ရဲ့လက်ကိုတက်နင်းမိလိုက်တာလား…


ထိတ်လန့်တုန်လှုပ်စွာဖြင့် ကျန်းယိုက မသိစိတ်အရ ထွက်ပြေးရန်ပြင်လိုက်သည်။ ဝမ့်ဝမ်ဟောက်၏ သေဆုံးမှုက သူမ၏နှလုံးသားထဲတွင် ဖယ်ရှား၍မရနိုင်သော အရိပ်ဆိုးကြီးတစ်ခုအဖြစ် ကျန်ရှိနေခဲ့သည်။


ထိုနေ့က မှောင်မိုက်နေသည့် မြေအောက်ခန်းထဲတွင် နာရီပေါင်းများစွာကြာအောင် သူမက စိတ်ကယောင်ခြောက်ခြားဖြစ်သော ဝမ့်ဝမ်ဟောက်၏ အကြမ်းဖက်ခြင်းကိုခံခဲ့ရသည်။ စိတ်ပျက်အားငယ်စွာဖြင့် သူမ ထိုနေရာ၌ သေဆုံးတော့မည်ဟု တွေးထင်လိုက်သည့်အချိန်မှာပင် ဝမ့်ဝမ်ဟောက်က ရုတ်တရက် ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ သူ့မျက်နှာက ဖြူဖျော့နေပြီး ကြမ်းပြင်ပေါ်၌ နာကျင်မှုကြောင့် လူးလှိမ့်နေခဲ့သည်။


ဝမ့်ဝမ်ဟောက် ရုန်းကန်နေချိန်၌ ကျန်းယိုက ကြမ်းပြင်ပေါ်မှဓားကိုကောက်၍ ကြိုးများကို ဖြတ်သည်။ ထိုအချိန်တွင် သူမက နာကျင်နေသော်လည်း အသက်ရှင်ရန်အလို့ငှာ သူမ၏ လုပ်နိုင်စွမ်းတို့ကို အမြင့်ဆုံးထိ အားကုန်သုံး၍ ထုတ်ခဲ့သည်။ သို့သော် သူမထွက်ပြေးတော့မည့်အချိန်၌ ကြမ်းပြင်ပေါ်တွင် သွေးအလိမ်းလိမ်းနှင့်ဖြစ်နေသော ဝမ့်ဝမ်ဟောက်က သူမဆီသို့ ပစ်ဝင်လာသည်။ သူတို့နှစ်ယောက် လုံးထွေးနေတုန်းမှာပင် ကျန်းယို၏လက်ထဲမှဓားက ဝမ့်ဝမ်ဟောက်၏ နှလုံးတည့်တည့်ကို ထိုးစိုက်မိသွားလေသည်။


ပူနွေးနေသော အနီရောင်သွေးများက ကျန်းယို၏ မျက်နှာကို စင်လာသည်။ ထိုအချိန်တွင် သူမမြင်ရသည့် ကမ္ဘာကြီးကလည်း သွေးချင်းနီသွားသည်။ ဝမ့်ဝမ်ဟောက်၏မျက်လုံးများက ပြူးကျယ်ကာ သူမအရှေ့၌ပင် တဖြည်းဖြည်းချင်း အသက်ဆုံးရှုံးသွားသည်ကို မြင်ခဲ့ရ၏။


သူ…သေသွားပြီလား ငါသူ့ကိုသတ်လိုက်တာလား….


သတ်လိုက်တာ…


ကျန်းယိုက လူတစ်ယောက်ကို သတ်မိလိမ့်မည်ဟု သူမကိုယ်သူမဘယ်တုန်းကမှ တွေးမထားခဲ့ပေ။ သို့သော် သူမ မရည်ရွယ်ခဲ့ပေ။ တကယ် မရည်ရွယ်ခဲ့ပေ။


“ငါသတ်တာမဟုတ်ဘူး ငါမဟုတ်ဘူး…”


သူမက ကြောက်လန့်တုန်လှုပ်စွာနှင့် ဓားကိုပစ်ချကာ ဝမ့်ဝမ်ဟောက်၏ ဗီလာထဲမှ ပြေးထွက်လာခဲ့သည်။ ကျန်းယိုက အိမ်ပြန်၍မရသည်ကိုလည်းသိသည်။ သူမ၏ ဘဏ်၏ ATMစက်တွင် ပထမဆုံးအကြိမ်အဖြစ် ပိုက်ဆံထုတ်ကာ ပုန်းခိုနေခဲ့သည်။


