🥰 Chapter 30
မင်လျိုရီ ခေါင်းငြိမ့်လိုက်သည်။
"စိတ်အေးအေးထားပါ... ကျွန်မသေချာစဥ်းစားပြီးမှလုပ်တာပါ"
ယိုလင်လင်ကပြောသည်။
"မငွေအိတ်လေး လာပါဦး ဖက်ချင်လို့"
မင်လျိုရီ အပြုံးကြီးကြီးပြုံးကာ ယိုလင်လင်အား ဖက်လိုက်ပြီး နှစ်ယောက်လုံး ထရယ်မိလိုက်ကြသည်။
ဟွမ်ကျင့်ထင်သည် သူမတို့နှစ်ယောက်အား ကြည့်ပြီး မတတ်နိုင်စွာဖြင့် ပြုံးရင်းပြောလိုက်သည်။
"နင်ဒီလောက်ပိုက်ဆံအများကြီး လွှဲပေးလိုက်ရင် မိသားစုက...."
"ရပါတယ်... အတွင်းရေးမှူးချုပ်ဟွမ်ရဲ့ ဒီပိုက်ဆံတွေက ကျွန်မပိုက်ဆံတွေမလို့ ဘာမှပြောမှာမဟုတ်ဘူး"
သူမ လက်ထပ်တော့ ယောင်မိသားစုက သူမကို ယွမ်၅၀မီလီယမ်နှင့် လစဥ်ငွေများပို့ပေးခဲ့သည်။ ထို့အပြင် ဟဲယန်ဖုန့်သည် သေချာပေါက်ငွေများပြန်ပေးလိမ့်မည်ဖြစ်သည်။ သူမ ဘယ်လိုပဲတွေးကြည့်ပါစေ ဒီဆုံးဖြတ်ချက်သည် သူမအတွက်အမြတ်ပင်။
ဟွမ်ကျင့်ထင်သည် နောက်ဆုံးတော့ စိတ်အေးသွားရသည်။
"တကယ်တော့ ဟဲယန်ဖုန့်အတွက် ပညာရေးချေးငွေတင်ဖို့ လူတော်တော်များများနဲ့ ဆက်သွယ်ခဲ့ဖူးတယ်... အခုတော့ နင့်ကြောင့် အများကြီးအကူအညီဖြစ်သွားပြီ"
မင်လျိိုရီသည် စိတ်ထဲမှပြောလိုက်သည်။
'ရှင်ကသာ ကျွန်မကိုကူညီလိုက်တာပါ...ဟဲယန်ဖုန့်က အနာဂတ်မှာ အားကိုးရတဲ့ ဘက်တော်သားဖြစ်လာမှာလေ'
ထို့နောက် ဗီလာတွင် မင်လျိုရီ အစားအစာထည့်သည့်ဗူးဖြင့် ပြန်ရောက်လာတော့ ရှောင်ဖန်းက နားမလည်ဟန်မေးလာသည်။
"သခင်မ အဲဒါဘာကြီးလဲ"
"ဖက်ထုပ်တွေလေ သွားလည်တဲ့အိမ်ကနေ သယ်လာတာ...အရမ်းအရသာရှိတယ် ပူတုန်းလေး နင်တို့သခင်ကို သွားမြည်းခိုင်းလိုက်ဦးမယ်"
မင်လျိုရီက ပြောပြီးအပေါ်ထပ်အိပ်ခန်းသို့ တက်သွားလေသည်။
ရှောင်ဖန်းသည် ခပ်သွက်သွက်ဖြင့် အစာကျွေးသည့်ကိရိယာအား သွားပို့ပေးလိုက်သည်။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ယောင်ကျိကျိုးသည် ဖက်ထုပ်တစ်ခုလုံးကို အကူမပါဘဲ စားနိုင်မည်မဟုတ်ပေ။
မင်လျိုရီ လက်များကို သေချာစွာဆေးပြီး အိပ်ရာဘေးတွင် ထိုင်လိုက်သည်။ သူမသတိထားမိလိုက်သည့်အချက်က သူမယောင်ကျိကျိုးအား အချိန်ပေါင်းများစွာစိုက်ကြည့်ခဲ့သော်လည်း စိတ်ထဲတွင်ချောမောလွန်းသည်ဟု ထင်နေတုန်းပင်။ သူသည် ကုတင် ပေါ်မှာ လဲလျောင်းနေရင်းတောင်မှ တော်ဝင်ဆန်သည့် အငွေ့အသက်မျိုး ပေးနေဆဲဖြစ်သည်။
မျက်နှာတွင် အပြုံးလေးတစ်ပွင့်ပန်ဆင်ထားသော
မင်လျိုရီသည် ရှောင်ဖန်းယူလာသော ကိရိယာဖြင့် ဖက်ထုပ်ကိုချေလိုက်ပြီးနောက် ယောင်ကျိကျိုးကို စတင်ခွံ့ကျွေးတော့သည်။
