အပိုင်း၁၈
Viewers 4k

🥰 Chapter 18 



မင်လျိုရီ ဖုန်းကိုင်လိုက်သည်နှင့် ရှောင်ရွှယ်သည် ကြောက်လန့်စွာဖြင့် မျက်နှာချိုသွေးတော့သည်။


"သခင်မပြောတာမှန်ပါတယ်...ကျွန်မ စည်းကျော်သွားမိတယ် တောင်းပန်ပါတယ်... ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးပါ"


မင်လျိုရီ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ 


"ငါ အခုယောင်ကျိရန်နဲ့ ဗီဒီယိုကောလ်ပြောမလို့...သူ့ကို ယောင်ကျိကျိုး နွားနို့သောက်တာ ပြရဦးမယ် ငါ့ကိုမနှောက်ယှက်နဲ့တော့..."


ရှောင်ရွှယ်သည် မင်လျိုရီက ဟန်ဆောင်ရုံသာဖြစ်ပြီး အမှန်တကယ် ဖုန်းခေါ်မည်ဟုမထင်ခဲ့ပေ။ 


တဖက်မှ ယောင်ကျိရန်က ဖုန်းကိုင်လိုက်သည်။


"မရီး"


ယောင်ကျိရန်၏ အသံကိုကြားသောအခါ ရှောင်ရွှယ်သည် လျင်မြန်စွာရှင်းပြလာသည်။ 


"ကျွန်မကို ခိုင်းတဲ့အတိုင်း နွားနို့ယူလာပါတယ်"


မင်လျိုရီသည် စကားတစ်ခွန်းမှမဆိုဘဲ ဖုန်းထဲမှ ယောင်ကျိရန်ကို စိုက်ကြည့်နေသည်။


ဖုန်းမျက်နှာပြင်တွင် ယောင်ကျိရန်၏ဘေး၌ ရှိုက်ဖိုကြီးငယ်နှင့် မိန်းမနှစ်ယောက်သည် အိပ်မောကျနေသည်။


ထိုအခါမှ ယောင်ကျိရန်သည် သူ၏လက်ရှိအနေအထားကို သတိရသွားပြီး အနည်းငယ် ရှိုးတိုးရှန့်တန့်ဖြစ်သွားသည်။ ထို့နောက် ညအိတ်ဝတ်စုံကို ဝတ်ပြီး ဧည့်ခန်းသို့ ထွက်သွားသည်။ ထို့နောက် မင်လျိုရီအား ကြည့်လိုက်သည်။


သူ မင်လျိုရီနှင့် ဆေးရုံတွင် တွေ့ခဲ့သည်မှာ သိပ်မကြာသေးပေ။ သို့သော်လည်း လက်ရှိမင်လျိုရီသည် အရင်မင်လျိုရီနှင့် လုံးဝကွာခြားနေသည်။ မင်လျိုရီဖြစ်သော်ငြား သူမသည် အလွန်လှပလာသည်မှာ နတ်ရေကန်တွင် ရေချိုးပြီး ပြန်လာခဲ့သည့်အတိုင်းပင်။ 


သူမသာ ဆွဲဆောင်မှုရှိသည့် မော်ဒယ်များကြားတွင် မက်တပ်ရပ်နေပါက သူမ​၏အလှတရားသည်အနည်းငယ်ပင် နှိမ့်ကျသွားမည်မဟုတ်ပေ။ ယခု သူမ​၏အလှတရားသည် လူတိုင်း၏ အာရုံကို တစ်ကြိမ်တည်းနှင့် ဖမ်းစားနိုင်သည့် ယစ်မူးဖွယ်ရာ ဖြစ်တည်မှုပင်ဖြစ်သည်။ 


သူမနှင့်ယှဥ်လျှင် သူ့အိပ်ခဲ့သော ဆွဲဆောင်မှုရှိသည့် မိန်းမငယ်နှစ်ဦး​၏အလှသည် နိမ့်ပါးသွားပြီး သူလူရွေးမှားသွားသည်ဟုပင် ခံစားလိုက်ရသည်။ မင်လျိုရီသည် သူ၏ မရီးဖြစ်သောကြောင့် ယောင်ကျိရန်သည် တစ်ပါးသူများအရှေ့တွင် မည်သို့ ပြုမူသင့်သည်ကိုလည်း သိလေသည်။ လွန်ခဲ့သော လအနည်းငယ်တွင် သူသည် မရီးတစ်ယောက်ရလိုက်ပြီး အသက်မှာသူ့ထက်ပင် ငယ်ရွယ်သေးသည်။ ထိုအရာကိုတွေးမိပြီး ယောင်ကျိရန်၏ အတွေးများပိုမို ရှင်းလင်းလာသည်။