ယခုတွင် Dမြို့မှ ရဲများက သူမကို လိုက်လံရှာဖွေနေကြသည်။ ကျန်းယိုက ထုတ်ယူလာသော ပိုက်ဆံဖြင့် ဤအိုဟောင်းနေသည့်မြို့လေးတွင် ပျက်စီးနေသည့်မြေအောက်ခန်းတစ်ခုကို ငှားရမ်းကာ နေထိုင်ခဲ့သည်။ သူမက ညဘက်မှသာ နေ့စဥ်အသုံးပစ္စည်းများဝယ်ရန်နှင့် လေရှူရန် အပြင်သို့ထွက်ရဲသည်။


သို့သော် ဤစွန့်ပစ်လမ်းကြားထဲတွင် ယခုလိုကြုံတွေ့ရလိမ့်မည်ဟု ထင်မှတ်မထားမိပေ…။


ဒီလူ…သေနေပြီလား


တကယ်လို့သေနေပြီဆိုရင် မနက်ဖြန်ကျရင် သူ့ကိုရှာတွေ့ကြမှာလား ရဲတွေကဒီကိုလာစစ်ဆေးရင်း ငါ့ကိုရှာတွေ့သွားနိုင်တယ်မဟုတ်ဘူးလား…။


ခဏလောက်ကြာအောင် ကျန်းယိုက စိတ်ထဲတွင် အတွေးများနေမိ၏။ သူမက ပြေးနေသည်ကိုရပ်လိုက်သည်။ 


မဟုတ်ဘူး…အဲ့လိုမဖြစ်မခံနိုင်ဘူး…။


ငါကအပြစ်ကင်းတယ် ဝမ့်ဝမ်ဟောက်ကိုငါမသတ်ခဲ့ဘူး ဝမ့်ဝမ်ဟောက်ကသာ ငါ့ကိုသတ်ချင်ခဲ့တာ ငါကကိုယ့်ကိုကိုယ် ကာကွယ်ခဲ့ရုံတင်…။


ထောင်ထဲရောက်သွားလို့မဖြစ်ဘူး အဖမ်းခံရလို့မဖြစ်ဘူး ငါကအပြစ်ကင်းတယ်…။


တွေးတောရင်း ကျန်းယိုက အံကြိတ်လိုက်ကာ သူမရပ်နေခဲ့သည့်နေရာကို ပြန်လှည့်လာခဲ့သည်။ သူမက ငုံ့ချလိုက်ပြီး သေနေပြီဟုသံသယရှိသည့်သူ့ကို အားကုန်သုံး၍ ဆွဲလိုက်သည်။


ကျန်းယိုအရှေ့တွင် ရှိနေသည့်လူက သန်မာပြီးလေးနက်သည့်ပုံစံနှင့် ယောက်ျားတစ်ယောက်ဖြစ်သည်။ ထိုလူက စတိုင်ကျကာ ချောမောသည့်လူတစ်ယောက်ဟု ဆိုရမည်။ လက်ရှိတွင် သူ့ခန္ဓာကိုယ်က နွေးနေပြီး အသက်ရှူနေဆဲဖြစ်သည်။ 


သူအသက်ရှင်နေသေးတယ် မသေသေးဘူး…။


နောက်ဆုံးတွင် ကျန်းယိုက စိတ်သက်သာသွားကာ အသက်ရှူထုတ်လိုက်သည်။ ထိုလူ၏ ရင်ဘတ်ပေါ်တွင် သွေးများရှိနေသည်။ ထို့နောက် သူမ၏အကြည့်များက ထိုလူ၏ လက်ကောက်ဝတ်ရှိ ဈေးကြီးမှန်းသိသာလှသည့် နာရီပေါ်သို့ ကျရောက်သွားသည်။


ကျန်းယို တစ်ခဏလောက် တွန့်ဆုတ်သွားသည်……။


ဤနာရီကိုသာ မှောင်ခိုဈေးကွက်တွင် ယူသွားပါက ပိုက်ဆံအများကြီးရလိမ့်မည်။ သို့သော် ခွင့်တောင်းမေးမြန်းခြင်းမရှိဘဲ ထိုကဲ့သို့ပြုလုပ်ခြင်းက ခိုးမှုမြောက်သည်။ 


သူမထိုသို့လုပ်ချင်သော်လည်း သူမကိုယ်သူမ ဖြောင့်မတ်သည်ဟု အမြဲတွေးထင်သော ကျန်းယိုက သူခိုးတစ်ယောက်အဖြစ် အဖြစ်မခံချေ။


