Chapter 170
Viewers 8k

🚩Chapter -170

 Arc_8.မောင်းမဆောင်နတ်ဘုရားမ [ 6 ]


_____


ရှန့်ဖူနန်းဆောင်၏ အဓိကအခန်းတံခါးကြီးက ပိတ်ထားရာ အထဲတွင် ဖြစ်ပျက်နေသည်များကို မသိရချေ။ ယန်ယွီနော့က စုရွေ့၏ အကြည့်တစ်ချက်နှင့်တင် အပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။ သူမ ကြောက်လန့်တုန်လှုပ်နေမိ၏။ ယခုအချိန်တွင် သူမ၏နှလုံးသားထဲ၌ စုဝမ်၏အသက်အတွက်သာ ဆုတောင်းနေမိ၏။


ယန်ယွီနော့နန်းတွင်းထဲသို့ရောက်လာသည်မှာ တစ်နှစ်ကျော်ပြီဖြစ်သည်။ သူမကအနိုင်ကျင့်ခံရခြင်းများနှင့်လည်း အသားကျနေပြီဖြစ်ကာ တစ်ခုခုဖြစ်လာလျှင် ယန်ယွီချင်းကိုကာကွယ်ပေးခြင်းနှင့်လည်း အသားကျနေလေသည်။ ယန်ယွီနော့၏ နှလုံးသားထဲတွင် ယခင်က ယန်ယွီချင်းမှာသူမ၏သခင်မဖြစ်ပြီး ယခုတွင်တော့ သူမ၏ညီမဖြစ်နေပြီဖြစ်သည်။ ထို့ကြောင့် သူမက ယန်ယွီချင်းကိုကာကွယ်ပေးပြီး သူမအတွက် အပြစ်ကိုပင် ဝင်ခံပေးခဲ့သေးသည်။ 


ယန်ယွီနော့ ရှန့်ဖူနန်းဆောင်သို့‌ရောက်ရှိလာပြီး ယန်ယွီချင်းနှင့် ကွဲကွာသွားချိန်တွင် စုဝမ်နှင့်တွေ့ဆုံခဲ့သည်။ သူတို့နှစ်ယောက် သိကျွမ်းသွားသည့်အချိန်မှစ၍ စုဝမ်ကသူမကိုကူညီပေးခဲ့သည်။ နောက်ပိုင်းတွင် နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်အကူအညီပေး၍ နေထိုင်ခဲ့ကြသည်။ 


ယန်ယွီနော့က စုဝမ်ထက် လအနည်းငယ်သာကြီးသည်။ ထို့ကြောင့် စုဝမ်အား ယန်ယွီချင်းကို ဆက်ဆံပေးသကဲ့သို့ ဆက်ဆံကာ ကာကွယ်ပေးရမည်ဟုခံစားမိသည်။ သို့သော် ယနေ့တွင်....။


“ယွီနော့”


လက်ရာပြောင်မြောက်လှသည့် ဘရိုကိတ်ဝတ်ရုံကိုဝတ်ဆင်ထားသော လျောင်စီးရီက ရုတ်တရက် ယန်ယွီနော့၏ အနောက်ဘက်မှ ထွက်လာသည်။ ယန်ယွီနော့၏မျက်နှာက စိုးရိမ်ပူပန်တို့ဖြင့် ပြည့်နေသည်ကိုတွေ့သောအခါ သူမက နောက်ကျောကိုအသာလေးပုတ်‌ပေးလာသည်။ 


“ယွီနော့ စိတ်မပူပါနဲ့ စုဝမ်အဆင်ပြေမှာပါ”


လျောင်စီးရီ၏အကြည့်များက ပိတ်ထားသည့်တံခါးပေါ်သို့ ကျရောက်သွားသည်။ ဘုရင်မင်းမြတ် ရှန့်ဖုန်းနန်းဆောင်သို့ ရောက်လာချိန်၌ စကားတစ်ခွန်းမဆိုဘဲ လူပေါင်းများစွာသတ်ခဲ့သည်။ ယခုတွင် နန်းတွင်း၌ အသံတစိုးတစိမျှရှိမနေဘဲ အဆောင်ထဲသို့လည်း ဘုရင်မင်းမြတ်က မည်သူ့ကိုမှ အဝင်မခံချေ။ ထို့ကြောင့် စုဝမ်က အနည်းဆုံးတော့....အသက်ရှင်နေလိမ့်ဦးမည်။


