🥰 Chapter 21
မင်လျိုရီကတော့ သေချာပေါက်ကို သွားချင်တာပေါ့။ သူမ ဒီဝတ္ထုထဲကို ကူးပြောင်းပြီးကတည်းက အပြင်ဘက်မှလူများနှင့် ပြောဆိုဆက်ဆံခြင်းမရှိသေးပေ။ ဒါက ဒီကမ္ဘာကြီးအကြောင်း လေ့လာနိုင်ရန် ရှားပါးသည့်အခွင့်အရေးတစ်ခုပင်။
သို့သော်လည်း ဗီလာတစ်ခုလုံး ယောင်ကျိရန်၏ထိန်းချုပ်မှုအောက်ရောက်ရှိသွားပြီဖြစ်သောကြောင့် သူမသာအပြင်ထွက်မယ်ဆိုရင်...
မင်လျိုရီ: [ ငါ စဥ်းစားကြည့်လိုက်မယ် ]
လင်လင်: [ ငါလဲလာမှာဟ နင်ပါလာရင် ပိုကောင်းတာပေါ့ ]
မင်လျိုရီ: [ ကောင်းသားပဲ ငါကြိုးစားကြည့်လိုက်မယ် ]
လင်လင်: [ ဖိတ်စာလင့်ကို လှမ်းပို့လိုက်မယ်နော်... သတင်းကောင်းကြားရဖို့ မျှော်နေမယ် ]
မင်လျိုရီ လင့်ကို နှိပ်လိုက်သည်။ ဖိတ်စာသည် အလွန်ကို တင့်တည်ပြီး ပရဟိတအဖွဲ့အစည်း၏ တရားဝင် တံဆိပ်တုံးပါရှိသည်။ ဒါနဲ့ဆိုရင်တော့ သူမ ယောင်ကျိရန်ကို စည်းရုံးနိုင်လောက်မည် ...အနည်းငယ်မျှ စဥ်းစားပြီးနောက်တွင် သူမ ယောင်ကျိရန်ဆီသို့ ဖိတ်စာလင့်ပို့လိုက်သည်။
မင်လျိုရီသည် ကျိန်းသေပေါက် ယောင်ကျိရန် ဘက်မှချက်ချင်း စာပြန်မပို့မည်ကို သိသောကြောင့် သူမဖုန်းကို ချလိုက်ပြီး တခြားကိစ္စများလုပ်ရန် ထွက်သွားလေသည်။ နေ့လယ်စာစားချိန်ဖြစ်သော်လည်း သူမနှင့် ယောင်ကျိကျိုး နှစ်ယောက်လုံးသည် မနက်စာပင် မစားရသေးပေ။
လင်လင်သယ်လာသည့် သတင်းကောင်းကို စီစဥ်နေသောကြောင့် နေ့လည်ရောက်သွားမှန်းပင် မင်လျိုရီမသိလိုက်ပေ။ မျက်စိရှေ့မှ အိမ်အကူများပြင်ဆင်ပေးထားသော ဟင်းလျာများကိုကြည့်ပြီး မင်လျိုရီ၏ လှုပ်ရှားမှုများ ရပ်တန့်သွားသည်။ အသားနွှင်ပေးထားသည့် ကြက်သားဆန်ပြုတ် တစ်ပန်းကန်သည် ယောင်ကျိကျိုးအတွက်ဖြစ်ပြီး တခြားဟင်းအမယ်များအားလုံးသည် အစပ်ဟင်းများဖြစ်သည်။ သူမသာ အခြေအနေကို ကောင်းကောင်းမသိသေးလျှင် စီချွမ်သို့ ကူးပြောင်းလာသည်ဟုပင် ထင်မိတော့မည်။ မွှေးပျံ့နေသည့် ငါးအစပ်ဟင်း၊ တိုဟူးမာလာ၊ ကြက်ကြော်အစပ်၊ ငရုတ်သီးနှင့်ချက်ထားသည့် အမဲသား စသဖြင့်....အဓိကဟင်းလျာသည်ပင် မာလာခေါက်ဆွဲဖြစ်ပြီး ငရုတ်ဆီဆမ်းထားသည်။
မင်လျိုရီသည် ကြက်သားဆန်ပြုတ်နှင့် ပက်သတ်ပြီး တစ်ခုခုမှားနေမှန်း ခံစားမိသည်။
'ဒါပေမဲ့... ကိုမာဝင်နေတဲ့လူက အစပ်တွေစားလို့မှမရတာ...'
