အပိုင်း၂၈
Viewers 8k

🥰 Chapter 28 



သို့သော် အပြင်လူတွေဘာပြောပြော ဟဲကျယ်သည် ဟဲမိသားစု၏ မျက်လုံးထဲတွင်တော့ သူရဲကောင်းတစ်ယောက်ဖြစ်သည်။ ကိုမာဝင်သွားခဲ့သည်ဆိုရင်တောင် ကလေးနှစ်ယောက်သည် သူ့အပေါ်တွင် ရိုသေလေးစားမှုလျော့မသွားခဲ့ပေ။ အထူးသဖြင့် ဟဲယန်ဖုန့် ဖြစ်သည်။ အကြီးဆုံးသားဖြစ်သည့်အလျောက် သူ့အဖေအစား အမေနှင့် ညီမလေးကို ကောင်းမွန်စွာစောင့်ရှောက်ရမည်ဟု စိတ်ဆုံးဖြတ်ထားခဲ့သည်။ 


ဟဲယန်ဖုန့်သည် အသက်အရွယ်နှင့်မလိုက်အောင် များစွာသောဖိအားများအောက်တွင် ကျရောက်ခဲ့ရပြီး စကားလည်းနည်းလာခဲ့သည်။


ဟဲယန်ဖုန့်၏ နာမည်အားကြားလိုက်သောအခါတွင် မင်လျိုရီ၏ အမူအရာသည် ပြောင်းလဲသွာတော့သည်။ အဘယ်ကြောင့်ဆိုသော် တနည်းနည်းနှင့် ရင်းနှီးနေသလိုခံစားရသောကြောင့်ဖြစ်သည်။ ဘာကြောင့် ထိုသို့ရင်းနှီးသည့်ခံစားချက်ဖြစ်ပေါ်လာသည်ကို အဖြေရှာမရသောကြောင့် သူမ အနည်းငယ်ဒေါသထွက်လာသည်။ 


'ထားလိုက်ပါတော့' 


မင်လျိုရီ ထပ်ပြီးမစဥ်းစားရန် ဆုံးဖြတ်လိုက်သည်။ 


ဟဲမိသားစု၏ ငွေရေးကြေးရေးသည် ကြပ်တည်းနေသော်လည်း ဟဲကျယ်သည် အသေအချာဂရုစိုက်ခံရမှန်း သိသာလေသည်။ သူသည် သပ်သပ်ရပ်ရပ်ဝတ်စားထားပြီး မျက်နှာကိုလည်း သေချာစွာ သန့်ရှင်းထားသည်။ ယိုလင်လင်သည် လျှောက်ပတ်ကြည့်လိုက်ပြီးနောက် ဘေးမှသစ်သားစင်လေးတစ်ခုကို လက်ညှိုးထိုးကာမေးလိုက်သည်။ 


"အဲတာက ဘာလဲ" 


ဟဲယန်ဖုန့်သည် အဖြေမပေးခင် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်နေသည်။ 


"အဲတာက ပါးအတွက် ကျွန်တော်လုပ်ပေးထားတဲ့ဟာ...အင်တာနက်ကနေ ပြုလုပ်နည်းရှာပြီး လုပ်ထားတာ...ကျွန်တော်အိမ်မှာမရှိတဲ့အချိန် မားက ပါးကို ဟိုဘက်ဒီဘက်လှည့်ပေးလို့ရအောင်...အိပ်ရာခင်းလဲတာတို့ သန့်ရှင်းရေးလုပ်တာတို့လဲ လွယ်ကူပြီး ပါးအတွက်လဲ လေဝင်လေထွက်ကောင်းတာပေါ့" 


မင်လျိုရီ ရင်ထဲထိသွားရသည်။ မင်လျိုရီသည် ယောင်ကျိကျိုးကို ဂရုစိုက်သည်ဆိုသော်ငြား အချိန်တော်တော်များများ ဂရုစိုက်ပေးသည့်သူက အိမ်အကူများပင်ဖြစ်သည်။ သူမလုပ်တာက အနည်းငယ်မျှသာ...


ယိုလင်လင်၏ မျက်လုံးများတွင် မျက်ရည်စများခိုတွယ်လာပြီး ချက်ချင်းပြောလိုက်သည်။


"အတွင်းရေးမှူးချုပ်ဟွမ် သူတို့ကို အလှူငွေပေးပြီး ကူညီကြရအောင်" 


ဟဲယန်ဖုန့်သည် ရှက်သွားကာ သူတပါးဆီက အလကားအကူအညီယူရတာကို မနေတတ်ဟန်ဖြင့် အသံနှိမ့်ကာပြောလိုက်သည်။ 


"ကျွန်တော်တို့ အလှူငွေမလိုပါဘူး...အထက်တန်းပြီးတာနဲ့ အလုပ်ဝင်ဖို့ ဆုံးဖြတ်ပြီးသွားပါပြီ" 


