အပိုင်း၂၇
Viewers 4k

🥰 Chapter 27 



မင်လျိုရီစကားပြောသည်ကိုမစောင့်ဘဲ ယိုလင်လင်က ခပ်မြန်မြန်မိတ်ဆက်ပေးလာသည်။ 


"လျိုရီ ဒါက ဖောင်ဒေးရှင်းရဲ့ အတွင်းရေးမှူးချုပ် ဟွမ်ကျင့်ထင်တဲ့...အတွင်းရေးမှူးချုပ်ဟွမ် ဒါက မင်လျိုရီတဲ့"


ဟွမ်ကျင့်ထင်သည် မင်လျိုရီအား အပြုံးလေးဖြင့် ကြည့်လိုက်သည်။ သူ​၏မျက်ဝန်းထဲမှ လေးစားအားကျမှုများကိုတော့ မဖုံးဖိလိုက်နိုင်ပေ။ မင်လျိုရီသည် ငယ်ရွယ်သေးသော်လည်း တစ်ကြိမ်တည်းနှင့် ယွမ်နှစ်သိန်းလှူပေးခဲ့သည်။ အကယ်၍သာ ငွေလွှဲနိုင်သည့် limit မထိခဲ့လျှင် သူမက ဒီထပ်ပို၍ပင် လှူလိမ့်မည်ဖြစ်သည်။ ထိုအရာကြောင့် သဘာဝကျကျပဲ မင်လျိုရီသည် ကြင်နာတတ်သည့် အမျိုးသမီးဖြစ်မည်ဟု ခန့်မှန်းမိခဲ့ပြီး တန်ဖိုးကြီးအဝတ်အစားများနှင့် ချဥ်းကပ်ရခက်မည့်လူဟုလည်း မထင်ခဲ့ပေ။ သူမက လမ်းကျဥ်းလေးထဲ လျှောက်လာရတာကိုပင် အပြစ်တင်ပြောဆိုလာခြင်းမရှိ။ 


အမှန်တကယ်တော့ ဆင်တူသည့် ကိစ္စများ ဖြစ်ပွားခဲ့ဖူးသည်။ ချမ်းသာသည့်လူတစ်ချို့သည် သူတို့ထံလာရောက်လည်ပတ်ခဲ့ကာ သူတို့ကိုယ်သူတို့ သူများထက်သာသည်ဟု သတ်မှတ်ခဲ့ပြီး ကားပေါ်မှပင် ဆင်းမလာခဲ့ကြချေ။ အကြောင်းပြချက်ကတော့ သူတို့၏ အကန့်အသတ်နှင့်ထုတ်ထားသည့် တန်ဖိုးကြီးဖိနပ်များ ရွံ့ပေမခံချင်၍ဖြစ်သည်။ သူတို့က ကားကို လမ်းကျဥ်းလေးထဲထိ မောင်းလာကြပြီး ဆိုင်ခန်းငယ်များကို ပိတ်သိမ်းခိုင်းသည်။ နောက်ဆုံးတွင်တော့ လာရောက်အားပေးသည့်ပုံရိပ်မဖြစ်ဘဲ ကြည့်ရဆိုးလှသည်။ ထို့အပြင် မိသားစုများထံ လည်ပတ်သည့်အခါတွင်လည်း မျိုးစုံအပြစ်တင်ဝေဖန်ကြပြီး ဓာတ်ပုံရိုက်သည့်အခါမှသာ ပြုံးပြကြတော့သည်။ 


ထိုအဖြစ်အပျက်များကြောင့် ဟွမ်ကျင့်ထင်သည် မင်လျိုရီအား မိသားစုများနှင့်တွေ့ဖို့ ရွေးချယ်လိုက်သည့်အခါတွင် စိုးရိမ်သံသယများခဲ့ရသည်။ သူမသည် အရင်လူများကဲ့သို့ ဖြစ်လာမည်ကို ကြောက်ရွံခဲ့ပြီး ယိုလင်လင်၏ ထောက်ခံချက်သာမပါလျှင် မင်လျိုရီကဲ့သို့သော ချမ်းသာသည့်မိန်းမငယ်လေးကို ဖိတ်ခေါ်ရန် ကြောက်ရွံ့မိမှာ အမှန်ပင်။ 


မိသားစုများသည် လေးလွှာတွင်နေထိုင်သောကြောင့် သုံးယောက်သား အချိန်မဖြုန်းတော့ဘဲ အပေါ်ထပ်သို့ မြန်မြန်ပဲတက်လာလိုက်ကြသည်။ 


လျှောက်လမ်းသည် အိုဟောင်းပြီး အက်ကွဲနေသော်လည်း အလွန်သန့်ရှင်းသည်။ ရှုပ်ထွေးလှသည့် ကြော်ငြာစာရွက်များလဲ ရှိမနေဘဲ ဤနေရာတွင်နေထိုင်သူများသည် သူတို့၏အိမ်ကို ချစ်မြတ်နိုးကြောင်း ပေါ်လွင်နေလေသည်။ 


