🥰Chapter 17
ဒီနေ့သည် မင်လျိုရီ တတိယအကြိမ် ယောင်ကျိကျိုး၏ အိပ်ရာပေါ်သို့တက်ခြင်းဖြစ်သည်။ ဒီတစ်ကြိမ်တွင်တော့ သူမ ပိုပြီးအသားကျလာသည်။ သူမက အလျင်မလိုဘဲ ပိုးစောင်ကို အသာအယာမပြီး လှဲချလိုက်သည်။ အမှန်တကယ်တော့ သူမ အအိပ်ကြမ်းကြောင်း သူမကိုယ်သူမသိလေသည်။အိပ်ခါစတွင် ပက်လက်အနေအထားဖြစ်သော်လည်း အိပ်မောသွားသည့်အခါ ယောင်ကျိကျိုးပေါ်သို့ မှောက်ရက်သား ဖိမိနေလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် သူမကိုယ်နှင့်သူမ အငြင်းပွားရန် ပျင်းရိနေပြီး အခုတွင် သက်တောင့်သက်ရာ အိပ်ရဖို့လောက် ဘယ်အရာမှအရေးမကြီးပေ။
သို့သော်လည်း သူမ မသိလိုက်သည်က ကောင်းချီးပေးခြင်းခံရသည့် အမျိုးသားဇာတ်
လိုက်ယောင်ကျိကျိုးသည် ဝိညာဥ်စမ်းချောင်းနှင့် ခိုင်မာသည့် ဆွဲငင်မှုရှိနေပြီး သူမ ယောင်ကျိကျိုးအပေါ် အထိန်းအချုပ်ကင်းမဲ့စွာ ခံစားချက်များရှိနေခြင်းကလည်း ဝိညာဥ်စမ်းချောင်းကြောင့်ပင် ဖြစ်သည်။ ညဘက်တွင် သူတို့နှစ်ဦး၏ အကွာအဝေးက ပိုမိုနီးစပ်သောကြောင့် ဝိညာဥ်စမ်းချောင်းဟာ သူ၏စွမ်းအင်ကို ပြန်လည်သိုလှောင်မှုပြုနိုင်သည်။
အလျင်အမြန်ပင် မင်လျိုရီသည် သူမ၏ အိပ်မက်ကမ္ဘာထဲသို့ ရောက်ရှိသွားသည်။ လူသားတစ်ယောက်၏ အသိစိတ်ဖြင့်ထိန်းချုပ်မှုမရှိပါဘဲ သူမခန္ဓာကိုယ်က ယောင်ကျိကျိုးဆီသို့ ဖက်တွယ်သွားတော့သည်။
ယောင်ကျိကျိုး အသက်ရှူရပ်မတတ်ဖြစ်သွားသည်။ ဒီမိန်းမက ဘယ်လိုတောင် အရှက်မဲ့တာလဲ...မနက်တုန်းက သူ့ကို အဆိပ်ခက်ဖို့ အစီအစဥ်ချနေခဲ့ပြီး ညဘက်ကျတော့ အသားယူနေတယ်တဲ့....
သို့သော် မကြာမီတွင် ယောင်ကျိကျိုး၏ ခန္ဓာကိုယ်
တွင်းဖြစ်ပေါ်လာသော ပြောင်းလဲမှုများကြောင့် မင်လျိုရီအကြောင်း ခေတ္တမေ့သွားတော့သည်။ ပုံမှန်လိုမျိုး သူ၏ ကြွက်သားတွေက လေးလံမနေဘဲ ယနေ့တွင် ပိုမိုပေါ့ပါးလာပြီး အားအင်ပြည့်ဝနေသည်။ အချိန်အတော်ကြာ သေဆုံးနေခဲ့သော သူ၏ ခြေသလုံးကြွက်သားများသည် ယခုတွင်တော့ နွေးထွေးနေသည်။
ယောင်ကျိကျိုး၏ နှလုံးသားထဲတွင် ပျော်ရွှင်မှုများဖြင့် ပြည့်လာသော်ငြား ဖိနှိပ်ထားလိုက်သည်။ အခုလိုမျိုး ရုတ်တရက် တိုးတက်လာတာက သူ့အတွက် ကောင်းသလား ဆိုးသလား မသိပေ။ အဘယ်ကြောင့်ဆိုသော် အကြောင်းရင်းမှန်အားမသိသေးသောကြောင့်ပင်။