အမှန်တကယ်တော့ ယောင်ကျိရန်သည် သိသာထင်ရှားလှသည့် သဲလွန်ဆများကို ပေးနေခြင်းဖြစ်သည်။ ဒါပေါ့ အဲတာနဲ့ပတ်သက်ပြီး သူမကတော့ ကျေးဇူးတင်နေမည်မဟုတ်ပေ။
ခုနကပြောခဲ့သလိုပင် ဟင်းလျာများသည် သူမရဲ့ စူးစမ်းလိုစိတ်ကို မြင့်တက်စေသောကြောင့် တစ်ခုချင်းဆီ လိုက်မြည်းကြည့်သည်။ မာလာအစပ်ဟင်းများသည် အတော်လေးစပ်ပြီး အရသာလဲကောင်းသည်။ သို့သော်လည်း သူမသည် အစပ်မစားနိုင်သည့်လူဖြစ်သောကြောင့် မျက်နှာတစ်ခုလုံး နီရဲလာသည်။ သူမ တံခါးဝရှေ့သို့ ရောက်အောင်သွားလိုက်ပြီး သက်တော်စောင့်များ ကြားနိုင်သည့် လေသံဖြင့် ရေရွတ်လိုက်သည်။
"စပ်လိုက်တာ ဘုရားရေ... လျှာတစ်ခုလုံး ပူလောင်နေတာပဲ"
ထို့နောက် ရေချိုးခန်းကို သွားရန် အခွင့်အရေးရသည်နှင့် ဆန်ပြုတ်ပန်းကန်ကိုယူကာ toilet ထဲသို့ သွန်ပစ်လိုက်တော့သည်။ ပန်းကန်ကို သန့်သွားအောင် တိုက်ချွတ်လိုက်ပြီးနောက် ရေသန့်များဖြည့်လိုက်သည်။ မာလာခေါက်ဆွဲပေါ်က ငရုတ်ဆီများကို ဖယ်ပြီးကျွေးမည်ဆိုရင် ယောင်ကျိကျိုး မသေဘဲ စားနိုင်လောက်မည်ဟု မင်လျိုရီယုံသည်။ကြက်ကြော်အစပ်ကို သူမက အပြင်ဘက်မှ ကြွပ်နေအောင်ကြော်ထားသည့်အပိုင်းကို ခွာလိုက်ပြီး အတွင်းထဲမှ နူးညံ့နေသည့် အသားများကို ထုတ်လိုက်သည်။ အသားတွေကို ရေနဲ့စိမ်လိုက်ရင်တော့ စပ်တာ လျော့သွားလောက်မှာပါ...
မင်လျိုရီသည် ခေါက်ဆွဲကို ရေထဲသို့ အကြိမ်ကြိမ် နှစ်ပြီးနောက် ဇွန်းနှင့် အပိုင်းသေးလေးများ ဖြတ်တောက်လိုက်သည်။ ထိုအပိုင်းလေးနှင့် ရေဆေးထားသည့် ကြက်သားကိုယူလိုက်ပြီး ဂရုတစိုက်နှင့် ယောင်ကျိကျိုးကို ခွံ့ကျွေးလိုက်သည်။
မင်လျိုရီသည် အစာခွံ့နေရင်း စကားပြောချင်စိတ်ကို မထိန်းနိုင်ခဲ့ပေ။
"ဒီအစားအစာတွေက မကောင်းဘူးဆိုတာကို မြည်းကြည့်နေစရာတောင်မလိုဘူး...ဒါပေမဲ့လဲ ကျွန်မတတ်နိုင်တာမှမရှိတော့တာ...ဒါကြောင့် ရှင်လဲ သည်းခံရမယ်နော် ခဏလေးပါပဲ ကျွန်မ တစ်ခုခုကိုသိရတော့မှာ..."
ကံကောင်းထောက်စွာဖြင့် ယောင်ကျိကျိုး၏ အစာဝင်လမ်းကြောင်းသည် ပြဿနာမရှိဘဲ ချောချောမွေ့မွေ့နှင့် ဝင်သွားသည်။ မင်လျိုရီ လည်းစားပြီးသည်နှင့် ယောင်ကျိကျိုးလည်း ဝလောက်ပြီဟု ယူဆနိုင်သည့် အနေအထားရောက်သောအခါ မည်သူမှ မသိစေရန် အကုန်လုံးကိုဆေးကြောလိုက်သည်။ ထို့နောက် တံခါးရှေ့ကိုလျှောက်သွားလိုက်ပြီး သက်တော်စောင့်များကို ပြောလိုက်သည်။
"ရှောင်ဖန်းကို လာသိမ်းခိုင်းလိုက်"
ရှောင်ဖန်းသည် တစ်ချိန်လုံး အခန်းပြင်တွင် စောင့်နေခဲ့ပြီး မင်လျိုရီ၏ အသံကိုကြားသည်နှင့် လျင်မြန်စွာဝင်လာခဲ့သည်။ သူမသည် သခင်မဖြစ်သူမှ သခင့်ကိုစိတ်အပူလွန်ပြီး သေချာမလုပ်ပေးနိုင်မည်ကို စိုးရိမ်နေသော်လည်း အကုန်လုံးပြီးစီးသွားပြီဖြစ်သည်။