အိမ်နံပါတ် ၄၀၁ သို့ရောက်သောအခါ ဟွမ်ကျင့်ထင်သည် တံခါးသုံးချက်ခေါက်လိုက်သည်။


တံခါးအတွင်းဘက်မှ လူသည် အစောကတည်းအသိပေးချက်ကြောင့် ကြိုတင်စောင့်နေပုံပေါ်ပြီး တံခါးသည် ချက်ချင်းပွင့်လာသည်။ 


တံခါးလာဖွင့်ပေးသူသည် ကလေးမလေးတစ်ယောက်ဖြစ်ပြီး ငါးနှစ်ခြောက်နှစ်မျှသာ ရှိဦးမည်။ သူမက သူတို့သုံးယောက်အားသေချာစွာကြည့်ပြီးနောက် မေးလာသည်။


"သမီးဖေဖေကို တွေ့ဖို့လာကြတာလား" 


ဟွမ်ကျင့်ထင်သည် အလျင်အမြန် ထိုင်ချလိုက်ပြီး ကလေးမလေး၏ မျက်လုံးကိုကြည့်ကာ ပြောလိုက်သည်။ 


"ဟုတ်ပါ့ရှင် သမီးဘယ်သူလဲဆိုတာ အန်တီသိတယ်...ဟဲလောရုန်လို့ခေါ်တာမလား ရုန်ရုန်လို့ခေါ်လို့ရလား" 


ဟဲလောရုန်သည် ရှက်သွားပုံရပြီး သူမ လက်သေးသေးလေးကို မြှောက်ကာ ပါးစပ်ကိုအုပ်လိုက်ပြီး နောက်လှည့်ကာ ပြေးထွက်သွားတော့သည်။ 


"မာမား မြန်မြန်လာ" 


ဟုန်ဟွာကျင်းသည် ဆူညံသံများကို ကြားသောကြောင့် မီးဖိုချောင်မှ ခပ်သုတ်သုတ်ထွက်လာသည်။ သူမက မင်လျိုရီနှင့် တခြားသူများအတွက် အိမ်စီးဖိနပ်အပါး ချပေးပြီး အထဲသို့ဖိတ်ခေါ်လိုက်သည်။ 


"မနက်စာစားပြီးကြပြီလား... ကျွန်မဒီနေ့ ဖက်ထုပ်ချက်ထားတယ် စားသွားကြပါလားဟင်" 


ယိုလင်လင် ငြင်းပယ်လိုက်တော့မည့်အချိန်တွင် ဟွမ်ကျင့်ထင်သည် သူမပုခုံးအား တစ်ချက်ပုတ်ပြီးနောက် ပြုံးပြကာ ပြောလိုက်သည်။ 


"ကျွန်မတို့အကုန်လုံး ဒီကိုမလာခင် စားပြီးကြပါပြီ ဒါပေမဲ့ ရှင့်ရဲ့လက်ရာကိုလဲ မြည်းကြည့်ချင်ပါသေးတယ် မစ္စဟုန်" 


"ကောင်းတာပေါ့ရှင်" ဟုပြောပြီး ဟုန်ဟွာကျင်းက ပြုံးလိုက်သည်။


"ဖက်ထုပ်က ကျွန်မ အကြိုက်ဆုံးလေ ကျေးဇူးတင်ပါတယ် မစ္စဟုန်" 


ဟု ယိုလင်လင်က ပြောလာသည်။ 


"ခင်ပွန်းကအိပ်ရာထဲမှာလေ"


ဟုန်ဟွာကျင်းက ညင်သာစွာပြုံးကာ ပြောလိုက်သည်။ 


"သူ့ကို အရင်ကြည့်ဖို့ခေါ်သွားပေးပါ့မယ်" 


မင်လျိုရီနှင့် တခြားသူများလည်း သူမနောက်မှလိုက်ကာ အိပ်ခန်းအတွင်းသို့ ဝင်လာကြသည်။ 


တံခါးလာဖွင့်ပေးသည့် ကလေးမလေး ဟဲလောရုန်သည် ကုတင်ဘေးတွင်ထိုင်ကာ သူမတို့အား စောင့်နေလေသည်။ သူမတို့ဝင်လာသည်ကိုတွေ့သောအခါ စတွေ့တုန်းကလိုရှက်မနေတော့ဘဲ ချိုချိုသာသာပြုံးပြလာသည်။


အိပ်ခန်းထဲတွင် ၁၇ ၁၈ ဝန်းကျင်အရွယ် ကောင်လေးတစ်ယောက်လည်းရှိသည်။ ကောင်လေးသည် အရပ်ရှည်ပြီး ခန္ဓာကိုယ်သည် ပိန်လှီနေသည်။ သူသည် အပြင်ပိုင်းတွင် တည်ငြိမ်ပုံရပြီး စကားနည်းပုံလဲပေါ်သည်။ သို့ရာတွင် သူ၏မျက်လုံးများသည်

