အပိုင်း၃၂
Viewers 6k

🥰 Chapter 32 




မင်လျိုရီ အလျင်အမြန် အနေအထားကိုပြုပြင်လိုက်ပြီး သူမနဖူးနှင့် ကျိကျိုးလက်ကို ထိရုံသာထိထားလိုက်သည်။ ထို့နောက် အနောက်ဘက်မှလက်များကို ဆန့်တန်းလိုက်သည်။ ထို့အချိန်တွင် သူမ၏ အာရုံခံစားမှုများကို အသားချင်းထိကပ်ထားသည့်နေရာကို မပို့မိစေရန် ထိန်းချုပ်လို့မရခဲ့ပေ။


အချင်းချင်းဖိကပ်ထားရာမှ ဖြစ်ပေါ်လာတဲ့ နွေးထွေးမှု။ မင်လျိုရီ သူမ၏ကိုယ်အပူချိန်သည် ယောင်ကျိကျိုးထက်ပင်  မြင့်တက်နေကြောင်း တွေ့ရှိလိုက်ချိန်တွင် သူမနဖူးသည် အနည်းငယ်အေးလာသည်။ သူရဲ့ လက်အကြီးကြီးသည် ရှည်လျားပြီး ချော့မွေ့ကာ လက်ဖဝါးများသည် ခြောက်သွေ့ပြီး သက်တောင့်သက်ရာရှိစေသည်။ 


မင်လျိုရီသည် တွေးမိသွားသည်...အနည်းဆုံးတော့ ကိုမာဝင်နေတဲ့လူက အသုံးတော့ဝင်သား။


နောက်တစ်နေ့မနက်တွင် ယောင်ကွေသည် ယောင်ကျိကျိုးကို ကြည့်ပေးဖို့ မြောင်ရှုမင်ကိုခေါ်လာပေးခဲ့သည်။ ယောင်ကျိကျိုးကို ဤဗီလာသို့ ဆေးကုသမှုခံယူရန် ပို့ပြီးကတည်းက ယောင်ကွေသည် ယခုမှသာ ပထမဆုံးအကြိမ် ဗီလာသို့ရောက်လာခြင်းဖြစ်သည်။ 


သူဗီလာသို့ စဝင်လျှင်ဝင်ခြင်းပဲ တစ်ခုခုကွဲပြားနေသည့် အငွေ့အသက်များရလိုက်သည်။ ယောင်ကွေ၏ မျက်ခုံးများ အနည်းငယ် ကျုံ့လာကာ တစ်ခုခုပြောဖို့ပြင်လိုက်စဥ်မှာပင် ယောင်ကျိရန်ကပြောလိုက်သည်။


"ဥက္ကဌယောင်က သီးသန့်ရှိနေရတာ ပိုသဘောကျတယ် မင်းတို့ထွက်သွားနိုင်ပြီ" 


သက်တော်စောင့်များ ထွက်သွားသည့်အခါမှ ယောင်ကွေသည် ပိုမိုအဆင်ပြေလာသည်။ သို့ပေမဲ့ ယောင်ကွေသည် ယောင်ကျိရန်အား နားလည်ရခက်သည့် အမူအရာဖြင့် ကြည့်လာသည်။ 


မင်လျိုရီ အသံများကြားတော့ နှုတ်ဆက်ရန် အောက်ထပ်သို့ အလျင်အမြန် ဆင်းလာခဲ့သည်။ သို့သော် သူတို့သည် သူမကိုမစောင့်ဘဲအချင်းချင်း နှုတ်ဆက်ပြီးကြပြီဖြစ်သည်။ သူမ တံခါးဝသို့ရောက်သော် ယောင်ကွေ၏ အမူအရာသည် ထပ်မံပြောင်းလဲသွားသည်။ 


သူတို့နှစ်ဦး နောက်ဆုံးတွေ့ခဲ့သည်မှာရက်သတ္တပတ် အနည်းငယ်မျှပင် ရှိသေးသော်လည်း မင်လျိုရီသည် တခြားလူတစ်ယောက်လို ပြောင်းလဲသွားခဲ့သည်။ သူမ အသားအရည်သည် ပိုမိုကျန်းမာလာသည်ကို တွေ့ရတော့ ယောင်ကွေ၏ နှလုံးသားလေးလံသွားတော့သည်။ မင်လျိုရီသည် အသားအရည်ကို ထိုမျှလောက် ဂရုစိုက်နေမှတော့ ယောင်ကျိကျိုးကို သေချာဘယ်ဂရုစိုက်နိုင်တော့မလဲ။ ထို့အပြင် သူမနှင့်ပတ်သက်ပြီး ဆိုးရွားသည့် ကောလဟာလများလဲ ကြားခဲ့ရသေးသည်။ ယောင်ကွေသည် သူမကို လျစ်လျူရှုလိုက်ပြီး ချက်ချင်းအပေါ်ထပ်သို့ တက်သွားတော့သည်။


