🥰 Chapter 25
မင်လျိုရီသည် ထိုစကားကိုကြားတော့ ကျေနပ်စွာဖြင့် ခေါင်းငြိမ့်လိုက်သည်။
"အိုး ဟုတ်သားပဲ ညစာက ဘာလဲ...ထပ်ပြီး အစပ်တွေတော့ မဟုတ်ဘူးမလား"
"မဟုတ်ပါဘူး သခင်မညွှန်ကြားထားတဲ့အတိုင်း သေချာနားထောင်ကြပါတယ်"
ဟု ရှောင်ဖန်းက ပြောလိုက်သည်။
မင်လျိုရီ စိတ်ဝင်စားသွားပြီး တစ်ချက်ကြည့်လိုက်သည်။ တစ်ချက်ကြည့်ရုံမျှနှင့်ပင် သူမ တစ်စုံတစ်ယောက်ကို ဆူငေါက်ချင်လာသည်။ ဟင်းပွဲတွေက အစပ်မပါတော့ပေ။ သို့သော် သံသယဝင်စရာကောင်းအောင် သေချာချက်ပြုတ်ထားသည့် သစ်ကြားသီးဆန်ပြုတ်မှလွဲ၍ ကျန်သည့်ဟင်းလျာများသည် လူနာအတွက် မသင့်လျော်ပေ။ သိုးသားကင်၊ တိုဖူး၊ ပင်လယ်စာမြေအိုးနှင့် အရွက်ကိုပုစွန်နှင့် မွှေကြော်ထားပြီး ကြက်သွန်မြိတ်အုပ်ထားသည်။
ဤဟင်းပွဲများသည် ယောင်ကျိကျိုးအတွက် သေချာပေါက်မဟုတ်သော်ငြား သူမစားလိုက်လျှင်ပင်အစာအိမ်က ကောင်းစွာအစာချေနိုင်မည်မဟုတ်ပေ။ မင်လျိုရီ၏ ဒေါသများ ငယ်ထိပ်သို့ဆောင့်တက်လာပြီး အောက်ထပ်သို့ ဝုန်းဒိုင်းကျဲဆင်းသွားတော့သည်။
"ညစာ ဘယ်သူချက်တာလဲ"
စားဖိုမှူးသည် ရှေ့ထွက်လာပြီး ဖြေသည်။
မင်လျိုရီသည် စားဖိုမှူးအစားထိုးခံလိုက်ရပြီဟု ထင်ခဲ့သော်လည်း ဤပုဂ္ဂိုလ်သည် အဓိကစံအိမ်မှ ပေးပို့လိုက်သော စားဖိုမှူးဖြစ်မှန်း မူလမင်လျိုရီ၏ မှတ်ဉာဏ်မှတစ်ဆင့် သိလိုက်ရသည်။
စားဖိုမှူးသည် မင်လျိုရီအား လျင်မြန်စွာ တင်ပြလာသည်။
"သခင်မ ဒီဟင်းလျာတွေက အဓိကစံအိမ်ကနေ စီစဥ်ပေးတာတွေပါ...နေ့လယ်စာကို အစပ်တွေစားထားပြီး ညစာကလဲ အဆင်မပြေတာကို သတိထားမိပါတယ်...အဲတာကြောင့် သခင်မ အစာအိမ်အဆင်မပြေဖြစ်မှာစိုးလို့ ကွမ်းကျိုးကြာစွယ်ဟင်းနဲ့ အရွက်ဆန်ပြုတ်လေးပြင်ထားတယ် စမ်းစားကြည့်မလား..."
