😍 Chapter 14
ရှောင်ဟုန် ထိတ်လန့်စွာဖြင့် ပြောလိုက်သည်။
"သခင်မ...ဘာကိုဆိုလိုချင်တာလဲ...ကျေးဇူးပြုပြီး ကျွန်မကို ယုံကြည်ပေးပါ ဒါကတကယ် ဒီနေ့မနက်မှဖျော်လာတာပါ"
သို့သော် မင်လျိုရီ တုပ်တုပ်မျှမလှုပ်သည်ကိုမြင်သောအခါ သူမက နောက်လှည့်ပြီး ယောင်ကျိကျိုးအား မီးပွင့်မတက်စိုက်ကြည့်လိုက်သည်။
မင်လျိုရီသည် အံ့ဩထိတ်လန့်သွားသည်။ သူမက ရှောင်ဟုန် ထိုမျှလောက် ရက်စက်ပြီး အညှာအတာမဲ့လိမ့်မည်ဟု မထင်ထားခဲ့ချေ။ ထို့နောက် သူမကို အလျင်အမြန်လှမ်းဆွဲလိုက်သည်။
တံခါးဝတွင် စောင့်နေသော ကိုယ်ရံတော်များက ရုန်းရင်းဆန်ခက်အသံများကြားသောအခါ ပြေးဝင်လာပြီး ရှောင်ဟုန်အား ကြမ်းပြင်တွင် ဖိချုပ်ထားလိုက်သည်။
ဒီလူတွေက ယောင်ကျိကျိုးအတွက် စီစဥ်ပေးခဲ့သောလူများဖြစ်သည်။ ပထမက ကိစ္စအားလုံးကို ယောင်ကျိကျိုးအရှေ့တွင် ဖြေရှင်းချင်ခဲ့သော်လည်းထိုလူများသည် မျှော်လင့်ချက်မဲ့နေသည်ကို ထည့်မတွက်မိလိုက်ပေ။ အကယ်၍ သူတို့သာ ယောင်ကျိကျိုးကို ထိခိုက်စေခဲ့လျှင် အရာအားလုံး ဆုံးရှုံးသွားမည်ဖြစ်သည်။
မင်လျိုရီ တစ်ခဏမျှ စဥ်းစားပြီးနောက် ယောင်ကျိကျိုးအား စောင့်ရှောက်ရန် ကိုယ်ရံတော်နှစ်ဦးအား ထားရစ်ပြီး အားလုံးကို ဧည့်ခန်းထဲသို့သွားရင်ပြောလိုက်သည်။
ထိုအချိန်တွင် ဓာတ်ခွဲစစ်ဆေးသူများသည် လိမ္မော်ရည်နမူနာကိုယူပြီး စစ်ဆေးနေကြပြီဖြစ်သည်။
မင်လျိုရီသည် ဗီလာရှိ အလုပ်သမားအားလုံးကို စုစည်းခိုင်းလိုက်ပြီး လူအားလုံးသည်လည်း စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေကြသည်။ သို့သော် အတင်းအဖျင်းများတော့ ပြောနေကြဆဲပင်။
"သခင်မအသစ်က ကိုင်တွယ်ရမလွယ်ဘူးလို့ ကြားဖူးတယ်သိလား သူဒီကိုရောက်တာဖြင့် နှစ်ရက်ပဲရှိသေးတယ် အာဏာတွေထုတ်သုံးနေပြီ"
"ဟုတ်ပါ့ဟယ်...မနေ့ကတင် လိမ္မော်ရည်ကို အရသာရှိတယ်ပြောပြီး ဒီနေ့ကျတော့ ဓာတ်ခွဲစစ်ဆေးခိုင်းတယ်တဲ့...ဒီတစ်ယောက်ကတော့ ကျွတ် ကျွတ် ကျွတ် မျက်နှာနှစ်ဖက်နဲ့မိန်းမပဲ"
"ဒါပေမဲ့ ရှောင်ဟုန်က ဒီမှာအလုပ်လုပ်နေတာဖြင့် ကြာလှပြီ ဘာမှမဖြစ်လောက်ပါဘူးဟုတ်တယ်မလား..."