သို့သော် ယောင်ကွေ သူ၏သားကို မြင်လိုက်ရချိန်တွင် အရင်ထက် အခြေအနေကောင်းမွန်နေကြောင်း တွေ့လိုက်ရသည်။ သူ၏ အသားအရည်သည် ချောမွေ့နေပြီး ချိုသာသည့်အိပ်မက်မက်နေသည့် လူတစ်ယောက်လိုမျိုး ပြုံးပင်ပြုံးနေလေသည်။


ချက်ချင်းဆိုသလို ယောင်ကွေ၏ မင်လျိုရီအပေါ် တစ်ဖက်ပိတ်အမြင်များ လျော့ကျသွားတော့သည်။ ဘယ်လိုပဲဖြစ်ဖြစ် အိမ်တစ်အိမ်ရဲ့ အိမ်ထောင်ရှင်မတစ်ယောက်က သေသေချာချာသာဂရုမစိုက်ထားခဲ့ရင် အရာအားလုံးကို အခုထိလိုမျိုး အသေးစိတ်ကျကျရှိနေနိုင်မည်မဟုတ်ပေ။ 


မင်လျိုရီတွင် ယောင်ကွေ၏ စိတ်အခြေအနေအပြောင်းအလဲများကို လိုက်ဖတ်နေရန် အချိန်မရှိပေ။ သူမ ပထမဆုံးသတိထားမိတာက ကြီးမြတ်သ

ည့် ရှေးဟောင်းတရုတ်ဆေးပညာရှင်မိသားစုမှလာသည့် လူငယ်လေး မြောင်လွေ့မင်ပင်။ ထိုလူသည် ဓာတ်ပုံထဲမှပုံနှင့် တစ်ထပ်တည်းကိုတူလေသည်။ မတူတာတစ်ခုက သူသည် ဓာတ်ပုံထဲကထက် ပိုမို ကြင်နာတတ်သည့်ပုံပေါ်ပြီး ပုံထဲကလို အေးစက်သည့်အငွေ့အသက်လည်းမရှိပေ။ 


မင်လျိုရီသည် မြောင်လွေ့မင်ကို ယောင်ကျိကျိုးနှင့် တွေ့ပေးရန် မစောင့်နိုင်တော့ပေ။ သို့သော် ယောင်ကျိရန်သည် ဘေးတွင်ရှိနေသောကြောင့် သူမ မျက်လွှာချပြီး စိတ်ခံစားချက်များကို အလျင်အမြန်ဖုံးကွယ်လိုက်သည်။


"ဒေါက်တာမြောင် ဦးလေးသားအခြေအနေကို ကြည့်ပေးလို့ရမလား" 


မြောင်လွေ့မင်သည် ရှေ့တစ်လှမ်းတိုးကာ မင်လျိုရီကို ခွင့်တောင်းသည့် အကြည့်ဖြင့်ကြည့်လေသည်။ 


မင်လျိုရီသည် သူ၏ လေးစားမှုပေးသည့် အပြုအမူကိုတွေ့တော့ ချက်ချင်းပင် အကောင်းမြင်စိတ်များ တိုးသွားပြီး ယောင်ကျိကျိုး၏ အခြေအနေကို အလျင်အမြန် ပြောပြလိုက်သည်။ 


မြောင်လွေ့မင်သည် နားထောင်ပြီးနောက် အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းငြိမ့်ပြသည်။ ထိုမျှတိကျသည့် အချက်အလက်များသည် သေသေချာချာ ဂရုမစိုက်ထားသည့်လူဆိုလျှင် ထိုကဲ့သို့မပြောပြနိုင်ပေ။ ထို့နောက် ယောင်ကျိကျိုး၏ အခြေအနေများကို စတင်စစ်ကြည့်လိုက်သည်။ 


ပထမဦးစွာ ယောင်ကျိကျိုး၏ မျက်နှာကြွက်သားများသည် အသုံးမပြုတာကြာသည့် လူတွေလို လျော့ရဲမနေဘဲ ပုံမှန်လူတစ်ယောက်နှင့် ကွာခြားမှုမရှိပေ။ 


ပြီးတော့ ယောင်ကျိကျိုး၏ ခြေထောက်များပင်။ သူ၏ ခြေထောက်များသည် သူတွေ့ဖူးသည့် တခြားလူနာများကဲ့သို့ ပိန်လှီခြောက်ကပ်မနေသည်မှာ နေ့စဥ် နှိပ်နယ်ပေးခြင်းခံရမှန်း တွေ့မြင်နိုင်သည်။


မြောင်လွေ့မင်၏ မင်လျိုရီအပေါ် အမြင်သည် သာမန်ကျကျ တွေးခေါ်တတ်သည့်လူဟု မြင်ခဲ့လျှင် အခုတွင်တော့ မင်လျိုရီအား အလုပ်ကိုစေ့စေ့စပ်စပ်လုပ်တတ်သူဟု မြင်လာသည်။ 


