🥰 Chapter 19
နံနက်ခင်းနေမင်းကြီးသည် မိန်းမငယ်လေး၏ မျက်နှာထက် ကျရောက်နေပြီး ပါးပြင်တဝိုက်ကို ရွှေဝါရောင်သန်းနေစေသည်။ မိန်းမငယ်လေး၏ နီရဲနေသောနှုတ်ခမ်းလေးသည် အိပ်ရာထက်တွင်လဲလျောင်းနေသောလူ၏ ဖျော့တော့နေသည့် နှုတ်ခမ်းတစ်စုံကို ဖိကပ်နေသည်။
မင်လျိုရီသည် ထိုသို့ဖြစ်စေရန် ရည်ရွယ်ချက်မရှိပေ။ ယခုအနမ်းသည် သူမ၏ ပထမဆုံးအနမ်းဖြစ်သော်လည်း သူမ လုပ်နိုင်တာဘာမှမရှိပုံပင်။ သူမ မျက်လုံးများကို တင်းကြပ်စွာမှိတ်ထားပြီး အံ့ဩထိတ်လန့်စွာတွေးနေမိသည်။
'ယောင်ကျိကျိုးရဲ့ နှုတ်ခမ်းတွေက နူးညံ့နေတာပဲ'
သူမ ခဏလောက်စိတ်လွတ်သွားလို့သာ နွားနို့ကို နှုတ်ခမ်းချင်းတေ့ပြီးတိုက်မိလိုက်တာနေမှာပါ...ဟုတ်တယ် ... ချက်ချင်းပဲ သူမ၏အမှားကို သိလိုက်ပြီးနောက် အာရုံပြန်စိုက်ကာ ကျန်ရှိနေသည့်နွားနို့အနည်းငယ်ကို မြိုချလိုက်သည်။ ထို့နောက် ယောင်ကျိကျိုး ပါးစပ်တွင် ပေနေသည်များကို သုတ်ပေးလိုက်သည်။
ထိုသို့ဖြစ်သွားရသည်မှာ ယောင်ကျိရန်က ဘာမှမပြောတာကြောင့်ပဲလား ဒါမှမဟုတ် သူမကိုယ်တိုင်က အလုပ်ထဲစိတ်နှစ်မိလို့လားမသိသော်လည်း မင်လျိုရီသည် ပတ်ဝန်းကျင်ကို စိတ်ထဲမထားတော့ပေ။ ကမ္ဘာပေါ်တွင် သူမနှင့် ယောင်ကျိကျိုး နှစ်ယောက်တည်းသာ ကျန်နေခဲ့သလိုပင်။
ထိုသို့ဖြင့် သူမသည် နွားနို့တိုက်ခြင်းတစ်ခုတည်းကိုအာရုံပြုကာ ကုန်စင်အောင် အပြီးသတ်လိုက်သည်။
နှုတ်ခမ်းချင်း ထိကပ်ရသည့် ခံစားချက်သည် သူမ ထင်ထားသည်ထက် ရင်ခုန်စရာကောင်းပြီး သူမ၏ရင်ခုန်နှုန်းကို နှစ်ဆပိုမြန်စေကာ ရိုမန့်တစ်ဆန်သော ဇာတ်ဝင်ခန်းထဲရောက်နေသလိုပင်။
နောက်ဆုံးအလုပ်အား ပြီးမြောက်အောင် တိုက်ပြီးနောက် မင်လျိုရီ အလျင်အမြန်ပဲ ခွက်အလွတ်ကိုယောင်ကျိရန်အားပြပြီး ဖုန်းကောလ်ကို အဆုံးသတ်လိုက်သည်။ ထို့နောက် ရေချိုးခန်းထဲ အမြန်ဝင်ကာ အာခေါင်ထဲကိုလက်နှစ်ချောင်းထိုးပြီးအကုန်အန်ချလိုက်သည်။
မင်လျိုရီသည် နို့တစ်ခွက်လုံးကို အစာမရှိဘဲ သောက်လိုက်သည့်အတွက် ဆိုးဆိုးရွားရွား အန်