မင်လျိုရီသည် တစ်ခုခုပြောရန်ပြင်နေတုန်းမှာပင် မီးဖိုချောင်မှ ဟုန်ဟွာကျင်း၏ အသံသည် ပျံ့လွင့်လို့လာသည်။ 


"ဖက်ထုပ်တွေ အဆင့်သင့်ပဲနော်" 


သူတို့အားလုံး လှည့်ကြည့်လိုက်သောအခါ ဟဲယန်ဖုန့်သည် ဟင်းပွဲများကို နေရာချပြီးဖြစ်သည်။ထို့နောက် သူ့အမေလက်ထဲမှ ပန်းကန်လုံးအကြီးကိုယူကာ စားပွဲပေါ်တွင်ချလိုက်သည်။ 


ဟဲလောရုန်သည်လည်း ပန်းကန်လုံးနှင့် တူများယူရန် လျင်မြန်စွာထွက်သွားတော့သည်။ သူမ၏ လက်သေးသေးလေးသည် လုံလောက်အောင်မကြီးသောကြောင့် သေချာထိန်းကိုင်ထားရလေသည်။ 


ဟွမ်ကျင့်ထင်၊ မင်လျိုရီနှင့် ယိုလင်လင်တို့သည် ထိုင်ခုံများကို ရွေ့ပေးလိုက်သည်။ အားလုံး တက်ညီလက်ညီအလုပ်ရှုပ်နေကြသောအခါ အိမ်အတွင်းမှ လေထုသည် စိတ်ဓာတ်ကျဖွယ်မရှိတော့ပေ။ 


"ဧည့်သည်တွေမလာတာတောင် အတော်ကြာပြီ...ကျွန်မ ဝိုင်အစား လက်ဖက်ရည်တိုက်ပါ့မယ် ကျွန်မခင်ပွန်းဆီ အလည်လာပေးတာကို ကျေးဇူးတင်တဲ့အနေနဲ့ပေါ့"


ဟုန်ဟွာကျင်း၏ မျက်လုံးများသည် အနည်းငယ်ရဲနေခဲ့သည်။ 


ဟွမ်ကျင့်ထင်ကပြောလိုက်သည်။


"ရှင်လဲသိပါတယ် ကျွန်မတို့အားလုံးမှာလည်း ကိုမာဝင်တဲ့မိသားစုဝင်ရှိတယ်ဆိုတာ... အဲ့ဒါကြောင့် အချင်းချင်းကူညီရိုင်းပင်းကြမယ်လေ အရမ်းလဲ ဖိအားမများပါနဲ့" 


"ဒါပေမဲ့ ကျွန်မတို့ကို အများကြီး ကူညီပေးပြီးပြီလေ...." 


ဟုန်ဟွာကျင်း၏ လေသံကား အက်ကွဲနေသည်။ 


ယိုလင်လင်သည် အခန်း၏လေထုကို ပြောင်းလဲသည့်နေရာတွင် ဆရာတစ်ဆူပင်။ ဟုန်ဟွာကျင်း၏ မျက်ရည်စများကိုတွေ့သောအခါ သူမက ချက်ချင်းပဲ ခေါင်းစဥ်ကိုပြောင်းလဲလိုက်သည်။ 


"ဖက်ထုပ်စားကြည့်ဦးမှ....ဝါး......အရမ်းအရသာရှိတာပဲ..." 


ယိုလင်လင်၏ စကားနောက်ကိုလိုက်ပြီး အားလုံးသည်စတင်ပြီး စားသောက်ကြတော့သည်။ မင်လျိုရီသည် မျက်လုံးထောင့်မှ ဟဲယန်ဖုန့်၏ လက်ဖမိုးရှိ အနီရောင်အစက်လေးအား ဖျတ်ခနဲမြင်လိုက်ရပြီး

နောက် သူမအကြည့်များ အေးခဲသွာတော့သည်။


'သူဘယ်သူလဲဆိုတာ သူမမှတ်မိပြီ....'


ဟဲယန်ဖုန့်သည် အနာဂတ်တွင် ယောင်ကျိကျိုး၏ လက်ထောက်များထဲမှ တစ်ယောက်ဖြစ်လာလိမ့်မည်။ အထွေထွေလက်ထောက်ဆို ပိုမှန်လိမ့်မည်... မူလဝတ္ထုထဲတွင် ဟဲယန်ဖုန့်သည် ကျောင်းထွက်စရာမလိုခဲ့ပေ။ အဘယ်ကြောင့်ဆိုတော့ သူ့ ပညာရေးအတွက် တစ်စုံတစ်ယောက်မှ ထောက်ပံ့ပေးခဲ့သည်။ ထို့ကြောင့် အေးအေးချမ်းချမ်း ​ပညာသင်ခွင့်ရခဲ့ပြီး ကောလိပ်မှ ဘွဲ့မရသေးခင် သူ၏ထူးချွန်လှသော စွမ်းဆောင်ရည်များကြောင့် ယောင်ကုမ္ပဏီ၏ ပရောချက်တစ်ခုတွင် အလုပ်လုပ်ရန် အကြံပြုခြင်းခံခဲ့ရသည်။ ယောင်အဖွဲ့အစည်း၏ ​ဆောက်လုပ်ရေးကုမ္ပဏီတွင် ဘွဲရပြီးသည်နှင့် အကြီးတန်းဒီဇိုင်နာအဖြစ် အလုပ်ရခဲ့သည်။ 