"နင် အရင်ကနဲ့ မတူတော့သလိုပဲ"


မင်လျိုရီသည် ယောင်ကျိရန်အား သူမ၏ နှလုံးသားထဲမှ သရော်လိုက်သည်။ 


'ဒါပေါ့ ... သူမ ဝိညာဉ်က ဒီခန္ဓာကိုယ်ကိုကူးပြောင်းလာမှတော့ အရင်ကနဲ့ ဘယ်တူတော့မလဲ'


ယောင်ကျိရန်၏ မျက်လုံးများမဲမှောင်သွားသည်။ သူသည် အိပ်ရာထဲတွင် ရိုမန့်တစ်ဆန်သော အခိုက်အတန့်မျိုးပြုလုပ်ခဲ့သော်လည်း ပင်ပန်းခြင်းမရှိပေ။ 


"အကယ်၍ ငါတို့သာ မနေ့ညက ဖုန်းခေါ်ဖြစ်ခဲ့ရင် နင်နဲ့ ယောင်ကျိကျိုးရဲ့ 'အချိန်ကောင်း' လေးကို စိတ်ပါလက်ပါနဲ့ ဖျက်စီးမိတော့မှာပဲ"


"အဲ့ဒီတော့ နင်က လေးစားခံချင်နေတာလား" 


မင်လျိုရီ မေးလိုက်သည်။


ယောင်ကျိရန် သူ၏ အကြည့်များကို နေရာပြောင်းလိုက်သည်


"ပြောပါဦး ဘာကိစ္စလဲ...သူ့ကိုနွားနိူ့တိုက်ပြီးပြီလား"


"နင့်အစေခံနဲ့ ပတ်သက်ပြီး ပြောဖို့လာတာ...ငါ့အပေါ်ကို ရိုင်းရိုင်းစိုင်းစိုင်းနဲ့ လေးစားရကောင်းမှန်းလဲမသိဘူး နင်သူ့ကို ဒီလိုပဲသင်ပေးထားတာလား...သူ့ကို ချက်ချင်းအလုပ်ထုတ်ပြီး ငါ့မျက်စိရှေ့ကနေ ထွက်သွားခိုင်းပေး"


မင်လျိုရီ အေးစက်စွာ ​ပြောလိုက်သည်။


ယောင်ကျိရန်သည် နားလည်သည်ဆိုသော အကြည့်ပေးကာ


"ငါ့မှာ နင်နဲ့ကစားနေဖို့ အချိန်မရှိဘူး နင့်ဟာနင် လုပ်ချင်တာလုပ် အစေခံကို အလုပ်ထုတ်လိုက်... နွားနို့သာ ရအောင်တိုက်"


မင်လျိုရီ၏ လေသံသည် ချက်ချင်းပင် မတရားခံရသည့်အသွင် ပြောင်းသွားသည်။


"နင်တို့ ယောင်မိသားစုဝင်တွေက အမြဲတမ်းငါ့ကို အနိုင်ကျင့်တယ်...အခုဆို အစေခံကတောင် ငါ့ခေါင်းပေါ် တက်နင်းနေပြီ ပြောစမ်းပါ ငါဘာလုပ်ရတော့မလဲ" 


အချိန်အနည်းငယ်လောက်ပိုပြီး ကြာခဲ့လျှင် နောက်ပိုင်း ဘာဆက်ဖြစ်မည်ကို မည်သူမှမသိပေ။ ယောင်ကျိရန်သည် မိန်းမများကို ကြိုက်သော်လည်း သူ​၏အစီအစဉ်ပျက်စီးနိုင်သည့်အရာကိုတော့ မစွန့်စားရဲပေ။ သူက မျက်လုံးများကို ကျဥ်းမြောင်းပြီး ပြောလိုက်သည်။


"ရှောင်ရွှယ်... နင်အရင်ထွက်သွားတော့"


"ဟုတ်ကဲ့"


ရှောင်ရွှယ်သည် အလုပ်ထုတ်ခံရမည်ကို စိုးသဖြင့် လျင်မြန်စွာထွက်သွားခဲ့သည်။


"အခု သူ့ကိုတိုက်လို့ရပြီလား"