အချိန်မည်မျှကုန်ဆုံးသွားလည်း မသိချေ။ ရှန့်ဖူနန်းဆောင်ထဲမှ လူများအားလုံးက အလုပ်ရှုပ်နေကြသော်လည်း ယန်ယွီနော့က အဆောင်ရှေ့တွင်သာ စောင့်နေဆဲဖြစ်သည်။ ထိုအချိန်တွင် အထဲမှ အေးစက်ပြီးပြတ်သားသည့် အသံက အဆောင်ထဲမှထွက်လာသည်။


 “ဝမ်ရိ”


အဆောင်ဝင်ပေါက်တွင် စိတ်ရှည်စွာနှင့် စောင့်ဆိုင်းနေသော ဝမ်ရိက ဘုရင်မင်းမြတ်၏အသံကိုကြားသောအခါ ချက်ချင်း တံခါးကိုတွန်းဖွင့်၍ ဝင်သွားလိုက်သည်။ အဆောင်ဝင်ပေါက်မှ ဝမ်ရိ၏ပုံရိပ်ပျောက်ကွယ်သွားသည်နှင့် ယန်ယွီနော့လည်း ပို၍စိုးရိမ်လာတော့သည်။


“အရှင်”


ထိုအချိန်တွင် ဝမ်ရိကအခန်းအလယ်သို့ လျှောက်လာပြီး ဦးညွှတ်လျက် ဘုရင်မင်းမြတ်၏ ညွှန်ကြားချက်များကို စောင့်ဆိုင်းနေလိုက်သည်။


“ဝမ်ရိ နန်းတွင်းအစေခံစုဝမ်က နန်းတွင်းစည်းမျဥ်းစည်းကမ်းတွေကို ဆန့်ကျင်တာကြောင့် ဒီနေ့ကစပြီး ရှင်းကျဲခူမှာ တစ်လတိတိ အပြစ်ပေးခံရမယ် ဒီကိစ္စကို မင်းလက်ထဲကိုအပ်တယ်”


ဦးညွှတ်ထားဆဲဖြစ်သည့် ဝမ်ရိက စုရွေ့၏အမိန့်ကိုကြားပြီးနောက် ချက်ချင်းခေါင်းညိတ်ကာ ‘မှန်လှပါ’ ဟု တုံ့ပြန်လိုက်သည်။ သူကမျက်လုံးထောင့်မှတစ်ဆင့် ထိုအစေခံလေး၏ ပုံရိပ်ကို ရှာဖွေမိလိုက်၏။ 


အာ...သူမက ဒီမှာမဟုတ်ဘူးလား...။


ဝမ်ရိ တောင့်ခဲသွား၏။ သူထွက်သွားသည့်အချိန်က ထိုနန်းတွင်းအစေခံစုဝမ်က ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေလျက်သားဖြစ်သည်။ 


သူမဘယ်ရောက်သွားတာလဲ...။


“အထိန်းတော်ဝမ် ဒီအစေခံကိုရှာနေတာပါလား”


ချိုမြိန်လှသည့်မိန်းကလေးအသံက ဝမ်ရိနှင့် မနီးမဝေးနေရာမှ ထွက်ပေါ်လာသည်။ မသိစိတ်အရ ခေါင်းမော့ကြည့်လိုက်ရာ တစ်ကိုယ်လုံးတောင့်ခဲသွားပြီး အံ့ဩမှုကြောင့် ပါးစပ်ကလေးပင် ပွင့်ဟသွားတော့သည်။


သူ့အရှေ့တွင် ဘုရင်မင်းမြတ်က သက်တောင့်သက်သာထိုင်နေပြီး ကြောင်တစ်ကောင်ကဲ့သို့မျက်နှာနှင့် သိပ်မရင့်ကျက်သေးသည့် ထိုနန်းတွင်းအစေခံက ဘုရင်မင်းမြတ်၏ရင်ခွင်ထဲတွင် ရှိနေလေသည်။ သူမက အေးစက်နေသည့် မျက်ဝန်းတစ်စုံဖြင့် ပျင်းရိပျင်းတွဲကြည့်နေပြီး ဝမ်ရိကို ပြုံးပြနေသည်။


