🥰 Chapter 16
မင်လျိုရီ၏စကားများကို ကြားလိုက်ရချိန်တွင် ယောင်ကျိရန် ရယ်မိလုမတတ်ပင်။
' ယောင်ကွေက ဒီအရူးကိုဘယ်ကနေရှာလာတာလဲ လှည့်စားရလွယ်လိုက်တာ... အနာဂတ်မှာ တကယ်ပဲ တစ်ခုခုဖြစ်လာရင် ဘယ်သူက သူမကို ဂရုစိုက်ပေးမှာလဲ.... အဲ့ဒါအပြင် တကယ့်တရားခံအစစ်ကဘယ်သူပဲဖြစ်ဖြစ် ယောင်ကျိကျိုးနဲ့တစ်ခန်းထဲ အတူအိပ်တဲ့လူက ပြန်သတ်တယ်ဆိုတာကြီးက ပိုပြီးစိတ်လှုပ်ရှားစရာကောင်းမနေဘူးလား....'
ထိုအရာကိုတွေးမိပြီး ယောင်ကျိရန်၏မျက်လုံးများ ရူးသွပ်မှုကြောင့် အရောင်တောက်နေတော့သည်။
ယောင်ကျိရန် လှုပ်ရှားနေသောစိတ်ကိုထိန်းကာ တည်ငြိမ်စွာပြောလိုက်သည်။
"စိတ်မပူနဲ့ ရေရှည်မှအလုပ်လုပ်တဲ့အဆိပ်က သုံးလပဲခံမှာ ပြီးရင် ကိုယ်တွင်းအင်္ဂါအကုန်လုံးကို တိုက်စားသွားမှာမလို့ ခြေရာလက်ရာမကျန်စေရဘူး... ငါ ယောင်မိသားစုရဲ့ ဥက္ကဌဖြစ်လာရင် နင်လုပ်ပေးခဲ့တာတွေကို မမေ့ပါဘူး"
မင်လျိုရီ၏အသံသည် တုန်ရီနေသည်။
"ကောင်းပြီလေ"
ဖုန်းချပြီးသည်နှင့် မင်လျိုရီ ဒေါသတကြီးနှင့် အိပ်ရာကိုထုရိုက်လိုက်သည်။
'သုံးလလောက် ဒုက္ခခံရဦးမှာပေါ့...'
မင်လျိုရီ ထိုအကြောင်းအား စဥ်းစားလေ ဒေါသထွက်လေဖြစ်ပြီး နောက်ဆုံး ယောင်ကျိကျိုးအပေါ် ပုံချလိုက်တော့သည်။ သို့သော် ယောင်ကျိရန်အား ပြောခဲ့သည့်လေသံကဲ့သို့မဟုတ်ဘဲ ချွဲနွဲ့သည့်လေသံနှင့်ဖြစ်သည်။
"ရှင်မြန်မြန် သတိရလာတော့ ကျွန်မတကယ် တောင့်မခံနိုင်တော့ဘူး"
ယောင်ကျိကျိုးသည် အခြေအနေကို ခန့််မှန်းရုံသာ တတ်နိုင်သော်လည်း အလုံးစုံကို နားလည်သွားသည်။ သူသည် အစတွင်မယုံကြည်နိုင်ခဲ့သော်လည်းနောက်ဆုံးတော့ လက်ခံလိုက်ရသည်...ထိုမိန်းကလေးက မင်လျိုရီပင်။
သူမက ယောင်ကျိရန်နဲ့ပေါင်းပြီး သူ့ကိုအဆိပ်ခပ်ချင်နေတာပဲ...အရင်အခေါက်တွေက နူးညံ့ပြနေတာ မဆန်းတော့ဘူး...
'ငါ ... ယောင်ကျိကျိုးက တကယ်သနားဖို့ကောင်းတဲ့ကောင်ပဲ... မင်လျိုရီက အမှောင်ကျနေတဲ့ ငါ့ဘဝကိုကယ်တင်ပေးမယ်လို့ထင်ခဲ့တဲ့ ငါကရူးနေတာပဲဖြစ်ရမယ်...အကယ်၍ တစ်ယောက်ယောက်က သတ်
ချင်နေတယ်ဆိုရင်တောင် ငါသေသင့်နေပြီ'
မည်သို့ပင်ဖြစ်စေ ယောင်ကျိရန်သူ့ကို သတ်ရန်ကြိုးစားလိမ့်မည်ဟု တစ်ခါမှမတွေးဖူးချေ။ သူတစ်လျှောက်လုံးထင်ခဲ့သည်မှာ ယောင်ကျိရန်က နာခံတတ်ပြီး အမြင်ရှိတဲ့ ညီငယ်တစ်ယောက်ပေါ့။ ကုမ္ပဏီမှာဆို တိတ်ဆိတ်နေတတ်ပြီး အာရုံစိုက်ခံရတာရှားသည်...ထိုသို့သော ယောင်ကျိရန်က သိုးရေခြုံထားသည့်ဝံပုလွေ ဖြစ်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
မိသားစုဆီမှ သစ္စာဖောက်ခံလိုက်ရသော ယောင်ကျိကျိုးသည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်မရှိတော့ဘဲ စိတ်ဓာတ်ကျဆင်းလာသည်။
'ငရဲနဲ့တူတဲ့ ယောင်အုပ်စု ရော ငါ့ရဲ့လွတ်လပ်ခွင့်တွေရော လိုချင်ရင် အကုန်သာယူသွားကြကွာ...'