မင်လျိုရီအားကြည့်ရင်း ရှောင်ဖန်းတွေးမိသည်။
သခင်မက သခင်ကိုခွံ့ကျွေးနေလျှင် အရမ်းလွယ်ကူနေပုံပေါ်ပြီး သူမကျွေးရင်တော့ ဘာလို့အဲ့လောက်
ခက်ခဲရတာလဲ....ထို့နောက် သူမ၏ ကံဆိုးမှုကိုပဲမြိုသိပ်ပြီး မေးလိုက်သည်။
"ဒါနဲ့လေ သခင်မ ဖက်ထုပ်ထဲ ဘာအစာသွပ်ထားတာလဲ...အနံ့ကို ရင်းနှီးနေလို့"
မင်လျိုရီ ယောင်ကျိကျိုးကို ခွံ့ပြီးနောက် ဖြေလိုက်သည်။
"shepherd's purse* လေ လတ်လတ်ဆတ်ဆတ်ခူးထားတာ သူတို့ကိုယ်တိုင်စိုက်ထားတာတဲ့"
{T/N ဆေးဖက်ဝင်အပင်ပါတဲ့}
"shepherd's purse လား"
ရှောင်ဖန်း၏ မျက်နှာမှသွေးရောင်များ ကျဆင်းသွားပြီး မင်လျိုရီ၏ လက်မောင်းကိုလျင်မြန်စွာ ဆုပ်ကိုင်လာသည်။
"သခင်မ ဆက်မကျွေးနဲ့တော့ သခင်က အဲ့အပင်နဲ့ ဓာတ်မတည့်ဘူး"
မင်လျိုရီသည်လည်း ရင်ထဲထိတ်သွားသည်။ တစ်စက္ကန့်မှမဖြုန်းတီးဘဲ ယောင်ကျိကျိုး၏ ပါးစပ်ထဲမှ အစာများအားလုံးကို လက်ဖြင့်နှိုက်ထုတ်လိုက်သည်။
မင်လျိုရီ၏ လက်ချောင်းများသည် ယောင်ကျိကျိုး၏ ပါးစပ်အတွင်း ရွေ့လျားနေပြီး ထိုအပင်ပါသည့် အစာများအားလုံး ပြန်ထွက်လာမှသာသက်ပြင်းချမိသွားသည်။ အများကြီးမကျွေးရသေးလို့ တော်သေးတာပေါ့...
ထိုအချိန်တွင် သူမလက်ကိုသတိထားမိသွားသည်။ ယောင်ကျိကျိုး၏ လျှာအပူချိန်သည်ပုံမှန်ဖြစ်သော် လည်း မင်လျိုရီ၏လက်သည် မီးကျွမ်းသွားသကဲ့သို့ ပူလောင်လာသည်။ သူမလက်ကို ပါးစပ်အပြင်သို့ အမြန်ပြန်ထုတ်လိုက်သည်။ မရည်ရွယ်ထားသော်လည်း သူမလက်တွင်ကပ်ပါလာသည့် သေးငယ်သောတံတွေးမျှင်တန်းလေးသည် သူမကို မဖြူစင်သည့် အတွေးများတွေးမိစေသည်။
မင်လျိုရီ သူမတစ်ကိုယ်လုံး ပူလောင်လာသလိုခံစားရကာ မျက်လုံးထောင့်များလဲ အနည်းငယ် နီရဲလာသည်။ မရင်းနှီးသည့်ခံစားချက်တမျိုးက သူမစိတ်ကို လှုပ်ရှားလာစေသည်။
သူမ၏အတွေးထဲတွင် ယောင်ကျိကျိုး၏ပါးစပ်
အတွင်း လှည့်ပတ်သွားခဲ့သောသူမလက်နှင့် သူ၏လျှာထိတွေ့မိသွားသည့် အခိုက်အတန့်ကိုပဲ ထပ်ကာထပ်ကာ ပုံဖော်မိနေသည်။
မင်လျိုရီသည် သူမခေါင်းကို ခါယမ်းလိုက်ပြီး အတွေးရိုင်းများကို မောင်းထုတ်လိုက်လေသည်။ သို့သော်လည်း သူမ၏စိတ်သည် သူမစကားကိုနားမထောင်ပေ။ ထိုအချိန်တွင် သူမ၏ဝိညာဥ်စမ်းချောင်းသည် မြူးကြွစွာလှုပ်ခတ်လာသောကြောင့်အခက် တွေ့ရတော့သည်။
မင်လျိုရီ၏ အပြုအမူများအားကြည့်ပြီး ရှောင်ဖန်းသည် ဘာကြောင့်ရယ်မသိ ထိုနှစ်ယောက်ရှေ့တွင် နေရသည်ကို ရှက်ရွံ့လာသည်။ သခင်မကဖက်ထုပ်လေး နှိုက်ထုတ်ရုံဆိုပေမဲ့ ဘာကြောင့် ရှက်တဲ့အမူအရာကြီး ဖြစ်နေရတာလဲ...