အထိန်းတော်ဝမ် : ငါမော့ကြည့်တာမှားသွားတဲ့ပုံပဲ သေချာတယ်...။


ဝမ်ရိက ချက်ချင်းတုန်လှုပ်စွာဖြင့် ခေါင်းပြန်ငုံ့လိုက်သည်။ ဝမ်ရိက ရှိသင့်သည့် သတိများအား အချိန်မီထားလိုက်သည်ကိုတွေ့သောအခါ စုရွေ့က စိတ်ကျေနပ်မှုဖြင့် ပြုံးလိုက်၏။ 


“ဝမ်ရိ ငါကိုယ်တော် မင်းကို အယုံကြည်ဆုံးပဲ ဒီကိစ္စကိုမင်းလက်ထဲအပ်လိုက်ပြီ မြန်မြန်ကိုင်တွယ်လိုက်တော့...”


ပြောပြီးသည်နှင့် စုရွေ့က ရင်ခွင်ထဲရှိ စုဝမ်ကို တွန့်ဆုတ်လျက်ကြည့်လာသည်။ စုရွေ့က ပါးစပ်ဖွင့်၍ တစ်ခုခုပြောနေချင်နေသည်ကို‌ တွေ့သောအခါ စုဝမ်က လက်ချောင်းလေးများနှင့် သူ၏နှုတ်ခမ်းကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ ထို့နောက် စုရွေ့၏အနားသို့တိုးထိုင်လိုက်၍ နားနားသို့ကပ်ကာ စကားအချို့ကိုပြောလိုက်သည်။ 


“အရှင် ညကျရှင်းကျဲခူမှာ စောင့်နေပါ့မယ်”


စုဝမ်၏စကားများကိုကြားပြီးနောက် စုရွေ့၏မျက်နှာက ပျော်ရွှင်သွားသည်။ 


သူဘာလိုချင်လဲဆိုတာ သူ့ဇနီလေးက အသိဆုံးပဲ...။


စုဝမ် : ဟီးဟီး


“အထိန်းတော်ဝမ် သွားကြရအောင်”


ထိုအချိန်တွင် စုဝမ်က စုရွေ့ဆီမှထွက်လာကာ ဝမ်ရိထံလျှောက်လာ၏။ 


ဒါက...


“သခင်မစု...ကျေးဇူးပြုပြီး” 


ဝမ်ရိက အသံကိုနှိမ့်ချကာ စုဝမ်ကို တလေးတစားနှင့်ပြောလိုက်သည်။ 


ဘုရင်မင်းမြတ်က ရှန့်ဖူနန်းဆောင်ကို ဒီမနက်က ဘာကြောင့်ရောက်လာရသလဲဆိုသည့်အကြောင်းကို သူမသိဘူးဆိုပါက သူတကယ်ကို နုံချာလွန်း၍သာဖြစ်သည်။


“အထိန်းတော်ဝမ်က ယဥ်ကျေးလွန်းနေပါပြီ ဒီအစေခံကအခု အပြစ်သားတစ်ယောက်ပါ အထိန်းတော်ဝမ်အရှေ့ကနေ ဘယ်လိုလုပ်လျှောက်ရဲပါ့မလဲ”


စုဝမ်က ဝမ်ရိ၏စကားများကိုကြားသောအခါ မသိမသာလေးပြုံးလိုက်ပြီး လက်မြှောက်၍ ဝမ်ရိကို အမူအရာပြလိုက်သည်။ 


“အထိန်းတော်ဝမ် ကျေးဇူးပြုပြီး အရင်သွားပါ”


“အိုး...အိုး...အိုး”