ကိုမာဝင်ခြင်းသည် သူ့ဘဝကိုအောက်ခြေထိနစ်မြုပ်သွားပြီဟု ထင်ခဲ့သော်လည်း ပိုဆိုးရွားသည့်အရာက အခုမှလာတော့မည်...
သူ့၏နှလုံးသား... သေးငယ်နူးညံတဲ့လက်တစ်စုံနဲ့ တွန်းဖွင့်ခဲ့တဲ့ သူ့နှလုံးသားက တစ်ဖန်ပြန်ပြီးပိတ်သွားလေပြီ။
ဝိညာဥ်စမ်းချောင်းသည် ယောင်ကျိကျိုး၏ စိတ်ပျက်အားငယ်မှုအား ခံစားမိလိုက်သည်နှင့် စတင်ပြီး လည်ပတ်တော့သည်။
ထိုအရာသည် မင်လျိုရီအား အံ့ဩသွားစေသည်။သူမ အသေအချာ မစစ်ဆေးလိုက်ရခင်တွင် ရှောင်ဖန်းက အခန်းတံခါးခေါက်လာသည်။
မင်လျိုရီ သူမရဲ့ ဝိညာဥ်စွမ်းအားကို ပြန်ထိန်းသိမ်းရင်း ပြောလိုက်သည်။
"ဝင်လာခဲ့"
ရှောင်ဖန်းသည် အရိုးစွပ်ပြုတ်ခေါက်ဆွဲပန်းကန်အား သယ်လာသည်။
"သခင်မ တစ်နေကုန်ပင်ပန်းနေတော့ အစာအိမ်နွေးသွားအောင် ဒါလေးစားလိုက်ပါ"
မင်လျိုရီလျင်မြန်စွာနဲ့ နှစ်လုတ်လောက်စားလိုက်ပြီး တစ်ခုခုကိုစဥ်းစားမိဟန်ဖြင့် ပြောလိုက်သည်။
"မနက်ဖြန်မနက်မှ ပန်းကန်လာယူတော့...ငါခဏနေ အိပ်တော့မှာ"
ရှောင်ဖန်းထွက်သွားပြီးနောက် တံခါးကိုလော့ချကာ သူမကိုယ်သူမ သေချာစွာစစ်ဆေးလိုက်သည်။ ဒီတစ်ကြိမ်တွင်တော့ ဝိညာဥ်စမ်းချောင်း၏ ရေစီးဆင်းမှုအား ခံစားလိုက်ရသည်။
တစ်စက်စီတိုင်းသည် အလွန်ပင်တန်ဖိုးရှိလှသည်။ မင်လျိုရီသည် စိတ်စွမ်းအားများကို အသုံးပြုပြီး သူမရဲ့လက်ချောင်းထိပ်သို့ ဝိညာဥ်စမ်းရေအားစုစည်းကာ စွပ်ပြုတ်ပန်းကန်ထဲသို့ စီးကျစေခဲ့သည်။
ချက်ချင်းဆိုသလို သာမန်အရိုးစွပ်ပြုတ်သည် ရုတ်ချည်း သန့်စင်သည့်အဖြူရောင် အလင်းတန်းများဖြင့် တောက်ပသွားတော့သည်။
မင်လျိုရီ ပန်းကန်အားယူကာ ယောင်ကျိကျိုးဆီသို့ လျှောက်သွားခဲ့သည်။ ရှောင်ဖန်းအား ဇွန်းနောက်တစ်ဇွန်းယူရန် အနှောင့်ယှက်မပေးတော့ဘဲ သူမဇွန်းနှင့်ပင် ယောင်ကျိကျိုးအား ဇွန်းအပြည့်တိုက်လိုက်သည်။
စွပ်ပြုတ်ရည်တစ်လုတ်သည် အလုပ်ဖြစ်ပုံရကာ မင်လျိုရီ၏ ဝိညာဉ်စမ်းချောင်းသည် အသစ်တစ်ဖန် မွေးဖွားလာပြီး အဆက်မပြတ်စီးဆင်းတော့သည်။
ယောင်ကျိကျိုးကို ပြန်ကြည့်လိုက်သောအခါ အရင်ကလောက် လူမမာပုံမပေါ်တော့ဘဲ အသားအရည် တောက်ပလာပြီး အသုံးမပြုတာကြာသော ခြေထောက်သည်လည်း အရောင်ခပ်ဖျော့ဖျော့တက်လာပြီး ကြွက်သားများမှာပျော့ပျောင်းစပြုလာသည်။ ယောင်ကျိကျိုး၏ ပြောင်းလဲမှုအား မည်သူမဆို အကြည့်တစ်ချက်နှင့်ပင် သိနိုင်ပေသည်။
