🥰 Chapter 20
ထိုသို့ ဖြစ်နေသော ရှောင်ဖန်းကို မြင်လိုက်ကာမှ မင်လျိုရီ ပို၍ အဆင်မပြေဖြစ်လာသည်။
"စိတ်မပူနဲ့ ငါအဆင်ပြေတယ် အပြင်မှာ အခြေအနေဘယ်လိုလဲ"
"ရုတ်တရက် သက်တော်စောင့်အုပ်လိုက်ကြီး ရောက်လာပါတယ်"
ရှောင်ဖန်း ခပ်သွက်သွက် ဖြေလိုက်သည်။
"ပြီးတော့ ကျွန်မ မမှတ်မိတဲ့ အိမ်အကူတွေလဲ ရောက်လာတယ်... ဗီလာတစ်ခုလုံးက သူတို့ထိန်းချုပ်မှုအောက်ကို ရောက်နေပြီ...ကျွန်မဆို အပေါ်တောင် တက်လာခွင့်မရဘူး ..."
မင်လျိုရီ မျက်လွှာချလိုက်သည်။ ယောင်ကျိရန်မှာ အကြံအစည်တွေရှိသေးကြောင်း သူမသိသည်။ သူမကို တိုက်ပိတ်ထားပြီး ယောင်ကျိကျိုးကို အဆိပ်ခတ် ခိုင်းချင်တာဖြစ်သည်။ ပြီးလျင် သဘာဝကျကျလေးပဲ သူမကို အပြစ်ပုံချပေလိမ့်မည်။ ယောင်ကျိရန်က သူ့၏လျို့ဝှက်ချက်ကို သိသည့်လူမှန်သမျှဘယ်တော့မှ အေးအေးဆေးဆေး ပေးနေမည်မဟုတ်ပေ။
အခုအချိန်တွင် သူမ၏တစ်ခုတည်းသော မျှော်လင့်ချက်က ယောင်ကွေပင်။ ယောင်ကျိရန်သည် ယောင်ကွေ၏ အလုပ်ကိစ္စတော်တော်များများကို တာဝန်ယူထားသော်လည်း မိသားစုတွင်ဖြစ်စေ ကုမ္ပဏီတွင် ဖြစ်စေ နောက်ဆုံး ဆုံးဖြတ်ချက်သည် ယောင်ကွေ လက်ထဲတွင်သာရှိသည်။
သို့သော်လည်း အသေချာကြီးတော့မဟုတ်ပေ။ မင်လျိုရီ ရှောင်ဖန်းကို ကြည့်လိုက်ပြီး
"နင် သန်မာမှဖြစ်မယ် နင့်ကို နင့်သခင်ရော ငါရော လိုအပ်တယ်"
ရှောင်ဖန်းသည် စိတ်ပိုင်းဖြတ်ပြီးဟန်ဖြင့် ခေါင်းငြိမ့်ပြသည်။
"စိတ်ချပါ သခင်မ...ကျွန်မ ငယ်ငယ်တုန်းက မိဘတွေရဲ့ စွန့်ပစ်မှုကို ခံခဲ့ရတယ် ကျွန်မကို ရှင်သန်နိုင်ဖို့ အလုပ်ပေးခဲ့တာက ယောင်မိသားစုပါ.. ကျွန်မဘဝကို ရင်းရမယ်ဆိုရင်တောင် သခင်နဲ့ သခင်မကို အဆုံးထိကာကွယ်မှာပါ..."
မင်လျိုရီသည် မတတ်နိုင်ဘဲ ရယ်မိတော့သည်။
"ငါတို့အတွက် ဘဝရင်းစရာမလိုပါဘူး...ဥပဒေမဲ့တဲ့ တိုင်းပြည်မှမဟုတ်တာ...ငါတို့ကိုယ်ငါတို့ ကာကွယ်ဖို့ ဥပဒေကို အသုံးချဖို့ပဲ လိုတာ"
"သခင်မ စကားနားထောင်ပါ့မယ်"
ရှောင်ဖန်း ခေါင်းငြိမ့်လိုက်သည်။
"ဒါဆို အောက်ဆင်းပြီး သူတို့အရိပ်အခြည်ကြည့်ပေးထား ငါအခု နေလို့ကောင်းသွားပါပြီ နင်လဲဂရုစိုက် တစ်ခုခုဖြစ်ရင် ချက်ချင်းလာပြော"
မင်လျိုရီ ပြောလိုက်သည်။
မင်လျိုရီ၏ ညွှန်ကြားချက်များကို မှတ်သားပြီးနောက် ရှောင်ဖန်း ထွက်ခွာသွားသည်။
မင်လျိုရီသည်လည်း ဖြစ်လာသမျှကို အတတ်နိုင်ဆုံး အထိအခိုက်နည်းစေရန် ကြိုးစားနေချိန်တွင် တစ်ချိန်တည်းဆိုသလို ရောက်ရှိလာသော လင်လင်၏ မက်ဆေ့သည် အံကိုက်ဖြစ်သွားခဲ့သည်။