တော့သည်။ ထို့နောက်ပလုတ်ကျင်းလိုက်ပြီး ဝိညာဥ်စမ်းရည် တစ်စက်သောက်လိုက်သည်။ နောက်ဆုံးတွင် သူမ အသိစိတ်မကပ်နိုင်တော့ဘဲ ခေါင်းချွေးများထွက်လာပြီး အိပ်ရာပေါ်သို့ လှဲချကာအိပ်ပျော်သွားတော့သည်။
သူမ အိပ်မပျော်သွားခင်တွင် မင်လျိုရီသည် သူမ၏ ပထမဆုံးအနမ်းမှာ အဆိုးရွားဆုံးဖြစ်သည်ဟု တွေးတောနေခဲ့သည်။
မင်လျိုရီ အိပ်ပျော်သွားချိန်တွင် ယောင်ကျိကျိုးသည် ခေါင်းတစ်ခုလုံးရှုပ်ထွေးနေပြီးနောက်တစ်ဖန် သံသယများနေပြန်သည်။ မင်လျိုရီ သူ့လက်ကို ကိုင်လိုက်သောကြောင့် သူ အသိစိတ်ရနေသည်။
အတိတ်တွင် သူသည်ရုပ်ဝတ္ထုတွေကိုသာ ယုံကြည်သည့်သူဖြစ်သည်။ သို့သော် ယခုအဖြစ်အပျက်သည်သိပ္ပံသဘောတရားဖြင့် ရှင်းပြရန်ခက်ခဲလှသည်။
ဥပမာအားဖြင့် မင်လျိုရီ သူ့အသားကိုထိသည့်အချိန်တွင် အသိစိတ်ရနိုင်လေသည်။ မင်လျိုရီသည် တခြားတစ်ယောက်ကဲ့သို့ လုံးဝပြောင်းလဲနေသည်။
အတိတ်တုန်းက မင်လျိုရီသည် သူမဘဝလွတ်လပ်ရန် သူ့ကိုတတ်နိုင်သမျှ မြန်မြန်သေစေချင်ခဲ့သည်။
မင်လျိုရီ အနေဖြင့်သူ့ပါးစပ်ကို အတင်းဟပြီး အဆိပ်ပါသည့်နွားနို့ကို သောက်အောင်ကြိုးစားပေလိမ့်မည်... သို့သော် ယခုအခါတွင် မင်လျိုရီက သူ့အစား အဆိပ်သောက်လိုက်ဖို့ ဆန္ဒရှိနေသည်။
သူ့၏မိဘအရင်းတောင်မှ ဒီလောက်ထိ လုပ်ပေးနိုင်ကြမည်မဟုတ်ပေ။
'မင်လျိုရီ ဘာတွေများ စဥ်းစားနေခဲ့တာလဲ... ပြီးတော့...ဒီလိုမျိုး နည်းလမ်းနဲ့လား...'
မိန်းကလေး၏ နွေးထွေးသောအသက်ရှူငွေ့သည် သူနှင့်နီးကပ်စွာ ရှိနေခဲ့ပြီး သူမ၏နူးညံ့သောနှုတ်ခမ်းသည် တောင်ကျစမ်းရေကဲ့သို့ အငွေ့အသက်လေးနှင့် ညင်သာစွာ သူ့နှုတ်ခမ်းကို အနမ်းပေးခဲ့သည်။
'ဟန်ဆောင်နေတာ...မင်လျိုရီက သေချာပေါက် ဟန်ဆောင်နေတာပါ...'
ယောင်ကျိကျိုးသည် သာမန်မဟုတ်သည့်ကိစ္စများကို လက်ခံနိုင်ရန် ကိုယ့်ကိုယ်ကိုယ် စိတ်လျော့လိုက်ရသည်။ ဒါပေါ့ သူသာ သူ့ခန္ဓာကိုယ်ရဲ့ သက်တောင့်သက်ရာရှိမှု၊ စင်ကြယ်မှု၊ အစာအိမ်မှရသည့် ပူနွေးနွေးခံစားချက်၊ သိသိသာသာ တိုးတက်လာသော သူ့ခြေထောက်များနှင့် နှုတ်ခမ်းပေါ်တွင် စွဲကျန်ရစ်ခဲ့သည့် အနမ်းကို လျစ်လျူရှုနိုင်ခဲ့ရင်ပေါ့...