"တခြား ခိုင်းစရာများရှိပါသေးလား"
"မီးဖိုချောင်ကလူတွေကိုပြောလိုက် ဟင်းအစပ်တွေမပို့နဲ့တော့လို့... ငါ့အစာအိမ်က အဲတာတွေစားပြီး နေလို့မကောင်းတော့ဘူး"
မင်လျိုရီ ပြောလိုက်သည်။
ရှောင်ဖန်းခေါင်းငြိမ့်ပြီး ထွက်ခွာသွားသည်။
ယောင်ကျိရန်ဘက်မှ ပြန်စာပို့သည့်အချိန်သည် ညအချိန်သို့ပင် ရောက်နေပြီဖြစ်သည်။
ယောင်ကျိရန်: [ အပြင်ထွက်ဖို့ စဥ်းစားနေတာကောင်းတဲ့အရာပဲ... မရီးအနေနဲ့ အချိန်ကောင်းလေးတွေရဖို့မျှော်လင့်ပါတယ် ]
မင်လျိုရီ မျက်မှောင်ကျုံ့လိုက်သည်။ စာထဲတွင် သံယဝင်စရာ တစ်စုံတစ်ရာမပါသော်ငြား ယောင်ကျိရန်သည် သတိထားတတ်သည့် လူစားမျိုးဖြစ်သည်။ မင်လျိုရီ ဖုန်းချလိုက်သည်နှင့် တပြိုင်နက်အပြင်ဘက်မှ သက်တော်စောင့်သည် တံခါးခေါက်လာသည်။
မင်လျိုရီ တံခါးဖွင့်လိုက်တော့ သက်တော်စောင့်သည် သူမအား ဖုန်းနောက်တစ်လုံးပေးလာသည်။
မင်လျိုရီ၏ နှုတ်ခမ်းများ တွန့်လိုက်သည်။
'ကြောက်တတ်လိုက်တာ ငါအသံဖမ်းထားမှာကို စိုးရိမ်နေတာလား...'
သူမ ဖုန်းကိုင်လိုက်ပြီး
"ဘာကိစ္စလဲ ယောင်ကျိရန်"
ယောင်ကျိရန်၏ အသံသည် ယဥ်ကျေးနေရာမှ ခြိမ်းခြောက်သည့်အသွင် တန်းပြောင်းသွားသည်။
"နင်က မြောင်လွေ့မင်နဲ့ ဆက်သွယ်ဖို့ကြိုးစားနေတာမဟုတ်လား ... ကိုမာဝင်တဲ့သူတွေရဲ့ပရဟိတအစည်းအဝေးကိုလဲ သွားတက်ဦးမယ်ဟုတ်လား... မင်လျိုရီ... နင် သရုပ်ဆောင်တာ သိပ်တော်နေပါလား"
မင်လျိုရီ အေးစက်စွာ ရယ်လိုက်သည်။
"ချီးကျူးတယ်လို့ပဲ သတ်မှတ်လိုက်ပါ့မယ်...ငါက သခင်မယောင်ဖြစ်နေပြီလေ ဒီလိုကိစ္စတွေအတွက် ငါ့မှာတာဝန်ရှိတာပေါ့"
ယောင်ကျိရန် ခနဲ့တဲ့တဲ့ပြောလိုက်သည်။
"သရုပ်ဆောင်နေတယ်ဆိုတာ သတိရသေးဖို့ မျှော်လင့်ပါတယ်...မဟုတ်တာတွေ လျှောက်လုပ်နေတာကို ငါမိသွားတဲ့အခါကျရင်တော့ နင်နဲ့ယောင်ကျိကျိုးရဲ့ အသုဘက တစ်နေ့တည်းဖြစ်စေရမယ်လို့ အာမခံတယ်"
မင်လျိုရီ မျက်လုံးလှိမ့်လိုက်သည်။
"နင့်မှာ အသက်အန္တရာယ်ကို ခြိမ်းခြောက်တာကလွဲပြီး တခြားမရှိဘူးလား... ငါက အိမ်မှာနေရတာ ပျင်းလို့အပြင်ထွက်ရုံပဲ... နင်သာငါ့နေရာမှာဆို ကိုမာဝင်နေတဲ့လူကို နေ့စဥ်နဲ့အမျှ ထိုင်ကြည့်ချင်ပါ့မလား ... ဟမ်"
ယောင်နတ်ဆိုး၏ မျက်လုံးများ ခက်ထန်သွားတော့သည်။
"ထွက်ချင်ရင် ထွက်လို့ရတယ် ဒီအခွင့်အရေးကို အသုံးချပြီး နင့်ရည်းစားဟောင်း ယုဟန်နဲ့ ဆက်သွယ်ချင်နေတာဆိုရင်တော့ ငါဘာမှလုပ်စရာတောင်မလိုဘူး...ယောင်ကွေက နင့်ကိုစုတ်ဖြဲပစ်လိမ့်မယ်"
🥰