လင်လင်: [ ဂုဏ်ထူးဆောင် တရုတ်ရိုးရာဆေးပညာ မိသားစုကို သိတယ်မလား... အဲ့မိသားစု အကြီးအကဲရဲ့ အငယ်ဆုံးသား မြောင်လွေ့မင် က လတ်တလောကပဲ တရုတ်ကိုပြန်လာတယ်တဲ့...နင်သူ့အကြောင်း ကြားဖူးလားတော့မသိဘူး သူက အငယ်ဆုံးသားဆိုပေမဲ့ ပြိုင်ဘက်ကင်းလှတဲ့ အရည်အချင်းတွေကြောင့် နောက်တက်မဲ့ အကြီးအကဲဖြစ်လာနိုင်တယ်...သူက နိုင်ငံခြားမှာ အရှေ့ပိုင်းဆေးပညာအကြောင်း လေ့လာခဲ့တာလေ နောက်အပတ်ဆို A မြို့မှာ လူချင်းတွေ့ပြီး ဆွေးနွေးပေးတဲ့ ဆေးဘက်ဆိုင်ရာ ဖိုရမ်တစ်ခုဖွင့်မယ်ကြားတယ် နင်သွားကြည့်ချင်လား ]
မင်လျိုရီ၏ မျက်လုံးများ အရောင်တောက်သွားသည်။
မင်လျိုရီ: [ ကောင်းလိုက်တာ အခုပဲ ဆက်သွယ်လိုက်မယ် ]
မင်လျိုရီ သူမ နှလုံးသားထဲတွင် အစီအစဥ်များ ချနေသည်။ အကယ်၍ ယောင်ကျိရန်ကိုသာ ထိပ်တိုက်သွားပြောလျှင် သံသယဝင်စရာမလိုအောင် တန်းငြင်းမှာဖြစ်သည်။ အဲ့အစား ယောင်ကွေကို ပြောပြသင့်လား...
ထိုအရာကို တွေးမိပြီးနောက် သူမ အွန်လိုင်းပေါ်တွင် မြောင်လွေ့မင်အကြောင်း စတင်ရှာတော့သည်။
မြောင်လွေ့မင်၊ အသက် ၃၃ နှစ်၊ ဆရာဝန်တွေပဲ မွေးထုတ်ပေးတဲ့ မိသားစုကနေ ဆင်းသက်လာပြီး သူ့ရဲ့ ဘိုးဘေးတစ်ယောက်ဆို နန်းတော်မှာ နန်းတွင်းသမားတော် ဖြစ်ခဲ့တယ်ဆိုပဲ...သူ့အသက် ၂၁ နှစ်မှာ အဖျားရောဂါကုတဲ့ အရည်အချင်းကြောင့်ပဲ နာမည်ရလာခဲ့တယ် ဒါပေမဲ့ သူက အဲ့နေရာမှာ ရပ်တန့်မနေဘဲ ပိုမိုတိုးတက်အောင် ကြိုးစားခဲ့တယ်...
....
ထိုအချိန်တွင် မြောင်မြောင်သည် A မြို့တွင်ရှိနေသော်လည်း သူ၏အချိန်ဇယားသည် ဘိုကင်များဖြင့်ပြည့်နှက်နေသည်။ သို့သော် ထိုအခြင်းအရာသည် ယောင်မိသားစုအတွက်တော့ ပြဿနာမဟုတ်ပေ။ ယောင်ကျိရန်က ယောင်ကျိကျိုး၏အခြေအနေအားလုံးကို ဖုံးခိုင်းထားတာ ရင်နာစရာပင်။ မဟုတ်ရင် ယောင်ကွေက မြောင်လွေ့မင်ရဲ့ လက်ထောက်နဲ့ အစောကတည်းကပင် တွေ့ပြီးနေလောက်ပြီဖြစ်သည်။
မင်လျိုရီ တွေးတောပြီးနောက် ယောင်ကွေဆီသို့ ဖုန်းခေါ်ဆိုလိုက်သည်။
မင်လျိုရီ၏ ဖုန်းကောလ်ကို မြင်သောအခါ ယောင်ကွေ မျက်မှောင်ကျုံ့မိသွားသည်။ သူသည် အခုလတ်တလော မင်လျိုရီ၏ ယောင်မိသားစုအပေါ် ရူးမိုက်မှုအားလုံးကို အလွန်အကျွံမဖြစ်သ၍ မျက်ကွယ်ပြုထားပေးခဲ့သည်။ သို့သော်လည်း သူမနှင့် ပက်သက်ပြီး ကြားရသည့် သတင်းများက တိုးသထက်တိုးလာကာ မင်လျိုရီအပေါ် တဖြည်းဖြည်း အဆိုးမြင်လာသည်။
"ဘာကိစ္စလဲ"
မင်လျိုရီသည် ယောင်ကွေ၏ အေးစက်နေသည့်လေသံကို ဂရုမစိုက်ဘဲ လိုရင်းကိုပြောလိုက်သည်။
"အဖေ မြောင်လွေ့မင် ကိုသိလား ဂုဏ်ထူးဆောင် တရုတ်ရိုးရာဆေးပညာမိသားစုက မျိုးဆက်သစ်လေ... သူ အခု တရုတ်ပြည်ကိုပြန်ရောက်လာပြီတဲ့ ကျွန်မ သူ့ကို ယောင်ကျိကျိုးကို လာကြည့်ပေးဖို့ အိမ်ကိုဖိတ်ချင်တယ်... အဖေ စီစဥ်ပေးလို့ရမလား"
ယောင်ကွေသည် ကြားကြားချင်း အံ့အားသင့်သွားသည်။ မင်လျိုရီသည် ဗီလာတွင် ဆက်လက်နေထိုင်ရန် သည်းမခံနိုင်သည့်အတွက် ထွက်သွားရန် တောင်းဆိုမည်ဟု သူထင်ခဲ့တာဖြစ်သည်။ အခုတော့ သူမက ယောင်ကျိကျိုးအတွက် တောင်းဆိုပေးနေသည်တဲ့...