ဝမ်ရိက စုဝမ်စကားများကိုကြားသောအခါ ချက်ချင်းသူမအရှေ့သို့သွားလိုက်သည်။ ‌နောက်တွင်တော့ စုဝမ်က ခေါင်းငုံ့လျက်လိုက်ပါသွားသည်။ သွားနေရင်းနှင့် စုဝမ်က သူမနောက်‌ကျောကို စိုက်ကြည့်နေသည့် မျက်ဝန်းတစ်စုံကို ခံစားမိသည်။ သူမက ချက်ချင်းစုရွေ့ကိုလှည့်၍ ပြုံးပြလိုက်သည်။


နန်းဆောင်တံခါးကပွင့်လာသည်။ ဝမ်ရိနှင့် စုဝမ်တို့၏ပုံရိပ်ကိုတွေ့သောအခါ စိုးရိမ်တကြီးနှင့် စောင့်နေသော ယန်ယွီနော့က ချက်ချင်းပြေးလာသည်။ 


“ရှောင်ဝမ်...အဆင်...ပြေရဲ့လား”


“အတင့်ရဲလိုက်တာ”


ယန်ယွီနော့က အပြေးရောက်လာပြီးစုဝမ်ကိုလက်ကို ကိုင်တော့မည်ကိုတွေ့သောအခါ ဝမ်ရိ၏ မျက်နှာက ချက်ချင်းအေးစက်သွားပြီး လက်ထဲရှိ မြင်းမြှီးကြာပွတ်ကို လွှဲရိုက်ကာ ယန်ယွီနော့ကို ဘေးသို့ပို့လိုက်သည်။


သခင်မစုရဲ့ လက်ကို ဘယ်လိုတောင် ထိကိုင်ရဲတာလဲ သူမကအရှင်ပိုင်တဲ့သူ...။


“အထိန်းတော်ဝမ်”


အဆောင်ဝန်းထဲတွင် တစ်ချိန်လုံးစောင့်နေခဲ့သော ချန့်ကျီးက ချက်ချင်းဦးညွှတ်လိုက်သည်။ ထို့နောက် ယန်ယွီနော့ကို မျက်ဆံလှန်ကြည့်လိုက်ကာ ဝမ်ရိကိုအရိုအသေပေးလိုက်သည်။ 


“အထိန်းတော်ဝမ် ဒီအစေခံလေးက တုံးအပါတယ် သူမကိုဂရုမစိုက်ပါနဲ့ စုဝမ်...သူမ...အရှင်က...”


“ရှင်းကျဲခူမှာ တစ်လ ပြစ်ဒဏ်ခံရမယ်”


ချန့်ကျီး၏စကားကိုကြားပြီးနောက် ဝမ်ရိက အေးစက်စွာ ပြောလိုက်သည်။ 


ရှင်းကျဲခူလား...။


ချန့်ကျီး၏မျက်နှာက အနည်းငယ်ပြောင်းလဲသွားပြီး ယန်ယွီနော့၏ မျက်နှာကတော့ ဖြူစုတ်သွားသည်။ 


ရှင်းကျဲခူကဘယ်လိုနေရာမို့လို့လဲ မောင်းမဆောင်ထဲက ရေခဲနန်းဆောင်ထက် ပိုပြီး အဆင့်နိမ့်တယ် လူတစ်ယောက်နေသင့်တဲ့ နေရာတောင်မဟုတ်ဘူး...။


“အထိန်းတော်ဝမ်”


ယန်ယွီနော့က ရုတ်တရက် မြေကြီးပေါ်သို့ ဒူးထောက်ချလိုက်ကာ ဝမ်ရိ၏ ဖိနပ်ကို လက်နှစ်ဖက်ဖြင့် ကိုင်ရင်း တောင်းပန်တိုးလျှိုးလာသည်။ 


“အထိန်းတော်ဝမ် ဒီအစေခံက အရှင်နဲ့တွေ့ချင်ပါတယ် ဒီအစေခံက စုဝမ်က အစား အပြစ်ခံပေးပါ့မယ် တစ်လ...မဟုတ်ဘူး နှစ်လဆိုလည်း အဆင်ပြေပါတယ် အထိန်းတော်ဝမ်ကိုအကူအညီတောင်းပါတယ်”


ဝမ်ရိ : ……


သခင်မစုက အပြစ်ပေးခံဖို့ အဲ့ဒီသွားတယ်လို့ထင်နေတာလား သူမကအဲ့ဒီကို သခင်မတစ်ယောက်အနေနဲ့ သွားမှာကွ ဟုတ်ပြီလား...။


