🥰 Chapter 33
ယောင်ကျိကျိုး၏ ပါးစပ်အတွင်းသို့ ဇွန်းမရောက်ခင် မင်လျိုရီသည် ရပ်လိုက်ပြီးဆန်ပြုတ်ကို မြောင်လွေ့မင်ထံသို့ ကမ်းပေးကာ ပြောလိုက်သည်။
"ဒေါက်တာမြောင် ဒါကမီးဖိုချောင်ကနေ ချက်ပေးတဲ့ဆန်ပြုတ်ပါ ကိုမာဝင်လူနာအတွက် သင့်တော်မတော် ကျွန်မကို ကူပြီးကြည့်ပေးလို့ရမလား... မသင့်တော်တာရှိရင် မြန်မြန်ဆန်ဆန် ပြုပြင်လို့ရအောင်ပါ"
မြောင်လွေ့မင်သည် ပန်းကန်ကိုယူလိုက်ပြီး ဇွန်းဖြင့်မွှေကာ အနံ့ခံကြည့်လိုက်သည်။
ယောင်ကျိရန်၏ လက်သီးဆုပ်များ တဖြည်းဖြည်း တင်းကြပ်လာသည်။ သူက မြောင်လွေ့မင်သည် အနံ့ခံကြည့်ရုံမျှဖြင့် ဘာမှရှာတွေ့လောက်မည်မဟုတ်ဟု ထင်ထားခဲ့သည်...
သို့သော် သူထိုသို့တွေးပြီး တစ်ခဏအတွင်းမှာပင် မြောင်လွေ့မင်က ဆန်ပြုတ်ကိုမြည်းရန် ဟန်ပြင်နေသည့်အတွက် ယောင်ကျိရန်က လျှင်မြန်စွာ ဖြတ်ပြောလိုက်သည်။
"ဒေါက်တာမြောင် ခဏလေး ...ကျွန်တော့်အစ်ကိုက အသန့်အရမ်းကြိုက်တာ ... သူ့စားမယ့်ပန်းကန်ကို သူကလွဲပြီး ဘယ်သူမှထိလို့မရဘူး....မီးဖိုချောင်ကို ခင်ဗျားအတွက် တစ်ပန်းကန်ပြင်ခိုင်းလိုက်ပါ့မယ်"
မြောင်လွေ့မင်သည် မျက်မှောင်အနည်းငယ် ကျုံ့သွားကာ ယောင်ကျိရန်၏ စကားများကို လျစ်လျူရှုလိုက်သည်။ သူသည် လက်ဖမိုးပေါ်သို့ ဆန်ပြုတ်တစ်စက်ချလိုက်ပြီး မြည်းကြည့်လိုက်သည်။ ဤနည်းဖြင့် မြောင်လွေ့မင်သည် ဆန်ပြုတ်ဇွန်းကို ပါးစပ်ဖြင့်မထိတော့ချေ။
မင်လျိုရီလည်း အလွန်ကို စိတ်လှုပ်ရှားလာသည်။
ယောင်ကျိရန်၏ လက်များသည် ဒေါသကြောင့် တုန်ရီလာသော်လည်း ပုံရိပ်ကိုထိန်းထားခဲ့သည်။
'ဒီလောက် နည်းတဲ့ပမာဏနဲ့ဆို ဘာမှသတိထားမိမှာ မဟုတ်လောက်ဘူး'
ခဏအကြာတွင် မြောင်လွေ့မင်ကပြောလာသည်။
"ဆန်ကို သေချာ ကြိတ်ချေထားပြီး အရသာကလဲ ပေါ့တယ် ဘာပြဿနာမှတော့ မရှိပါဘူး"
ယောင်ကျိရန် စိတ်အေးသွားရသည်။
သို့သော် မြောင်လွေ့မင်က စကားဆက်သည်။
"ဒါပေမဲ့ ပီလောပီနံက သိပ်မလတ်ဆတ်ဘူး အဲ့အပြင် အရသာလဲမရှိဘူး မစ္စတာယောင်အတွက် အာဟာရကအရေးကြီးတယ် သေးငယ်တဲ့ ပမာဏလေးဆိုရင်တောင် တန်ဖိုးရှိတယ် အဲတာကြောင့် အသစ်တစ်ပန်းကန်လုပ်လိုက်တာက ပိုကောင်းမယ်ထင်တယ်"
ယောင်ကျိရန်က အိမ်စေများကို ခပ်မြန်မြန်ပြောလိုက်သည်။
"အောက်မှာ မြန်မြန်သွားယူလေ ဘာဖြစ်နေကြတာလဲ"
မင်လျိုရီသည်လည်း စိတ်သက်သာရာရသွားသည်။ သူမက မြောင်လွေ့မင် သတိမထားမိမှာကို စိုးရိမ်ခဲ့ပြီး သူမ မသိလိုက်သည့် ကိစ္စများဖြစ်သွားမှာစိုးသောကြောင့် အလျင်အမြန်ဖြတ်ပြောလိုက်သည်။
