အပိုင်း၂၆
Viewers 4k

🥰 Chapter 26 



မင်လျိုရီ: [ အဲ့လောက် စိတ်လှုပ်ရှားပြရာမလိုပါဘူး ... ဟုတ်ပြီလား ]


ယိုလင်လင်: [ နင့်ယောက်ျားက အရမ်းချောတာပဲလို့ ပြောချင်တာလေ...သူ့ရဲ့ မေးစေ့ကိုကြည့်လိုက်ရုံနဲ့တင် တခြားအစိတ်အပိုင်းတွေက အချိုးကျမှန်းသိနိုင်တယ် နင်သူ့ရဲ့ မျက်နှာကို တစ်နေကုန်ထိုင်ကြည့်ပြီး ဘယ်လိုတောင် ထိန်းချုပ်ထားနိုင်ရတာလဲ...] 


မင်လျိုရီ: [ .... ]


ယိုလင်လင်: [ ဒါပေမဲ့ နောက်တစ်ခါ သိပ်မကြမ်းနဲ့ 

ကိုမာဝင်တဲ့လူတွေရဲ့ အသားအရည်က အရောင်ဖျော့တယ် ကြည့်ပါဦး နင်ဘယ်လောက်တောင် အားထည့်လိုက်တာလဲ ]


မင်လျိုရီ: [ နောက်တစ်ခါ ငါဆင်ခြင်ပါ့မယ် ]


ယိုလင်လင် : [ တကယ်တော့လေ ကိုယ့်ကိုယ်ကိုယ် အရမ်းချုပ်တည်းစရာမလိုပါဘူး...နင့်လူရဲ့ နှုတ်ခမ်းတွေက နီနေတယ်နော် နမ်းထားကြတာလား ] 


မင်လျိုရီ: [ ....ဘယ်လိုဖြစ်လို့ ဒီလိုရှက်ဖို့ကောင်းတာတွေကို ပြောနေတာလဲ ]


ယိုလင်လင်: [ ကိုယ့်ယောက်ျားမျက်နှာကို ကြမ်းကြမ်းတမ်းတမ်းလုပ်တုန်းကကျ ဘာလို့ဒီလိုမျိုး ရှက်မနေတာပါလိမ့်...]


မင်လျိုရီ၏ မျက်နှာသည် ထိုမက်ဆေ့ကိုဖတ်ပြီး နီရဲတက်လာသည်။ သူမက ဖုန်းကို ချက်ချင်းပိတ်ကာ လင်လင်အား လျစ်လျူရှုလိုက်သည်။ 


ယောင်ကျိကျိုး၏ အတွေးများ ပြေးလွှားကုန်၏။ 


သူ၏ မိန်းမလေးသည် ဒီနေ့ အနည်းငယ်ကွဲပြားနေသည်ဟု ခံစားရပြီး လေထုထဲတွင်လဲ ရနံ့ဖျော့ဖျော့က ပျံ့လွင့်လို့နေသည်။ သူသေချာစွာခွဲခြမ်းစိတ်ဖြာလိုက်ရန်ကြိုးစားနေစဉ် သူမက စတင်ပြီး သူ့မျက်နှာကို ပွတ်သပ်လာသည်။ ဒါပေမဲ့ သူ့မိန်းမက ဒီနေ့မှ ဘာလို့ အရင်နဲ့မတူလဲမသိ။ သူမ​၏အပြုအမူများသည် အရင်လို မညင်သာတော့ပေ။ 


သူ့မျက်နှာသည် အနည်းငယ် နာကျင်လာသည်။ 


ထို့နောက် သူသုံးနေကျ skincare ပစ္စည်းများ၏ ရနံ့အားရလိုက်သည်။ သူ့မိန်းမက သူ့ကို skincare လုပ်ပေးနေတာတဲ့လား... 


ထိုရင်းနှီးသည့် လက်တစ်စုံသည် သူ့မျက်နှာကို အနည်းငယ်မျှ ရိုက်လိုက်စဥ် နာကျင်မှုကို ခံစားလိုက်ရသည်။


ထို့ကြောင်လဲ ယနေ့ကွဲပြားနေရသည့်အချက်ကိုနားလည်လိုက်သည်။ skincare လုပ်ပေးနေလို့ကိုး... မွှေးရနံ့ခပ်ဖျော့ဖျော့သည် အလွန်ပင် ကောင်းမွန်ပြီး သူ၏ နှလုံးသားပင် ပျော့ပျောင်းသွားရသည်။ သူရှည်ရှည်ဝေးဝေးတွေးဖို့ပင် အချိန်မရခင် သူ့မိန်းမသည် သူ့ဘေးတွင် ဝင်ရောက်လှဲလာသည်။ 