ယောင်ကျိရန်ပြောလိုက်သည်။


မင်လျိုရီသည် ဖုန်းကင်မရာကို သူမဘက်သို့ထားလိုက်ပြီး ဇွန်းကိုယူကာ ယောင်ကျိကျိုးအနားသို့ သွားလိုက်သည်။


ယောင်ကျိရန်အတွက်တော့ ယောင်ကျိကျိုး၏ နဖူးကိုသာ မြင်ရပြီး မင်လျိုရီ တကယ်တိုက်လား မတိုက်လားမမြင်ရပေ။ 


"မင်လျိုရီ ဘာလုပ်နေတာလဲ ကင်မရာကို ယောင်ကျိကျိုးဘက် လှည့်လိုက်"


"နင်က ပြဿနာကောင်ပဲ... "


မင်လျိုရီသည် မတတ်နိုင်ဘဲ ညည်းတွားလိုက်သည်။


"မင်လျိုရီ နင့်ကို နောက်ဆုံးအကြိမ် သတိပေးလိုက်မယ် ဒီဗီလာက နင်ထင်နေသလိုမဟုတ်ဘူး... စကားလေးအနည်းနည်းလောက်နဲ့ နင့်လူတွေဖြစ်လာပြီလို့ ထင်နေလား... ဒီဗီလာတစ်ခုလုံးက ငါ့ရဲ့ထိန်းချုပ်မှုအောက်မှာပဲ ဒါကြောင့် သေသေချာချာ လုပ်တာကောင်းမယ်"


ယောင်ကျိရန်၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားသည်။


မင်လျိုရီသည် ဒီနေ့ကို မရှောင်လွှားနိုင်မှန်း နားလည်သည်။ ထို့ကြောင့် သူမသည် စွန့်စားကြည့်ရုံသာ တတ်နိုင်သည်။ သူမက ဖုန်းကို အသံပိတ်လိုက်ပြီး ယောင်ကျိကျိုး၏ လက်ကို တိတ်တဆိတ် လှမ်းကိုင်လိုက်သည်။ 


"ကျွန်မပြောတာတွေ ရှင်ကြားရလားတော့ မသိပေဘူး ... ယောင်ကျိကျိုး...ကျွန်မမှာ ရွေးချယ်စရာမရှိလို့ပါ...အခု ယောင်ကျိရန်က အဆိပ်ခက်ထားတဲ့ နွားနို့ကို တိုက်ပြီး ရှင့်ကိုထိခိုက်စေချင်နေတယ်...သူပြောတာတော့ အကျိုးသက်ရောက်မှု နှေးပြီး သုံးလအကြာမှ လက္ခဏာပြမယ်တဲ့...ဒါပေမဲ့ သူပြောတာတွေဟုတ်မဟုတ် ကျွန်မ မသိဘူး"


မင်လျိုရီ ထိုအရာများပြောနေချိန်တွင် သူမမျက်နှာသည် ရဲနေပြီး အနည်းငယ် ရှက်ရွံနေပုံပေါ်သည်။


"အဲတာလေ...ကျွန်မမှာ ဝိဥာဥ်စမ်းချောင်းဆိုတာ ရှိတယ် အဲတာကြောင့် အဆိပ်ရှိတဲ့နွားနို့ကိုသောက်လဲ အဆင်ပြေမှာပါ...ဒါကို ဖုံးကွယ်ထားဖို့ ရှင့်ကိုပဲ ဒုက္ခပေးရတော့မယ်...အနာဂတ်မှာ ဒါနဲ့ပက်သတ်ပြီး ကျွန်မကို စိတ်မဆိုးပါနဲ့နော်"


ပြောပြီးနောက် မင်လျိုရီသည် ဖုန်းကို အသံပြန်ဖွင့်လိုက်သည်။ သူမ တစ်ဖက်လူ၏ ဆဲဆိုကြိမ်းမောင်းသံများကို လျစ်လျူရှုကာ နွားနို့ခွက်ကိုယူပြီး တစ်ကျိုက်မော့ချလိုက်သည်။


ထို့နောက် ယောင်ကျိရန်သည် မင်လျိုရီ၏ ပါးစပ်ထဲတွင် နွားနို့အပြည့်ဖြစ်နေသည်ကို မြင်လိုက်ရသည်။ မင်လျိုရီသည် သူမကိုယ်ကို ရှေ့သို့ကိုင်းကာ သူမနှုတ်ခမ်းများနှင့် ယောင်ကျိကျိုး၏ နှုတ်ခမ်းကိုဖိကပ်လိုက်လေသည်။ 



🥰