မင်လျိုရီ၏ လက်ချောင်းများကြောင့် ယောင်ကျိကျိုးသည် အလိုအလျောက် တံတွေးမြိုချမိသွားသည်။ သူ၏ ရွေ့လျားသွားသော လည်ဇလုတ်ကိုမြင်တော့ မင်လျိုရီသည် အကြည့်လွှဲလိုက်ရသည်။ ထိုဖြစ်စဥ်ကို တိုက်ရိုက်ကြည့်ရလောက်သည်အထိ သူမ မရဲတင်းသေးပေ။
ထိုအချိန်တွင် ယောင်ကျိကျိုး၏ နှလုံးသားတွင်လည်း ခံစားချက်များ ရောထွေးနေသည်။ သူဇနီးသူ့ကို ပထမအလုတ် စတင်ကျွေးကတည်းက သတိပြန်ရနေပြီဖြစ်ပြီး ထိုအပင်နာမည်အား ရွတ်လိုက်သည့်အချိန် သူ၏ နှလုံးသားသည်လဲ အေးခဲသွားတော့သည်။
ထိုအပင်သည် သူနဲ့ဓာတ်မတည့်သည့်အပင်ဖြစ်ပြီး အဆိပ်ထက်ပင် ပို၍ဆိုးကျိုးသက်ရောက်သည်။ ထိုအချိန်တွင် သူတွေးမိတာက သူမနောက်ဆုံးတော့ သရုပ်ဆောင်တာ ရပ်တန့်လိုက်ပြီဟုပင်...ဒါဆို ဒီရက်ပိုင်းအတွင်း သူမပေးခဲ့တဲ့ ကြင်နာမှုတွေက ဘာအတွက်လဲ...သူအရမ်း အယုံလွယ်မိသွားတာလား...
ဝမ်းနည်းစိတ်ပျက်မှုများအောက် မနစ်မြုပ်သွားခင်တွင် နူးညံ့သည့် လက်ချောင်းလေးသည် ပါးစပ်အတွင်းသို့ ဝင်ရောက်လာပြီး ဂရုတစိုက်နှင့် အကုန်ခပ်ထုတ်သွားတော့သည်။
ယောင်ကျိကျိုးသည် အမြဲတန်း အထက်စီးမှနေထိုင်ခဲ့ပြီး အခုတွင်တော့ သူ၏နှလုံးသားသည် ရိုလာကိုစတာစီးနေရသကဲ့သို့ ခံစားရသည်။ သူသည် တစ်ချိန်တစ်ခါတုန်းက သူမတူတဲ့ ဂုဏ်ကျက်သရေ၊ မြင့်မားတဲ့အဆင့်အတန်းနဲ့ အားလုံး၏အထက်တွင် နေထိုင်ခဲ့ပြီး အခုတွင်လည်း တစ်စုံတစ်ယောက်၏ ကြင်နာမှုကို ခံနေရသည်။ သူမရဲ့ လက်ချောင်းတွေက...ပါးစပ်ထဲကိုတောင် ကျူးကျော်လာသေးတယ်။
တစ်စုံတစ်ယောက်ဆီတွင် ကိုယ့်ဘဝနှင့်ခံစားချက်များ ထိန်းချုပ်ခံနေရခြင်းသည် ကောင်းမွန်သည့်အရာတော့မဟုတ်ပေ။ သို့သော် မင်လျိုရီအပေါ်တွင်တော့ ရင်ထဲမှလာသည့် ခံစားချက်များကို မထိန်းချုပ်ထားနိုင်ဘဲ လျှာဖျားဆီမှရသည့် ပူနွေးနွေးခံစားချက်လေးကပင် ပျော်ရွှင်မှုကို ယူဆောင်လာပေးနိုင်သည်။
ယောင်ကျိကျိုး၏ နှလုံးသားတွင် ခံစားချက်များပြည့်လျှံလာပြီး တစ်ခဏအတွင်းသိလိုက်ရတာက သူ၏ဝိညာဥ်သည်လည်း ထိန်းချုပ်ခံလိုက်ရပြီဖြစ်သည်။
🥰