မင်လျိုရီ တစ်ခုခုလုပ်လိုက်တာလား...အဲဒီ နတ်ဆိုးလိုမိန်းမက အခုသူ့ဘေးမှာ အေးအေးချမ်းချမ်း အိပ်ပျော်နေတယ်တဲ့...သူမ ခန္ဓာကိုယ်က သူ့ကိုတောင် တွယ်ကပ်ထားလိုက်သေးတယ် မသိရင် သူတို့က ကမ္ဘာပေါ်မှာ အနီးကပ်ဆုံးလက်တွဲဖော်တွေ ကျနေတာပဲ။
ယောင်ကျိကျိုးတွင် သူ့ဆန္ဒအတိုင်း လုပ်ပိုင်ခွင့်ရှိသည့် အာဏာရခဲ့ဖူးသည်။ သူ၏ ဦးဆောင်မှုအောက်တွင် ယောင်ကုမ္ပဏီသည် မြင့်သထက် မြင့်လာပြီး ထိုအချိန်တွေတုန်းက တစ်ကမ္ဘာလုံးက လူတွေကို သူ့ခြေထောက်အောက်တွင် ခေါင်းငုံ့အရိုသေပေးစေချင်ခဲ့သည်။
အခုတော့ သူ့ကမ္ဘာတွင် မင်လျိုရီတစ်ယောက်သာ ကျန်တော့ပုံပင်။
မနက်ပိုင်းတွင် သူမသည် သူမ၏ ယုတ်မာသည့်ရည်ရွယ်ချက်အားလုံးကို ဖုံးကွယ်ထားပြီး သူ့အပေါ် ဂရုစိုက်ဟန်ဆောင်ခဲ့သည်။ သူမသည် အားလုံး၏ ယုံကြည်အားထားမှုကို လက်ခံရရှိထားပြီး သူ့၏ဘေးတွင်နေကာ အကျိုးအမြတ်များ ရယူနေခဲ့သည်။
ညဘက် အတွက်တော့ မည်သည့်အရာမှမဖြစ်ခဲ့သလို ပြုမူကာ သူ့အား အကြောက်အလန့်မရှိ ဖက်တွယ်ထားပေလိမ့်မည်။
ယောင်ကျိကျိုး နှလုံးသားထဲမှ အေးစက်စွာ နှာမှုတ်လိုက်သည်။ သူ ကျိန်ရဲတယ်... သူပြန်နိုးလာတဲ့နေ့က မင်လျိုရီ သေရမဲ့နေ့ပဲ ... သူမ သေပါစေလို့ သူဆုတောင်းတယ်...
ထိုအချိန်တွင် သူ့ဘေးမှ နူးညံ့ညံ့ ကိုယ်လုံးလေးသည် အိပ်နေရင်း အခက်အခဲဖြစ်နေပုံပေါ်ပြီး သက်တောင့်သက်သာရှိမည့်နေရာကို ဟိုတိုးဒီတိုးဖြင့် ရှာနေကာ ဆံပင်ပွယောင်းယောင်းဖြင့် ခေါင်းလေးက ယောင်ကျိကျိုးကို အကြိမ်အနည်းငယ်မျှ ပွတ်တိုက်ပြီးနောက်တွင်တော့ သက်တောင့်သက်သာရှိမည့်အနေအထားကို ရှာတွေ့သွားပြီး ပြန်လည်အိပ်ပျော်သွားသည်။
ယောင်ကျိကျိုးသည် သူမ၏ ကြောင်ပေါက်စလို အမူအကျင့်များကို တွေးမိပြီး ဆုံးဖြတ်ချက်ပြောင်းလိုက်သည်။ အကယ်၍ မင်လျိုရီသာ အနာဂတ်မှာ အိမ်မွေးတိရစ္ဆာန်ငယ်တစ်ကောင်လို သူ့အားစိတ်ကျေနပ်စေမည်ဆိုလျင် သူမကို အနည်းငယ် သက်ညှာပေးပြီး သူ့ဘေးတွင် အားလပ်ချိန်၌ ကစားရန် ထားလိုက်မည်။
နောက်တစ်နေ့ မနက်တွင် ယောင်ကျိရန်သည် မင်လျိုရီ၏ "သစ္စာရှိမှု" ကို ကြည့်ရှုရန် စိတ်အားထက်သန်နေသည်။ မင်လျိုရီ အိပ်ရာထသည်ပင် မစောင့်ဘဲ အစေခံကို တံခါးဝတွင် နွားနို့ပို့ခိုင်းထားတော့သည်။
မင်လျိုရီ သူမနှုတ်ခမ်းကို ကိုက်လိုက်မိသည်။ ဒီအခြေအနေကနေ မလွတ်မြောက်နိုင်သည်ကို သူမသိသည် ထို့အပြင် မကြားဟန်ဆောင်၍လည်း မရသဖြင့် သူမ ပြန်ဖြေလိုက်သည်။