မင်လျိုရီသည် ထိုအတင်းအဖျင်းများအားလုံးကို မကြားသလိုဟန်ဆောင်နေသော်လည်း လူတိုင်း၏အမူအရာကိုတော့ လိုက်ကြည့်နေခဲ့သည်။
ထိုအခိုက်အတန့်တွင် စစ်ဆေးမှုရလဒ်ထွက်ပေါ်လာသည်။
"သခင်မ စစ်ဆေးချက်အရ လိမ္မော်ရည်က ပြဿနာရှိနေပါတယ်...အဲ့ထဲမှာ တခြားအရာတစ်ခုပါနေတယ်"
မင်လျိုရီသည် မျက်လုံးဖြင့် ထိုသူအား ဆက်ပြောရန် အချက်ပြလိုက်သည်။ ထိုအခါမှ ဓာတ်ခွဲစစ်ဆေးသည့်သူက အမှန်အတိုင်းဆက်ပြောလာသည်။
"သခင်မ လိမ္မော်ရည်ကို အဆိပ်ခက်ထားပါတယ်...ပါဝင်တဲ့ပမာဏက နည်းပေမဲ့ အသုံးပြုတဲ့လူက အချိန်ကြာမြင့်စွာသုံးနေရင်တော့ အကျိုးဆက်က မခန့်မှန်းနိုင်စရာပဲ...ဒါပေမဲ့ ကျွန်တော်တို့ ဒီနေ့ရိုးရှင်းတဲ့ပစ္စည်းတွေပဲ ယူလာခဲ့တာမလို့ ထပ်ပြီးစမ်းသပ်ဖို့
အဆိပ်ပါထားတဲ့ လိမ္မော်ရည်ကို ဓာတ်ခွဲခန်းဆီပြန်
ယူသွားဖို့လိုပါတယ်"
လူအုပ်ကြီးသည် လှုပ်လှုပ်ရှားရှားဖြစ်လာပြီး ထိတ်လန့်နေကြသည်။
မင်လျိူရီ ပြုံးလိုက်သည်။
"ကောင်းပြီ ကျွန်မနားလည်ပါတယ် စုံစမ်းစစ်ဆေးတဲ့ကိစ္စကို ဝင်နှောင့်ယှက်မှာမဟုတ်ပါဘူး... တန်ရာတန်ကြေးအတွက်လဲ စိတ်မပူပါနဲ့"
ရှောင်ဟုန်သည် အပြစ်မှ ခွင့်လွှတ်ခံရသည်ဟုထင်ပြီး စုံစမ်းစစ်ဆေးသူများ ပြန်သွားသည်နှင့် မင်လျိုရီရှေ့ တွင် ဒူးထောက်ချလိုက်သည်။
"သခင်မရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ် ကျွန်မရဲ့အမှားကိုသိပါပြီ...ခဏလောက် စိတ်ထွေဖြားသွားတာပါ...ကျွန်မကိုလွှတ်ပေးလို့ ကျေးဇူးတင်ပါတယ် အခုကစပြီး-"
"နင့်ကိုလွှတ်ပေးမယ်လို့ ဘယ်တုန်းကပြောမိလို့လဲ"
မင်လျိုရီက ရှောင်ဟုန်စကားပြောနေသည်ကို ဖြတ်ပြောလိုက်သည်။ ထို့နောက် ရှောင်ဖန်းဘက်သို့ လှည့်ပြီးပြောလိုက်သည်။
"ငါတို့ကို အဆိပ်ခက်တဲ့လူရှိတယ် ဒါကထင်ရှားတဲ့သက်သေပဲ ရဲကိုခေါ်လိုက်"
ရှောင်ဖန်း လျင်မြန်စွာဖြင့် ရဲခေါ်လိုက်သည်။
ရဲများသည် အချိန်တိုအတွင်းရောက်ရှိလာကြသည်။ ရဲများရောက်လာတော့ လူများသည် ပို၍ပင် ရတက်မအေးဖြစ်သွားကြသည်။ သံယသရှိသူများထဲမှလူအနည်းအကျင်းသည် ထွက်ပြေးရန်ပြင်ကြသော်လည်း ထိုသူများသည် ရဲများကို လျှော့တွက်ခဲ့ကြပုံပင်။ ရဲများက မသင်္ကာစရာအပြုအမူများ ပြုလုပ်သည့်လူတိုင်းကို စခန်းသို့ခေါ်သွားခဲ့ကြသည်။
မင်လျိုရီသည်လည်း စုံစမ်းစစ်ဆေးသည့်အဖွဲ့နှင့် ပူးပေါင်းခဲ့ပြီး ရှောင်ဟုန်၏ သူမကိုယ်တိုင်လိမ္မော်ရည်ဖျော်သည်ဟု ဝန်ခံနေသည့် အသံဖိုင်ကိုပါ တင်ပြခဲ့သည်။
မင်လျိုရီ ဗီလာသို့ပြန်ရောက်ချိန်တွင် ညဥ့်နက်နေပြီ။
ရှောင်ဖန်းသည် ဗီလာတစ်ခုလုံးအား သန့်ရှင်းရေးလုပ်ပြီးလုဆဲဆဲဖြစ်သည်။ ဗီလာအတွင်း ထင်သာမြင်သာသည့်အပြောင်းအလဲကတော့ အလုပ်သမားအရေအတွက် သိသိသာသာ လျော့နည်းသွားခြင်းဖြစ်ပြီး ရင်းနှီးသည့်မျက်နှာများသာ ကျန်ရှိနေခဲ့သည်။