“အထိန်းတော်ဝမ်”


တစ်ဖက်တွင်ရှိနေသော ချန့်ကျီးသည်လည်း မနေနိုင်‌တော့ပေ။ 


“ဒီစုဝမ်က ရှန့်ဖူနန်းဆောင်မှာ အလုပ်ကြိုးစားတဲ့ ကလေးပါ အထိန်းတော်ဝမ် အရှင့်ကိုပြစ်ဒဏ်လျှော့ပေးဖို့...”


“ငါ သူမအတွက် အသနားခံပေးစရာမလိုဘူး မင်းတို့ခေါင်းတွေသာမဆုံးရှုံးအောင် သတိထားကြ”


ဝမ်ရိက သူတို့ကို စူးရှနေသောမျက်လုံးများဖြင့် ကြည့်လိုက်သည်။


 “ဘယ်သူရှိလဲ ဒီအစေခံကို လာဆွဲကြစမ်း”


အတွင်းဆောင်အစောင့်နှစ်ယောက်က ချက်ချင်းအရှေ့သို့တိုးလာပြီး ဝမ်ရိ၏ဖိနပ်ကို ကိုင်ထားသော ယန်ယွီနော့ကို ဆွဲကာ ဘေးသို့ပို့လိုက်ကြသည်။ 


“သွားရအောင်”


ဝမ်ရိက ကိုယ်ကိုမတ်၍ အရှေ့သို့ ‌ခြေလှမ်းကျဲများဖြင့် လျှောက်သွားလိုက်သည်။ စုဝမ်က နောက်မှနေ၍ ဘေးသို့ အဆွဲခံလိုက်ရသည့် ယန်ယွီနော့ကိုကြည့်၍ ဖြူဖျော့နေသည့်မျက်နှာဖြင့် အားတင်း၍ပြုံးပြလိုက်သည်။


“အစ်မယွီနော့ စိတ်မပူပါနဲ့ ညီမ သည်းခံနိုင်ပါတယ်”


ပြောပြီးသည်နှင့် ခေါင်းငုံ့လျက် ဝမ်ရိနောက်သို့ လိုက်သွားလေသည်။ 


သူတို့ဝေးဝေးသို့ ရောက်သွားသည်နှင့် ယန်ယွီနော့ကို အစောင့်များက လွှတ်ပေးလိုက်ကြသည်။ 


“ရှောင်ဝမ် ရှောင်ဝမ်”


ယန်ယွီနော့၏မျက်နှာက မျက်ရည်စီးကြောင်းများဖြင့်ပြည့်နှက်သွားလေသည်။ ချန့်ကျီးက အဆောင်ဝန်းထဲ၌ ရှိနေသေးသည်ကို မြင်သောအခါ ယန်ယွီနော့က နောက်ဆုံးမျှော်လင့်ချက်ကောက်ရိုးမျှင်လေးကို မြင်လိုက်ရသကဲ့သို့ အပြေးလှမ်းသွား၏။


 သူမက ချန့်ကျီးကို ကိုင်ဆွဲ၍ “ချန့်ကုန်းကုန်း ကူညီပါဦး ကျေးဇူးပြုပြီး ကူညီပါဦး”


ယန်ယွီနော့ သနားစဖွယ်ငိုယိုနေသည်ကိုတွေ့သောအခါ ချန့်ကျီးက မျက်လုံးလှိမ့်လိုက်သည်။


 “အေးပါ အေးပါ မင်းလုပ်လို့ ငါ့အဝတ်တွေလည်းညစ်ပတ်ကုန်တော့မယ်”


သူ့အသွင်အပြင်ကို အလွန်ဂရုစိုက်သည့် ချန့်ကျီးမှာ မနက်ခင်းတွင်ပင် ဝတ်စုံအသစ်လဲလာခဲ့ခြင်းဖြစ်သည်။


“ငါ ရှင်းကျဲခူကိုသွားပြီး လာဘ်ထိုးကြည့်မယ် ဒီငွေနဲ့...ဒါပေမယ့် မင်းလည်း ငွေယူခဲ့ရမယ်”


