အပိုင်း ၁၆၉
Viewers 29k

Chapter 169


ဤရောင်းချမှုပမာဏမှာ အလွန်ကြီးမားသောကြောင့် ပြည်ပမီဒီယာအများအပြားက ရှအန်းကို အမွှမ်းတင်ခဲ့ကြသည်။


ထိုကဲ့သို့ ကြီးမားသော အရောင်းပမာဏကြောင့် နိုင်ငံတကာ ဖက်ရှင်ကုမ္ပဏီကြီးများမှ ရှအန်းထံတွင် အဆုံးမဲ့သော စီးပွားရေး အလားအလာကို မြင်လာကြသည်။


ထို့ကြောင့် ရှအန်းက ဖက်ရှင်လောက၏ဖျက်မြင်းဖြစ်လာတော့မည်ဟု နိုင်ငံခြားမီဒီယာများက ထင်ကြေးပေးကြသည်။


ဖက်ရှင်နယ်ပယ်က အမြဲတစေ အေးစက်စက်ဖြစ်နေသော်လည်း ဆွဲဆောင်မှုရှိသောအရာများကို အမြဲအာရုံစိုက်လျက်ရှိသည်။ 

သူတို့က အဆင့်အတန်းမြင့်ပြီး အဖက်မတန်သလိုနေကြပေမယ့် စားဖို့သောက်ဖို့အလုပ်လုပ်ရဦးမယ်လေ ...


နိုင်ငံတကာမှ နာမည်ကျော်ကြားသည့် ဇိမ်ခံအမှတ်တံဆိပ်များကလည်း ရှအန်းကို အပြိုင်အဆိုင်ကမ်းလှမ်းလာသည်။


ထို့ပြင် ယခုအချိန်တွင် ရှအန်းက လူကြိုက်အများဆုံးဖြစ်နေသည်။


H.S နိုင်ငံတကာဓာတ်ပုံဆုပေးပွဲ ... ဒါရိုက်တာဂရေစ့်ရုပ်ရှင်က အမျိုးသမီးဇာတ်လိုက် ...


ဒါတွေက လူအားလုံးကိုဖမ်းစားထားတာပဲ ...


အရေးကြီးဆုံးကတော့ ရှအန်းက တရုတ်ဈေးကွက်ကို ထိုးဖောက်ဖို့ သူတို့ကို အကူအညီပေးနိုင်တဲ့ အလားအလာကြီးကြီးမားမားရှိတယ် ...


တရုတ်ဈေးကွက်က နိုင်ငံခြားကဖက်ရှင်ခေါင်းဆောင်တွေအတွက် အကြီးဆုံးဈေးကွက်တစ်ခုပဲ ...


တရုတ်ဈေးကွက်ကို အနိုင်ရနိုင်သရွေ့ ကုမ္ပဏီကလည်း အမြတ်နှစ်ဆရမယ်ဆိုတဲ့ အဓိပွါယ်ဖြစ်နေတော့ သေချာပေါက် အကျိုးအမြတ်အရှိဆုံး စီးပွားရေးကြီးတစ်ခုပဲ ...


ထို့ကြောင့် ဤအချိန်တွင် အမြော်အမြင်ရှိသောစီးပွားရေးသမားများက ရှအန်းကို ရှာဖွေလာကြသည်။


သူတို့အားလုံးကို တရုတ်ဈေးကွက်တွင် နေရာပေးနိုင်မည့် ရှအန်းဟူသည့် သစ်ခွပန်းခက်လေးကို ဖမ်းဆုပ်ချင်လာကြသည်။


ထို့ကြောင့် ရှုထျန်းထျန်း ရုန်းကန်နေရသည် ~


ကမ္ဘာ့ထိပ်တန်း ဇိမ်ခံပစ္စည်းအမှတ်တံဆိပ်များက ပူးပေါင်းရန် ကမ်းလှမ်းလာသဖြင့် မည်သူနှင့် ပူးပေါင်းရန် ရွေးချယ်ရမည်ကို ခေါင်းစားနေရသည်။


" အား ~ ဝမ်းနည်းစရာကြီး ..."


ကုမ္ပဏီမှပြန်ရောက်လာသော ရှအန်းက ရှုထျန်းထျန်း သက်ပြင်းချနေသည်ကို မြင်သောအခါ စိတ်ရှုပ်ထွေးသွားသည်။


" ထျန်းထျန်း ဘာဖြစ်လို့သက်ပြင်းချနေတာလဲ ...မကောင်းတာတစ်ခုခုဖြစ်လို့လား ..."