"နောက်တစ်ပန်းကန်လုပ်ဖို့ဆိုတာ ကြာဦးမှာ မနက်စာအရင် သွားစားကြတာပေါ့"
မြောင်လွေ့မင်သည် တရုတ်ပီလောပီနံဆန်ပြုတ်တွင် တစ်စုံတစ်ခုတော့ မှားနေမှန်းသတိထားမိပြီး မင်လျိုရီက သူ့ကို ဖော်ထုတ်စေချင်သည်မှာ သိသာထင်ရှားလှသည်။ သို့သော်လည်း မင်လျိုရီ၏ ဆက်လက်မပြုလုပ်စေချင်သည့် အမူအရာကိုတွေ့တော့ သူလည်း တိတ်ဆိတ်နေပြီး ဘာမှထပ်မပြောတော့ချေ။
အားလုံး ထိုင်ခုံတွင်နေရာယူပြီးနောက် မီးဖိုချောင်မှ ဟင်းလျာများ တစ်ခုချင်းဆီ လာချပေးတော့သည်။
ရှောင်ဖန်းသည် အစက မနက်စာကို တခြားတစ်ခုယူလာဖို့ စီစဥ်ထားသော်လည်း မင်လျိုရီသည် အကြည့်ဖြင့် သူမအား နောက်ဆုတ်နေရန်ပြောလိုက်သည်။
ထိုအစား မင်လျိုရီက ရှောင်ရွှယ်ကိုပြောလိုက်သည်။
"ကျေးဇူးပဲနော် ဧည့်သည်တွေကိုအကြာကြီးစောင့်မနေစေနဲ့ မြန်မြန်ဆန်ဆန်ချ"
ထို့နောက် အားလုံးကို ရှင်းပြလိုက်သည်။
"ရှောင်ရွှယ်က အစားအသောက်အပိုင်းကို တာဝန်ယူပေးတဲ့တစ်ယောက်လေ...ရှောင်ဖန်းကတော့ ကျိကျိုးနဲ့ ကျွန်မကို စောင့်ရှောက်နေရတာနဲ့တင်လုံလောက်နေပါပြီ... ဒါတွေအကုန် ကျိရန်ကို ကျေးဇူးတင်ရမှာပေါ့ သူ့ရဲ့စီစဥ်ပေးမှုကြောင့် အခုလို အားကိုးရတဲ့လူကို ရထားတာ"
ယောင်ကျိရန်သည် မျက်နှာပေါ်တွင် တည်ငြိမ်ဟန်ဆောင်ကာ ခေါင်းငြိမ့်ပြလိုက်သော်လည်း နှလုံးသားထဲတွင်တော့ သံသယများ ပေါက်ဖွားလာသည်။ မင်လျိုရီ တမင်သက်သက် လုပ်မလုပ်ကို သူသေချာမသိပေ။ သို့သော် သူမသည် မီးဖိုချောင်မှ ကိစ္စများသည် သူမနှင့် သက်ဆိုင်ခြင်းမရှိကြောင်းကို ပြရန် ကြိုးစားနေသည်မှာသေချာသည်။ နောက်ပိုင်းတွင် ပြဿနာမတက်စေဖို့ပဲ မျှော်လင့်ရတော့မည်။
မင်လျိုရီ၏ စကားများကို ယောင်ကွေကြားသောအခါ ယောင်ကျိရန်ကို အကြိမ်အနည်းငယ်မျှ လှည့်ကြည့်လာသည်။
အချိန်ခဏကြာသော် ရှောင်ရွှယ်သည် အားလုံးကို ကြက်သားဆန်ပြုတ်ဖြင့် ဧည့်ခံလိုက်သည်။
ယောင်ကျိရန် ရှင်းပြလုဆဲဆဲအခြေအနေတွင် ယောင်ကွေသည် ဒေါသထွက်စွာ ထပြောလိုက်သည်။
"ဒီမှာ အရေးကြီးတဲ့ ဧည့်သည်ရောက်နေတယ်လေ ကြက်သားဆန်ပြုတ်လေး တစ်ပန်းကန်က ဧည့်ဝတ်မကျေရာကျလွန်းတယ် မီးဖိုချောင်က မနက်စာမလုပ်တတ်ဘူးလား"
ယောင်ကျိရန်၏ မျက်ခုံးများ လှုပ်လာသည်။
"ကျွန်တော် ဒေါက်တာမြောင်က ခေါက်ဆွဲစားရတာကို နှစ်သက်ကြောင်း သိထားပါတယ် အဲတာကြောင့် ပြင်ဆင်ခိုင်းပြီးသားပါ...ဒါပေါ့ ခေါက်ဆွဲလေး တစ်ပန်းကန်ထဲဘယ်ဟုတ်ပါ့မလဲ ရှောင်ရွှယ် တခြားဟင်းလျာတွေပါ ယူလာခဲ့"