တောက်ပနေသည်။ 


"ဖုန့် မင်္ဂလာပါလို့ နှုတ်ဆက်လိုက်လေ" 


ဟု ဟုန်ဟွာကျင်းကဆိုသည်။


ဟဲယန်ဖုန့်သည် ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက​၏ ကြည်လင်နေသာ အသံဖြင့်ပြောလာသည်။ 


"ကျွန်တော့် ပါပါးကို လာတွေ့ပေးလို့ အားလုံးကိုကျေးဇူးတင်ပါတယ်" 


ယိုလင်လင်က ရယ်လျက်ပြောသည်။ 


"မစ္စဟုန် ရှင့်သားက လူချောလေးပဲ အမှတ်တွေလဲ ကောင်းမှာပဲ ဟုတ်တယ်မလား" 


"ကျွန်မ သူ့ရဲ့ပညာရေးကိုတော့ စိတ်ပူစရာမလိုဘူးရှင်... အမြဲတမ်း ပထမပဲ"


သားအကြောင်းပြောနေစဥ် ဟုန်ဟွာကျင်း၏ မျက်နှာသည် ဂုဏ်ယူဟန်အပြည့်ပင်။ 


"ဒါဆိုလဲ စကားအေးဆေးပြောကြပါဦး ကျွန်မရှင်တို့အတွက် ဖက်ထုပ်သွားချက်လိုက်ဦးမယ် ခဏနေရတော့မှာပါ" 


ဟဲယန်ဖုန့်သည် စကားမပြောပေ။ သူက သူ့အဖေဘေးတွင် တိတ်တဆိတ်ဝင်ထိုင်လိုက်သည်။ 


လွန်ခဲ့သည့် နှစ်ဝက်လောက်က ဟဲကျယ်သည်သူရဲကောင်းဝင်လုပ်မှုကြောင့် သူ​၏ဘဝကို ဆုံးရှုံးမလိုဖြစ်ခဲ့ပြီး ကံကောင်းထောက်မစွာဖြင့် အသက်ကယ်နိုင်သော်လည်း ကိုမာဝင်သွားခဲ့သည်။ သို့သော်လည်း မည်သူမှထင်မှတ်မထားသည့်အရာမှာ ဟဲကျယ် ကယ်တင်ခဲ့သောလူသည်သူ၏ကယ်တင်ရှင်ကို တရားပြန်စွဲခဲ့သည်။ ဟဲကျယ် သည် သူကိုထိခိုက်အောင်လုပ်ရန်ကြိုးစားခဲ့ပြီး ဟဲကျယ်၏ "မကောင်းတဲ့" ရည်ရွယ်ချက်ကြောင့် ကိုယ့်အတက်ကိုယ်စူးသွားသည်ဟု ဆိုခဲ့သည်။ ဟဲမိသားစုသည် နစ်နာကြေးအဖြစ် ယွမ်ရှစ်သိန်းကျော် အလျော်ပေးခဲ့ရသည်။


ဆေးကုသစရိတ်နှင့် လျော်ကြေးငွေများကြောင့် အလတ်အလယ်တန်းစားမိသားစုသည် ရုတ်ချည်းဆိုသလို ငွေကြေးခက်ခဲမှုများနှင့် ရင်ဆိုင်လာရသည်။ 


ဟဲကျယ်နှင့် ဟုန်ဟွာကျင်းတို့ နှစ်ပေါင်းများစွာ ပင်ပင်ပန်းပန်းအလုပ်လုပ်ပြီး စုထားသည့်ပိုက်ဆံသည် 

နောက်ဆုံးတွင်အိမ်ဝယ်ရန် ပြည့်သွားခဲ့သည်။ သို့သော် အိမ်အသစ်တွင် မနေထိုင်ရသေးခင် သူတို့သည် ပိုက်ဆံအားလုံးကို ဤသို့သော ကပ်ဆိုးမျိုးတွင် အသုံးပြုလိုက်ရမည်ဟု မထင်မှတ်ထားခဲ့ကြပေ။


ဟဲကျယ် ကိုမာဝင်သွားပြီးနောက် သူ၏မိသားစုမရှိဘဲနှင့် သူ့အသက်မဆက်နိုင်တော့ပေ။ သူ့တွင် ငါးနှစ်အရွယ် သမီးတစ်ယောက်ရှိပြီး ဟုန်ဟွာကျင်းသည် နေ့စဥ်နေ့တိုင်း အလုပ်များလျက်ရှိသည်။ နောက်ဆုံးတွင် လေးလံလှသော တာဝန်များသည် ဟဲယန်ဖုန့်၏ ပခုံးပေါ်သို့ ကျရောက်လာသည်။



🥰