ယောင်ကျိကျိုး၏ နှလုံးခုန်နှုန်းများ မြန်ဆန်လာသည်။ ဒီအမျိုးသမီးသည် သူနှင့် နီးကပ်လွန်းသည်။ ထို့နောက် သူမသည် သူ့အား ဒီနေ့တွင် ဖြစ်ပျက်သမျှအားလုံးကို အိပ်ရာဝင်ပုံပြင်ဖတ်ပြသကဲ့သို့ လေသံတိုးတိုးလေးနှင့် ပြောပြလာသည်။ သူမ တစ်ခွန်းပြောလိုက်တိုင်း သူ​၏အတွင်းစိတ်ထဲမှ ပြန်ဖြေပေးနေမိသည်။ 


မင်လျိုရီက ပြောလိုက်သည်။ 


"ဒီနေ့ ယိုလင်လင်နဲ့ ဈေးဝယ်ထွက်ခဲ့တယ်သိလား ပထမဆုံးစျေးဝယ်ထွက်ဖူးတာဆိုတော့အရမ်းပျော်ဖို့ကောင်းတာပဲ" 


ယောင်ကျိကျိုး၏ စိတ်ထဲတွင်


'ယိုလင်လင်...သူငယ်ချင်းအသစ်လား...'


မင်လျိုရီက ဆက်ပြောသည်။ 


"ရှင် ကျန်းချွမ်ကို မှတ်မိသေးလားတော့မသိ သူကတကယ်တော်တဲ့ စားဖိုမှူးပါ... ပြီးတော့ ရှင့်အပေါ်လဲ သစ္စာရှိတယ်... ရှင်ပြန်နိုးလာတဲ့အခါကျရင် သူ့ကိုမေ့မသွားရဘူးနော်..."


'မင်းပြောတဲ့အတိုင်း လုပ်ပါ့မယ် ကိုယ့်ရဲ့ချစ်ဇနီးလေး'  


ယောင်ကျိကျိုးစိတ်ထဲမှ ပြောလိုက်သည်။


မင်လျိုရီက စကားဆက်သည်။ 


"အခုလေးတင် ယိုလင်လင်ကပြောတယ် ရှင်ကအရမ်းချောတာပဲတဲ့...​ဒီလိုကြားလိုက်ရတော့ပျော်သွားတယ်မဟုတ်လား" 


'မင်းကရော ကိုယ့်ကိုဘယ်လိုထင်လဲ' 


မင်လျိုရီကား တတွတ်တွတ်နှင့် စကားအများကြီးပြောနေလေသည်။ သို့သော် သူမအသံသည် ပြောရင်းနှင့် တဖြည်းဖြည်းတိုးညှင်းသွားသည့်အတွက် ယောင်ကျိကျိုး၏ နှလုံးသားကို တင်းကြပ်လာစေသည်။ 


"ယောင်ကျိကျိုး...ယိုလင်လင်ကပြောတယ် ကိုမာဝင်နေတဲ့လူကို နိုးထစေတာက အချစ်တဲ့...အချစ်တွေအများကြီးနဲ့မှတဲ့...ရှင်ရော...ကျွန်မအချစ်တွေကို အလိုရှိရဲ့လားဟင်..."


မင်လျိိုရီ၏ အသံသည် အလွန်တရာမှ နူးညံ့နေသည်။ 


ယောင်ကျိကျိုး၏ နှလုံးသားသည် နစ်မြုပ်သွားတော့သည်။ သူအဖြေကိုစဥ်းစားလိုက်သော်လည်း ဒီမေးခွန်းက...ကိုယ်တိုင်ကိုယ်ကျ ဖြေပေးမှရမယ်။ 


မျက်စိတစ်မှိတ်အတွင်းတွင် ပိတ်ရက်သို့ ရောက်လာသည်။ ဒီနေ့သည် ကိုမာဝင်လူနာများ၏ မိသားစုဝင်များထံ သွားရောက်ကြမည့်နေ့ဖြစ်သည်။ 


မင်လျိုရီသည် ခါတိုင်းထက် စောစောနိုးလာသည်။ အဘယ်ကြောင့်ဆိုသော် ဒီနေ့က သူမအတွက် အရေးကြီးလေသည်။ အတိတ်ဘဝတွင် သူမသည် ကုသိုလ်ကောင်းမှုများစွာ ပြုခဲ့ကာ သူတစ်ပါးကို ကူညီချင်စိတ်ရှိပြီး အင်အားများ ပေးခဲ့သည်။ 