ချန့်ကျီးက သူ့ငွေအိတ်လေးကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ သူကအလွန် စိတ်နှလုံးနူညံ့သည်။ ဤမိန်းကလေးများ သူ့အရှေ့၌ ငိုယိုညည်းတွားနေသည်ကို မကြည့်ရက်ချေ။ သို့သော်လည်း လူတစ်ယောက်ဖြစ်လာလျှင် လိုက်နာရမည့် စည်းမျဥ်းစည်းကမ်းများရှိသည်။ ဥပမာအနေနှင့် ချန့်ကျီး၏ စည်းမျဥ်းမှာ......


ငါ့ကိုလာရှုပ်တာကိုသည်းခံနိုင်တယ် ဒါပေမယ့် သူ့ငွေအိတ်ကိုလာမထိနဲ့ အဲ့ဒါတော့လုံးဝသည်းမခံနိုင်ဘူး...။


ချန့်ကုန်းကုန်း၏ တွန့်တိုတတ်သည့်အကျင့်က ရှန့်ဖူနန်းဆောင်တွင် နာမည်ကြီးသည်။ တကယ်တမ်းတွင် သူ့ရာထူးနေရာနှင့် လစဥ်ရရှိသည့်ငွေက များပြားသည်။ ထို့အပြင် သူ့လက်အောက်မှ အစေခံများနှင့် နန်းတွင်းအစေခံများကလည်း မျက်နှာသာရရန် ငွေပေးလေ့ရှိသည်။ သာမန်အားဖြင့် သူက အာဏာရှင်တစ်ယောက်ဖြစ်သော်လည်း ရှန့်ဖူနန်းဆောင်တွင် ကပ်စီးအနည်းဆုံးဖြစ်သည်။ မည့်သည့်ကိစ္စများဖြစ်လာပါစေ၊ သေသည်အထိရိုက်နှက်လျှင်တောင် ငွေစတစ်စအဆုံးရှုံးခံမည့်သူမျိုး မဟုတ်ပေ။ 


ထိုအချိန်တွင် ချန့်ကျီးက ရှင်းကျဲခူကို လာဘ်ထိုးမည်ဟု ပြောလာသောအခါ ယန်ယွီနော့က ချက်ချင်းမျက်ရည်များကို သုတ်လိုက်ပြီး သူမ၏ငွေအိတ်ကို ချန့်ကျီးထံပေးလိုက်သည်။


ချန့်ကျီးက တွန့်တိုတတ်သော်လည်း လောဘကြီးသည့်သူတော့မဟုတ်ပေ။ ထို့ကြောင့် ယန်ယွီနော့က ချန့်ကျီးသူမအား လိမ်လည်သွားမည်ကို ကြောက်ရွံ့မနေချေ။


ယန်ယွီနော့ သူ့ကိုပေးလာသည့် ငွေအိတ်ကို ချိန်ဆကြည့်ရင်း ချန့်ကျီး၏မျက်ခုံးများက တွ့န်ချိုးသွားသည်။ 


“ဒါ မင်းစုထားတဲ့ငွေတွေလား”


“မလောက်သေးလို့လား”


ယန်ယွီနော့၏မျက်နှာကပြောင်းလဲသွားသည်။ ထို့နောက် ရုတ်တရက် သူမက တစ်ခုခုကို တွေးမိသွားပုံပေါ်သည်။ 


“ချန့်ကုန်းကုန်း ပိုက်ဆံပိုတိုးပေးနိုင်ပါတယ်”


ထိုအချိန်တွင် ယန်ယွီနော့က ကိုယ်လုပ်တော်လျို၏နန်းဆောင်တွင် အလုပ်လုပ်နေသော ယန်ယွီချင်းကို သတိရသွားခြင်းဖြစ်၏။


“ချန့်ကုန်းကုန်း ကျွန်မကိုစောင့်နေပါ အခုပဲပိုက်ဆံယူပြီးလာခဲ့ပါ့မယ်”


ယန်ယွီနော့က နန်းတွင်းဝတ်စုံကိုမလျက် ပြေးထွက်သွားလတော့သည်။



___🚩