"ငါ တစ်ယောက်ယောက်ကို စီစဥ်ခိုင်းလိုက်မယ် တခြားရှိသေးလား"
မင်လျိုရီ အနည်းငယ်တော့ တွေဝေမိသွားသည်။
"အဲတာကလေ....ဗီလာမှာ ရုတ်တရက်ကြီး လူတွေတိုးလာတယ်... အဖေသိတဲ့အတိုင်းပဲ ယောင်ကျိကျိုး အကောင်းပကတိဖြစ်ဖို့ အေးချမ်းဆိတ်ငြိမ်တဲ့နေရာလိုအပ်တယ်...အိမ်အကူတွေလုပ်လို့ တစ်ခုခုလွဲချော်သွားရင်ဘယ်လိုလုပ်မလဲ ကျွန်မတစ်ယောက်တည်းနဲ့ သူ့ကိုဂရုစိုက်ပေးနိုင်ပါတယ်"
"အဓိပ္ပါယ်မရှိတာ...ဒီလောက်ကြီးတဲ့ ဗီလာတစ်ခုလုံးကို နင်တစ်ယောက်တည်း ဦးစီးနိုင်မယ်ထင်လို့လား"
ယောင်ကွေ ဒေါသထွက်စွာ ပြောလိုက်သည်။
"အဖေ...."
ဒီတစ်ကြိမ်တွင်တော့ မင်လျိုရီ ဆက်ပြောမည့်စကားများကို မစောင့်တော့ဘဲ ယောင်ကွေ ဖြတ်ပြောလိုက်သည်။
"နင့်အကြံအစည်တွေ ငါပြန်မကြားဘူးထင်လို့လား ငါ့ကိုဒီအကြောင်း ဆက်မပြောနဲ့တော့"
ယောင်ကွေ ဖုန်းချလိုက်သည်။ ဘာပဲဖြစ်ဖြစ် မင်လျိုရီက ကိုမာဝင်နေတဲ့လူကို စောင့်ရှောက်နေတဲ့ မိန်းမငယ်လေးပဲ ရှိသေးတယ်...တခြားသူရဲ့ ဦးဆောင်မှုနောက်ကို မလိုက်ဘဲ သူမကိုယ်တိုင်လုပ်ခိုင်းလိုက်ရင် ဘာတွေဖြစ်လာနိုင်မလဲဆိုတာ ဘယ်သူသိမှာလဲ...
ယောင်ကွေ ဖုန်းချသည်ကို မြင်သောအခါ သူမ အရမ်းအလျင်လိုသွားမိသည်ဟု ခံစားလိုက်ရသည်။ ယောင်ကွေသူမကို ဆက်ဆံသည့်ပုံ ပြောင်းသွားရအထိ ယောင်ကျိရန် သူမအကြောင်း ယောင်ကွေကို ဘာတွေပြောထားလဲ သူမ မသိပေ။
သူမရဲ့ တာဝန်သည် တဖြည်းဖြည်းနှင့် ခက်ခဲလာကြောင်း မင်လျိုရီခံစားမိသည်။ သို့သော် အနည်းဆုံးတော့ သတင်းကောင်းရှိသည်။ အကယ်၍ မြောင်လွေ့မင်သာ ယောင်ကျိကျိုးကို ဆေးကုပေးနိုင်မယ်ဆိုရင် စောစောသတိပြန်ရလာလောက်သည် ဒါဆို သူမလည်း လွတ်လပ်သွားတော့မည်ဖြစ်သည်။
ထိုအချိန်တွင် လင်လင်က သူမကို နောက်ထပ် မက်ဆေ့ပို့လာခဲ့သည်။
လင်လင်: [ အိုး ငါပြောဖို့မေ့သွားတယ် နင် ဟိုနေ့က ယွမ်နှစ်သိန်း လှူလိုက်တယ်မလား...အဲ့တာ ပရဟိတအဖွဲ့အစည်းရဲ့ အကြီးအကဲပိုင်းကလူက နင့်ကို ကိုမာဝင်သူတွေရဲ့ မိသားစုဝင်တွေဆီ လာလည်ဖို့ဖိိတ်ချင်လို့ပါတဲ့ ]
🥰