မင်လျိုရီ အိမ်ပြန်ရောက်လာသည်ကိုမြင်သော် အားလုံးသည် ဧည့်ခန်းတွင်စုစည်းလိုက်ကြသည်။
မင်လျိုရီ သက်ပြင်းချလိုက်သည်။ သူမအသံသည် နူးညံ့ပျော့ပျောင်းနေသော်လည်း အာဏာအပြည့်ပင်။
"အားလုံးပဲ စိတ်မပူကြပါနဲ့...အမှားလုပ်ခဲ့တဲ့လူတွေနဲ့ မကောင်းတဲ့ရည်ရွယ်ချက်ရှိတဲ့လူတွေအကုန် အပြစ်ပေးခံပြီးပါပြီ ..: ကျန်တဲ့သူတွေကိုတော့ ရှေ့လျှောက် အရင်ကလိုပဲကိုယ့်အလုပ်ကိုယ် လုပ်နိုင်ပါစေလို့ မျှော်လင့်ပါတယ်...အကယ်၍ ဒီနေ့လိုအဖြစ်အပျက်မျိုး ထပ်ဖြစ်လာမယ်ဆိုရင် အားလုံးကို သေချာပြန်ပြီးစဥ်းစားစေချင်ပါတယ် ... မဖောက်ထွင်းနိုင်တဲ့ နံရံဆိုတာမရှိဘူး ..: ရှင်တို့လုပ်ခဲ့တာတွေ ပေါ်တဲ့အချိန်က ရှောင်ဟုန်လိုမျိုး အဆုံးသတ်သွားရမဲ့အချိန်ပဲ... ရှင်တို့ရဲ့မိသားစုမှာအခက်အခဲရှိနေရင် ကျွန်မကိုပြော ... ကျွန်မကူညီပေးမယ် ယောင်မိသားစုကလည်း ကူညီပေးလိမ့်မယ် ... ဒီမှာရှိတဲ့လူတွေအကုန်လုံးက ယောင်မိသားစုအတွက် အလုပ်လုပ်ပေးနေတာ နှစ်တွေကြာလှနေပြီ...အချင်းချင်း အမြင်တူညီမယ်လို့ထင်ပါတယ် ဒါကြောင့် ငွေအနည်းအကျင်းလောက်နဲ့တော့ ကျွန်မတို့ရဲ့ဆက်ဆံရေးကို အပျက်မခံပါနဲ့ ..: ပြီးတော့ ယောင်မိသားစုက အကောင်းအတိုင်းရှိနေသေးတယ်... ယောင်မိသားစုက နင်တို့ကိုပစ်ပယ်လိုက်မယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူး"
လူတိုင်း၏ ရင်ထဲတွင် အစီအစဥ်ကိုယ်စီရှိကြသည်။ အရိုးသားဆုံး ပြောရရင်တော့ သူတို့အားလုံးသည် အိမ်သခင်၏ သူရဲကောင်းဆန်သည့်ပုံရိပ်ကို မြင်ဖူးကြသည်။ သူသည် လေးနက်တည်ကြည်ပြီး ရက်ရောသည်။ ယောင်မိသားစုအတွက် အလုပ်လုပ်ပေးရတာက လစာနှင့် အကျိုးခံစားခွင့်လဲမြင့်မားပြီး အကုန်လုံးအဆင်ပြေကြသည်။ ဒါပေမဲ့လည်း သခင်ကားအက်စီးဒန့်ဖြစ်ပြီးနောက်မှာ တစ်ချို့လူတွေရဲ့ စောင့်သိမှုက ပြောင်းလဲသွားပြီး ထိုအရာကိုပဲ အခွင့်ကောင်းယူလာကြသည်။
ဒါအပြင် သခင်မကလည်း ယခင်က သခင့်အပေါ် ရက်စက်ခဲ့ပေမဲ့ ယခုတွင်တော့ ကာကွယ်ပေးနေလေသည်။ လူတိုင်း၏ရင်ထဲထိသွားပြီး သခင်မက အခက်အခဲရှိရင် ပြောဖို့လဲပြောခဲ့သည် သူတို့ယောင်မိသားစုကို ယုံကြည်လို့ရမှာပါ...ယောင်မိသားစုက လက်လွတ်စပယ် ပစ်ထားမည်မဟုတ်ချေ...
မင်လျိုရီ စကားပြောပြီးနောက် လူအားလုံးအား ဝေ့ကြည့်လိုက်ကာ အနားယူရန်သူမအခန်းသို့ ပြန်သွားခဲ့သည်။ သူမက ယောင်ကျိကျိုးကို ကြည့်နေစဥ် တစ်ခုခုအားသတိရသွားပြီး ရှောင်ဖန်းအား လိုက်ရှာရန် ခပ်သုတ်သုတ်ပြေးသွားသည်။
"နင်တို့သခင် နေ့လည်စာစားပြီးပြီလား"
🥰