သို့သော် ထိုအရာက အဓိကမကျပေ။ အဓိကအကြောင်းအရာမှာ သူ့အားထောက်ပံ့ပေးခဲ့သည့်သူသည် တခြားလူမဟုတ်ဘဲ ချိုက်မိသားစုမှဖြစ်သည်။ 


ထို့ကြောင့်ပင် ဟဲယန်ဖုန့်သည် ယောင်ကျိကျိုးရှေ့တွင် ချိုက်ရီရှီးနှင့်ပတ်သက်လာလျင် အကောင်းများသာပြောဆိုပေးခဲ့သည်။ ထို့ကြောင့် ယောင်ကျိကျိုး၏ ချိုက်ရီရှီးအပေါ် အကောင်းမြင်စိတ်များတိုးတက်ခဲ့ပြီး မူလမင်လျိုရီကို ပို၍ပင် မုန်းတီးသွားခဲ့သည်။ 


ထို့ကြောင့် ဟဲယန်ဖုန့်ကို ပထမဆုံးထောက်ပံ့ပေးသူသည် မင်လျိုရီဖြစ်မှကိုရမည်။  သူမ ဇာတ်လိုက်မင်းသမီးချိုက်ရီရှီးနှင့် ထိပ်တိုက်အငြင်းမပွားလိုသော်လည်း သူမဘဝရှင်သန်ရေးအတွက် သူမကိုယ်တိုင်ကြိုးစားရမည်ဖြစ်သည်။ ဟဲယန်ဖုန့်ဆီမှ အကူအညီကို သူမအနေဖြင့်ဆုံးရှုံးခံ၍မဖြစ်ပေ...


ဒီနေ့လည်ပတ်မှုသည် သူမအတွက်ကောင်းမွန်သည့် surprise တစ်ခုသယ်ဆောင်လာမည်ဟု မထင်ထားခဲ့ပေ။ သို့သော် သူမ တည်ငြိမ်ဖို့လိုသည်။ ဟဲ မိသားစု ၏ လက်ရှိအခြေအနေအရ ဟဲယန်ဖုန့်သည်သူတစ်ပါးအကူအညီကို လွယ်လွယ်နှင့် လက်ခံမည်မဟုတ်ပေ။ အကယ်၍ မင်လျိုရီသာ အတင်းသွားလောလျှင် သူ၏ ကိုယ်ပိုင်သိက္ခာကို သွားထိပါးမိပြီး အကျိုးရှိမည်မဟုတ်ပေ။ 


ဟွမ်ကျင့်ထင်သည် ဖက်ထုပ်အနည်းငယ်စားပြီးနောက် သူမ၏တူကိုချလိုက်ပြီး အိပ်ခန်းထဲတွင် ဟဲယန်ဖုန့်အား သူမပြောခဲ့သည့်စကားကို ပြန်ဆက်လေသည်။ 


"အကယ်၍ မင်းမိသားစုက ဒုက္ခရောက်နေရင် အားလုံးက ကူညီပေးလိမ့်မယ် မင်းကောလိပ်ပြီးလို့ အစွမ်းအစရှိလာတဲ့အခါကျရင်လဲ သူတစ်ပါးကို ပြန်ပြီးကူညီပေးလို့ရတာပဲလေ...အန်တီတို့အခုလုပ်နေတာလဲ အဲ့သဘောပဲ" 


ဟဲယန်ဖုန့်သည် ခေါင်းခါလိုက်သည်။ 


"ကျွန်တော် ဖောင်ဒေးရှင်းကို အဲငွေတွေ ပြန်ဆပ်မှာပါ...အကြွေးလို့ပဲသတ်မှတ်လိုက်မယ် သူများကိုပဲ အားကိုးနေလို့မှမရတာ" 


မင်လျိုရီတွင် ဟဲယန်ဖုန့်အား အနိုင်ပိုင်းချင်သည့် ရည်ရွယ်ချက်မရှိသော်လည်း သူ၏ ဖြောင့်မတ်ပြီး ခေါင်းမာသည့်စရိုက်ကိုမြင်သောအခါ သူမ ခေါင်းကိုက်လို့လာသည်။ အခုမှ ကလေးပဲရှိသေးတဲ့ဟာကို....



🥰