မြောင်လွေ့မင် စမ်းသပ်စစ်ဆေးပြီးသွားတော့ သူ့ဘာသာသူ ရေရွက်လိုက်သည်။ 


"မစ္စတာယောင်ရဲ့ အခြေအနေကိုကြည့်ပြီး ကျွန်တော့်ဘက်ကတော့ ခြောက်ဆယ်ရာခိုင်နှုန်းလောက်ပဲ သေချာနိုင်မယ်... ဒါပေမဲ့ နောက်တစ်ဆင့်က နည်းနည်း ရှုပ်ထွေးတယ်... နေ့တိုင်း ဆေးပူကို မျက်နှာနဲ့ ခြေထောက်ပေါ် လိမ်းပေးရလိမ့်မယ်" 


ပြောပြီးနောက် မင်လျိုရီအား ကြည့်လိုက်သည်။ 


"တကယ်တော့ ပြဿနာတော့မရှိပါဘူး...လူနာအပေါ် အချိန်တိုင်း ဂရုစိုက်ပေးနေဖို့ပဲ လိုအပ်တာ...ကိုမာဝင်နေတဲ့လူဆိုတော့ သူ့ရဲ့ အာရုံခံစားမှုက လျော့နည်းပြီး အပူလောင်လွယ်တာမလို့လေ..." 


မင်လျိုရီ ခေါင်းငြိမ့်လိုက်သည်။ 


"နားလည်ပါပြီ" 


မြောင်လွေ့မင်က ဆက်ပြောသည်။ 


"ကျွန်တော် အပ်စိုက်ကုထုံးနဲ့လဲ ကုသပေးပါ့မယ် ဒါပေမဲ့ လောလောဆယ် အချိန်ဇယားတွေအကုန်ပြည့်နေတာမလို့ အပ်စိုက်ရမဲ့ နေရာတွေကို စာရင်းလုပ်ပေးထားခဲ့ပါ့မယ် ကျွန်တော်မရှိချိန် တခြားဆရာဝန်တွေနဲ့ ကုသလို့ရအောင်ပါ...ကုထုံးက နှစ်ပတ်ကြာလုပ်ဆောင်ရမှာဖြစ်ပြီး အဲအချိန်ထိ ကျွန်တော် A မြို့မှာပဲရှိနေသေးရင်တော့ သူ့အခြေအနေကို လာစစ်ကြည့်ပေးဖို့ ကြိုအကြောင်းကြားပါ့မယ်" 


ခြောက်ဆယ်ရာခိုင်နှုန်း အောင်မြင်နိုင်ချေရှိကြောင်း ကြားလိုက်ချိန်တွင် ယောင်ကွေသည် အပျော်လွန်သွားတော့သည်။ 


"မြန်မြန်ယူလာပေးစမ်း ငါ့ရဲ့ ချက်လက်မှတ်စာအုပ်ကို" 


"ကျွန်တော်တို့ အဲအကြောင်းကို သူပြန်နိုးလာတဲ့အခါမှ တိုင်ပင်လို့ရပါတယ်" 


မြောင်လွေ့မင် လက်ခါကာ ပြောလိုက်သည်။ 


"ကျေးဇူးအများကြီးတင်ပါတယ် ဒေါက်တာ မြောင်" 


ယောင်ကွေက ပြောလိုက်သည်။ 


"အခုထိ အစောကြီးရှိသေးတယ်...ဒေါက်တာ မနက်စာမစားရသေးဘူးဆို မနက်စာအရင်စားပြီးမှ ကျိကျိုးအတွက် အပ်စိုက်ရမဲ့နေရာတွေကို စာရင်းလုပ်ပေးပေါ့" 


မြောင်လွေ့မင်၏ အချိန်ဇယားသည် အပြည့်ဖြစ်ပြီး ယောင်ကျိကျိုးကို လာကြည့်ပေးနိုင်ဖို့ အချိန်ကို မနည်းဖြစ်ညှစ်ရှာထားရသည့်အတွက် အိပ်ချိန်ကိုပင် ဆုံးရှုံးခဲ့ရသည်။ ထို့ကြောင့် သေချာပေါက်မနက်စာစားရသေးမည်မဟုတ်ပေ။ 


"ကျွန်တော် မစ္စတာယောင်ရဲ့ မနက်စာကို အရင်ကြည့်ချင်သေးတယ်" 


ဟု မြောင်လွေ့မင်က အနည်းငယ်တွေးတောပြီးနောက် ပြောလိုက်သည်။ 


မင်လျိိုရီသည် ရှောင်ဖန်းကိုခေါ်ကာ မနက်စာ ခပ်သွက်သွက်ယူလာဖို့ပြောလိုက်သည်။ 


မင်လျိုရီသည် ဒီမနက်က ပြင်ဆင်ထားခဲ့သည့် တရုတ်ပီလောပီနံစွပ်ပြုတ်ကို ယူလိုက်ပြီး အားလုံးရဲ့ အကြည့်အောက်တွင် ယောင်ကျိကျိုးကို မနက်စာကျွေးလိုက်သည်။



🥰