မင်လျိုရီ ရင်ထဲထိသွားရသည်။ သူမအတွက်တွေးပေးသည့် လူတွေရှိနေသေးမှန်း မသိခဲ့ပေ။
မင်လျိုရီ၏ ဝမ်းနည်းသွားသည့် မျက်နှာအားတွေ့သွားသည့် စားဖိုမှူးသည် ထိတ်လန့်သွားကာ
"ကျွန်တော်ပြောတဲ့အထဲ အမှားပါသွားလို့လား"
"ကျေးဇူးတင်ပါတယ်"
မင်လျိုရီ တိုးညှင်းစွာဖြေလိုက်သည်။
စားဖိုမှူးကဆက်ပြောသည်။
"သခင်မနောက်မှာ ကျွန်တော်တို့ရှိပါတယ် အားလုံးက သခင်နေပြန်ကောင်းလာဖို့ စောင့်နေကြတာပါ... ဒီဗီလာကြိီးက အရင်လိုမဟုတ်တော့ဘူး ကျွန်တော်တို့ လှုပ်ရှားသမျှကို စောင့်ကြည့်နေတဲ့ အကျဥ်းထောင်တစ်ခုလိုဖြစ်နေပြီ... ခဏလောက် စောင့်ပေးပါ...ကြိုစီစဥ်ထားတဲ့ ဟင်းလျာအပြင် တခြားဟင်းတွေပြင်ဆင်ပေးပါ့မယ်...စိတ်ကူးထဲ စားချင်တာရှိရင် ရှောင်ဖန်းနဲ့ အမှာပါးလို့ရပါတယ်"
"ရှင့်နာမည်ဘယ်လိုခေါ်လဲ"
မင်လျိုရီ မေးလိုက်သည်။
စားဖိုမှူးက ရှိုးတိုးရှန့်တန့်ဖြင့် ပြန်ဖြေလိုက်သည်။
"ကျန်းချွမ်လို့ ခေါ်ပါတယ်"
ထိုနာမည်ကိုကြားတော့ မင်လျိုရီ၏ မျက်နှာအမူအရာသည် ပြောင်းလဲသွားသည်။ အဘယ်ကြောင့်ဆိုသော် ကျန်းချွမ်ဆိုသော နာမည်ကြောင့်ပင်။ မူလဝတ္ထုထဲတွင် သူနှင့် ရှောင်ဖန်းသည် ထာဝစဥ် ဇာတ်လိုက်၏ ဘက်တွင် ရပ်တည်ခဲ့ကြပြီး နောက်ပိုင်းတွင်တော့ ရာထူးတိုးပြီး လစာအများအပြားရခဲ့သည်။ သူ၏ သားဖြစ်သူကလည်ူယောင်ကုမ္ပဏီတွင် အလုပ်ပေးခြင်းခံခဲ့ရသည်။
မင်လျိုရီ ခေါင်းငြိမ့်ပြီး လက်ခံလိုက်သည်။
"ယောင်ကျိကျိုးနိုးလာတဲ့အခါကျ ရှင်လုပ်ပေးခဲ့သမျှကို အကုန်ပြန်ပြောပြပေးပါ့မယ်...အကျိုးမယုတ်စေရဘူး"
ကျန်းချွမ်၏ ရင်ထဲတွင် ခံစားချက်များ လှိုက်တက်လာသည်။
"သခင်မလဲ သခင့်ကို ပြန်နိုးလာမယ်လို့ ယုံကြည်တယ်လား "
မင်လျိုရီ အသေအချာ ခေါင်းငြိမ့်ပြလိုက်သည်။ သူမ တခြားလူတွေကို ဇာတ်လိုက်၏ အဆုံးသတ်အကြောင်း ပြောပြ၍မရသော်လည်း သူမ၏ ဇာတ်လိုက်အပေါ် ယုံကြည်မှုသည် မယိမ်းယိုင်သွားပေ။
"အိုး ဟုတ်သားပဲ ကျန်းချွမ်... ယောင်ကျိကျိုးကို ပို့ပေးတဲ့ ဆန်ပြုတ်တွေမှာ တစ်ခုခု ကွာခြားသွားတာကို သတိထားမိလား"
ကျန်းချွမ် ခဏမျှစဥ်းစားလိုက်သည်။
"သခင်နဲ့ သခင်မအတွက် အစားအစာတွေကို သယ်နေကျက ရှောင်ဖန်းဆိုပေမဲ့ အခု မီးဖိုချောင်ထဲက အစားအစာတွေကို လာယူတဲ့သူက ရှောင်ရွှယ်ပဲ သူကမှတစ်ဆင့် ရှောင်ဖန်းကိုလက်ဆင့်ကမ်းတာ...ဒါကလွဲပြီး တခြားဘာမှတော့ ကွာခြားမှုမရှိပါဘူး ဒါပေမဲ့...ကျွန်တော်က အစားအသောက်ပြင်ဆင်တဲ့အချိန် တစ်ခုချင်းစီ စိစစ်ပါတယ်...တစ်နေ့က အလှဆင်ဖို့ လှီးဖြတ်ထားတဲ့ ကြက်သွန်မြိတ်တွေက ဟင်းထဲရောထည့်ခံထားရပေမဲ့ ဘယ်သူလုပ်လဲဆိုတာ မသိရဘူး အဲ့တစ်ခုတော့ စိတ်ထဲမှတ်မိနေတယ်"
မင်လျိုရီ ဆက်လက်မေးမြန်းလိုက်သည်။
"အဲတော့ ယောင်ကျိကျိုးအတွက် ပြင်ဆင်ပေးထားတဲ့ ဆန်ပြုတ်ကို ရှောင်ရွှယ်က တိတ်တိတ်လေး စားလိုက်တာဖြစ်လောက်လား"
ကျန်းချွမ် မျက်မှောင်ကျုံ့သွားသည်။