ယောင်ကျိရန်၏ အမိန့်ကိုရတော့ ရှောင်ရွှယ်သည် မရေမရာဖြင့် ထွက်သွားခဲ့သည်။ ထိုအရာက ယောင်ကွေ၏ မျက်ခုံးများကို ပိုမိုကျုံ့သွားစေသည်။
ယောင်ကျိကျိုးအတွက် ပြင်ဆင်ထားသည့်အစားအစာများကို မင်လျိုရီက တခြားဟင်းပွဲများနှင့်လဲလှယ်ကျွေးမည်ကို သူစိုးရိမ်သည်။ ထို့ကြောင့် သူက အိမ်စေများကို လူနာ၏ကျန်းမာရေးနှင့်မညီညွတ်သည့်ဟင်းပွဲများသာ ချက်ပြုတ်စေခဲ့သည်။ ထို့ကြောင့် ယခုအချိန်တွေ ဧည့်သည်များအတွက် စားသောက်မည့်ဟင်းပွဲများကို တည်ခင်းလိုက်သောအခါ အားလုံး၏အမူအယာမှာ ပြောင်းလဲကုန်တော့သည်
ဟင်းလျာများမှာ ကြက်ခြေထောက်ပေါင်း၊ အမဲဆန်ပြားကြော်၊ ဝက်နံရိုးချိုချဥ်နှင့် ကြာရွက်ဖြင့်ပေါင်းထားသည့် ကြက်သားဖြစ်သည်။
မူလမင်လျိုရီနှင့်အကျင့်မတူသည့် မင်လျိုရီသည် တူကိုစတင်ကိုင်လိုက်ပြီးယောင်ကွေ့ကို အရင်ဦးချလိုက်သည်။
မြောင်လွေ့မင်လည်း ရှိနေသောကြောင့် ယောင်ကွေသည် ကြက်သားဆန်ပြုတ်ကိုသာ ဆူပုတ်ပုတ်ဖြင့် စားနေပြီး တခြားဟင်းလျာများကို တစ်စက်မှပင် မတို့ချေ။ အဘယ့်ကြောင့်ဆိုသော် သူသည် အသက်အရွယ်ရလာပြီဖြစ်သည်။ သူ့အတွက်တခြားဟင်းလျာများသည် အစာချေဖျက်ရန်မလွယ်ကူချေ။ သူ၏အခြေအနေသည် လူနာတစ်ယောက်နှင့် ဘာမှမကွာခြားပေ။ ထို့အပြင် မည်သူမျှ ထိုကဲ့သို့ အဆီများသည့် ဟင်းလျာများကို မနက်စာအဖြစ် မစားသုံးသင့်ပေ။
မြောင်လွေ့မင်သည် အမှန်တကယ်တော့အစားအသောက် ချေးများသည့်လူမဟုတ်ပေ။ သို့သော် သူ၏ခေါင်းထဲတွင်တော့ ရယ်လိုက်သည်။ ဒီလို မနက်စာမျိုးသည် သေချာပေါက် နေမကောင်းသည့် ယောင်ကျိကျိုးအတွက် ဟုတ်မနေချေ...တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့် ပြုလုပ်ထားသည်ဟုပင် ထင်ရသည်။ ယောာင်မိသားစု၏ မိသားစုအရှုပ်တော်ပုံသည် သူထင်ထားတာထက်ကို ပြင်းထန်ပုံရသည်။
သူတို့အားလုံး စားသောက်ပြီးသည့်အချိန်တွင် မီးဖိုချောင်မှ ပြင်ဆင်ပေးသော ယောင်ကျိကျိုးအတွက် ဆန်ပြုတ်အသစ်သည် အဆင်သင့်ဖြစ်ချေပြီ။
မင်လျိုရီသည် အသစ်သယ်လာသော တရုတ်ပီလောပီနံဆန်ပြုတ်ကို တစ်ချက်ကြည့်လိုက်ပြီး မြူးတူးသွားတော့သည်။ သူမက မြောင်လွေ့မင်အား ယောင်ကျိကျိုးကို မနက်စာကျွေးဖို့ ဖိတ်ခေါ်လိုက်သည်။
သူမနှင့် မြောင်လွေ့မင် ထမင်းစားခန်းမှ ထွက်ခွာသွားချိန်မှ ယောင်ကွေသည် စကားပြောလာတော့သည်။
"ကျိရန် မင်းကကုမ္ပဏီကိစ္စတွေနဲ့တင် အလုပ်များနေပါပြီ ဒီဗီလာက ကိစ္စတွေကို ဝင်မစွက်ဖက်နဲ့တော့ မင်းပြင်ပေးတဲ့ မနက်စာကိုလဲကြည့်ဦး ငါတို့ကိုဘာပြောမလဲ..."
🥰