"ဝင်ခဲ့ပါ"
အစေခံအမည်မှာ ရှောင်ရွှယ်ဖြစ်ပြီး ဗန်းပေါ်တွင် နွားနို့ပူနွေးနွေးနှစ်ခွက်ကို သယ်ကာဝင်လာသည်။
မင်လျိုရီ၏ နှလုံးသားသည် ထိတ်လန့်သွားသည်။
"ငါ့အတွက်ပါ လုပ်လာတာလား"
ရှောင်ရွှယ် ပြုံးလိုက်သည်။
"သခင် နွားနို့ကောင်းကောင်းမသောက်နိုင်မှာကို စိုးရိမ်လို့ပါ...နွားနို့တွေကို ဖြုန်းတီးလို့မဖြစ်ဘူးလေ အဲတာကြောင့် အပိုတစ်ခွက်ပါ ယူလာခဲ့တာပါ"
မင်လျိုရီ၏ ခေါင်းထဲတွင် အချက်ပေးသံများ ဆူညံသွားသည်။ အစေခံသည် အစောကြီးရောက်လာသောကြောင့် သူမတွင် ပြင်ဆင်ချိန်မရလိုက်ပေ။ အချိန်ကြာမှ အာနိသင်ပြမည့် အဆိပ်ဟု ယောင်ကျိရန်ကပြောသော်လည်း တစ်ခွက်လောက်သောက်ရုံဖြင့်တော့ ဘာမှဖြစ်မည်မဟုတ်ပေ။ သို့သော် ဒါက သာမန်လူအတွက်ဖြစ်ပြီး ယောင်ကျိကျိုးလို ကိုမာဝင်နေသည့်သူ၏ ခုခံအားသည် အလွန်အားနည်းသည်။
'အဆိပ်ခက်ထားတဲ့ နွားနို့ကိုသောက်ပြီး ဘာဖြစ်သွားမလဲဆိုတာ ဘယ်သူကသိနိုင်မှာလဲ...'
မင်လျိုရီ၏ ခေါင်းရှုပ်နေသော်လည်း အပြင်ပိုင်းတွင် တည်ငြိမ်ဟန်ပြနေသည်။ သူမက တည်ငြိမ်စွာပဲ နွားနို့ခွက်ကိုယူပြီး ဇွန်းဖြင့်ခပ်ကာ ဖြည်းဖြည်းချင်း မပူအောင်မှုတ်ပေးနေသည်။ ထို့နောက် ရှောင်ရွှယ်အား အပြင်သို့ထွက်ရန် အချက်ပြလိုက်သည်။
"သခင်မ"
ရှောင်ရွှယ်က ဖြည်းညှင်းစွာပြောသည်။
"သခင့်ကို တိုက်လိုက်ပါ...အကယ်၍ သခင်မအတွက် အဆင်မပြေရင် ကျွန်မတိုက်ပေးပါ့မယ်"
မျက်မှောင်ကျုံ့ထားလျက်ပင် မင်လျိုရီ ယောင်ကျိကျိုး၏ ပါးစပ်နားသို့ ဇွန်းကိုရွေ့ကာ တစ်ဇွန်းပြီးတစ်ဇွန်းတိုက်လိုက်သည်။ သို့သော်လည်း နွားနို့တွေ ယောင်ကျိကျိုးပါးစပ်သို့မရောက်ခင် မင်လျိုရီက သူမလက်ကို ဘေးသို့ အနည်းငယ်ကွေးချလိုက်ပြီး ယောင်ကျိကျိုးပေါ်သို့ နွားနို့များ ဖိတ်ကျစေခဲ့သည်။
"သခင်မ...ဂရုစိုက်သင့်ပါတယ် ဒီနွားနို့က အရမ်းတန်ဖိုးကြီးတယ်...ကျွန်မပဲ တိုက်ပေးပါ့မယ်"
ရှောင်ရွှယ်က ထပ်မံပြောခဲ့သည်။
မင်လျိုရီ ထိုစကားကြားသောအခါ ဒေါသထွက်သွားပြီး နွားနို့ခွက်ကို စားပွဲပေါ်သို့စောင့်ချကာ သူမ ဖုန်းကို ယူလိုက်သည်။
"နင်က အစေခံနော် ငါ့ကို ဒီလိုတွေပြောဖို့ ဘယ်ကသတ္တိတွေရလာတာလဲ...ဘယ်သူကခွင့်ပြုလိုက်တာလဲ...ငါ ယောင်ကျိရန်ကို ဖုန်းဆက်ပြီး သူလုပ်ခိုင်းတာလား မေးလိုက်ရမလား"
🥰