"အဲလိုတော့ မထင်ဘူး...ယောင်မိသားစုက အိမ်အကူတွေကို မနှိပ်စက်ပါဘူး ... မလိုအပ်တဲ့အတွက် အစားအစာကိုတော့ ခိုးမှာမဟုတ်ဘူး"
ကျန်းချွမ်သည် ထိုစကားများပြောပြီးနောက် မရေမရာဖြင့် ထပ်ပေါင်းပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ်လေ....လူအတော်များများက လူနာအတွက် ပြင်ပေးထားတဲ့ အစာကိုစားရင် အပြစ်သင့်တယ်လို့ ယုံကြည်ကြတဲ့အတွက် စားပြီးရင် နာမကျန်းဖြစ်မှာ ကြောက်ကြတယ်"
ကျန်းချွမ် စကားပြောသည့်အချိန်တွင် အမှန်တကယ်ကို တမူထူးခြားမှန်း မင်လျိုရီ ရိပ်မိသည်။ သူမသည် ရည်ရွယ်ချက်ရှိရှိနှင့် သူမည်သို့ တုန့်ပြန်မလဲစမ်းသပ်ခြင်းဖြစ်သည်။ ကျန်းချွမ်တွင် ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းနှင့် ယုံကြည်မှုရှိပြီး အတွေးအမြင်ကလဲ ရှင်းလင်းသည်။
မင်လျိုရီသည် ခေါင်းငြိမ့်လိုက်ပြီး ထပ်မပြောလာတော့ပေ။ သူမတို့ ပြောသမျှကို ခိုးနားထောင်နိုင်ချေရှိသည်မလို့ စကားအကြာကြီးပြောရန် မသင့်လျော်ပေ။
"အခန်းကိုပဲ ပြန်တော့မယ်...တစ်ခုခု မသင်္ကာစရာရှိရင် ချက်ချင်းအသိပေးပါ"
ထို့နောက် သူမအသံကို မြှင့်ကာပြောလိုက်သည်။
"ရှင်ကတကယ်တော်တဲ့ စားဖိုမှူးပဲ နေ့လယ်စာကို အစပ်တွေစားခဲ့မှန်းသိလို့ အစာအိမ်ကို သက်တောင့်သက်သာဖြစ်အောင် ဆန်ပြုတ်ပြင်ဆင်ပေးလိုက်သေးတယ်"
"ကျေးဇူးတင်ပါတယ် သခင်မ"
ဟု ကျန်းချွမ်ပြောလိုက်သည်။
မင်လျိုရီစကားပြောပြီးနောက် ကျန်းချွမ်ပြင်ပေးသည့် ကြာစွယ်ဟင်းနှင့် ဆန်ပြုတ်ကိုသယ်ကာ ယောင်ကျိကျိုးဘေးနားသို့ သွားလိုက်သည်။ သူမက ယောင်ကျိကျိုးကို အရွက်ဆန်ပြုတ်တိုက်လိုက်ပြီး သူမကိုယ်တိုင်လဲ နည်းနည်းစားလိုက်သည်။ ထို့်နောက် ရေချိုးရန်ထွက်သွားတော့သည်။ သူမ ရေချိုးခန်းမှ ထွက်လာသည်နှင့် ယိုလင်လင်၏ မက်ဆေ့ကို တွေ့လိုက်သည်။
ယိုလင်လင်: [ စပ်စုကြည့်တာပါ...နင်အဲ့ skincare ပစ္စည်းတွေ ပါကင်ဖောက်ပြီးရင် ငါ့ကိုပြဦး...ဒီနေ့ဝယ်လာတဲ့ ပစ္စည်းတွေကို ငါ့လူကို လိမ်းပေးလိုက်တာလေ လိမ်းပြီးပြီးချင်း ချက်ချင်းကို ချောမွတ်သွားတာပဲ ခဏခဏနမ်းပြီးရင်းနမ်းချင်လာတာ..."
မင်လျိုရီ: [ ... အခု သွားစမ်းကြည့်လိုက်မယ် ]
မက်ဆေ့ပို့ပြီးနောက် မင်လျိုရီ ချက်ချင်းပင် ပစ္စည်းများကို ဖောက်ကြည့်ပြီး ယောင်ကျိကျိုးကို လိမ်းပေးလိုက်သည်။ သူမ အလျင်လိုနေသောကြောင့် အပြုအမူများသည် အနည်းငယ် ကြမ်းတမ်းနေခဲ့သည်။
ယောင်ကျိကျိုး၏ မျက်နှာသည် သူမကြောင့် နီလာပြီး ကြည့်လိုက်ရုံနှင့် သူမကို ဒေါသထွက်နေမည်မှန်း ခံစားလို့ရသည်။
မင်လျိုရီသည် သူမဘာသာသူမ ကျေနပ်ပီတိဖြာကာ ခေါင်းတစ်ချက်ငြိမ့်လိုက်သည်။ ထို့နောက် ဖုန်းအား ကောက်ကိုင်လိုက်ပြီး ယောင်ကျိကျိုး၏ အောက်မျက်နှာတစ်ဝက်ကို ဓာတ်ပုံရိုက်ကာ ယိုလင်လင်ထံ ပို့လိုက်သည်။ ပြီးနောက် စာတစ်ချို့ပါ ရိုက်ပို့လိုက်သည်။
မင်လျိုရီ: [ လိမ်းပေးပြီးပြီ ကြည့်လိုက်ဦး သူ့အသားအရည်က အရမ်းကောင်းတာပဲ... ]
ယိုလင်လင်: [ !!!!! ]
🥰