ထျန်းထျန်းက နတ်ဘုရားမလေးကို ဝမ်းနည်းစွာကြည့်လိုက်သေးသည်။

" မကောင်းတာဖြစ်လို့မဟုတ်ပဲ ... ကောင်းတာတွေအများကြီး စုပြုံဖြစ်လာလို့ပါ ..."


ရှုထျန်းထျန်း အမှန်ပင် ကူကယ်ရာမဲ့နေသည်။


" ကောင်းတာတွေအများကြီးတဲ့လား ..."


သူမ၏စတိုင်လစ် အတင်းအကျပ်ဝတ်ခိုင်းထားသည့် တန်ဖိုးကြီးလည်ဆွဲတစ်ခုကို ချွတ်လိုက်ပြီးနောက် ရှအန်း မီးဖိုချောင်ထဲဝင်သွားကာ ရေခဲသေတ္တာထဲမှ စားစရာသောက်စရာများထုတ်ပြီး ရှုထျန်းထျန်းရှေ့သို့ ပြန်ရောက်လာသည်။


သူမ၏နတ်ဘုရားမလေး ဖုတ်ဝင်သကဲ့သို့စားသောက်နေသည်ကိုကြည့်ပြီး ရှုထျန်းထျန်း သက်ပြင်းချလိုက်ပြန်သည်။ 


" ကျဲနဲ့ ပူးပေါင်းဖို့ ဘရန်းတွေအများကြီးက ဖိတ်ထားလို့ ဘယ်ဟာရွေးရမှန်းမသိဖြစ်နေတာ ... ကျဲပဲရွေးတော့ ..."


ထိုသို့ကိစ္စကြီးမျိုးက အရှင်သခင်အတွက်သာ ချန်ထားသင့်သည်။


ဒါတွေအားလုံးက နိုင်ငံတကာမှာ ထိပ်တန်းအမှတ်တံဆိပ်တွေဆိုတော့ ဘယ်ဟာရွေးရွေးပြဿနာမရှိဘူး နတ်ဘုရားမလေးကိုပဲ ရွေးခိုင်းလိုက်တော့မယ် ...


" တို့ ရွေးရမှာလား ..."

ရှအန်း မျက်တောင်ခတ်လိုက်သည်။ သူမဆိုဖာပေါ်တွင်ထိုင်ပြီး ချိစ်အရသာအာလူးကြော်ထုပ်ကို ဖွင့်လိုက်သည်။ ရှုထျန်းထျန်းက သူမ၏ မှတ်စုစာအုပ်ကို ရှအန်းကိုပြလိုက်သည်။


" ဟုတ်တယ် ကျဲပဲရွေး‌လိုက်ပါ ..."

ရှုထျန်းထျန်းက ခေါင်းငြိမ့်ပြပြီး စာအုပ်ကို ရှအန်းလက်ထဲ ထည့်လိုက်သည်။


ရှအန်းက စာရွက်တစ်ရွက်ချင်းလှန်ပြီး နားမလည်နိုင်စွာကြည့်လိုက်သည်။


" ဒါတွေအားလုံးလား ..."


သူမက ဇိမ်ခံပစ္စည်းများကို စိတ်မဝင်စားသော်လည်း ဖျော်ဖြေရေးနယ်ပယ်ထဲတွင် ရှိနေခဲ့သည်ကကြာပြီဖြစ်၍ အားလုံးမဟုတ်လျှင်ပင် အနည်းငယ်ကို သိသည်။


ယခု ရှုထျန်းထျန်းက သူမကို ရွေးချယ်ခိုင်းနေသည်။ 


ဈေးအပေါဆုံးအမှတ်တံဆိပ်က သောင်းဂဏန်းဖြင့်သာ ဝယ်ယူရရှိနိုင်သည့် ထုတ်ကုန်များဖြစ်သည်။


" ဟုတ်တယ် ကျွန်မဘယ်လိုရွေးရမယ်ဆိုတာ မသိဘူး ... ကျဲဘာသာရွေးလိုက်ပြီး သဘောကျတဲ့ဘရန်းနဲ့ လက်တွဲကြမယ်လေ ..."


ရှအန်းက ထိုနာမည်များကို ကြည့်လိုက်ပြီးနောက် ရှုထျန်းထျန်းကိုကြည့်လိုက်သည်။


"တစ်ခုမှ မကြိုက်ဘူးဆိုရင်ရော ..."