အခုအချိန်တွင် သူမဘဝက သာယာလျက်ရှိသော်လည်း ယောင်ကျိကျိုးနိုးထလာချိန်တွင်တော့ သူမဘဝသည် သေချာပေါက်ကို ပြောင်းလဲသွားတော့မည်ဖြစ်သည်။ အကယ်၍ သူမသာ ဒီကမ္ဘာတွင် ရှင်သန်နိုင်ဖို့နည်းလမ်းကို မရှာထားလျှင် အနာဂတ်တွင် သူမ၏ ဘဝသည်ခက်ခဲပေလိမ့်မည်။ 


ယောင်မိသားစုက ချမ်းသာသော်လည်း ယောင်မိသားစုရဲ့ အာဏာကို လွှဲပြောင်းယူလို့မှမရဘဲ...ဘယ်လိုပဲဖြစ်ဖြစ် သူမကိုယ်သူမ အားကိုးခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။ ပရဟိတပြုလုပ်ခြင်းကလဲ သူမရဲ့ ဆန္ဒတစ်ခုပင်ဖြစ်သည်။ လောလောဆယ် ထိုအလုပ်ကို သူမ သေချာနားမလည်သေးရုံပါ...ယောင်မိသားစု၏ နာမည်ဖြင့် အပြင်ဘက်ကမ္ဘာကို သူမစိတ်ကြိုက် လေ့လာလို့ရပြီး အနာဂတ်တွင်လည်း အထောက်အကူဖြစ်စေလိမ့်မည်။


မင်လျိုရီသည် အဖြူရောင် တီရှပ်နှင့်ဂျင်းကိုဝတ်ထားပြီး အဖြူရောင်စနီကာလေးကိုစီးထားသည်။ သူမအသွင်အပြင်သည် ငယ်ရွယ်နုပျိုပြီး တက်ကြွသည့်ပုံစံပေါ်သည်။ 


ဝတ်စုံအား စိတ်တိုင်းကျဝတ်ပြီးနောက် ရှောင်ဖန်းအား ယောင်ကျိကျိုးကို ဂရုစိုက်ရန် မှာကာ မနက်စာစားပြီး ခပ်မြန်မြန်ထွက်သွားတော့သည်။ 


လမ်းမပေါ်တွင် အမဲရောင် bentley ကားလေးသည် ပြေးလွှားနေပြီး မင်လျိုရီသည် ရှုပ်ထွေးလှသော လမ်းများမှ ကျေးလက်ဒေသဘက်သို့ ရှုခင်းများပြောင်းလဲသွားပုံကို ကြည့်ရှုနေသည်။ ထိုအချိန်တွင် သူမ၏ ကားလေးနှင့် ဆက်သွား၍မရတော့သည်အထိ လမ်းကကျဥ်းမြောင်းလာသည်။ 


ယိုလင်လင်နှင့် အတွင်းအရေးမှူးချုပ် ဟွမ်ကျင့်ထင်တို့သည် လည်ပတ်ရမည့် ပထမဆုံးအိမ်သို့ပင် ရောက်ရှိနေပြီဟု သိလိုက်ရသောအခါ မင်လျိုရီသည် ကားပေါ်မှ ဆင်းလိုက်သည်။ မီတာတစ်ရာကျော်မျှ လိုသေးသော်လည်း သူမက ဒရိုက်ဘာ​ကို သူမဘာသာ လမ်းဆက်လျှောက်လိုက်မည်ဟု ပြောလိုက်သည်။


မနက်ခင်းတွင်ဖြစ်သောကြောင့် လမ်းတစ်လျှောက်လုံးတွင် စျေးဆိုင်များဖြင့် စည်ကားလျက်ရှိပြီး ပေါင်မုန့်များ၊ ဖက်ထုပ်များ၊ ဆန်မုန့်ကြော်များ၊ ပဲနို့များနှင့် အခြားမုန့်များရောင်းနေသော ဆိုင်အများအပြားရှိသည်။ 


မင်လျိုရီသည် ထိုနေရာကို လျင်မြန်စွာ ကျော်လွန်လာပြီး နောက်ဆုံးတွင်တော့ ပန်းတိုင်သို့ရောက်လာလေပြီ။ 


ယိုလင်လင်သည် ရှေ့ဆုံးတွင် ရပ်နေပြီး သူမအား လက်ဝေ့ရမ်းပြလာသည်။ 


"လျိုရီ ဒီဘက်မှာ" 


မင်လျိုရီလည်း ပြုံးပြလိုက်သည်။ ယိုလင်လင်၏ဘေးတွင် အသက်လေးဆယ်ပတ်ဝန်းကျင်ရှိသည့် သက်လတ်ပိုင်းအမျိုးသမီးတစ်ဦးလည်း ရှိသည်။ ထိုအမျိုးသမီးသည် သူမတို့နှင့်ဆင်တူအင်္ကျီကိုဝတ်ဆင်ထားသော်လည်း ကျက်သရေရှိနေသည်။



🥰