ခဏတာတွန့်ဆုတ်ပြီးနောက် ကျန်းယို၏မျက်လုံးများလက်သွားသည်။ နောက်ဆုံးတွင် သူမကဆုံးဖြတ်ချက်ချကာ သတိမေ့နေသည့်ထိုလူက ကျောပေါ်သို့တင်၍ လမ်းကြားထဲမှ သယ်ထုတ်ရန် ကြိုးစားတော့၏။


ဤလူက အသက်ရှင်နေဆဲဖြစ်သောကြောင့် သူ့ကိုကယ်ကိုကယ်ရမည်။ သူက အဆင့်အတန်းမြင့်မြင့်မှ ဆင်းသက်လာသူဖြစ်လျှင် သူ့အသက်ကို ကယ်ခဲ့သူအား သစ္စာဖောက်လိမ့်မည်မဟုတ်ပေ။ သူကသာ ပိုက်ဆံနှင့် အာဏာရှိသည့် လူတစ်ယောက်ဖြစ်ပါက သူမအပေါ်ရှိနေသည့်လူထုအမြင်ကို ကူ၍ပြောင်းလဲပေးနိုင်လိမ့်မည်ပင်…။


ရှုပ်ထွေးနေသည့်စိတ်အခြေအနေဖြင့် ကျန်းယိုက ထိုလူက သူမနေသည့်နေရာသို့ သယ်လာလိုက်သည်။ ထိုလူက ပြင်းပြင်းထန်ထန်ထိခိုက်ထား၏။ သူ့ကိုကယ်ရန် ကျန်းယိုက မှောင်ခိုဈေးကွက်မှ ဆရာဝန်တစ်ယောက်ကိုရှာကာ သူမတွင်ကျန်နေသည့် ပိုက်ဆံအားလုံးကို ခွဲစိတ်မှုအတွက် သုံးခဲ့ရသည်။


ခွဲစိတ်မှုပြီးသွားသည့်အခါ သူက သတိမေ့နေဆဲဖြစ်သော်လည်း မျက်နှာအခြေအနေကတော့ ကောင်းမွန်လာသည်။ သုံးရက်မြောက်ညတွင် ပိုက်ဆံတပြားတချပ်မှမရှိတော့သည့် ကျန်းယိုတစ်ယောက် ဗိုက်ဆာလာလေသည်။ မှောင်မိုက်ပြီး စိုထိုင်းနေသည့်အခန်းထဲတွင် သူမက ကိုယ်ကိုတတ်နိုင်သလောက်ကျုံ့ထားကာ သစ်သားကုတင်ပေါ်မှ သတိမေ့နေသည့်လူနာကို ကြည့်လိုက်သည်။ ထိုလူ၏နာရီမှ စိန်များက အမှောင်ထဲတွင် တောက်ပနေဆဲဖြစ်သည်။ 


ကျန်းယို တံတွေးမျိုချမိကာ သူမအကြည့်များက တွန့်ဆုတ်နေသည်။


“ဂွီ…ဂွီ”


သူမ၏ဗိုက်က အဆက်မပြတ် အော်မြည်လာသောကြောင့် အားနည်းနေပြီဖြစ်သည့် ကျန်းယိုမှာ နောက်ဆုံးတွင် ဖြေးညင်းစွာ မတ်တပ်ရပ်၍ သူမအရှေ့ရှိလူထံသို့ တစ်လှမ်းချင်းတိုးလာလိုက်တော့သည်။ သူမက လက်ချောင်းများက တောင့်ခဲနေကာ တန်ဖိုးကြီးပုံရသည့်နာရီကိုထိကိုင်လိုက်သည်။ 


“ကျွန်မ… ကျွန်မတကယ်ဗိုက်ဆာနေတယ် ဒီနာရီကိုပေါင်လိုက်တော့မယ် ဒါမှ ကျွန်မတို့နှစ်ယောက်လုံး စားနိုင်မှာ ပတ်တီးတွေလဲဖို့နဲ့ စားဖို့သောက်ဖို့ ပိုက်ဆံရှိဖို့လိုသေးတယ်မလား ရှင်စကားမပြောရင် သဘောတူတယ်လို့ပဲ ကျွန်မမှတ်လိုက်မယ်”


ကျန်းယိုက လျင်မြန်စွာနှင့် နာရီကို ချွတ်လိုက်ကာ တံခါးကိုဖွင့်ပြီး အလျင်စလိုပြေးထွက်သွားတော့သည်။ သူမထွက်သွားပြီးနောက် ပုံရိပ်နှစ်ခုက တိတ်တဆိတ်ပေါ်လာခဲ့သည်။