နာရီအနည်းငယ်သာ ကုန်သွားသော် သူ့ဘေးမှ အမျိုးသမီးသည် မနေ့ညက အခြေအနေနှင့် များစွာကွာခြားလှသည်။
မနေ့ညက မင်လျိုရီသည် နွေးနွေးထွေးထွေးနှင့် ပျော့ပျောင်းပြီး သက်တောင့်သက်သာလဲရှိသည်။ အိပ်ရာပေါ်တွင် ထိန်းချုပ်ထားခြင်းမရှိဘဲ ကြောင်ပေါက်တစ်ကောင်ကဲ့သို့ အိပ်ဖို့သာ ဦးစားပေးသူဖြစ်သည်။
သို့သော် အခုတွင် မင်လျိုရီသည် တစ်ချိန်လုံး တုန်ရီနေပြီး သူမ ခန္ဓာကိုယ်တစ်ခုလုံးသည် ချွေးစေးများ ထွက်နေသည်။ သူမသည် ခပ်ကွေးကွေးလေးနေကာ သူ့ထံသို့ မှီရုံသာမှီထားသည်။
ယောင်ကျိကျိုးသည် သူမ အဆင်မပြေမှန်း ခံစားမိသည်။
သူမသည် ပက်လက်ကလေး လှဲနေပြီး နှုတ်ခမ်းများက သူ့လက်မောင်းနှင့် ထိကပ်နေသည်။ အစောကလိုမျိုး နွေးထွေးမနေဘဲ ယခုတွင်တော့ နှုတ်ခမ်းများက အေးစက်နေသည်။
ယောင်ကျိကျိုး နှလုံးသားတခုလုံး တုန်ရီနေပြီး အေးစက်မှုကို ခံစားလိုက်ရသည်။ စကားဖြင့်မဖော်ပြနိုင်သည့် ဝမ်းနည်းမှုက ရင်ထဲမှလှိုက်တက်လာသည်။
'သူမ ... ဘာလို့ အဲ့လိုလုပ်ခဲ့ရတာလဲ...'
ယောင်ကျိကျိုး၏ နှလုံးသားသည် ဝမ်းနည်းမှုဖြင့် လောင်ကျွမ်းနေသည်။ အမျိုးသမီးတစ်ယောက်၏ကာကွယ်ပေးမှုကို ခံရသည်အထိ သူ့အခြေအနေကဆိုးနေပြီလား ...
သူ့လက်ချောင်းများကို ရွေ့ဖို့အားကုန်ကြိုးစားသော်လည်း တုန့်ပြန်မှုမရှိပေ။ ထို့နောက် သူတွေးမိသည်။
'ဒါ... ဘယ်လို ဘဝကြီးပါလိမ့်...'
သူ့ဘဝ၏ ပထမအစတွင် ခမ်းနားကြီးကျယ်မှုတို့ဖြင့် ပြည့်နေပြီး အခုတော့ သူ့ဘဝတစ်လျှောက်လုံးကို သစ်ပင်လူသားဘဝဖြင့် ဖြတ်သန်းရတော့မည်။ သို့သော် သူ့ဆွေမျိုးများက သူ့အားထိခိုက်အောင်လုပ်ဖို့ ကြိုးစားနေစဥ် သူ့ဇနီးက ကာကွယ်ပေးနေသည်...ထိုအချိန်မတိုင်ခင်တော့ သူသည် အကူအညီမဲ့ခဲ့သည်။
မင်လျိုရီ အိပ်ပျော်နေစဥ် ဗီလာကြီးတစ်ခုလုံးသည် ကြီးမားလှသည့် အပြောင်းအလဲကြီးအောက် ရောက်နေခဲ့သည်။ လတ်လလော လစ်လပ်နေသည့် အိမ်အကူနေရာများသည် မရင်းနှီးသည့် လူများဖြင့် ပြည့်သွားသည်။ သက်တော်စောင့်များလည်း တိုးမြှင့်ထားပြီး ဗီလာကြီးသည် တိတ်ဆိတ်ခြောက်ကပ်နေသည်။
ရှောင်ဖန်းသည် နောက်ဆုံးတော့ နေ့လယ်စာစားချိန်တွင် အခန်းထဲသို့ဝင်ခွင့်ရခဲ့သည်။ သူမသည် အစောကတည်းက နံနက်စာပို့ပေးချင်ခဲ့သော်လည်း သက်တော်စောင့်များ၏ တားမြစ်ခြင်းခံခဲ့ရသည်။ သူမက တစ်မနက်လုံး စိတ်တထင့်ထင့်နှင့် စောင့်နေပြီး နေ့လည်ရောက်မှ ဝင်ခွင့်ရခဲ့သည်။
မင်လျိုရီ၏ ဖြူဖျော့နေသည့် မျက်နှာအား တွေ့လိုက်ရသောအခါ ရှောင်ဖန်း၏ မျက်လုံးများ နီရဲသွားတော့သည်။
"သခင်မ ဘာဖြစ်တာလဲ"
🥰