ဝိညာဉ်စမ်းရေအများအပြားကို ယောင်ကျိကျိုး လက်မခံနိုင်မည်စိုးသဖြင့် ထပ်မကျွေးရဲတော့ပေ။ ယောင်ကျိကျိုး၏ ခြေထောက်ကိုကြည့်ပြီး သူမလက်ဖဝါးတွင်ဝိညာဥ်စမ်းရေဖြည့်ကာ လက်နှစ်ဖက်ဖြင့်ပွတ်ပြီး ခြေထောက်အားနှိပ်နယ်ပေးလိုက်သည်။
ထိုအခြင်းအရာကြောင့် ယောင်ကျိကျိုးသည် သရော်လိုက်ရုံသာတတ်နိုင်သည်။
'နွားနို့ထဲမှာတောင် အဆိပ်ခက်ဖို့ရည်ရွယ်ထားသေးတာပဲ အခုလဲကောင်းတဲ့ရည်ရွယ်ချက်နဲ့တော့ ဖြစ်ပုံမရဘူး'
မည်သို့ပင်ဖြစ်စေ ထိုနူးညံ့သည့်လက်တစ်စုံသည် မှော်စွမ်းအင်တစ်ခုခုရှိကိုရှိရမည်။ အထိအတွေ့တစ်ခုချင်းဆီသည် သူ၏နှလုံးသားကို အနည်းငယ်ပိုပြီးလှုပ်ရှားလာစေသည်။
မင်လျိုရီသည် အချိန်တစ်ခုထိနှိပ်နယ်ပေးပြီးနောက် သူမကိုယ်တွင် ချွေးထွက်နေသည်ကိုသတိထားမိပြီး ရေချိုးရန်ထွက်သွားတော့သည်။ သူမခန္ဓာကိုယ်က မခံနိုင်မည်စိုးသဖြင့် ရေချိုးကန်ထဲသို့ ဝိညာဥ်စမ်းရေ တစ်စက်ထည့်ကာ ခန္ဓာကိုယ်ကို ပိုမိုသက်တောင့်သက်သာဖြစ်စေခဲ့သည်။
တစ်ခဏမျှ ရေစိမ်ပြီးနောက် မင်လျိုရီအိပ်ပျော်သွားတော့သည်။ ထို့နောက် သူမ ဆိုးရွားသည့်အနံ့ကြောင့် အနှိုးခံလိုက်ရပြီး သူမခန္ဓာကိုယ်သည် အမည်းရောင်ချွေးများဖြင့် ပြည့်နေကြောင်းတွေ့လိုက်ရသည်။ မင်လျိုရီ နောက်တကြိမ်ရေပြန်ချိုးလိုက်ပြီးနောက် အသားအရည်သည် မူလမင်လျိုရီနှင့် မတူညီတော့သည်ကို မြင်သောအခါ သူမမျက်လုံးများ အရောင်ပြောင်းသွားတော့သည်။ မင်လျိုရီချက်ချင်းပင် အတည်ပြုရန် မှန်သွားကြည့်လိုက်သည်။
ထင်ထားသည့်အတိုင်းပင် မှန်ထဲမှပုံရိပ်သည် သူမ မကူးပြောင်းခင်ကပုံစံအတိုင်း ၉၀ ရာခိုင်နှုန်းလောက် တူညီနေပြီဖြစ်သည်။ သူမရဲ့ နက်ရှိုင်းတဲ့ သစ်အယ်သီးသဏ္ဌာန် မျက်ဝန်းများသည် ကြယ်အပြည့်ရှိနေသကဲ့သို့ တလက်လက်တောက်ပနေသည်။ ပန်းနုရောင်းနှုတ်ခမ်းများရှိပြီး အသားအရည်သည် အခွံခွာထားသည့်ကြက်ဥလို ဖြူဖွေးနေကာအမာရွတ်တစ်ခုပင်မရှိဘဲ နူးညံ့အိစက်နေသည်။
မင်လျိုရီသည် အလွန်ပျော်ရွှင်မိသွားပြီး ပျော်လွန်းလို့ထခုန်မိမတက်ပင်။ ဒါကမှ တကယ့်အစစ် သူမ ဖြစ်သည်။
🥰