မြေအောက်ခန်းအဟောင်းက စိုထိုင်းနေသည့်အနံ့များပြည့်နှက်နေရာ စုရွေ့က မျက်မှောင်ကြုတ်လိုက်သည်။


ကုတင်ပေါ်မှ သတိမေ့နေသေးသည့်လူနာကိုကြည့်၍ သူ့ဘေးတွင်ရှိနေသည့် စုဝမ်က ပြုံးလိုက်သည်။ 


ကျင်းလျဲ့... ရှင့်ကိုရှာတွေ့ပြီ…။


တစ်လကြာပြီးနောက်……


“ရှောင်ဝမ် ဒီနေရာကိုမမှတ်မိဘူးလား ကိုယ်ဒီနေရာနားမှာ သတိမေ့သွားတာ”


ကျင်းလျဲ့က သူ၏ Hummer ကားကိုမောင်းလာပြီး လမ်းဘေးတွင်ရပ်လိုက်သည်။ ထို့နောက် သူ့အရှေ့ရှိ အိမ်အဟောင်းလေးကိုကြည့်လိုက်၏။ ကျင်းလျဲ့၏မျက်လုံးများက အနည်းငယ်ရှုပ်ထွေးနေသည်။ 


သူအယုံကြည်ရဆုံးလူများက သူ့ကိုသစ္စာဖောက်သွားကာ သူအချစ်ဆုံးမိန်းမကလည်း နောက်ကျောကို ဓားနှင့်ထိုးခဲ့သည်။


၎င်းကလွန်ခဲ့သည့်တစ်လအကြာကဖြစ်သည်။ သူကအသည်းအသန်ထွက်ပြေးခဲ့ပြီး နောက်ဆုံးတွင် ဤနေရာ၌ သတိမေ့သွားခဲ့သည်။ ထိုအချိန်၌ သူ့ကိုရှာတွေ့သွားပါကတိတ်တဆိတ်အသတ်ခံလိုက်ရမည်ကို သူသိသည်။ 


နေ့တိုင်းတွင် ကမ္ဘာကြီးထဲမှ တစ်စုံတစ်ယောက်က သေဆုံးနေသည်။ မကောင်းမှုများနှင့်ပြည့်နှက်နေသည့် သူ့လို သေနတ်ကိုင်ဂိုဏ်းစတားများ သေသွားလျှင် လူမှုအဖွဲ့အစည်းထဲမှ ပိုးမွှားများလျော့ပါးသွားသည်ဟုသာ သတ်မှတ်ကြလိမ့်မည်။


သူ့ကိုဘယ်သူသတ်လဲနဲ့ ဘယ်နေရာမှာ သေသွားတယ်ဆိုတာ ဘယ်သူကဂရုစိုက်မှာလဲ…။ 


ကျင်းလျဲ့က သူတကယ်သေသွားပြီဟု တွေးထင်ခဲ့သည်။ ထို့ကြောင့် တောက်ပနေသည့် သလင်းကျောက်မီးအိမ်ကိုမြင်ရရန် သူ့မျက်လုံးဖွင့်လိုက်ချိန်တွင် အေးစက်ကာ လှပသည့်မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရသည်။ သူ့ကိုယ်သူ ကောင်းကင်ဘုံသို့ ရောက်လာသည်ဟုပင် တစ်ခဏလောက် ထင်မိလိုက်၏။


ဟဟ… လူဆိုးတစ်ယောက်က ဘယ်လိုလုပ် ကောင်းကင်ဘုံကိုရောက်နိုင်မှာလဲ…


“နိုးလာပြီလား”


ထိုမိန်းကလေး၏အသံက သူမ၏အမူအရာကဲ့သို့ပင် အေးစက်နေသည်။


ထိုအချိန်တွင် ကျင်းလျဲ့က သူ မသေသေးကြောင်း သတိထားမိသွားသည်။ သူအသက်ရှင်နေသေး၏။


သူ့အရှေ့တွင်ရှိနေသည့် မိန်းကလေးက သူ့အသက်ကယ်တင်ရှင်ဖြစ်လိမ့်မည်….။


နေက တောက်ပစွာ ထွန်းလင်းနေသော်လည်းစုဝမ်၏မျက်နှာပေါ်သို့ ထင်ဟပ်နိုင်သည့်အထိ မနွေးထွေးသေးပေ။ သူမက ကား၏အရှေ့ခုံတွင်ထိုင်နေကာ ကျင်းလျဲ့၏မျက်နှာကို အေးစက်စွာ ကြည့်လာသည်။ 