ရှအန်းက ကောင်းကောင်းနေ၍ ကောင်းကောင်းစားသောက်ချင်သည်ကို ဝန်ခံနိုင်သည်။


သို့သော် အစားထိုးသုံး၍ မရသည့် ထိုဇိမ်ခံပစ္စည်းများကို စိတ်မဝင်စားသည့်အပြင် မလိုအပ်သောအယောင်ဆောင်မှုများအတွက်‌ ငွေကုန်မခံလိုပေ။


သူမ ပွဲဦးထွက်ချိန်မှစ၍ ဝတ်ဆင်ခဲ့သည့် အင်္ကျီ ဖိနပ် အိတ် အားလုံးက မူလပိုင်ရှင်ချန်ထားခဲ့သည့် ပစ္စည်းများသာဖြစ်သည်။


သူမကိုယ်တိုင် တစ်ခုမှမဝယ်ခဲ့ပေ။


" ဘယ်လိုလုပ်မလဲ ... ဒီတံဆိပ်တွေအားလုံးက ကျဲကို ambassador ဖြစ်စေချင်ကြတာ ... ညီမတို့ အားလုံးကိုရွေးလို့လည်း မရဘူးလေ ..."


ရှုထျန်းထျန်း ရှအန်းကို ရှက်ရွံ့စွာကြည့်နေသည်။ ယခုအချိန်မှ ချိုမြိန်သောဝန်ထုပ်ဝန်ပိုးဟူသည့်အဓိပ္ပါယ်ကို သူမ နားလည်လာသည်။


ထိုဖိတ်ခေါ်ချက်များအားလုံးကို သူမလက်ခံချင်သည်။


" ဒါဆိုရင် နစ်နာကြေးအများဆုံးပေးတဲ့ဟာနဲ့ အခြေအနေအကောင်းဆုံးတစ်ခုကို ရွေးလိုက် ..."

ရှအန်းက ရှုထျန်းထျန်းကဲ့သို့ ရှည်ရှည်ဝေးဝေးမတွေးပဲ လက်တွေ့ဆန်သည်။


သူမက ရှုထျန်းထျန်းအတွက် ပြတ်သားသောဆုံးဖြတ်ချက်တစ်ခုကိုပေးခဲ့သည်။ 


ရှုထျန်းထျန်းကလည်း ၎င်းကသာအကောင်းဆုံးနည်းလမ်းဖြစ်သည်ဟု ထင်ခဲ့သည်။


အားလုံးကို မရွေးချယ်နိုင်သည့်အတွက် အကောင်းမွန်ဆုံးတစ်ခုကိုသာ စစ်ထုတ်ပြီး ရွေးရမည်ဖြစ်သည်။


ထိုသို့တွေ့ပြီးနောက် ရှုထျန်းထျန်း အံ့ဩစရာကောင်းသည်ဟု ထင်မိသွားသည်။


ထိုတံဆိပ်များအားလုံးက နိုင်ငံတကာတွင် ထိပ်တန်းအဆင့်ဖြစ်၍ ရွေးချယ်သင့်‌သည်များသာ ဖြစ်နေသည်။


ပြည်တွင်းမှ နာမည်ကြီးကြယ်ပွင့်များအတွက် ထိုအမှတ်တံဆိပ်များက လက်လှမ်းမှီနိုင်သည်ထက် ကျော်လွန်နေသည်။


ထိုအမှတ်တံဆိပ်များ၏ ambassador ဖြစ်ရန်က မလွယ်ကူပေ။


တရုတ်နိုင်ငံမှာ ပထမတန်းစားကြယ်ပွင့်ဖြစ်ခဲ့ရင်တောင် ambassador ဖြစ်ဖို့က ခဲယဉ်းလွန်းတယ် ...


သို့ရာတွင်  တရုတ်နိုင်ငံ၌ ပိတ်ပင်ခံထားရသော "စတားငယ်လေး"ရှအန်းက သူမ၏ပြည်တွင်းတွင် အနုပညာလှုပ်ရှားမှုမရှိသော်လည်း မရေမတွက်နိုင်သော အမှတ်တံဆိပ်များ၏ ambassador ဖြစ်ရန် ကမ်းလှမ်းခံရသည်။


ထို့အပြင် သူမက ဂရုစိုက်ခြင်းမရှိပဲ မည်သည့်အရာမှ ထည့်သွင်းစဉ်းစားခြင်းမရှိကာ ပူးပေါင်းလုပ်ဆောင်ရန် အခြေအနေအကောင်းဆုံး အမှတ်တံဆိပ်ကိုသာ ရွေးခဲ့သည်။


အကယ်၍ နိုင်ငံတွင်းမှ ပထမတန်းစားအမျိုးသမီး စတားဖြစ်ပါကလည်း ရွေးချယ်ရန်အချိန်ယူရမည်သာ။


မဟုတ်သေးဘူး ပြည်တွင်း အမျိုးသမီးစတားတွေက ရှအန်းကို သတ်ချင်နေတာပဲ...


ရှအန်း၏နောက်ကွယ်က မည်သူဖြစ်ကြောင်း သူတို့မသိကြပေ။