“လူကြီးမင်းကျင်း ကျွန်မရှင့်ကို ဘယ်နှခေါက်ပြောရမှာလဲ ကျွန်မက ရှင့်ကိုကယ်ခဲ့တဲ့သူမဟုတ်ဘူး ကျွန်မပြန်ပြီး စေ့စပ်ပွဲအတွက် ပြင်ဆင်စရာတွေရှိသေးတယ် ဘာလို့ကျွန်မကိုဒီအထိခေါ်လာတာလဲ”


“ရှောင်ဝမ် ကိုယ်မင်းကိုသဘောကျတယ်”


ကျင်းလျဲ့က စုဝမ်၏မျက်လုံးများကို လေးလေးနက်နက် စိုက်ကြည့်လိုက်သည်။


“ရှောင်းချီကိုလက်မခံလိုက်နဲ့ သူမင်းကိုပေးနိုင်တာ ကိုယ်လည်းပေးနိုင်တယ် ဘီလီယံဆိုလည်း ဘီလီယံ၊ ထရီလီယံဆိုလည်း ထရီလီယံ နံပါတ်တပ်နိုင်နေသရွေ့ ကိုယ်၊ကျင်းလျဲ့ အကုန်ပေးနိုင်တယ်”


“အဲ့လောက်ပိုက်ဆံအများကြီးကို ကျွန်မကဘာအတွက် လိုအပ်ရမှာလဲ ဘာတဲ့ ထရီလီယံဆိုလည်း ထရီလီယံဟုတ်လား ပိုက်ဆံတွေကို တန်ဖိုးမရှိတဲ့စက္ကူရွက်တွေများမှတ်နေလား”


ကျင်းလျဲ့၏စကားများအား စုဝမ်ရယ်လုနီးပါးပင်…။ 


“လူကြီးမင်းကျင်း ကျွန်မက ရှင်နဲ့မရင်းနှီးဘူး ကျွန်မကိုဘာလို့သဘောကျတာလဲ ကျွန်မကရှင့်ကိုကယ်ခဲ့တဲ့သူလို့ ထင်နေလို့မလား ကျွန်မရှင့်ကိုမကယ်ခဲ့ရင်ရော ရှင်ကျွန်မကိုသဘောကျနေဦးမှာလား”


ကျင်းလျဲ့က စုဝမ်၏စကားများကိုကြားသောအခါ သူမကို မှင်သက်လျက်ကြည့်လာသည်။ 


“ကိုယ့်ကိုကယ်ခဲ့တဲ့သူက မင်းပဲ တကယ်လို့မင်းမဟုတ်ဘူးဆိုရင်လည်း…ကိုယ်မင်းကိုသဘောကျတယ် မင်းတစ်ယောက်တည်းကိုပဲ သဘောကျတာ”


ရူးနေပြီပဲ…


ဖြစ်ချင်တော့ ဘော့စ်ကျင်းရဲ့ ဇာတ်လမ်းက သူ့ကိုကယ်ခဲ့တဲ့သူကို မြင်မြင်ချင်းသဘောကျရမယ့် ဇာတ်လမ်းဖြစ်နေတာကိုး…


စုဝမ်က လုံခြုံရေးခါးပတ်ကိုဖြုတ်လိုက်ကာ ကားပေါ်မှ လျင်မြန်စွာထွက်သွားလိုက်သည်။ 


“လူကြီးမင်းကျင်း ကျွန်မအခုသွားတော့မယ် ဒီနားမှာ တစ်ကြိမ်၊နှစ်ကြိမ်လောက်ထပ်ပတ်နေလိုက်လေ ရှင့်ရဲ့တကယ့်အသက်ကယ်တင်ရှင်နဲ့ တွေ့ရင်တွေ့နိုင်မှာပေါ့”


စုဝမ်က ကျင်းလျဲ့ကို နောက်ကျောခိုင်း၍ လက်ဝှေ့ယမ်းပြကာ လမ်းတစ်ဖက်ကိုအမြန်ကူးသွားလိုက်ပြီး တက်စီငှားလိုက်သည်။


“ရှောင်ဝမ် ရှောင်ဝမ်”


ကျင်းလျဲ့က ကားထဲမှထွက်၍ လမ်းတစ်ဖက်ကို အော်ခေါ်သည်။ သို့သော် ကံမကောင်းစွာနှင့် စုဝမ်က တက်စီနှင့်အတူ ပျောက်ကွယ်သွားတော့သည်။



_____


Translated By IQ-Team.🚩